← Chapters

အခန်း (၁၉၇)

Vol. 15 Ch. 197

အခန်း (၁၉၇)

Vol. 15 Ch. 197

"ခမည်းတော်၊ လေပေါ်ဝိဇ္ဇာကျောင်း မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအရ သားတော်တို့ သူတို့ကို ဆက်ကိုးကွယ်ဖို့ လိုသေးလို့လား? ကမ္ဘာပေါ်က ဈာန်ကျင့်ကြံသူတွေ မကြာခင် လေပေါ်ဝိဇ္ဇာကျောင်း ကို ပူးပေါင်းပြီး ခုခံကြတော့မယ်လို့ သားတော်ထင်တယ်။ ကျင့်ထူပြည်ထောင်လည်း ‌စောစောစီးစီး အစီအစဥ်ဆွဲထားသင့်ပြီ" ဒုတိယမင်းသားက ပလ္လင်ထက်ရှိ အမျိုးသားအား နက်ရှိုင်းသော အသံဖြင့် လျှောက်တင်လိုက်သည်။

"ဟုတ်တယ် ခမည်းတော်၊ မြင့်မြတ်သောဝိဇ္ဇာမြေရဲ့ နာမည်က တကယ်ပဲ အဲဒီခေါင်းပြောင်တွေကြောင့် ပျက်စီးသွားခဲ့ပြီ။ အရှင်ယဲ့ နဲ့ တခြားသူတွေ ခုနက ထွက်သွားတာကို သားတော် တွေ့လိုက်ရတယ်။ လေပေါ်ဝိဇ္ဇာကျောင်း ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားတယ်လို့ သားတော်အထင်ရှိတယ်။ သံကိုပူတုန်း ပုံသွင်းရမယ်။ သားတော်တို့ စစ်တပ်တစ်တပ်လောက် တောင်ပေါ်ကိုပို့လိုက်ပြီး အဲဒီခေါင်းပြောင်အုပ်စုကို လောလောဆယ် ထောင်ထဲ ပစ်ထည့်ထားလိုက်မယ်လေ။ နောက်တစ်နေ့မှ ရှင်းပစ်လို့ရတာပဲ!" ပထမမင်းသားမှာ အတော်လေးသွေးဆူနေဟန်ရှိကာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် သူ့အသံက ပဲ့တင်ထပ်လောက်အောင် ကျယ်လောင်နေသည်။

အရင်တုန်းက လေပေါ်ဝိဇ္ဇာကျောင်းဟာ သူတို့ရဲ့ နှလုံးသားထဲမှာ ပကတိ စင်ကြယ်မြင့်မြတ်ခဲ့ပြီး စကားတစ်လုံးနဲ့တောင် စော်ကားပုတ်ခတ်လို့မရခဲ့သော အနေအထားပင်။

ဒါပေမဲ့ အခုတော့ ဒီကြည်ညိုလေးစားမှုဟာလည်း ပျက်စီးသွားခဲ့ပြီ။ သေခြင်းတရားကနေ လွတ်မြောက်လာပြီး လေပေါ်ဝိဇ္ဇာကျောင်း ဖိနှိပ်ခံရတာကို မြင်လိုက်ရတော့ အခွင့်အရေးယူပြီး သွားရောက်နှိမ်နင်းကာ နှစ်ကာလကြာရှည်အလိမ်ခံခဲ့ရသော လှည့်စားမှုကို ပြန်ချေပချင်လှ၏။

လူငယ်ပီပီ သွေးကြွေနေသော မင်းသားနှစ်ပါးကိုကြည့်ရင်း ကျင့်ထူပြည်ထောင် ပြည့်ရှင်မင်းက ခေါင်းခါလိုက်သည်။ "ဒီကိစ္စက မင်းတို့ထင်သလောက်မရိုးရှင်းဘူး"

သူလည်း လေပေါ်ဝိဇ္ဇာကျောင်း၏ မျက်နှာဖုံးအောက်က သရုပ်မှန်ကို သိလိုက်ရလို့ အံ့ဩသွားရပြီး ဝိဇ္ဇာသူတော်၏ လုပ်ရပ်တွေအပေါ် အရမ်းဒေါသထွက်မိပေသည့် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော ထို မသေမျိုးနွယ်ဝင်ကျောင်းတော်ကြီးနှင့် တိုက်ရိုက်ရင်ဆိုင်ဖို့ကိုတော့ ပေါ့ပေါ့တန်တန် မဆုံးဖြတ်နိုင်ပေ။

ကျင့်ထူပြည်ထောင်၏ အုပ်စိုးသူတစ်ဦးအနေဖြင့် သူ့တွင် ပူပင်ရမည့်အကြောင်းအရာ များပြားသည်။

လေပေါ်ဝိဇ္ဇာကျောင်း ဒီမုန်တိုင်းကြားမှာ ပြန်လည် ရှင်သန်နိုင်ခဲ့ရင်တောင် သိသိသာသာ အားနည်းသွားမှာသေချာသည်။ သို့ပေမဲ့ ပိန်လှီနေသည့် ကုလားအုတ်က မြင်းထက်တော့ အားသန်သေးသည် ဆိုသော သ‌ဘောတရားကို သူနားလည်၏။

ထို့ကြောင့် လေပေါ်ဝိဇ္ဇာကျောင်းကိုရှင်းဖို့ ဖန်ထို့တောင်ကို စစ်တပ်လွှတ်မည့်အစီအစဥ်က သိပ်မမှန်ကန်သေးဟု ပြည့်ရှင်မင်းထင်မြင်မိသည်။

အကုန်သဘောတူညီပြီး တက်ညီလက်ညီနဲ့ သွားတိုက်ပြီးမှ ရှုံးနိမ့်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ?

နောက်ဆုံးတော့ ကျင့်ထူပြည်ထောင်ပြည့်ရှင်မင်းသည် ယဲ့ကျွင်းလင်တစ်ယောက် လေပေါ်ဝိဇ္ဇာကျောင်းကို အနိုင်တိုက်နိုင်ခဲ့မည်ဟု ယခုထိ မယုံကြည်သေး။

ဘာလို့လဲဆိုတော့ အဲဒါက ဝိဇ္ဇာတို့ရဲ့ ကိုယ်ပိုင်နယ်မြေပဲလေ၊ ဘယ်လိုလုပ် အပြတ်အသတ် ရှုံးနိမ့်နိုင်မှာလဲ?

နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူပြီး ခွင်းဖန်းကိုမောင်းထုတ်လိုက်တာလဲ ဖြစ်နိုင်တာပဲ။

ထို့ကြောင့် သားတော်နှစ်ယောက်က အရမ်းစိတ်ကြီးဝင်နေပြီး လေပေါ်ဝိဇ္ဇာကျောင်းကို တန်ပြန်တိုက်ခိုက်ချင်နေသည်အား မြင်လိုက်ရသော် ကျင့်ထူပြည့်ရှင်မင်း တိတ်တခိုးသက်ပြင်းချလိုက်မိ၏။ ငါ့သားတွေ ထင်သလောက်မဟုတ်သေးဘူးပဲ။

ထိုအချိန်တွင်။

မင်းသမီး မင်ယွဲ့ဟာ စင်္ကြန်လမ်းမှာ ရပ်နေပြီး လက်ထဲမှ ရှုခင်းကြည့်ဖန်လုံးဖြင့် ဖန်ထို့တောင်၏ လှုပ်ရှားမှုတွေကို အဝေးကနေ စစ်ဆေးအကဲခတ်နေရင်း ဖန်ထို့တောင်၏ ထိပ်ပိုင်းက မီးခိုးရောင် ကုလားကာ တစ်လွှာ ဖုံးအုပ်နေတာကို မြင်တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ အပြင်ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ခံထားရဟန်ပင်။

ထို ထူးဆန်းသောအခြေအနေကြောင့် သူမစိတ်ထဲ မကောင်းသောနိမိတ်တစ်ခု ဆိုးဆိုးရွားရွား ပေါက်ဖွားလာသည်။

ရုတ်တရက် အပြင်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

မင်းသမီး မင်ယွဲ့ ခေါင်းမော့လိုက်သော် သူ့ရှေ့က မြင်ကွင်းကြောင့် ချက်ချင်း မှင်တက်သွားသည်။ သူ့ကျောရိုးကနေ ခေါင်းထိပ်အထိ အေးစက်ကျက်တက်သွားပြီး ကြောက်စိတ်က သူ့ဦးနှောက်ကို ဆွဲမွှေ့လိုက်သလိုပင်။

နန်းတော်ခေါင်မိုးထက်တွင် အနက်ရောင်ဝတ်ရုံဝတ် ပုံရိပ်ပေါင်းများစွာသည် ဘယ်အချိန်ကတည်းကမှန်းမသိ ပေါ်ထွက်လာကြပြီး ကျိုင်းကောင်အုပ်ကြီးကဲ့သို့ အလုံးလိုက်ပျံသန်းလာရာ စုစည်းထားသောသတ်ဖြတ်ချင်စိတ်မှာ နန်းတော်တစ်လွှားပျံ့နှံ့သွား၏။

"ရန်သူတွေ နန်းတော် ကို ကျူးကျော်နေပြီ! သူတို့ကို တားကြ!" နေရာအနှံ့က အစောင့်တွေလည်း သူမနည်းတူ ထိတ်လန့်တုန်လှုပ်သွားရပြီး ကြောက်လန့်ဖျော့တော့နေသော မျက်နှာများဖြင့် လက်နက်တွေကို စွဲကိုင်ကာ အနက်ရောင်ဝတ်ရုံ အဖွဲ့ဆီကို အပြေးအလွှား သွားတိုက်ကြသည်။

"သတ်၊ တစ်ယောက်မှ မကျန်အောင် သတ်!"

အေးစက်တဲ့ အသံက အဝီဇိကိုးထပ်မှ ပဲ့တင်ထပ်လာသကဲ့သို့။

ထိုအနက်ရောင်ဝတ်ရုံအုပ်စုက စွမ်းအားကြီးအရှိန်အဝါတွေကို ပိုင်ဆိုင်ထားပြီး သူတို့ကိုင်ဆောင်ထားသော မှော်လက်နက်တွေက ထူးခြားသည့်အရည်အသွေးရှိကာ နန်းတော်အစောင့်တွေကို တစ်ခဏချင်း တစ်ယောက်မကျန် ချေမှုန်းပစ်လိုက်သည်။

သွေးထွက်သံယို လူသတ်ပွဲတစ်ခု စတင်ခဲ့လေပြီ။

"အား..." အော်ဟစ်သံတွေနှင့် ညည်းတွားသံတွေ တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာသည်။

လမ်းတစ်လျှောက်လုံး အလောင်းတွေ ပြန့်ကျဲနေပြီး နန်းတော်ထဲတွင် သွေးချောင်းစီးလျက်ရှိလေပြီ။

"ခမည်းတော်၊ အပြင်မှာဘာတွေလဲ!?" မင်းသားနှစ်ပါး မယုံနိုင်စွာ အာမေဋိတ်ပြုလိုက်မိကြ၏။

ကျင့်ထူပြည့်ရှင်ဘုရင်မှာလည်း ထိတ်လန့်လည်း ထိတ်လန့်၊ ဒေါသလည်း ထွက်ကာ စိတ်ထဲမှ ဖြစ်နိုင်ချေအမျိုးမျိုးကို တွက်ဆကြည့်နေသည်။

အရာရှိတွေ ပုန်ကန်ထကြွတာလား? တိုင်းတစ်ပါးသားတွေ ကျူးကျော်လာတာလား?

ဝှစ်!

ကောင်းကင်ကို ထိုးတက်သွားသော ရောင်စုံအလင်းတန်းများနှင့်အတူ ကျင့်ထူပြည့်ရှင်ဘုရင်သည် ဖန်သားသရဖူကိုဆောင်းပြီး နန်းတော်ထက် ပျံသန်းထွက်ပေါ်လာသည်။

ဒေါသထွက်နေသော ရာဇသံမှာ မိုးခြိမ်းသကဲ့သို့ ဧကရာဇ်တစ်ပါး၏ ဘုန်းတန်ခိုးကို ဆောင်လျက် ဟိန်းထွက်လာသည်။ "ဘယ်သူလဲဟေ့? ကိုယ်တော့် နန်းတော်ထဲကို ဘယ်လိုများ ချိုးဖျက်ဝင်ရောက်ပြီး လူသတ်ပွဲ စတင်ရဲတာလဲ!?"

တစ်ချိန်တည်းမှာပင် ကျင့်ထူပြည့်ရှင်ဘုရင်၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာသည်။ မမြင်ရသောတစ်နေရာမှာ တိုင်းပြည်ကံကြမ္မာက သူ့ကို ကောင်းချီးပေးပြီး ရှင်ဘုရင်၏ကျင့်ကြံဆင့်အား အထွဋ်အထိပ်သို့တက်ရောက်ခြင်း ပြီးပြည့်စုံခြင်းအဆင့်မှ ဘေးဒုက္ခကျော်လွှားခြင်း အလယ်အလတ်အဆင့်ထိရောက်အောင် အတင်းအကျပ် မြှင့်တင်ပေးလိုက်သည်။

အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော ကျင့်ကြံဆင့်၏ဖိအားက နန်းတော်ကို ချက်ချင်း ဖုံးအုပ်သွားသည်။ ရမ်းကားသတ်ဖြတ်နေကြသော အနက်ရောင်ဝတ်ရုံဝတ် လူသတ်သမားများမှာလည်း ခံစားမိလိုက်သော အရှိန်အဝါကြောင့် ချက်ချင်း ထိတ်လန့်သွားပြီး လှုပ်ပင်မလှုပ်ရဲကြတော့။

ကျင့်ထူပြည့်ရှင်ဘုရင် က သူတို့ကို ချက်ချင်း သတ်ပစ်ဖို့ လက်မြှောက်လိုက်စဉ် သူ့ထက် မနိမ့်သော အရှိန်အဝါတစ်ခုက အနီးအနားမှာ ထွက်ပေါ်လာသည်။

ထို့နောက် တွန်းလှန်ရခက်ခဲသော သတ်ဖြတ်လိုစိတ် အများအပြားက သူ့ကို ခိုင်မြဲစွာ ချုပ်နှောင်လိုက်ကြ၏။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ?!" ကျင့်ထူပြည့်ရှင်ဘုရင် မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ့နဖူးကနေ ချွေးအေးတွေ စီးကျလာသည်။ တစ်ဖက်ရန်သူအဖွဲ့မ/ျာ ဘေးဒုက္ခကျော်လွှားခြင်းနယ်ပယ် ကျင့်ကြံသူတွေ ဒီလောက်အများကြီး တကယ်ရှိနေတာလား?

ဒီလိုခွန်အားကြီးကျင့်ကြံသူအများအပြားကို တစ်ခါတည်းစေလွှတ်နိုင်တယ်ဆိုမှတော့ ဖိုကျိုးပြည်နယ်၏ ဒေသခံအင်အားစု မဖြစ်နိုင်။ အရှေ့ပိုင်းစီရင်စု၏ ထိပ်ပိုင်းစွမ်းအားရှင်အင်အားစု တစ်ခုခုပေလားဟု သူစိုးကြောက်လာသည်။

ဒါပေမဲ့ မေးခွန်းတစ်ခုရှိတာက။

ကျင့်ထူပြည်ထောင်က သူတို့ကို ဘယ်နေရာမှာများ စော်ကားမိလို့ ဒီလိုမျိုး အတိုင်းအတာအထိ ရက်စက်ရတာလဲ?

ဒုန်း ဒုန်း ဒုန်း~!

ကောင်းကင်က ရုတ်တရက် မှောင်မိုက်သွားပြီး အမှောင်ထုကြီးတစ်ခုအဖြစ် ပိတ်ဆည်းသွားသည်။

ဘေးဒုက္ခကျော်လွှားခြင်းအဆင့် အရှိန်အဝါရှိ အနက်ရောင်ဝတ်ရုံဝတ် ပုံရိပ်လေးခုက ကျင့်ထူပြည့်ရှင်ဘုရင်ကို အရှေ့၊ တောင်၊ အနောက်၊ မြောက် လေးဖက်လေးတန်ကနေ ဝန်းရံလိုက်ကြသည်။

သူတို့၏ ဦးထုပ်အနားသတ်အောက်မှာ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေသော အကြည့်စူးစူးများ။

ကျင့်ထူပြည့်ရှင်ဘုရင်က ကြောက်စိတ်ကို တတ်နိုင်သမျှဖုံးကွယ်ရင်း အံကြိတ်ခြိမ်းခြောက်လိုက်သည်။ "မင်းတို့ကို အမြန်ဆုတ်ခွာဖို့ အကြံပေးချင်တယ်၊ မြင့်မြတ်သောဝိဇ္ဇာမြေက တော်ဝင်မြို့တော်မှာရှိနေတာမလို့ လွတ်မြောက်ဖို့ဖြစ်နိုင်မယ်မထင်နဲ့!"

လေပေါ်ဝိဇ္ဇာကျောင်းကို ထုတ်သုံးပြီး သူ ဒီလူတွေကို ကြိုးစားခြိမ်းခြောက်ကြည့်သည်။

ရိုးရိုးသားသားပြောရလျှင် လေပေါ်ဝိဇ္ဇာကျောင်း၏ သြဇာတိက္ကမက အတော်လွှမ်းမိုးနိုင်နေဆဲ မဟုတ်လော။ ဒါကြောင့် ကျင့်ထူပြည်ထောင်က သူတို့ကို တစ်ချိန်လုံးခယဝပ်တွားပေးနေခဲ့ခြင်းဖြစ်၏။ ထိုမှသာ ကာကွယ်ပေးမှုကို ရရှိနိုင်မည်မဟုတ်လော။

သို့သော် တစ်ဖက်ရန်သူကတော့ ထိုခြိမ်း‌ခြောက်မှုကို နည်းနည်းမှမကြောက်ရွံ့သည့်အပြင် ခပ်လှောင်လှောင်ပင် ရယ်မောလိုက်ကြသည်။ "လေပေါ်ဝိဇ္ဇာကျောင်းက ဒီနေ့ကစပြီး ရှိတော့မှာ မဟုတ်ဘူး!"

All Chapters