အခန်း (၂၀၀)
Vol. 15 Ch. 200
လှပသော အပန်းဖြေကျွန်းတစ်ခုတွင်။
လီဝူကျယ်သည် မြေပြင်ပေါ်သို့ လျှပ်ခနဲ ဆင်းသက်လိုက်ပြီး သူ့ရှေ့က မြင်ကွင်းကို ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် မနာလိုစိတ် အနည်းငယ် ပေါ်လာသည်။ ထို့နောက် လေးစားစွာဖြင့် "ဆရာသခင်၊ ဆရာသခင့် ညွှန်ကြားချက်အတိုင်း နောက်ဆုံးထုတ် သတင်းစာကို ယူလာခဲ့ပါတယ်" ဟု လျှောက်တင်လိုက်သည်။
"အိုး ~"
သူ့ရှေ့တွင် ငွေရောင်ဆံပင်နှင့် လူငယ်တစ်ဦးသည် ထိုင်ခုံရှည်ပေါ်တွင် ကို့ရို့ကားရား လှဲလျောင်းကာ သက်သောင့်သက်သာဖြင့် ညည်းသံထုတ်နေသည်။
ဟုန်ချန်ယဲ့က အံတင်းတင်းကြိတ်ကာ သူ့စိတ်ထဲရှိ အရှက်ရမှုကို သည်းခံလျက် ငွေရောင်ဆံပင် လူငယ်၏ နောက်ကျောကို လက်နှစ်ဖက်ဖြင့် နှိပ်နယ်ပေးနေသည်။
သူ့လက်ဖဝါးများက ပူနွေးပြီး မီးခိုးငွေ့အနည်းငယ် ထွက်နေသည်မှာ အလိုအလျောက် အပူပေးစက်တစ်ခုကဲ့သို့။
ရက်အနည်းငယ်လောက်က ဒီလူ ဘာထကြောင်သည်မသိ၊ သူ့ကို အနှိပ်ပညာဟူသော စာအုပ်ကြီးတစ်အုပ် ပစ်ပေးပြီး ဆရာသခင်ကို ဝတ်ကြီးဝတ်ငယ်ပြုစုရန်ဆိုသော အကြောင်းပြချက်ဖြင့် အနှိပ်ပညာ၏ အနှစ်သာရအားလုံးကို ကျွမ်းကျင်အောင် သင်ယူလေ့လာစေသည်။ ထို့နောက် တတ်နိုင်သမျှ အမြန်ဆုံး လက်တွေ့စတင်ရမည်ဟု အမိ့န်ပေးလာသည်။
ဟုန်ချန်ယဲ့ ဒေါသထွက်လိုက်တာမှ။
သူ စာအုပ်ကို တိုက်ရိုက် ဆုတ်ဖြဲပြီး "ဘာလို့ ငါက မင်းကို ဝတ်ကြီးဝတ်ငယ် ပြုစုပေးရမှာလဲ?" ဟု အော်ထုတ်ချင်ခဲ့သည်။ ဒါမှမဟုတ် စကားတစ်ခွန်းမှ မပြောဘဲ စာအုပ်ဖြင့် ထိုကျက်သရေမရှိသောမျက်နှာကို ပစ်ပေါက်ပြီး ခပ်ပြောင်ပြောင် ထွက်သွားချင်ခဲ့သည်။
သို့သော် ဤအရာများသည် အတွေးများသာ ဖြစ်၏။
တကယ်သာ အဲ့လိုသွားလုပ်ရင် သေသွားမှာပေါ့။
ဤသို့ဖြင့် ဟုန်ချန်ယဲ့သည် ဖော်ထုတ်မရဒေါသမီးဖြင့် တစ်နေကုန်လောင်ကျွမ်းနေခဲ့ရ၏!!
နောက်နေ့တွင် သူစတင် လေ့ကျင့်ရတော့သည်။
ယဲ့ကျွင်းလင် မျက်လုံးများကို နှစ်နှစ်ခြိုက်ခြိုက် မှေးမှိတ်ထားလျက် ချီးကျူးသည်။ "ရှောင်ဟုန်၊ မင်းရဲ့ အနှိပ်နည်းစနစ်က အခုနောက်ပိုင်း ပိုပြီး ကျွမ်းကျင်လာတယ်၊ မင်းမှာ ပါရမီပါတာပဲ!"
ဟုန်ချန်ယဲ့က တောင့်တင်းနေသောအပြုံးဖြင့် တုံ့ပြန်လိုက်သည်။ "ဆရာသခင်၊ ဆရာသခင် ကျေနပ်ရင် ရပါပြီ"
သူ့စိတ်ထဲမှာတော့ ယဲ့ကျွင်းလင်၏ ဘိုးဘေးဘီဘင် ၁၈ ဆက်ကို ကျိန်ဆဲပြီးသား ဖြစ်နေပြီ။
"ရှောင်လီ၊ သတင်းစာပါ အကြောင်းအရာတွေကို ဖတ်ပြပါဦး၊ ငါတို့ နိုင်ငံတကာ နဲ့ အဆက်အသွယ် ပြတ်လို့ မရဘူး"
နိုင်ငံတကာ ဆိုတာ ဘာကြီးလဲ?
လီဝူကျယ် ဘာမှ နားမလည်သော်ငြား သူ့ကို စာဖတ်ပြခိုင်းကြောင်းတော့ နားလည်လိုက်၏။
"အဟမ်း အဟမ်း"
လီဝူကျယ်က လက်ထဲက သတင်းစာကို ဖြန့်ချလိုက်ပြီး သေချာကြည့်လိုက်သည်။ အပေါ်က အကြောင်းအရာတွေကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး သူ အမြင်မှားနေသည်ဟုပင် ထင်မှတ်သွားခဲ့ရ၏။
"ဘာလို့ မဖတ်သေးတာလဲ?"
"ဆရာသခင်၊ ဆရာသခင်၊ သူတို့က ဆရာသခင် လေပေါ်ဝိဇ္ဇာကျောင်းကို ဖျက်ဆီးခဲ့တယ်၊ ဒေါသမပြေလို့ ကျင့်ထူပြည်ထောင်ကိုပါ ဆွဲထည့်ခဲ့တယ်၊ တော်ဝင်နန်းတော်မှာ လူသတ်ပွဲကျင်းပခဲ့ရုံမက တော်ဝင်မိသားစုကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ပြောထားတယ်။ အခု ကျင့်ထူပြည်ထောင်ဟာ အတွင်းပိုင်းမှာ ဗလာသက်သက်ပဲကျန်ခဲ့ပြီး နတ်ဆိုးလောကသားစစ်တပ်က သိမ်းပိုက်ထားပြီ"
ဝှစ်!
မူလက ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းကာ အနှိပ်ခံနေသည့် ယဲ့ကျွင်းလင်သည် ရုတ်တရက် မျက်လုံးဖွင့်ဟလာသော် ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဟုန်ချန်ယဲ့ လက်များ တုန်ယင်သွားပြီး ရှေးခေတ်သားရဲတစ်ကောင်ကို ရင်ဆိုင်နေရသည့် ခံစားချက်မျိုး ခံစားလိုက်ရပြီး ကြောက်လန့်တုန်လှုပ်ကာ လှုပ်ရှားရဲခြင်းပင် မရှိတော့ပေ။
ယဲ့ကျွင်းလင် ဖြည်းဖြည်းချင်း ထထိုင်လိုက်ရာ သန်မာသော ပြိုင်ဘက်ကင်းကြွက်သာများ လှုပ်ရှားသွားရသည်။ ဝမ်းဗိုက်ထက်မှ ခြောက်ခုသောကြွက်သားများက စကျင်ကျောက်ကို ထွင်းထုထားသကဲ့သို့ သပ်ရပ်အချိုးကျစွာ ပေါ်လွင်နေသည်။ သူ၏ ငွေရောင်ဆံပင်များက ဂလက်ဆီကြယ်စင်တန်းကဲ့သို့ ကျဆင်းနေပြီး ဆံပင်တစ်မျှင်စီက ကြည်လင်တောက်ပလျက်ရှိ၏။
"မင်းပြောတာ လေပေါ်ဝိဇ္ဇာကျောင်း ပျက်စီးသွားပြီတဲ့လား?"
"ဟုတ်ပါတယ်၊ ဒီနေ့ကစပြီး လောကမှာ မြင့်မြတ်သောဝိဇ္ဇာနယ်မြေဆိုတာ ရှိတော့မှာမဟုတ်ပါဘူး" လီဝူကျယ် အားတင်းပြီး ပြန်ဖြေလိုက်သော်ငြား ဆရာသခင်၏ မီးဝင်းဝင်းတောက်နေသော မျက်လုံများကို တိုက်ရိုက်ပြန်မကြည့်ရဲပေ။
ယဲ့ကျွင်းလင် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။ "စိတ်ပျက်စရာပဲ၊ ငါ ထွက်သွားတာနဲ့ တစ်ယောက်ယောက်က ပြဿနာလာရှာသွားတာလား? အဓိကက အရာအားလုံးကို ငါ့ကိုပဲ အပြစ်တင်နေကြတုန်းပဲ၊ မင်းတို့ဟာကလည်း မတရားလိုက်တာ!"
ယဲ့ကျွင်းလင် တကယ် ပြောစရာစကားမဲ့သွားရသည်။
နာမည်ကြီးပြီး ရုပ်ကပါ မဟားဒရားချောနေပြန်တော့လည်း အမြဲတမ်း ဟိုလူကလက်ညှိုးထိုး၊ ဒီလူကလက်ညှိုးထိုး။
ဒါက ကျင့်ကြံရေးလောကရဲ့ ရိုးရာဓလေ့ထုံးတမ်းကြီးများလား?
"လေပေါ်ဝိဇ္ဇာကျောင်း ပျက်စီးသွားတယ်၊ တော်ဝင်မိသားစုလည်း ပါဝင်ပက်သက်ခဲ့ရတယ်၊ ပြီးတော့ နတ်ဆိုးလောကသားတွေက ကျင့်ထူပြည်ထောင်ကို အောင်မြင်စွာ သိမ်းပိုက်လိုက်တယ်။ နောက်ကွယ်က ကြိုးကိုင်သူက အချိန်အတော်ကြာစီစဥ်ထားပုံရပြီး ငါက သူ့လက်ထဲက ဖြူးတစ်ချောင်းသာသာပဲ" စိတ်တည်ငြိမ်သွားပြီးနောက် ယဲ့ကျွင်းလင်က သူ့မေးစေ့ကို ပွတ်သပ်ရင်း ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"ဆရာသခင်၊ သူတို့ အဲဒီကြယ်တာရာတံခါးဆီရောက်ဖို့ ကြံစည်နေတာလား?!" လီဝူကျယ်သည် မဟာကျိုးပြည်ထောင်တွင် ကြုံတွေ့ခဲ့ရသည်များကို ရုတ်တရက် သတိရပြီး အော်ဟစ်လိုက်သည်။
"ဟုတ်တယ်!"
ယဲ့ကျွင်းလင် မျက်လုံးများ လင်းလက်သွားသည်။
အရာအားလုံးသည် ကြယ်တာရာတံခါးပတ်ဝန်းကျင်တွင် လှည့်ပတ်နေသည်မဟုတ်လော။ လေပေါ်ဝိဇ္ဇာကျောင်း၏ ဝိဇ္ဇာသူတော် ထုတ်ဖော်ပြောပြခဲ့သော မသေမျိုးလောက ပျက်သုဥ်းခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ ပြင်ပအင်အားစုများသည် ကြယ်တာရာတံခါးမှတဆင့် ခွင်းလွင်နယ်ထဲသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေပြီဟု ခန့်မှန်းချေရှိ၏။
"တပည့် ခုနကမှ ခရီးသည်တင်သင်္ဘောပေါ်မှာ သတင်းတွေ စုံစမ်းခဲ့တယ်။ လူအများအပြား ထွက်ပြေးနေကြရပြီတဲ့။ သူတို့ရဲ့ မကျေမနပ်ပြောဆိုချက်တွေအရ အရှေ့ပိုင်းစီရင်စုရဲ့ နေရာအများအပြားကို နတ်ဆိုးလောကသား တွေ ကျူးကျော်ခဲ့ပြီး အခြေအနေက အန္တရာယ်ရှိနေတယ်"
လီဝူကျယ်က ဒေါသတကြီး ပြောလိုက်သည်။ "ဒီမုန်းစရာကောင်းတဲ့ သတ္တဝါတွေ၊ ငါ့ရှေ့ ဖြတ်သွားရဲဖြတ်သွားကြည့်၊ အကုန်သတ်ပစ်မယ်!"
"အဲဒါအပြင် တခြားသတင်းရော ရှိသေးလား?" ယဲ့ကျွင်းလင်က မေးလိုက်သည်။
"တစ်ချက် ပြန်ကြည့်ပါဦး"
လီဝူကျယ် သေချာကြည့်လိုက်ရာ သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ "ဆရာသခင်၊ ဟွမ်ကျိုးပြည်နယ်မှာလည်း တစ်ခုခု ဖြစ်ခဲ့တယ်၊ ပြီးတော့ ရွှယ်ထျန်းဂိုဏ်းလည်း..."
"ဟင်?"
ယဲ့ကျွင်းလင်က သူ့လက်ကို ဆန့်ထုတ်ပြီး လီဝူကျယ် လက်ထဲက သတင်းစာကို ဆွဲယူလိုက်ကာ ခေါင်းကိုငုံ့ပြီး သေချာကြည့်လိုက်သည်။
ဟွမ်ကျိုးပြည်နယ်ကိုလည်း နတ်ဆိုးလောကသားစစ်တပ်က ကျူးကျော်ခဲ့ပြီး ရွှယ်ထျန်းဂိုဏ်းသည် ဦးစွာ ရင်ဆိုင်ခဲ့ရကာ အဓိကဂိုဏ်းများကို စုစည်းဦးဆောင်ပြီး ခုခံခဲ့သည်။ အစပိုင်းတွင် တိုက်ပွဲက လူသားတို့၏ အောင်မြင်မှုများဖြင့် ခမ်းနားထည်ဝါခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ဖက်က ထိပ်တန်းကျွမ်းကျင်သူများ ပေါ်လာပြီး အခြေအနေက ချက်ချင်း ပြောင်းပြန်လန်သွားခဲ့သည်။ ယခု ဟွမ်ကျိုးပြည်နယ် ကျဆုံးသွားခဲ့ပြီး ရွှယ်ထျန်းဂိုဏ်းသည် ခုခံကာကွယ်ရုံနိုင်ရုံ အခြေအနေဖြင့် အချိန်အတော်ကြာ ဝိုင်းရံခံနေရသည် ဟူ၏။
"ဒီနေရာက အရမ်းဝေးနေလို့ အသံလွှင့်ကျောက်တွေတောင် အလုပ်မလုပ်တော့တာ ထင်တယ်" ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်။
အသံလွှင့်စာ တစ်စုံတစ်ရာတောင်ရောက်မလာဘဲ တိတ်ဆိတ်နေတာ အံ့သြစရာမရှိတော့။ သူက ရွှယ်ထျန်းဂိုဏ်း အမြဲတမ်း ဘေးကင်းနေတယ်လို့ ထင်မိခဲ့တာ။
"ဆရာသခင်၊ ဂိုဏ်းက ဒုက္ခရောက်နေပြီ၊ ကျွန်တော်တို့ တတ်နိုင်သမျှ မြန်မြန် ပြန်ရမယ်!" လီဝူကျယ် အရမ်း စိုးရိမ်နေသည်။ ယဲ့ကျွင်းလင်၏ ဂိုဏ်းထဲကို ဝင်ရောက်ခဲ့ပြီးနောက် ရွှယ်ထျန်းဂိုဏ်းမှာလည်း သူ့အိမ်နှင့်မခြားပေ။
အခု သူ့အိမ် ဓားပြတိုက်ခံရတော့မယ့် အခြေအနေမှာ သူ ဆက်ပြီး ငြိမ်ငြိမ်ထိုင်နေနိုင်ဦးမှာလား?
"အားခွင်း၊ လှည့်ပြီး ဟွမ်ကျိုးပြည်နယ်ကို သွား!" ယဲ့ကျွင်းလင် အမိန့်ပေးလိုက်သည်။
[တင်၊ ကျပန်းတာဝန်ရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဟွမ်ကျိုးပြည်နယ်ကို သွားရောက်ပြီး ကူညီကယ်တင်ပေးမယ်ဆိုရင် ကောင်းကင်နှင့်မြေကြီး အသွင်ပြောင်းခြင်း ဆိုတဲ့ မှော်စွမ်းအားကို ဆုလာဘ်အဖြစ် ရရှိပါမယ်] စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။
"စနစ်၊ မင်း ငါ့နောက်လိုက်လာကတည်းက ပိုပြီးအမြင်ရှိလာတာပဲ" ယဲ့ကျွင်းလင်က ချီးကျူးပေးလိုက်သည်။
[တင်၊ ဒီလိုပါပဲ ဟိဟိ။]
အားခွင်းလည်း အခြေအနေက အရေးပေါ်ဖြစ်နေတာကို သိတာကြောင့် သူ့အတောင်ပံတွေကို အမြန်ခတ်လိုက်ပြီး အရှိန်ကိုမြှင့်လိုက်သော် ပတ်ဝန်းကျင်မြင်ကွင်းတွေက လျင်မြန်စွာ တရိပ်ရိပ် ပြောင်းလဲသွားသည်။
ဟုန်ချန်ယဲ့ကတော့ ဂရုမစိုက်ပါ၊ သူနှင့် ရွှယ်ထျန်းဂိုဏ်းက အဲ့လောက်လည်းမရင်းနှီး။
ထို့နောက် ယဲ့ကျွင်းလင် ဖိနပ်တွေကို ချွတ်ပြီး သခင်ကြီးတစ်ယောက်လို ထိုင်ခုံပေါ် လှဲလျောင်းလိုက်ကာ ခြေချောင်းတွေကို ညုတုတုဟန်ဖြင့်လှုပ်ရှားပြလိုက်သည်။
"အဲ့မှာ ဘာရပ်လုပ်နေတာလဲ? ဘာလို့ မင်းဆရာသခင်ရဲ့ ခြေထောက်တွေကို မနှိပ်ပေးသေးတာလဲ!" ယဲ့ကျွင်းလင် သူ့တပည့်အလိမ္မာလေးကို တိုက်တွန်းလိုက်သည်။
ဟုန်ချန်ယဲ့ စိတ်တိုတိုဖြင့် ဝတ်ရုံလက်စကို ခေါက်တင်လိုက်ရ၏။
ဒီလိုနှင့် ယဲ့ကျွင်းလင်၏ ခြေထောက်တွေကို သူတစ်နေကုန် ဒေါသထွက်ထွက်ဖြင့် နှိပ်နယ်ပေးခဲ့ရသည်။