← Chapters

သခင်ကြီးရောက်လာပြီ

Vol. 15 Ch. 202

သခင်ကြီးရောက်လာပြီ

Vol. 15 Ch. 202

"ဟားဟားဟားဟား..."

ဘေးပတ်လည်ရှိ လက်အောက်ငယ်သားများကလည်း လိုက်ပါရယ်မောကြရာ ကျောက်လင်အာနားထဲတွင် လှောင်ရယ်သံများ ပဲ့တင်ထပ်စီးဝင်သွား၏။

"တောင်ထိပ်သခင်ယဲ့ကို နင်တို့စော်ကားခွင့်မရှိဘူး!" ကျောက်လင်းအာက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သွေးများဆူပွက်လာသည်ကိုလည်း ခံစားမိလိုက်သည်။

ဝေ့ပြည်ထောင်ကို ကယ်တင်ဖို့ နတ်သားတစ်ပါးလို ဆင်းသက်လာသော ပုံရိပ်ကို သူမ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါ။ သူမသည် ယဲ့ကျွင်းလင်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပြီး ထိုဖြစ်ရပ်သည် သူမကံကြမ္မာ၏ အဓိက အချိုးအကွေ့တစ်ခုလည်း ဖြစ်ခဲ့သည်။

ထိုမြင်ကွင်းကို ဘယ်နှစ်ကြိမ် ပြန်လည်စဥ်းစားပုံဖော်နေပါစေ၊ အကြိမ်တိုင်းတွင် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေမည်ဖြစ်ပြီး ထိုသူသည် သူမဘဝတွင် အလေးစားဆုံးနှင့် အချစ်ခင်ဆုံးသူသာ ဖြစ်၏။

ယခု အရိုးမျိုးနွယ် စစ်သူကြီးက သူမ၏စံပြပုဂ္ဂိုလ်ကို ဤသို့ကဲ့ရဲ့ပြစ်တင်နေသည်အားမြင်သော် ကျောက်လင်းအာ ဒေါသတကြီး တုန်ယင်လာသည်။

တစ်ဖက်ရန်သူက သူတို့၏ အရှင်ယဲ့အာ စော်ကားမော်ကားပြောဆိုနေသည်ကို ကြားလိုက်ရသောအခါ ပရိသတ်အပေါင်းလည်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်မိလိုက်ကြပြီး သူတို့၏ မျက်နှာများတွင် ဝမ်းနည်းမှုနှင့် အမျက်ဒေါသများ ထင်ဟပ်လာသည်။

ယဲ့ကျွင်းလင် သည် ဟွမ်ကျိုးပြည်နယ်တွင် အားလုံး၏အသိအမှတ်ပြုခံ အားအကောင်းဆုံး စွမ်းအားရှင်တစ်ဦးဖြစ်ပြီး ကျင့်ကြံသူအများအပြား၏ ကိုးကွယ်ရာ စံပြပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ယခု နတ်ဆိုးသတ္တဝါများထံမှ ‌ဖြစ်သလို အပြောအဆိုခံနေရသည်အားမြင်သော် သူတို့ရင်ထဲတွင်လည်း အလွန်အမင်း မသက်မသာဖြစ်မှုကို ခံစားရပြီး မျက်လုံးများ နီရဲကာ ဒေါသများက ချော်ရည်လိုဆူပွက်လာသည်။

"အားလုံးပဲ၊ မဆင်မခြင် မလုပ်ကြပါနဲ့!"

"ခွန်အားချင်း ကွာခြားမှုက အရမ်းကြီးတယ်။ ကျွန်တော်တို့ အစုလိုက်အပြုံလိုက် ပုန်ကန်ရင်လည်း အကျိုးမဲ့ သေဆုံးရုံပဲ ရှိလိမ့်မယ်"

လူအုပ်ထဲတွင် မသေမျိုးတစ်ဦးပေလားဟု ထင်မှတ်မှားနိုင်‌ချေရှိသော မီးခိုးရောင်ဝတ်ရုံဝတ် သက်ကြီးရွယ်အိုတစ်ဦးက လူတိုင်း၏ စိတ်ခံစားမှုများ ထိန်းချုပ်မရလုနီးပါးဖြစ်နေသည်ကို ရိပ်မိပြီး လျှို့ဝှက်သတင်းစကားကို လျင်မြန်စွာ ပို့လွှတ်လိုက်သည်။

ထိုသူသည် တောင်ဖြိုဂိုဏ်း၏ ဘိုးဘေးဖြစ်သူ အိုးရန်ဖုန့်ပင်!

တစ်ချိန်က သူ ဝိညာဥ်အဆင့်တက်ခြင်းသို့ ရောက်ရှိခဲ့စဉ်က မည်မျှအထိ ရွှင်လန်းတက်ကြွခဲ့ရသနည်း။ သို့သော် လောကဓံ၏ရိုက်ခတ်မှုအလုံးစုံအပြီး ယဲ့ကျွင်းလင်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးနောက် သူလည်း တစ်ဖက်လူကို နက်ရှိုင်းစွာ လေးစားယုံကြည်ခဲ့ရသည်။ လောထျန်းလျှို့ဝှက်နယ်မြေမှ အခွင့်အလမ်းတချို့ ရရှိခဲ့ပြီးချိန်တွင် သူသည် ယခုအခါ ဝိညာဥ်အဆင့်တက်ခြင်း ပြီးပြည့်စုံခြင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးဖြစ်ကာ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ချိုးဖျက်နိုင်ဖို့ တစ်လှမ်းသာ လိုတော့သည်။

တကယ်တော့။

အိုးရန်ဖုန့်သည် အလွန်ပါရမီထူးချွန်သူဟု ယူဆရပေမည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်ကျိုးပြည်နယ် ၏ ရှားပါးသောအခွင့်အလမ်းနှင့် ခြောက်သွေ့သောရေမြေ၌ပင် ဝိညာဥ်အဆင့်တက်ခြင်းထိ မရရအောင် တွယ်တက်နိုင်ခဲ့သည်မဟုတ်လော။ ယခုအခါ တစ်နှစ်ကျော်အတွင်း ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိတော့မည် ဖြစ်ရာ ၎င်းသည် မှန်ကန်လျင်မြန်သော တိုးတက်မှုတစ်ခုဟု ဆိုနိုင်၏။

လက်ရှိအခြေအနေကတော့ သူတို့လိုက်မမီနိုင်အောင် အပြောင်းအလဲမြန်နေသည်ပင်။ ဝိညာဥ်အဆင့်တက်ခြင်းသည်ပင် ဤအခြေအနေတွင် အလယ်အလတ်အဆင့် တိုက်ခိုက်ရေးစွမ်းအားအဖြစ်သာ ယူဆနိုင်ပြီး အနိုင်အရှုံးထွက်အောင် ဆုံးဖြတ်နိုင်စွမ်းရှိမည်မဟုတ်!

ကျောက်လင်အာကို ကွပ်မျက်တော့မည်အား မြင်သောအခါ အိုရန်ဖုန်း လည်း အလွန်စိုးရိမ်ပူပန်ခဲ့သည်။ သို့သော် အရိုးမျိုးနွယ် စစ်သူကြီးသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်တွင် ရှိပြီး မွေးရာပါ အင်အားကြီးမားသောကြောင့် သူသွားရောက်တိုက်ခိုက်လျှင်ပင် အနိုင်ရနိုင်ချေ မရှိပေ။

"ဒီသေသင့်တဲ့ နတ်ဆိုးသတ္တဝါတွေ၊ အတော်ကို နိုင့်ထက်စီးနင်းနိုင်ပဲ!" ဤကာလအတွင်း ကြုံတွေ့ခဲ့ရသော ကိစ္စရပ်ကို ပြန်လည်သတိရရင်း အိုးရန်ဖုန့် ဒေါသတကြီး အံကြိတ်လိုက်သည်။

စဦးပိုင်းတွင် မရဏချောက်နက်စစ်တပ်ကြီးသည် ရုတ်ချည်းဆိုသလို ပြင်းထန်စွာ တိုက်ခိုက်လာပြီး အရိုးမျိုးနွယ်၏ ဦးဆောင်မှုအောက်တွင် ဟွမ်ကျိုးပြည်နယ် တစ်ခုလုံးကို ကျူးကျော်နိုင်ခဲ့သည်။ တောင်ဖြိုဂိုဏ်းမှာလည်း ခုခံရာတွင် မအောင်မြင်သောကြောင့် ဖျက်သိမ်းရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။ အခြားဂိုဏ်းသုံးခုလည်း ထိုနည်းတူပင်။ ရွှယ်ထျန်းဂိုဏ်းမှလွဲ၍ ကျန်အားလုံးသည် သက်ဆိုင်ရာတောင်များမှ ဆုတ်ခွာသွားရပြီး ရင်ဆိုင်ရန်လည်း မဝံ့ရဲတော့ပေ။

အခြားနည်းလမ်းမရှိတော့သည့် အခြေအနေပင်။

ခွန်အားချင်း ကွာခြားမှုက အလွန်ကြီးမားလှသည်။

မရဏချောက်နက်စစ်တပ်နှင့် ယှဥ်တိုက်နိုင်သူမှာ ဟွမ်ကျိုးပြည်နယ် တစ်ခုလုံးတွင် ရွှယ်ထျန်းဂိုဏ်း တစ်ခုတည်းသာ ရှိခဲ့သော်လည်း ယခုမူ ကျဆုံးတော့မည့် အခြေအနေသို့ နီးကပ်နေလေပြီ။

အောက်ဘက်မှလူသားအုပ်စု ဒေါသထွက်နေသော်ငြား တစ်ခွန်းမှထုတ်မပြောရဲသည်ကို မြင်သောအခါ အရိုးမျိုးနွယ် စစ်သူကြီးသည် ပို၍ပင် မာန်တက်လာသည်။ ၎င်းသည် အရိုးဖြူများဖြင့်ဖုံးအုပ်ထားသော ဧရာမလက်ကြီးကို ဆန့်ထုတ်လိုက်ရာ ဖားလောင်းသဏ္ဍာန် ထူးထူးဆန်းဆန်းစာလုံးများ ဝိုင်းပတ်လာပြီး ထူးဆန်းသောအလင်းတန်းတစ်ခုကိုလည်း ထုတ်လွှတ်နေသည်။

ချက်ချင်းဆိုသလို ထက်ရှသော အရိုးဆူးချွန်အများအပြားသည် လေဟာနယ်ထက်မှ ထွက်ပေါ်လာပြီး ကျောက်လင်းအာ၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ဖောက်ဝင်သွားသည်။ သွေးနီနီများက အရိုးဆူးချွန်များ အတိုင်း စီးကျလာပြီး ပြင်းထန်သော နာကျင်မှုကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအေးများ ရွှဲနစ်နေသည်။

သို့သော် သူမသည် အဆုံးထိ သွားများကို ကျစ်ကျစ်ပါအောင် ကြိတ်ချေထားပြီး အော်ဟစ်ငိုယိုခြင်း မပြုခဲ့ပေ!

မြင်ကွင်းက တိတ်ဆိတ်နေပြီး လေထုက အလွန်တရာ လေးလံဖိစီးနေသည်။

လူတိုင်း ရင်ထဲရှိ နှလုံးသားများမှာ ခဲဆွဲထားသလိုလေးလံနေကာ နှာခေါင်းများ စပ်ဖျဉ်းဖျဉ်းဖြစ်လျက် မျက်လုံးများ နီရဲနေသည်။

အရိုးမျိုးနွယ် စစ်သူကြီး၏ မျက်နှာမှာမူ အကျည်းတန်နေလေပြီ။ လက်ရှိအနေအထားကား ၎င်းလိုချင်သော ရလဒ်မဟုတ်ပေ!

ဤအမျိုးသမီး၏ နာကျင်စွာ သနားခံမှု သို့မဟုတ် သူမ၏ ဆိုးရွားစွာ အော်ဟစ်ငိုကြွေးသံများကို ကြားလို၍ ဤသို့ တမျှင်းမျှင်းနာကျင်စေမည့် နှိပ်စက်နည်းမျိုးကို အသုံးပြုခဲ့ခြင်းပင်။

ဒါပေမဲ့ အခုတော့ သူမက စကားတစ်ခွန်းမှတောင်မထွက်အောင် တောင့်ခံထားနိုင်တယ်?!

မပျော်တော့ဘူး!

လုံးဝ မပျော်တော့ဘူး!

အရိုးမျိုးနွယ် စစ်သူကြီးက ဆက်လက်၍ မှော်စွမ်းအားများ ပစ်လွှတ်လိုက်ရာ ထက်မြက်သော အရိုးဆူးချွန်များ အများအပြားက ပူလောင်သောအရှိန်အဝါများကို ထုတ်လွှတ်လာသည်။ ကျောက်လင်အာ၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများမှာ အပူမီးဖြင့်တိုက်ခံရ၍ မီးကျွမ်းသော အသားညှော်နံ့များထွက်ပေါ်လာ၏။

"အာ့..." ကျောက်လင်းအာ၏ မျက်နှာတွင် သွေးကြောများ ထင်းထွက်လာပြီး သူမ၏ မျက်နှာလှလှလေးမှာ စက္ကူကဲ့သို့ ဖြူဖျော့နေရှာသော်ငြား အံသွားများပင်ကျိုးမတတ် မလျှော့တမ်း ကြိတ်ခံနေသေးသည်။

ဒီလိုနာကျင်မှုမျိုးက သေတာထက် ဆိုးရွားတယ်!!

သို့သော် သူမသည် သနားခံခြင်းမရှိ၊ အော်ဟစ်ခြင်းမရှိဘဲ ပြင်းပြင်းထန်ထန် ‌တောင့်ခံနေသည်!

အရိုးမျိုးနွယ် စစ်သူကြီး၏ မျက်နှာက တော်တော်ရုပ်ဆိုးလာလေပြီ။ ဤအမျိုးသမီး၏ စိတ်ဓာတ်ခွန်အားသည် သူစိတ်ကူးထားသည်ထက် ကျော်လွန်နေသည်မဟုတ်လော။

ဒီအမျိုးသမီးကိုသာ သေအောင်မသတ်နိုင်လျှင် အနာဂတ်တွင် ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦး ဖြစ်လာမည်မှာ သေချာသည်။

"တကယ်တော်တဲ့ မိန်းကလေးပဲ" အိုးရန်ဖုန့် မျက်လုံးများ နီရဲနေပြီး စိတ်လှုပ်ရှားနေသည်။

တစ်ချိန်တည်းမှာပင် သူ၏ နှလုံးသားက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်လာ၏။

ဒီနေ့ကစပြီး ဟွမ်ကျိုးပြည်နယ်ရဲ့ ကျင့်ကြံသူတွေဟာ ပြည်ပနတ်ဆိုးမျိုးနွယ်တွေရဲ့ အုပ်စီးအနိုင်ယူခြင်းကို ဒီလိုပဲ တစ်သက်လုံး ငြိမ်ခံနေရတော့မှာလား?

ကျန်သူများမှာလည်း ဝမ်းနည်းဒေါသထွက်နေကြပြီး သူတို့၏ ရင်ထဲတွင် မကျေမနပ်အစိုင်အခဲက ပိုလို့ကြီးထွားလာသည်။

"အရှင်သခင်ယဲ့၊ ဟွမ်ကျိုးပြည်နယ်က အရှင့်ကို လိုအပ်နေပါတယ်..." စိတ်ခံစားချက်များ အထွတ်အထိပ်သို့ ရောက်ရှိလာပြီး သူတို့၏ ရင်ထဲတွင် အော်ဟစ်လိုက်ကြသည်။ အတိတ်က သူတို့ကိုတစ်ချိန်လုံး ကာကွယ်ပေးခဲ့ပါသော ပြိုင်ဘက်ကင်း စွမ်းအားကြီးပုံရိပ်ကို ထပ်မံ မြင်တွေ့လိုလှ၏။

"ဟမ့်၊ ပျင်းစရာကောင်းလိုက်တာ"

မျှော်လင့်ထားသည့် ရလဒ်ကို မရရှိသောအခါ အရိုးမျိုးနွယ် စစ်သူကြီး၏ ရင်ထဲတွင် ဒေါသများ ဆူပွက်လာပြီး သူ၏ လက်ကို ဝှေ့ယမ်းကာ အရိုးဆူးချွန်များကို ထိန်းချုပ်၍ ကျောက်လင်းအာကို တိုးလျှိုပေါက် ဖောက်ထွင်းပစ်လိုက်သည်။

"နောက်ဆုံးတော့ အဆုံးသတ်ရတော့မှာလား..." ကျောက်လင်းအာ သေတော့မည်ကို သိသော်လည်း စိတ်သက်သာရာ ရသွားသည်။

သို့သော် ထိုအချိန်တွင် ကျယ်ပြန့်သော ပင်လယ်ပြင်ကြီးကဲ့သို့ ဖိအားတစ်ခုက တစ်နေရာလုံးကို လွှမ်းခြုံသွားပြီး ကမ္ဘာတစ်ခုလုံး တုန်ခါသွားသည့်အလား သက်ရောက်ခံလိုက်ရ၏။

လူတိုင်း၏ အသက်ရှူသံများ ရပ်တန့်သွားပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်ရွံ့မှုက ရေကြီးသကဲ့သို့ ထိုးတက်လာကာ လှုပ်ရှားရဲခြင်း မရှိတော့ပေ။

"ဘ-ဘာဖြစ်နေတာလဲ?!" အရိုးမျိုးနွယ် စစ်သူကြီးသည်ပင် အလွန်အမင်း ကြောက်လန့်သွားပြီး တစ်ကိုယ်လုံး အေးစက်တောင့်ခဲသွားကာ မျက်လုံးများ ပြူးကျယ်စွာဖြင့် ထိတ်လန့်တုန်လှုပ်ရင်း ရေရွတ်လိုက်သည်။

ဤကဲ့သို့သော အရှိန်အဝါကို အရိုးမျိုးနွယ်၏ ဘုရင်များထံမှသာ ခံစားဖူးသည်ပင်။

နောက်တစ်စက္ကန့်တွင်။

သူသည် သူ့ဘဝတွင် ဘယ်သောအခါမှ မေ့နိုင်တော့မည်မဟုတ်သော ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

မီတာ ရာပေါင်းများစွာ ရှည်လျားသော ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် လေထုကို တရွတ်တိုက် ဖြတ်ကျော်ပျံသန်းလာသည်။ အရွယ်အစားကို နေမင်းကိုပင် ပိတ်ဆို့ထားနိုင်သဖြင့် ၎င်း ဖြတ်သန်းသွားသော နေရာများမှာ နေကြတ်သကဲ့သို့ မှောင်ကျသွားသည်အထိ။ ထိုသတ္တဝါကြီး သူတို့အနားသို့ နီးကပ်လာသောအခါ ကမ္ဘာတစ်ခုလုံး အမှောင်တိုက်ထဲကျရောက်သွားသလို ခံစားလိုက်ရ၏။

"ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်ရဲ့ အရှိန်အဝါလား? ဒါဆို ဒါက နတ်ဆိုးဧကရာဇ်ပဲ!!" လူအုပ်ထဲတွင် အိုးရန်ဖုန့်သည် ဦးရေပြားပေါက်ကွဲမတတ် ကြောက်လန့်သွားပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

လူတိုင်း၏ မျက်နှာများမှာ သွေးမရှိတော့ဘဲ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။

ပထမဆုံး မရဏချောက်နက်စစ်တပ်ကြီး ကျူးကျော်လာပြီး အခုတော့ ဘေးဒုက္ခကျော်လွှားခြင်းနယ်ပယ် နတ်ဆိုးဧကရာဇ် ဆင်းသက်လာပြန်သည်။ ဟွမ်ကျိုးပြည်နယ်တော့ လုံးဝ အဆုံးသတ်သွားပြီလား?

ရုတ်တရက် အင်အားကြီးသော နတ်ဘုရားအာရုံတစ်ခုက သွေးစွန်းနေသော ကျောက်လင်းအာပေါ်သို့ ကျရောက်လာပြီး အံ့သြနေဟန် ခပ်တိုးတိုးအသံဖြင့် မေးလာသည်။ "တကယ်ပဲ၊ မိန်းကလေးကို ရင်းနှီးနေသလိုခံစားရတယ်၊ ကျွန်တော်တို့ ဘယ်မှာတွေ့ဖူးတာလဲ?"

ဝှစ်!

ယဲ့ကျွင်းလင် ကွပ်မျက်စင်ပေါ်သို့ လျှပ်ခနဲ ပေါ်ထွက်လာသည်။ မျက်လုံးများက ကြယ်စင်များကဲ့သို့ တောက်ပကြည်စင်နေပြီး သူ၏ ငွေရောင်ဆံပင်များက ရှုပ်ထွေးစွာ လေထဲတွင် လွင့်ခါနေသည်။ ခမ်းနားထည်ဝါပြီး တည်ကြည်သော ရွှေချည်ထိုး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပြိုင်ဘက်ကင်း သြဇာအငွေ့အသက်အား ခါတိုင်းလိုပင် ထုတ်ဖော်ပြသနေမြဲ။

သတိလစ်တော့မည့် ကျောက်လင်အာသည် သူမ စဉ်းစားပုံဖော်နေခဲ့သော ပုံရိပ်ကို အရှင်လတ်လတ် မြင်တွေ့ရပြီးနောက် မှိုင်းမှုန်န်နေသော မျက်လုံးများ ရုတ်တရက် လင်းလက်လာပြီး တုန်ယင်သော အသံဖြင့် စိုးရိမ်မှုနှင့် မသေချာမှုအနည်းငယ်ရောယှက်ကာ မေးလိုက်သည်။ "ရှင်၊ ရှင်လား? တောင်ထိပ်သခင်ယဲ့ ဟုတ်တယ်မလား..."

All Chapters