အခန်း (၁၉၉)
Vol. 15 Ch. 199
တစ်ချိန်တည်းမှာပင် ကျင့်ထူပြည့်ရှင်ဘုရင်မှာ ရန်သူများကြား အားကုန်ရုန်းကန်နေရပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးများစွန်းထင်းလျက်ရှိလေပြီ။ သူ့မျက်လုံးများ ဝေဝါးလာပြီး ခက်ခက်ခဲခဲ ထုတ်မေးလိုက်သည်။ "မင်းတို့ ဘယ်သူတွေလဲ? ဘာလို့ ဒီလိုလုပ်နေရတာလဲ?!"
"တံခါးနဲ့နီးတော့ မင်းတို့ကံဆိုးသွားတာပေါ့ကွာ" အနက်ရောင်ဝတ်ရုံဝတ် ရန်သူတစ်ဦးက ခပ်လှောင်လှောင်လေသံဖြင့် ဆိုသည်။
"မင်းတို့ကို ရှင်းပြီးတာနဲ့ မရဏချောက်နက်ရဲ့ နတ်ဆိုးမျိုးနွယ်တွေက အခွင့်အရေးယူပြီး ဝင်တိုက်ခိုက်ကြလိမ့်မယ်။ ဒီနိုင်ငံလည်း မကြာခင် သိမ်းပိုက်ခံရလိမ့်မယ်။ စိတ်မပူပါနဲ့၊ မင်းပြည်သူတွေက နောက်ပိုင်းမှာ အသုံးဝင်လာမှာပါ" နောက်ထပ်တစ်ဦးက ထပ်ပြောလာသည်။
"တံခါး?" ကျင့်ထူပြည့်ရှင်ဘုရင် မျက်လုံးများတွင် ထိတ်လန့်မှုနှင့် သံသယများ ပြည့်နှက်နေသည်။ သူတို့ပြောနေသော တံခါးအကြောင်းကို သူလုံးဝ မသိရှိခဲ့ပေ။ သို့သော် သူ သေချာပေါက် သိသည်မှာ ဤသူများသည် နတ်ဆိုးလောကသားများနှင့် ပူးပေါင်းကာ ကိုယ့်မျိုးနွယ်ကိုယ် ဒုက္ခပေးအမြတ်ထုတ်ဖို့ ကြံစည်သည်အထိ ရူးသွပ်နေကြလေပြီ။ ဤကိစ္စ၏နောက်ကွယ်တွင် အရှေ့ပိုင်းစီရင်စုမှ ထိပ်တန်းအင်အားစုတစ်ခုခုတော့ ရှိနေလိမ့်မည်ဟု သူသံသယဝင်မိ၏။
"ပူးပေါင်းကြံစည်မှု၊ ဒါက တော်တော်ဆိုးရွားတဲ့ ပူးပေါင်းကြံစည်မှုပဲ..." ကျင့်ထူပြည့်ရှင်ဘုရင် သည် ဆက်လက်တောင့်မခံနိုင်တော့ပေ။ ကြောက်မက်ဖွယ်ကောင်းသော အင်အားများစွာက သူ့ကို အတင်းအကျပ် ဆွဲခေါ်သွားပြီး သူ့ခန္ဓာကိုယ်သည် လူအများ၏ မျက်စိရှေ့တွင်ပင် အမှုန်အမွှားများအဖြစ် ပြိုကွဲသွားရ၏။
အနက်ရောင်ဝတ်ရုံဝတ် ပုံရိပ်လေးခုသည် တိုက်ခိုက်မှု ရပ်တန့်သွားပြီး အချင်းချင်း အေးစက်သောအပြုံးများကို ဖလှယ်လိုက်ကြသည်။
တော်ဝင်နန်းတော် တစ်ခုလုံး သွေးချောင်းစီးသော သင်္ချိုင်းမြေတစ်ခုအဖြစ် ပြောင်းလဲခဲ့ရလေပြီ။
သိပ်မကြာသောအချိန်တစ်ခုတွင်။
ကျင့်ထူပြည်ထောင်မှ မိုင်တစ်သောင်းအကွာတွင် ဦးချိုပါ နတ်ဆိုးသတ္တဝါတစ်ကောင်၏ နက်ရှိုင်းလေးလံသော ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာသည်။
"တိုက်ခိုက်ကြ! အားဟားဟား!"
လူသားများနှင့်မတူသော ကြောက်မက်ဖွယ်အရှိန်အဝါများ ထုတ်လွှတ်နေသည့် သံချပ်ကာဝတ် သတ္တဝါအုပ်စုတစ်စုသည် ရှေးခေတ်စစ်သားရဲများကို စီးနင်းကာ ရှည်လျားသော လှံတံများကို ကိုင်ဆောင်လျက် ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။
သူတို့သည် မရဏချောက်နက်မှ နတ်ဆိုးလောကသားများ ဖြစ်ကြ၏။
လေပေါ်ဝိဇ္ဇာကျောင်း၏ ကာကွယ်မှုနှင့် တော်ဝင်နန်းတော်မှ တိုင်းပြည်ကိုရင်ဝယ်ပိုက်စောင့်ရှောက်ပေးမည့် အင်အားကြီးပုဂ္ဂိုလ်ကြီး မရှိတော့သည့်အခါ ကျင့်ထူပြည်ထောင်အနေဖြင့် မည်သို့သော ကံကြမ္မာကို ရင်ဆိုင်ရတော့မည်အား စဥ်းစားကြည့်ရုံဖြင့် သိနိုင်ပေသည်။
***
လေးလအကြာတွင်။
ကျယ်ပြန့်သော ကောင်းကင်ယံတွင် ကြီးမားသော ရတနာသင်္ဘောတစ်စင်းသည် လေစီးကြောင်းများအတိုင်း ရွက်လွှင့်နေ၏။ အတွင်းရှိ ကျင့်ကြံသူများစွာသည် စိုးရိမ်ပူပန်မှုများဖြင့် မျက်မှောင်ကြုတ်နေကြသည်။
"မုန်းစရာကောင်းလိုက်တာ၊ လောကကြီးက အခုတလော ပိုပြီး ရှုပ်ထွေးလာတာပဲ!"
"ဟုတ်တယ်၊ ကျွန်တော် လောကျိုးပြည်နယ်ကနေ ထွက်ပြေးလာခဲ့တာ။ ကျွန်တော့်ဇာတိမြေကို မရဏချောက်နက်သတ္တဝါတွေ မကြာသေးခင်ကမှ ကျူးကျော်ခဲ့တယ်။ ခုခံတဲ့ ကျင့်ကြံသူအများအပြားကို နှိမ်နှင်းခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ကျွဲနွားလို ခိုင်းစေနေကြတာပဲ"
"အိုး? ဒီ တာအိုရောင်းရင်းလည်း ကျွန်တော်နဲ့ အတွေ့အကြုံတူလိမ့်မယ်လို့ မထင်ခဲ့ဘူး။ အနာဂတ်အတွက် ဘာအစီအစဉ်တွေရှိလဲ? ဘယ်ကိုသွားချင်လဲ?"
"ကျွန်တော် သိပ်မသေချာသေးဘူး။ အရှေ့ပိုင်းဒေသ မှာ နေရာအတော်များများ စစ်ဖြစ်နေပြီး လူတွေ ဒုက္ခရောက်နေတယ်လို့ ပြောတယ်။ အိမ်း၊ လောကကြီးက အရမ်းကျယ်ပြောလွန်းလှတယ်၊ စိတ်ချလက်ချအိပ်စက်နိုင်တဲ့ အိမ်တစ်အိမ်လောက် ဘယ်မှာများရှိနိုင်မှာလဲ?"
ထိုအကြောင်းအရာကို စကားရောက်သွားသည်နှင့် အားလုံးက ချက်ချင်း ထပ်တူကျပြီး စကားစမြည် ပြောဆိုကြတော့၏။
"အေး တကယ် စိတ်ရှုပ်စရာဗျာ၊ မရဏချောက်နက်စစ်တပ်က ပြင်းပြင်းထန်ထန်ကို အရှိန်နဲ့ချီတက်လာနေပြီး အလယ်အလတ်အဆင့်ကနေ အောက်ဆုံးအဆင့်ထိ ဂိုဏ်းပေါင်းများစွာကို သိမ်းပိုက်နေကြတာ၊ အဲ့ဒီ မသေမျိုးဂိုဏ်းဆိုတဲ့ဟာတွေကရော ဒီတိုင်း သေဖို့ထိုင်စောင့်နေကြမှာလားမသိဘူး?"
"လွန်ခဲ့တဲ့ ကာလအတော်ကြာတုန်းက လူသားမျိုးနွယ်ရဲ့ သူတော်စင်တွေက နတ်ဆိုးလောကကို နှိမ်နင်းခဲ့ပြီး နတ်ဆိုးမျိုးနွယ်တစ်ရာကို အရှေ့ပိုင်းစီရင်စုဆီ ထပ်မကျူးကျော်ရဲအောင် ဖိနှိပ်ထားနိုင်ခဲ့တယ်။ အခု နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့က စစ်တပ်တွေကို ထပ်မံစေလွှတ်ပြီး ကျူးကျော်နေပြန်ပြီ။ ဒီအတိုင်းသာဆိုရင် ကျွန်တော်တို့ရဲ့ အရှေ့ပိုင်းစီရင်စု အန္တရာယ်ရှိနေပါပြီ!
"ဒါပေမဲ့ အခု ကျွန်တော်တို့အားလုံးက တစ်စစီ ပြိုကွဲနေကြတာ၊ ဘယ်သူက အခြေအနေတစ်ခုလုံးကို တာဝန်ယူပေးမှာလဲ?!"
အားလုံးက ဆွေးနွေးတိုင်ပင်ရင်း ဝမ်းနည်းဒေါသထွက်နေကြပြီး လက်ရှိအခြေအနေကို အလွန်အမင်း စိုးရိမ်နေကြကာ ထိုရှေးဟောင်း နတ်ဆိုးလောကသားများကိုလည်း လွန်စွာမုန်းတီးစက်ဆုပ်မိကြ၏။
"အခြေအနေက အခု ဒီလောက်တောင် ရှုပ်ထွေးနေပြီလား?" ထောင့်တစ်နေရာတွင် ခါးတွင် ဓားချိတ်လျက် ဝါးဦးထုပ်ဆောင်းထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် နံရံကိုမှီကာ လက်ပိုက်လျှက် ရပ်နေသည်။ မုတ်ဆိတ်မွေးများက ဗရပျစ်ထူထပ်ကာ၊ မျက်လုံးများက လင်းယုန်ငှက်ကဲ့သို့ ထက်မြက်စူးရှနေပြီး လူတိုင်း၏ ဆွေးနွေးမှုများကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"သတင်းစာ ရောင်းပါတယ်၊ သတင်းစာ ရောင်းပါတယ်၊ နောက်ဆုံးထုတ် ကျင့်ကြံရေးလောကနေ့စဉ် သတင်းစာပါ၊ ဝယ်ယူသင့်ပါတယ်!" ကုန်းပတ်ပေါ်တွင် အစိမ်းရောင်ချည်ထည်ဝတ်ထားသော ကောင်လေးတစ်ဦးသည် သူ့လက်ထဲမှာ သတင်းစာတစ်စောင်ကို ဝှေ့ယမ်းကာ လူအုပ်ထဲတွင် လျင်မြန်စွာ ရွေ့လျားရင်း အသံကုန် ဟစ်အော်ရောင်းချနေသည်။
"ကောင်လေး၊ တစ်စောင်ပေး"
"ရော့ပါ၊ ဝိညာဥ်ကျောက်တုံး နှစ်ခုကျသင့်ပါတယ်!"
အရောင်းအဝယ်ဖြစ်ပြီးနောက်။
ဝါးဦးထုပ်ဆောင်းထားသော အမျိုးသားသည် သတင်းစာကို ယူလိုက်ပြီး ဝှစ်ခနဲ နေရာမှပျောက်ဆုံးသွားတော့၏။
"နေစမ်းပါဦး၊ ဒီလူ သင်္ဘောပေါ် တက်တာကို ငါ မမှတ်မိလိုက်ဘူး။ သူ ဘယ်လို ပေါ်လာတာလဲ?" မှတ်ဉာဏ်ကောင်းသော သင်္ဘောပိုင်ရှင်သည် မလှမ်းမကမ်းတွင် ရပ်နေရင်း ထိတ်လန့်ပြီး သံသယဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"မြန်မြန်၊ ကြည့်ကြစမ်း၊ အဲဒါ ဘာလဲ?!" တစ်စုံတစ်ယောက်က လက်ညှိုးထိုးပြလိုက်ရင်း သူ့မျက်နှာတွင် ထိတ်လန့်မှုအရိပ်အယောင် ပေါ်လွင်နေသည်။
အားလုံး တစ်ပြိုင်တည်း မော့ကြည့်လိုက်ကြရာ သူတို့မျက်နှာများ ဖြူဖျော့သွားကြရ၏။
ကျယ်ပြန့်သော ကောင်းကင်ယံတွင် မီတာသိန်းပေါင်းများစွာ ရှည်လျားသော ဧရာမ သတ္တဝါကြီးတစ်ကောင်သည် တိမ်တိုက်များထဲမှ ပေါ်ထွက်လာပြီး သူ့အတောင်ပံများကို ဖြည်းဖြည်းချင်းခတ်ကာ ကောင်းကင်ယံကို ဖြတ်ကျော် ပျံသန်းနေသည်။
ခမ်းနားသော လေစီးကြောင်းများက အင်အားကြီးမားပြီး ရတနာသင်္ဘောကိုပင် အဖျားခတ်စေ၏။ သင်္ဘောကိုယ်ထည်ကြီး ပြင်းထန်စွာ တုန်ခါသွားသောကြောင့် သင်္ဘောပိုင်ရှင်က လှေဦးစီးအား ရွေ့လျားရန် အလျင်အမြန် အော်ဟစ်လိုက်သည်။ ထို့နောက် ကောင်းကင်ယံသို့ သူ ပြန်ကြည့်လိုက်သောအခါ သူ့မျက်လုံးများ ထိတ်လန့်တုန်လှုပ်စွာ ကျဉ်းမြောင်းသွားသည်။
သူ မြင်လိုက်ရသည်မှာ ခုနကမှ ပျောက်ကွယ်သွားသော ဝါးဦးထုပ်ဆောင်းထားသည့် အမျိုးသားသည် အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုဧရာမ သတ္တဝါကြီးပေါ်သို့ ဆင်းသက်သွားခြင်းပင်။
"ဒီလိုမျိုး စီးတော်ယာဥ်မျိုးရှိနေတာကို ငါ့သင်္ဘောပေါ်မှာ အလကား စီးချင်သေးတာလား? ဒီဘက်ခေတ်စွမ်းအားရှင်တွေက အတော်ထူးဆန်းသားပဲ" သင်္ဘောပိုင်ရှင်က ခါးသက်စွာ ပြုံးရင်း ရေရွတ်လိုက်သည်။