အခန်း (၁၉၈)
Vol. 15 Ch. 198
"ဘာ!"
ကျင့်ထူပြည့်ရှင်ဘုရင်၏ ခေါင်းမှာ တဒုန်းဒုန်းဆူညံသွားရ၏။ သူ့အတွက် အခုတော့ ဒါက သတင်းကောင်း မဟုတ်နေ!
"သူ့ကို ဘာကိစ္စ အဖက်လုပ်စကားပြောနေဦးမှာလဲ? သူ့ကို သတ်ပြီး နန်းတော်ကိုရှင်းလိုက်ရင် ငါတို့တာဝန် ပြီးပြီလေ" ရန်သူတစ်ဦးက လောဆော်လိုက်သည်။
"ဟုတ်တယ်၊ မြန်မြန်လုပ်ကြစို့!"
တစ်ခဏချင်းမှာပဲ ဘေးဒုက္ခကျော်လွှားခြင်းနယ်ပယ် အနက်ရောင်ဝတ်ရုံဝတ် လူလေးယောက်က ကျယ်လောင်စွာ အော်ဟစ်ကြွေးကြော်ပြီး မှော်ပညာများထုတ်သုံးလျက် ကျင့်ထူပြည့်ရှင်ရင်ကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
"မကောင်းတော့ဘူး!" ကျင့်ထူပြည့်ရှင်ဘုရင်မှာ ခုခံဖို့ အတင်းအကျပ်ကြိုးစားနေရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင် ကာကွယ်ရေးအက္ခရာများဖြင့် ဖုံးလွှမ်းသွားကာ မန္တန်ရွတ်ဆိုသံများက လေထုကိုပြည့်နှက်စေပြီး ရွှေရောင်ဝိဇ္ဇာအလင်းသည် ကောင်းကင်သို့တိုင်း ထိုးတက်သွား၏။
ကျင့်ထူပြည်ထောင်၏ တော်ဝင်မိသားစုများမှာ ဝိဇ္ဇပညာ၏ လွှမ်းမိုးမှုကို အတော်အတန်ခံခဲ့ရတာကြောင့် ဝိဇ္ဇာပညာကိုသာ အဓိကထား ကျင့်ကြံခဲ့ကြသည်ပင်။
တိုင်းပြည်ကံကြမ္မာက ကောင်းချီးပေးထားတာကြောင့် ရန်သူလေးယောက်ပြိုင်ကို သူအနိုင်နိုင်တိုက်ခိုက်နိုင်ခဲ့ပေသည့် ခွန်အားက အလျင်အမြန် လျော့ပါးလာပြီး အခြေအနေမှာ လွန်စွာတင်းမာလာသည်။
"ဟမ့်၊ ဒီလူကို တိုင်းပြည်ကံကြမ္မာက ထောက်ပံ့ပေးထားတာ၊ အဲ့ဒါကြောင့် တိုက်ရတော်တော်ခက်နေတာပဲ" ခန္ဓာကိုယ်ထွားကြိုင်းသော အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။
"အားလုံး၊ ပိုပြီး ကြိုးစားကြ! သူ့အပေါ်က တိုင်းပြည်ကံကြမ္မာသက်ရောက်မှုက ကုန်ခမ်းနေပြီ၊ ခဏနေကျရင် သူဘာကိုမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး!" ရန်သူထဲမှတစ်ယောက်က ကြွေးကြော်လာသည်။
"အား... အား..." ကျင့်ထူပြည့်ရှင်ဘုရင်၏ မျက်နှာတော်မှာ နာကျင်မှုကြောင့် ပုံပျက်နေပြီး သူ့ခန္ဓာကိုယ်က မသက်မသာခံစားလာရကာ နှုတ်ခမ်းထောင့်တွေက သွေးစအနည်းငယ် စီးကျလာသည်။
"ခမည်းတော်! !" ဒီမြင်ကွင်းကို မြင်လိုက်ရသော မင်းသားနှစ်ပါးမှာ ဒေါသထွက်သွားကြရ၏။
"ဘာလို့၊ ဘာလို့ ဒီလို ရုတ်တရက် ဖြစ်လာရတာလဲ?" မင်းသမီး မင်ယွဲ့ ငိုချလိုက်ရာ သူမ၏ လှပပြီး အပြစ်အနာအဆာကင်းစင်သော ပါးပြင်ထက်သို့ ပုလဲလုံးလို မျက်ရည်ဥလေးများ စီးကျလာသည်။
"မြန်မြန်၊ ကျင့်ထူပြည်ထောင်ကနေ ထွက်သွား! ဝေးနိုင်သမျှ ဝေးဝေးသွားကြ! မြန်မြန်!!!" ကျင့်ထူပြည့်ရှင်ဘုရင်က သူ့ခွန်အားအားလုံးကို အသုံးပြုပြီး ဟစ်အော်အမိန့်ပေးလိုက်သည်။
"မင်း အဲဒီလူတစ်စုကို သွားသတ်! တစ်ယောက်မှ မကျန်အောင် သတ်! ဒါက ဂိုဏ်းချုပ်က ပေးထားတဲ့ တာဝန်ပဲ!" ခန္ဓာကိုယ်ထွားထွားနှင့် အနက်ရောင်ဝတ်ရုံဝတ် လူက အသံနက်ကြီးဖြင့် တာဝန်ခွဲသည်။
"ဟေး၊ ဟေး၊ ဂိုဏ်းချုပ် နာမည်ကို အပြင်မှာ မပြောနဲ့! သူသာ သိရင် ငါတို့ကိုဘာလုပ်မလဲ မသိနိုင်ဘူး" ရောင်းရင်းတစ်ဦးက သူ့ကို လျင်မြန်စွာ သတိပေးလိုက်သည်။
ထို ခန္ဓာကိုယ်ထွားထွားနှင့်လူမှာ သူလျှာချော်သွားတာကို သတိပြုလိုက်မိပြီးနောက် ထပ်တိုးပြောလာသည်။ "မစိုးရိမ်ပါနဲ့၊ ဒီလူတွေက သေလူတွေပဲလေ ဘာပြန်ပြောနိုင်မှာလဲ!"
ထို့နောက် ဂိုဏ်းချုပ်အမိန့်ကို လိုက်နာစွာဖြင့် လက်အောက်ငယ်သား အများအပြားဟာ နန်းတော်ထဲမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဆီကို အပြေးအလွှား သွားလိုက်ကြသည်။
"မြန်မြန်၊ ခမည်းတော်ပြောတာ နားထောင်ပြီး ပြေးကြစို့!" ဒုတိယမင်းသားမှာ မျက်လုံးတွေ နီရဲနေပြီး မျက်ရည်တွေ တလက်လက်တောက်နေကာ သူ့အစ်ကိုကြီးနှင့် ညီမလေးကို အားကုန် ဆွဲခေါ်လိုက်သည်။
ပထမမင်းသားမှာ ဝမ်းနည်းကြေကွဲစွာဖြင့် သွားများကိုအမှုန့်ကြေမတတ် ကြိတ်ချမိနေသော်ြား ဒီအချိန်မှာ တခြားရွေးချယ်စရာမရှိတော့သောကြောင့် ညီတော်ညီမတော်များကိုခေါ်ဆောင်ကာ ထွက်ပြေးဖို့ရာသာရှိတော့သည်ပင်။
တစ်ခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်များ အများအပြား ပေါက်ကွဲထွက်လာပြီး မိုးထိလုနီးပါးမြင့်မားသော နန်းဆောင်ကြီးတစ်ခုလုံး အမှုန့်ကြေသွားကာ လေထဲသို့ လွင့်ပျံပျောက်ကွယ်သွားတော့၏။
လက်အောက်ငယ်သားများ နေရာတွင် မလှုပ်မယှက် မှင်တက်သွားကြရသည်။
ဒီအခိုက်အတန့်တွင် ရန်သူတစ်ဦးက "သူတို့ ဟိုမှာ!" ဟု အော်ဟစ်လိုက်သည်။
ကောင်းကင်ထက်တွင် ခရမ်းရောင် အလင်းစီးကြောင်းတစ်ခု အလျင်အမြန် ဖြတ်သန်းသွားသည်။ သေချာကြည့်လိုက်တော့ ပျံသန်းနေသော ခရမ်းရောင် ကော်ဇောတစ်ချပ်ဖြစ်ပြီး ကော်ဇောပေါ်တွင် ကျင့်ထူ၏မင်းသားနှစ်ပါးနှင့် မင်းသမီးတစ်ပါး လိုက်ပါလျက်ရှိ၏။
မင်းသမီး မင်ယွဲ့က ပုလဲလုံးလိုသွားလေးများကို တင်းတင်းကြိတ်ထားကာ လက်သင်္ကေတများ ဖန်တီးပြီး ကော်ဇော်ပျံကို အသက်သွင်းဖို့ သူ့မ၏မှော်စွမ်းအင်ကိုကို အဆက်မပြတ် သုံးစွဲနေရသည်။ ပတ်ပတ်လည်တွင် တဖျတ်ဖျတ်တောက်ပနေသော ခရမ်းရောင် ကြယ်အလင်းတန်းတွေ ဝန်းရံနေပြီး အတော်လေး မျက်စိပသာဒရှိလှ၏။
"လိုက်! သူတို့ကို မလွတ်စေနဲ့!" အနက်ရောင်ဝတ်ရုံဝတ်ထားသော လူအုပ်စု ဒေါသထွက်ပြီး ပစ်မှတ်၏ လမ်းကြောင်းအတိုင်း ရူးသွပ်စွာ ပြေးလိုက်ကြသည်။
ဒုတိယမင်းသားက ဝမ်းနည်းမှုကို သည်းခံမျိုသိပ်ပြီး သူ့ခန္ဓာကိုယ်အတွင်းက မှော်စွမ်းအားကို စေလွှတ်လိုက်ရာ ရုတ်တရက်ထွက်ပေါ်လာသော ဝိဇ္ဇာအလင်းများက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ထူးဆန်းသည့်သဏ္ဍာန်ဖြင့် အက္ခရာအချို့ ထွက်ပေါ်လာသည်။
"အုမ်! မာ! နိ! ပဒ်! မေ! ဟုမ်!"
စာလုံးတစ်လုံးစီက လေထုထဲတွင် ပုံသဏ္ဍာန်ဖော်ဆောင်လာပြီး ရွှေရောင် တောက်ပနေကာ ကြောက်မက်ဖွယ် နှိမ်နင်းခြင်းစွမ်းအားများ ပါဝင်နေသည်။
ဒါက ဝိဇ္ဇာခြောက်လုံးဂါထာပဲ!
ထိုအစဥ် ဓားအလင်းတွေ ရောယှက်ထွက်ပေါ်လာပြီး ဝိဇ္ဇာခြောက်လုံးဂါထာတစ်ပုဒ်လုံး ပျက်စီးသွားသည်။
"ဟဲဟဲ၊ ဒီလောက်လေးပဲ တတ်ပြီး အသက်ရှင်ဖို့ ခုခံချင်သေးတာလား?" ဝိညာဥ်သန္ဓေအဆင့် အနက်ရောင်ဝတ်ရုံဝတ် လူတစ်ယောက်က ပြောရင်းဆိုရင်း လက်နှစ်ဖက်ကို ပူးလိုက်သော် ဓားပျံတစ်ချောင်းက သူ့ခေါင်းထက် ပျံဝဲလာသည်။
ဒုတိယမင်းသား မျက်နှာက မကြည်မလင်ဖြစ်နေပြီး အလှောင်ပြောင်ခံရခြင်းကြောင့် သူ့နှလုံးသားမှာ မတန်မရာ အရှက်ရမှုတွေ ပြည့်နှက်နေသည်။
ထို့နောက် အနက်ရောင်ဝတ်ရုံဝတ်အုပ်စုက အစွမ်းထက်မှော်ကျင့်စဥ်များဖြင့် ဆက်တိုက်လိုက်လံတိုက်ခိုက်လာတော့၏။ ကော်ဇောပျံက လွန်စွာပျော့ပြောင်းကာ ပွတ်သီကပ်သီ ရှောင်တိမ်းနိုင်နေတာကြောင့် တိုက်ပွဲက စိတ်လှုပ်ရှားဖို့ကောင်းသည်ဟု ဆိုရပေမည်။
ထိုအခိုက်တွင် လှံရှည်တစ်စင်းက လျှပ်စီးလိုအရှိန်ဖြင့် မင်းသမီးမင်ယွဲ့ထံ တည့်တည့်ဖောက်ဝင်လာသည်။
"ညီမလေး၊ သတိထား!" အကြီးဆုံးမင်းသားက ဝိဇ္ဇာခန္ဓာကို အသုံးပြုပြီး ကြားဖြတ်ခုခံလိုက်ရာ သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းများနှင့် တောက်ပလာပြီး ခိုင်မာမှုက ပြိုင်ဘက်ကင်း၏။ ထိုလှံရှည်ကို သူအနိုင်နိုင် ခုခံနိုင်ခဲ့ပါသော်ငြား နှုတ်ခမ်းထောင့်မှ သွေးတွေ စီးကျလာပြီး သူ့မျက်နှာထက် နာကျင်မှုအရိပ်အယောင် ထွက်ပေါ်လာသည်။
"အိုး? ဒီအရူးကောင်ရဲ့ ခုခံရေးစွမ်းရည်က ဘယ်ဆိုးလို့လဲ" အနက်ရောင်ဝတ်ရုံဝတ် လူတစ်ယောက်က သူ့လက်ကို ဝှေ့ယမ်းပြီး ရှည်လျားသောလှံတံကို ပြန်သိမ်းကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
"အစ်ကိုကြီး၊ ဒဏ်ရာရသွားပြီ!" မင်းသမီး မင်ယွဲ့ စိုးရိမ်တကြီး ပြောလိုက်သည်။
"မပူနဲ့ ညီမလေး၊ အစ်ကိုကြီး မင်းကို ကာကွယ်ပေးမယ်!" အကြီးဆုံးမင်းသား အံကြိတ်ပြီး ပြောလိုက်သည်။
ဒီအချိန်မှာ။
ခရမ်းရောင်အလင်းတန်းဖြင့် တောက်ပနေသော ကော်ဇောပျံက နန်းတော်ဝင်းထဲမှ နေရာတစ်နေရာထံသို့ ဦးတည်ပျံသန်းသွားသည်။
"ပို့ဆောင်ရေးအစီအရင်က ဟိုမှာ ရှိတယ်။ ကျွန်တော့်မှာ ဒီအစီအရင်ကိုအသက်သွင်းပြီး ကျင့်ထူပြည်ထောင်ကနေ အမြန်ဆုံးနှုန်းနဲ့ ထွက်သွားနိုင်မယ့် မှော်စာရွက်တစ်ရွက် ရှိတယ်!" ဒုတိယမင်းသားက စာရွက်တစ်ရွက် ထုတ်လိုက်၏။
"ဘယ်လောက်တောင် မုန်းစရာကောင်းလိုက်လဲ၊ ဒီလူတွေ တကယ် ဘယ်သူတွေမလို့လဲ? ငါတို့ လွတ်မြောက်သွားတာနဲ့ အမှန်တရားကို ကမ္ဘာကြီးသိအောင် ပြောပြရမယ်!" ပထမမင်းသားက ဒေါသတကြီး ပြောလိုက်သည်။
ရုတ်တရက်။
ကော်ဇောပျံက ပို့ဆောင်ရေးအစီအရင်ထဲကို ဝင်ခါနီးမှာ နောက်ကနေ တိုက်ခိုက်လာသော မှော်ကျင့်စဥ်များက ဗုန်းခနဲ ပေါက်ကွဲထွက်လာပြီး ပြင်းထန်သော စွမ်းအင်စီးကြောင်းများက သူတို့ကို ကော်ဇော်ပျံပေါ်မှ ပြောင်းပြန်လှန်ချလိုက်သည်။
"မကောင်းတော့ဘူး!"
သုံးဦးစလုံး ထိတ်လန့်သွားကြသည်။
ဒုတိယမင်းသားက ရန်သူ့လက်ထဲ ကျရောက်လုနီးပါးဖြစ်နေချိန်မှာ မှော်စာရွက်တစ်ခုထဲသို့ မှော်စွမ်းအားကို အားကုန်ထည့်သွင်းပြီး ပို့ဆောင်ရေးအစီအရင်ထဲသို့ ပစ်ထည့်လိုက်သည်။
ချက်ချင်းဆိုသလို ပို့ဆောင်ရေးအစီအရင်မှ တောက်ပသောအလင်းတန်းတစ်သွယ် ထွက်ပေါ်လာပြီး အစီအရင် စတင်လည်ပတ်လာသည်။
"သေခါနီးနေပြီကို၊ မင်းတို့က လှုပ်ရှားရဲသေးတာလား!" အနက်ရောင်ဝတ်ရုံဝတ်လူစုက လှောင်ပြောင်လိုက်ပြီး မှော်ရတနာများကို စုစည်းလွှတ်တင်ကာ ဒုတိယမင်းသားအား သွေးမှုန်များအဖြစ် ဖောက်ခွဲပစ်လိုက်သည်။
"ဒုတိယအစ်ကိုတော်!" မင်းသမီးမင်ယွဲ့မှာ နှလုံးသားကို ဓားဖြင့်ထိုးစိုက်ခံရသလို နာကျင်သွားရပြီး ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်သည်။
"ညီမလေး၊ မြန်မြန်သွား!" ပထမမင်းသား က သူ့ဘေးက မင်းသမီး မင်ယွဲ့ကို လက်မြှောက်ကာဖမ်းဆွဲလိုက်ပြီး သူ့လက်မောင်းမှ အဆုံးမဲ့ စွမ်းအားတွေ ပေါက်ကွဲထွက်လာသကဲ့သို့ သူမကို အားကုန်ပစ်ထုတ်လိုက်သည်။ မင်းသမီး မင်ယွဲ့ ဟာ လေးကနေ လွှတ်လိုက်သော မြှားတစ်စင်းလို ပို့ဆောင်ရေးအစီအရင်ဆီကို တည့်တည့် ပျံသန်းသွားသည်။
"ဒုတိယညီတော်၊ နောင်တော် မင်းနောက်လိုက်လာပြီ!"
ထို့နောက် ပထမမင်းသား က စိတ်လွတ်နေသော သားရဲတစ်ကောင်လို ပြုမူပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ခန္ဓာကိုယ်ထဲမှ သွေးစီးကြောင်းများလည်း ပေါက်ကွဲထွက်ကာ တစ်ကိုယ်လုံး မီးဟုန်းဟုန်း တောက်လောင်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ရာအများအပြား ပျံ့နှံ့သွားပြီး ထိုဒဏ်ရာများမှ ရွှေရောင်အလင်းတွေ ထွက်ပေါ်လာကာ ပိုးဖလံမျိုး မီးကိုတိုး ဆိုသည့်စကားပုံအတိုင်း အနက်ရောင်ဝတ်စုံဝတ် ရန်သူအုပ်စုထဲသို့ အတင်းအကျပ် ဝင်ရောက်သွားသည်။
"ကံဆိုးလိုက်တာ၊ ဒီအရူးကောင်ကကိုယ့်ကိုယ်ကို ဖျက်ဆီးချင်နေတာပဲ!" တစ်စုံတစ်ယောက်က ထိတ်လန့်လည်း ထိတ်လန့်၊ ဒေါသလည်း ထွက်ရင်း ကျိန်ဆဲလာသည်။
ဒုန်း! တောက်လောင်နေသော အလင်းလုံးတစ်ခု ပွင့်လန်းလာပြီး မဟာပထဝီမြေကြီးကို တုန်လှုပ်စေလိုက်၏။
မင်းသမီး မင်ယွဲ့ မျက်နှာက ဖြူဖျော့နေပြီး အရာအားလုံးကို ဗလာသက်သက်မျက်နှာပေးဖြင့် စိုက်ကြည့်နေပြီးနောက် အလင်းတန်းအများအပြား၏ ဝန်းရံမှုအောက်တွင် ပို့ဆောင်ရေးအစီအရင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။