အခန်း (၂၀၇)
Vol. 15 Ch. 207
ယဲ့ကျွင်းလင်၏ နှလုံးသားလေးမှာ အရှုပ်အထွေးထဲ ပိတ်မိနေလေပြီ။ သူတစ်ယောက်တည်းသာ နောက်ဆုံးထိ နားမလည်ခဲ့ခြင်းပေလား?
ကိုးကွယ်မှုအလင်းတန်းများဖြင့် ပြည့်လျှံနေသော ထိုအုပ်စု၏ မျက်လုံးပေါင်းသောင်းခြောက်ထောင်ကို မြင်လိုက်သော် ယဲ့ကျွင်းလင်သည် သူ နားလည်သည်ဖြစ်စေ၊ မနားလည်သည်ဖြစ်စေ အရေးမကြီးတော့ဟု ရုတ်တရက် ခံစားလိုက်ရ၏။
နားလည်တာမလည်တာကို ဘာလို့စိတ်ရှုပ်ခံနေရမှာလဲ?
ခပ်မိုက်မိုက်လေး ဖြစ်နေဖို့ကပဲ အရေးကြီးတာပေါ့!
"မင်းတို့ကို မေးဦးမယ်၊ မရဏချောက်နက်တပ်မတော်ရဲ့ ပင်မစခန်းကို သိလား?" ယဲ့ကျွင်းလင် အလေးအနက် မေးလိုက်သည်။
အိုးရန်ဖုန့် မျက်လုံးများ တောက်ပလာသည်။ အရှင်ယဲ့ က တရားဝင် စစ်ကြေညာတော့မှာလား?
မိုက်တယ်ကွာ!
"အရှင်ယဲ့၊ အဲဒီ သတ္တဝါတွေက ကျောက်နက်တောင်ကြားမှာ!"
ယဲ့ကျွင်းလင်ခေါင်းညိတ်လိုက်ပြီး ကျောက်လင်အာကို ကြည့်ကာ မှာကြားလိုက်သည်။ "မင်း လုပ်စရာတွေ ရှိသေးရင် ဆက်လုပ်ပါ။ ငါ မကြာခင် ရွှယ်ထျန်းဂိုဏ်း ကို ပြန်လာခဲ့မယ်"
ကျောက်လင်အာ ထိတ်လန့်သွားသည်။ စစ်ပွဲ စတင်တော့မှာလား?
အန္တရာယ်တောထဲဝင်မည့်လူကို သူမတားဆီးလိုက်ခြင်သော်ငြား ဤပုဂ္ဂိုလ်သည် အလွန်အားကြီးသောကြောင့် စိုးရိမ်စရာမလိုဟု သူမ ပြန်တွေးလိုက်သည်။
သူမ ဝေ့ပြည်ထောင်သို့ အရင်သွားပြီး ခမည်းတော်ဧကရာဇ်နှင့် အခြားသူများ ဘေးကင်းခြင်း ရှိ၊ မရှိကို အရင် စစ်ဆေးသင့်သည်။ ဝေ့ပြည်ထောင်မှာ ဟွမ်ကျိုးမှ သိပ်မဝေးလှသည့်အပြင် သူမ ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်သို့ ရောက်ရှိပြီးနောက် ပျံသန်းနှုန်းသည် အရင်ကထက် ပိုမိုမြန်ဆန်လာသည်။ အရာရာ တည်ငြိမ်ကြောင်း အတည်ပြုပြီးလျှင် သူမ ကျောက်နက်တောင်ကြားသို့ အလျင်အမြန်သွားကာ ကူညီနိုင်ပေမည်။
ဝှစ်!
ယဲ့ကျွင်းလင်က ခွင်းဖန်းပေါ်သို့ လျှပ်တစ်ပြက်ခုန်တက်သွားသည်။ "အားခွင်း၊ ကျောက်နက်တောင်ကြားကို ဦးတည်!"
ခွန်းဖန်းက သူ့အတောင်ပံများကို စတင်ခတ်ကာ စိတ်လှုပ်ရှားစွာ အော်မြည်လိုက်သည်။ ဟိန်းသံတစ်ချက်ကမိုင်ပေါင်း ကိုးသောင်းအထိ တုန်ခါစေပြီးနောက် နတ်ဘုရားစွမ်းအားကို ဖြန့်ကျက်စီးနင်းကာ ကောင်းကင်သို့ ပျံတက်သွားသည်။
ကျောက်နက်တောင်ကြား ဆီသို့ ဦးတည်သွားသော ဤဧရာမသတ္တဝါကို ကြည့်ရင်း။
လူတိုင်း အသက်အောင့်ကာ တံတွေးမျိုချလိုက်ကြပြီး သူတို့၏မျက်လုံးများတွင် လေးစားမှုများ ပြည့်နှက်နေသည်။
သူတို့ ယုံကြည်သွားပြီ၊ လုံးဝ ပစ်ယုံလိုက်ကြပြီ!
ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် နတ်ဆိုးဧကရာဇ်တစ်ပါးပင် အရှင်ယဲ့၏ စီးတော်ယာဥ်ဖြစ်ရသည်။ ဒါက အရှင်ယဲ့၏ စွမ်းအားကို အထူးတလည် မီးမောင်းထိုးပြနေခြင်း မဟုတ်ပေလော?
"မြန်မြန်၊ သတင်းဖြန့်ကြ! အရှင်ယဲ့ ပြန်လာပြီ! သူ မရဏချောက်နက်တပ်မတော် ကို တရားဝင် စစ်ကြေညာတော့မယ်!" အိုးရန်ဖုန့် မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး အင်အားအပြည့်ဖြင့် အော်ဟစ်လိုက်သည်။
ချက်ချင်းဆိုသလို။
ဟွမ်ကျိုးပြည်နယ်၏ နေရာများစွာတွင် ကြိုးဖြင့်ချိတ်ဆက်လိုက်သကဲ့သို့ သတင်းများဆက်တိုက်ပြန့်ကျဲသွားကာ လှုပ်ခနဲလှုပ်ခနဲ ဖြစ်ကုန်ကြတော့၏။
"အရှင်ယဲ့ ပြန်လာပြီ! သူ အခု ကျောက်နက်တောင်ကြားကိုအမြန်ချီတက်နေပြီတဲ့! ငါတို့ ဟွမ်ကျိုးပြည်နယ်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ့် တိုက်ပွဲ စတင်တော့မယ်။ ရောင်းရင်းကျင့်ကြံသူများ၊ အချိန်မရှိတော့ဘူး၊ မြန်မြန် သွားကူညီကြ!"
"ချီးပဲကွာ! စောင့်နေခဲ့ရတဲ့ခေါင်းဆောင်က ရောက်လာပြီပဲ! သွားမယ်၊ သွားမယ်၊ ဒီတိုက်ပွဲကတော့ အသက်ကို စွန့်စားရရင်တောင် တန်တယ်!"
"အရှင်ယဲ့နဲ့အတူ တိုက်ခိုက်နိုင်တာကြီးမားတဲ့ ဂုဏ်သိမ်ပါပဲ! ဒီတစ်ခါ နောက်ကောက်ကျတဲ့သူ တစ်သက်လုံး နောင်တရလိမ့်မယ်နော်!"
...
ဟွမ်ကျိုးပြည်နယ် တစ်ဝှမ်းလုံးတွင် သတင်းရရှိသော ကျင့်ကြံသူအပေါင်းမှာ သူတို့ ဘာလုပ်လက်စရှိသည်ဖြစ်စေ အကုန်ပစ်ချထားခဲ့ကြသည်၊ ဘာရာထူးအဆင့်အတန်းရှိသည်ဖြစ်စေ အကုန်လျစ်လျူရှုထားခဲ့ကြသည်။ လူအပေါင်းမှာ ကြက်သွေးထိုးထားသကဲ့သို့ ရဲရင့်တက်ကြွစွာဖြင့် ကျောက်နက်တောင်ကြားသို့ တစ်စုတစ်စည်းတည်း ချီတက်ကုန်ကြတော့၏။
(ကြက်သွေးကို လူသွေးကြောထဲထိုးသွင်းတာက တရုတ်ရိုးရာဆေးနည်းတစ်မျိုးပါ။ လူကိုတက်ကြွအားပြည့်စေပါတယ်)
"ဟဲ့ ဟဲ့ ဟဲ့ ရှင် ပိုက်ဆံ မပေးရသေးဘူးနော်" ဖီးနစ်ငှက်မွှေးနီဟု အမည်ရသော ဆောင်ကြာမြိုင်တစ်ခုတွင် အမျိုးသားတစ်ဦးသည် ဘောင်းဘီကို ဆွဲတင်ရင်း အပြင်သို့ အလျင်အမြန် ပြေးထွက်လာသည်။ သူ့နောက်တွင် အမျိုးသမီးတစ်ဦးက ခြေဆောင့်ကာ ဆူပူအော်ဟစ်လျက် အကြွေးလိုက်တောင်းလျက်ရှိ၏။ ထိုအမျိုးသားက ခေါင်းပြန်လှည့်ကာ ရွှင်မြူးစွာ လှမ်းအော်လိုက်သည်။ "ပြီးရင် ပြန်လာပေးမယ်!"
"ရှင် ပြန်မလာနိုင်ရင်ကော?"
"မလာတော့လည်း မလာဘူးပေါ့ကွာ!"
ထိုအမျိုးသားသည် စိတ်အားတက်ဖွယ်စကားတစ်ခွန်းကို ချန်လှပ်ထားခဲ့ပြီး ရွှေရောင်အလင်းဖြင့် ထွက်ပြေးသွားလေသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပင်။
"ဒီခေတ်ကြီးမှာ ဒီလိုမျိုးစားချင်တိုင်းစားပြီး ပိုက်ဆံမပေးသွားလို့ရရိုးလား?!" ကျန်ရစ်သောအမျိုးသမီးမှာတော့ ဒေါသတကြီး ရေရွတ်နေရလျက်။
ဝှစ် ဝှစ် ဝှစ် ~
အရောင်စုံ အလင်းတန်းများစွာသည် အသက်ဝင်နေသော သက်တံ့အစင်းပေါင်းများကဲ့သို့ ကောင်းကင်ယံတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားကြပြီး ရှည်လျားသော အလင်းတန်းများ ကျန်ရစ်ခဲ့ကာ မြင်ကွင်းကား အလွန် ခမ်းနားပြီး စည်ကားလျက်ရှိ၏။
မည်သို့ပင်ဆိုစေကာမူ ဟွမ်ကျိုးပြည်နယ် မှ လူများသည် ဤကာလအတွင်း အလွန်အမင်း စိတ်ဆင်းရဲစရာကောင်းသော ဘဝဖြင့် နေထိုင်ခဲ့ကြရသည်မဟုတ်လော။ သူတို့သည် ပြည်ပသတ္တဝါများ၏ ဖိနှိပ်မှုကို သည်းဘခံခဲ့ရပြီး မကျေနပ်မှုများမှာ ကြာမြင့်စွာကတည်းက စုဆောင်းထားခဲ့ပြီး အစိုင်အခဲတစ်ခု ဖြစ်တည်လျက်ရှိလေပြီ။
ယခု ယဲ့ကျွင်းလင်က ကိုယ်တိုင်ဦးဆောင်လာသောအခါ သူတို့၏ ဒေါသများ ချက်ချင်း လောင်ကျွမ်းလာပြီး ပါဝင်ကူညီရန် အလျင်အမြန် ပြေးထွက်သွားကြတော့သည်။
ထိုအချိန်တွင်။
ကျောက်နက်တောင်ကြား ။
ဤနေရာရှိ တောင်တန်းများနှင့် ကျောက်တုံးများသည် မှင်ကဲ့သို့ နက်မှောင်နေပြီး အသွင်သဏ္ဍာန်မှာ ကြိတ်စက်ကြီးများကဲ့သို့ ကြက်သီးထဖွယ်ကောင်းလှကာ ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့သော ဧရိယာနှင့် ဆိတ်ငြိမ်သော လေထုအနေအထားရှိ၏။
အပြင်ဘက်တွင် နေရောင်ခြည်မှာ တောက်ပစွာ ထွန်းလင်းနေသော်လည်း ဤနေရာတစ်ခုတည်းသာ တိမ်မည်းများ ဖုံးလွှမ်းနေပြီး အလင်းရောင် တစ်စွန်းတစ်စပင် မမြင်ရနိုင်ပေ။
လမ်းတစ်လျှောက်တွင် နယ်မြေကို စောင့်ကြပ်ရန် တာဝန်ရှိသော မရဏချောက်နက်သတ္တဝါများကို မြင်နိုင်သည်။ သူတို့သည် ထူးဆန်းပြီး ပုံမှန်မဟုတ်သော ရုပ်ရည်များ ပိုင်ဆိုင်ကြကာ အားလုံးသည် ရေမရောသော နတ်ဆိုးမျိုးနွယ်စင်စစ်များဖြစ်ကြ၏။
သို့သော် ဤ သန်းချီသော တပ်မတော်သည် အရိုးမျိုးနွယ်ဝင်အနည်းငယ်ကို အဓိကဗဟိုပြုဖွဲ့စည်းထားပြီး စစ်သည်များဖြစ်စေ၊ စစ်သူကြီးများဖြစ်စေ၊ အရိုးမျိုးနွယ်ဝင်များ၏ ရာထူးများက အမြဲတစေ ပိုမိုမြင့်မားသည်။
ဤသည်မှာ ဟွမ်ကျိုးပြည်နယ်တွင် တပ်စွဲထားသော မရဏချောက်နက်တပ်မတော် ၏ ပင်မစခန်း ဖြစ်သည်!