← Chapters

တကယ်နားလည်တာလားဟ

Vol. 15 Ch. 206

တကယ်နားလည်တာလားဟ

Vol. 15 Ch. 206

အိုးရန်ဖုန့်၏ အမူအရာသည် စစချင်းတော့ မှိုင်တွေနေခဲ့ပြီးနောက် မျက်လုံးများ တမုဟုတ်ချင်း တောက်ပလင်းလက်လာကာ စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။ "ကျွန်တော် နားလည်ပြီ! ကျွန်တော် နားလည်ပြီ! အရှင်ယဲ့ ဘာကို ဆိုလိုချင်တာလဲဆိုတာ ကျွန်တော် နားလည်ပြီ!!!"

ယဲ့ကျွင်းလင် အူ‌ကြောင်ကြောင်နှင့် ပြန်ကြည့်လိုက်သည်။ မင်း တကယ် နားလည်တာလား?

ယဲ့ကျွင်းလင် မသိလိုက်သည်မှာ သူ ခုနက လျှာအရိုးမရှိ လျှောက်ပြောခဲ့သော ပလေပဆာစကားများမှာ "မှန်ကန်သောစကားများ ရွတ်ဆိုခြင်း" လုပ်ဆောင်ချက်၏ ကောင်းချီးပေးမှုအောက်တွင် ထူးဆန်းစွာ အရည်အသွေးမြင့်မားသွားပြီး မဟာတာအိုလမ်းစဥ်၏ ရိုးရှင်းမှု သဘောတရားများပင် ပါဝင်လာကာ လူများကို နားထောင်ပြီးနောက် ဉာဏ်အလင်းရရှိစေခဲ့သည်ပင်။

အိုးရန်ဖုန့်၏ နှစ်ပေါင်းများစွာသော ကျင့်ကြံခြင်းအတွေ့အကြုံသည် ဤအခိုက်အတန့်တွင် အရည်အသွေးမြင့်မားသော ခုန်ပျံကျော်လွှားမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံဆင့်ပိတ်ဆို့မှုသည် ဉာဏ်အလင်း၏တွန်းကန်မှုဖြင့် လျော့ရဲအားနည်းလာကာ ဒုန်း ခနဲ အသံဖြင့် ပေါက်ကွဲထွက်လျက် ဝိညာဥ်အဆင့်တက်ခြင်း ကျင့်ကြံဆင့် မှ ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

ဗုန်း!

အိုးရန်ဖုန့်၏ ဆံပင်များ တရမ်းရမ်းလှုပ်ရှားနေပြီး သူ့ခန္ဓာကိုယ်အတွင်းတွင် မကြုံစဖူးသော စွမ်းအားအဟုန်ကို ခံစားနေရသည်။ တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်နေသကဲ့သို့ ပူလောင်နေပြီး မျက်နှာထားက စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

တကယ်ကို ရွှေချထားရမယ့် မိန့်ခွန်းစကားတွေပဲ၊ ဒီလောက် ရှုပ်ထွေးတဲ့ တာအိုဒဿနကို ဝါကျတစ်ခုလေးနဲ့တင် ရိုးရိုးရှင်းရှင်း ဟောပြောလိုက်နိုင်တာ။ သူတော်စင်ဆရာသခင်တွေဘာတွေများ ပြန်လည်ဝင်စားလေသရော့လား?

အရှင်ယဲ့လက်ခံထားသော တပည့်သားများ ဘာကြောင့် ကျင့်ကြံဆင့်တက်သည့်အရှိန် အလွန်မြန်ပြီး တစ်မူထူးခြားသောစွမ်းအားများ ပိုင်ဆိုင်ထားကြောင်း သူအရင်ကနားမလည်ခဲ့။ ယခုတော့ အရှင်ယဲ့၏စကားအတိုင်းသာ သူပြောလိုက်ချင်သည်။ နားလည်တဲ့သူကတော့ နားလည်မှာပဲဟေ့။

"အိုး အိုး အိုး၊ ကျွန်မ၊ ကျွန်မလည်း နားလည်ပြီ! ဒီလိုကိုး!" ကျောက်လင်အာ၏ မျက်လုံးများ တောက်ပလာပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်းကို ခံစားလိုက်ရ၏။ ကျင့်ကြံခြင်းမှာလည်း ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်သို့ ရောက်ရှိသွားလေပြီ။ သူမ၏ အသားအရေသည် ဆီမီးရောင်ကဲ့သို့ ဝင်းလက်တောက်ပနေပြီး နတ်သမီးတစ်ပါး၏ ခန္ဓာကိုယ်အချိုးအဆစ်နှင့် ကျောက်စိမ်းကဲ့သို့ ခိုင်မာကြည်စင်သော အရိုးများကို ပိုင်ဆိုင်လိုက်ရသလို ခံစားမိကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများဖြင့် ပြည့်နှက်လာသည်။

ယဲ့ကျွင်းလင်ကတော့ စိတ်ရှုပ်နေဆဲပင်။ မင်းကရော ဘယ်လိုလုပ်နားလည်သွားတာတဲ့လဲ?

တစ်ဖက်တွင်။

လီဝူကျယ် အံ့အားသင့်နေပြီး ဆရာသခင်ဖြစ်သူကို ပို၍ပင် လေးစားလာသည်။ "တာအိုဒဿနက ပိုရှုပ်ထွေးလေလေ၊ ဖော်ပြနည်းက ပိုရိုးရှင်းလေလေဆိုတာ မှန်တာပဲ။ ဒါမှ ငါ့ဆရာသခင်ကွ! သူ့ရဲ့စကားလုံးတွေက ငါတို့အတွက် ထောင်ပေါင်းများစွာသော နှစ်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အညီ တန်ဖိုးရှိတယ်!"

သူ၏ ဓားတာအိုလမ်းစဥ် နားလည်မှုမှာလည်း ပိုပြီး မြင့်မားလာခဲ့သည်!

ဟုန်ချန်ယဲ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဒီလူက ပါးစပ်ထဲရှိရာ လျှောက်ပြောနေတာလို့ သူအမြဲခံစားရပေမဲ့ သက်သေမရှိပေ!

အထူးဆန်းဆုံးအရာမှာ ထိုအဓိပ္ပာယ်မရှိသော စကားလုံးများအား တစ်နည်းအားဖြင့် ကျိုးကြောင်းသင့်လျော်နေသလိုလို ခံစားရစေခြင်းပင်။ ဘာကြောင့်မှန်းလည်း မသိ။

"အရှင်သခင်ယဲ့ခင်ဗျာ၊ ကျွန်တော်တို့လည်း နားလည်သွားပါပြီ!!!!!"

လူအုပ်ထဲတွင် စိတ်လှုပ်ရှားနေသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ယဲ့ကျွင်းလင် ၏ စကားများကို နာကြားခဲ့ကြသည့် ကျင့်ကြံသူအားလုံးသည် အိပ်မက်မှ နိုးထလာသကဲ့သို့ အသိစိတ်မှာ ရှင်းလင်းနေပြီး တာအိုလမ်းစဥ်၏ မူလရည်ရွယ်ချက်များကို နားလည်သဘောပေါက်သွားကာ သူတို့၏ ကျင့်ကြံဆင့်များမှာလည်း လျင်မြန်စွာ မြင့်တက်လာသည်။

လမ်းဘေးမှ ခွေးတစ်ကောင်ပင် စိတ်လှုပ်ရှားစွာထဟောင်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ချည်နှောင်မှုများ ပွင့်ထွက်သွားကာ ချီစုဆောင်းခြင်းအဆင့်ကို ကျော်ဖြတ်ပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်နိုင်ခဲ့လေသည်။

ယဲ့ကျွင်းလင်မှာတော့ ‌ပြောစရာစကားမဲ့လျက်။

ဒါဆို မင်းတို့အားလုံး နားလည်တယ်ပေါ့?!

သို့ပေမဲ့ သူအမူအရာပျက်လို့မဖြစ်။ ဒီအချိန်မှာ သူက ပိုပြီး တည်ငြိမ်ပြရမည်။ လျှို့ဝှက်နက်နဲပြီး ခန့်မှန်းရခက်သည့် စွမ်းအားရှင်တစ်ဦးလို စတိုင်ဖမ်းပြရမည်။

ဖြန်း ဖြန်း ဖြန်း

ရုတ်တရက် အိုးရန်ဖုန့်က ဦးဆောင်ပြီး လက်ခုပ်တီးကာ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ "အရှင်ယဲ့ ခုနကပြောတယ်လေ၊ နားလည်ရင် လက်ခုပ်တီးတဲ့!"

ဒီလိုဉာဏ်ကောင်းပြီး အကုန်မှတ်မိနေမှ အရှင်ယဲ့က သူ့ကိုပိုအထင်ကြီးမှာပေါ့။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်" လူအုပ်ကြီးမှာ အိုးရန်ဖုန့်၏တိုက်တွန်းမှုကြောင့် အလျင်အမြန်အသိဝင်လာကြကာ ဦးနှောက်ကိုခွေးကျွေးပစ်လိုက်သကဲ့သို့သူတို့လက်ဖဝါးတွေ နီရဲလာသည်အထိ အသည်းအသန် လက်ခုပ်တီးကြလာကြတော့၏။

လက်ခုပ်သံက မိုးခြိမ်းသံလို ဟိန်းထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကြားမှာ ပဲ့တင်ထပ်နေသည်။

နာမည်ကြီး ဆရာသခင်တစ်ပါးက ဟောပြောပွဲကျင်းပနေပြီး ဗဟုသုတပြည့်စုံကြွယ်ဝလှသောကြောင့် နာကြားသူအများ လေးစားလို့မဆုံးနိုင်ကာ မနေနိုင်စွာ လက်ခုပ်ထတီးမိရသကဲံသို့။

မင်းတို့ နေမှကောင်းကြရဲ့လား?

ယဲ့ကျွင်းလင် စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်သည်။ ဒါပေမဲ့ မျက်နှာမှာတော့ ပီတိဝေဖြာ ပြုံးပန်းဆင်လျက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ မင်းတို့ နားလည်ရင် ရပြီ"

【တင်၊ လုပ်ဆောင်ချက် အတွေ့အကြုံ ပြီးဆုံးပါပြီ! အကျိုးသက်ရောက်မှုကို ကျေနပ်ပါသလား?】

စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။

ယဲ့ကျွင်းလင် အလျင်အမြန် ပြန်ပြောလိုက်သည်။ "မင်းဟာက အတော်စွမ်းတာပဲ၊ ကျေနပ်တယ်၊ ဒါနဲ့ စကားမစပ်၊ သူတို့ ဘာကို နားလည်သွားကြတာလဲဆိုတာ ပြောပြပေးနိုင်မလား?"

သူ တကယ် သိချင်စိတ် ပြင်းပြနေသည်ပင်။ အားလုံးထဲတွင် နားမလည်သူမှာ သူတစ်ယောက်တည်းကျန်ခဲ့သည်မဟုတ်ပါလော။

【တင်၊ အိုး၊ နားလည်တဲ့သူတွေ နားလည်ပါလိမ့်မယ်!】

ယဲ့ကျွင်းလင်: "..."

စနစ်၊ မင်းတော်တော်မျက်နှာပြောင်တဲ့ကောင်ပါလား?

All Chapters