တပည့်မလေး အရွယ်ရောက်လာပြီ
Vol. 15 Ch. 203
ကျောက်လင်အာမှာ သေလုမြောပါး အခြေအနေတွင် မြင်နေရသည့် အရာများမှာ ထင်ယောင်ထင်မှားဖြစ်နေမည်ကို ကြောက်ရွံ့၍ အလွန်တရာ ထိတ်လန့်နေခဲ့သည်။
"ဟမ်?"
ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။ တစ်ဖက်လူက သူ့ကို ဒီလို ခေါ်ဝေါ်သုံးနှုန်းသည်ဆိုတော့ ရွှယ်ထျန်းဂိုဏ်းမှ ဖြစ်ရမည်။
တစ်ခါတလေ တွေ့ဆုံဖူးခြင်းများပင် ရှိကောင်းရှိနိုင်သည်။ မဟုတ်လျှင် ဘာကြောင့် ရင်းနှီးသောခံစားချက်မျိုး ခံစားနေရပါသနည်း?
အားခွင်းသည် ဟွမ်ကျိုးပြည်နယ်ထဲသို့ ဝင်ရောက်စဉ်တွင် ယဲ့ကျွင်းလင်က အခြေအနေကို စစ်ဆေးရန် သူ၏ ဘုန်းတန်ခိုးအရှိန်အဝါဖြင့် ပြည့်စုံသော နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။ ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံမှုဖြင့် သူ၏ နတ်ဘုရားအာရုံသည် လွန်စွာကျယ်ပြန့်ပြီး အကန့်အသတ်မဲ့လေရာ သူရောက်ရှိသွားသော နေရာတိုင်းတွင် အသေးစိတ်ကအစ ထိုးထွင်းသိမြင်ပြီး မြေကြီးထဲတွင် ပုန်းအောင်းနေသော တီကောင်အရေအတွက်ကိုပင် သိနိုင်သည်အထိ။
ဤသို့ဖြင့် ဤနေရာတွင် ဖြစ်ပျက်နေသော ကွပ်မျက်ခန်းကိုလည်း သတိထားမိခဲ့သည်။ အားခွင်းကို ဒီအထိပျံသန်းခိုင်းရသည့် အဓိကအကြောင်းရင်းမှာ ကျောက်လင်အားကို တစ်မျိုးတစ်ဖုံ ရင်းနှီးနေသလိုလို ခံစားရသောကြောင့်ပင်။
ယခု သူမသည် ရွှယ်ထျန်းဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်နိုင်သောကြောင့် လျစ်လျူရှုလို့ မရနိုင်ပေ!
ယဲ့ကျွင်းလင် လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်လင်အာ၏ လက်များကို ချည်နှောင်ထားသော အနက်ရောင်သံကြိုးများ အမှုန့်ကြေသွားသည်။ သွေးများစိုရွှဲနေသော ကျောက်လင်အာသည် တည့်တည့်မရပ်နိုင်တော့စွာ သူ့ရင်ခွင်ထဲသို့ လဲကျလာ၏။
ဝှစ်!
ရေတံခွန်အလားလျှံကျနေသော မှော်စွမ်းအင်တို့သည် အဆုံးမဲ့ သစ်သားဓာတ်အနှစ်သာရများအဖြစ် ပြောင်းလဲသွားပြီး သူ၏ လက်ဖဝါးမှတစ်ဆင့် စဉ်ဆက်မပြတ် စီးဝင်လာသည်။ ကျောက်လင်အာ ၏ ဒဏ်ရာပြင်းစွာရပြီး သေလုမြောပါး ဖြစ်နေသော ခန္ဓာကိုယ်သည် ထိုအနှစ်သာရများ၏အစွမ်းဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့၏။ ဒဏ်ရာများမှာ မယုံနိုင်စရာ အမြန်နှုန်းဖြင့် ကျက်သွားပြီး ပြင်းထန်သော အသက်ဓာတ်များ ပြန်လည်ထုတ်လွှတ်လာသည်။
သူမ၏ ဖြူဖျော့ပြီး အားနည်းနေသော မျက်နှာသည်လည်း ပန်းရောင်သမ်းလာပြီး တမုဟုတ်ချင်း ဖြူဝင်းကျန်းမာလာသည်။
ကျောက်လင်အာသည် ဖြစ်ပျက်ခဲ့သမျှကို အစစ်အမှန်ဖြစ်ကြောင်းပင် မယုံနိုင်ခဲ့ပေ!
သူမ၏ မျက်နှာနားတွင် ကပ်လျက်ရှိနေသော ခန့်ညားချောမောသည့်မျက်နှာကို ငေးကြည့်ရင်း ဂရုတစိုက် စစ်ဆေးအတည်ပြုနေစဥ် ကျောက်လင်းအာ ၏ နှလုံးသားသည် သမင်ပျိုမလေးတစ်ကောင်ကဲ့သို့ တလှပ်လှပ်ခုန်လှုပ်လာသည်။ သူမ၏ ပါးများ နီရဲလာပြီး တစ်ဖက်လူ၏အကြည့်များကို ရှောင်လွှဲကာ ခေါ်ဆိုလိုက်သည်။ "တောင်ထိပ်သခင်ယဲ့...."
"တောင်းပန်ပါတယ်၊ ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ" ယဲ့ကျွင်းလင်သည် လူကြီးလူကောင်းတစ်ဦး၏ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းရန် မေ့သွားလုနီးပါးဖြစ်ခဲ့ပြီး မိန်းကလေးအား ရင်ခွင်ထဲမှ လျင်မြန်စွာ လွှတ်ပေးလိုက်သည်။
"အာ့!" ကျောက်လင်အာသည် တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲတွင် မှီခိုလှဲလျောင်းနေခဲ့ရာမှ နောက်တစ်စက္ကန့်အကြာတွင် ဖုတ်ခနဲ အသံဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် မှိုင်တွေတွေမျက်နှာထားဖြင့် ယဲ့ကျွင်းလင်ကို ပြန်မော့ကြည့်လာ၏။
ယဲ့ကျွင်းလင်က မေးလိုက်သည်။ "မင်း နာမည် ဘယ်သူလဲ? ရွှယ်ထျန်းဂိုဏ်းမှာ ဘာရာထူးရှိလဲ?"
ကျောက်လင်အာသည် ဝိညာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်၏ အထွဋ်အထိပ်တွင် ရှိနေသည်ကို သူမြင်နိုင်ခဲ့သည်။ အတိတ်တစ်ချိန်က ထိုကျင့်ကြံဆင့်သည် ရွှယ်ထျန်းဂိုဏ်းတွင် ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအား ဖြစ်ခဲ့သည်ပင်။ သို့သော် သူ တစ်နှစ်ကျော်ကြာ ပြန်မလာခဲ့သောကြောင့် ဂိုဏ်း၏ အတွင်းပိုင်းအခြေအနေကို မသိရှိထားခဲ့ပေ။
သူငါ့ကို မေ့သွားပြီလား?
ကျောက်လင်းအာ အနည်းငယ် မှိုင်တွေသွားသည်။ သူမ မြေပြင်မှ ထရပ်လိုက်ပြီး လှပစွာ အရိုအသေပြုကာ နှုတ်ဆက်လိုက်၏။ "တောင်ထိပ်သခင်ယဲ့ကို လျှောက်တင်ပါတယ်၊ ကျွန်မ နာမည်က ကျောက်လင်အာပါ။ အရင်က ဆရာသခင်က ကျွန်မကို ဝေ့ပြည်ထောင်ကနေ ရွှယ်ထျန်းဂိုဏ်းဆီ ခေါ်လာခဲ့တာပါ။ နောက်ပိုင်းတော့ ကောင်းကင်ရနံ့တောင်ထိပ်သခင်မရဲ့ တပည့်မ ဖြစ်လာခဲ့ပြီး အခုတော့ တပည့်ရင်းအဖြစ် အဆင့်တက်သွားခဲ့ပါပြီ"
"ကျောက်လင်အာ?"
ယဲ့ကျွင်းလင် အံ့အားသင့်သွားပြီး ချက်ချင်းပင် ထိုကလေးမကို မှတ်မိသွားရသည်။
သူမကို ချက်ချင်း မမှတ်မိသည်မှာလည်း အံ့ဩစရာမရှိပေ။ မိန်းကလေးတစ်ဦးသည် ကြီးပြင်းလာသည်နှင့်အမျှ ဆယ့်ရှစ်ကြိမ်ပြောင်းလဲတတ်သည် ဆိုသော ရှေးစကားပုံပင် ရှိသည်မဟုတ်လော။ ယဲ့ကျွင်းလင် ပထမဆုံး ကျောက်လင်အာကို မြင်တွေ့စဉ်က သူမသည် ဖြူစင်ပြီး တက်ကြွသော ကလေးမလေးတစ်ဦးသာ ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ သူမသည် လှသွေးကြွယ်သော အမျိုးသမီးငယ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့လေပြီ။ သူမ၏ မျက်နှာနှင့် ကိုယ်လုံးကိုယ်ပေါက် နှစ်ခုစလုံးက ခွဲခွာခဲ့ရစဥ်အခါနှင့် လုံးလုံလျားလျား ကွာခြားနေခဲ့ပြီဖြစ်၏။ မျက်လုံးတောက်တောက်လေး၏ တစ်ဝိုက်တွင်သာ သူမှတ်မိနိုင်လောက်သော အရိပ်အယောင်တချို့ ကျန်ရှိနေသယောင်ယောင်။
"ကျစ် ကျစ်၊ တော်တော် ကြီးပြီပဲ" ယဲ့ကျွင်းလင် သူ့မေးစေ့ကို ပွတ်သပ်ရင်း အပြာရောင်ဝတ်စုံဝတ်အမျိုးသမီး၏ ရင်သားနှင့် တင်ပါးနေရာ ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီးနောက် အဓိပ္ပာယ်ပြည့်ဝသော အကဲဖြတ်မှုတစ်ခု ပေးလိုက်သည်။
"ဘာတွေပြောနေတာလဲ၊ ဘယ်နားက ကြီးတာလဲ..." ကျောက်လင်အာ၏ နူးညံ့သော မျက်နှာလေး နီရဲလာပြီး ခေါင်းကို မသိမသာငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ဆရာသခင် တကယ်ပဲ... လူတွေအများကြီး ကြည့်နေတာ၊ ဒီလို စကားတွေ ပြောဖို့ အချိန်လား?
"အသက်!"
ယဲ့ကျွင်းလင် ပါးစပ်မှ စကားလုံးတစ်လုံး ရုတ်တရက် ထွက်ကျလာသည်။
သူ၏ အမြင်အာရုံဖြင့် ကျောက်လင်းအာ၏ အရိုးအသက်ကို မြင်နိုင်သည်မှာ သဘာဝပင်။ သူမသည် အသက် သုံးရာကျော်နေပြီ ဖြစ်၏။ နေနာရီလောကထဲသို့ ဝင်ရောက်ကျင့်ကြံခဲ့မည် သေချာသည်။ မဟုတ်လျှင် တစ်နှစ်အတွင်းမှာ ဘယ်လိုလုပ် ဒီလောက်ပြောင်းလဲသွားမှာတဲ့လဲ?
ကျင့်ကြံသူတွေအတွက်တော့ အသက်ဆိုတာ ဘာပြဿနာမှ မဟုတ်ပေ။ တချို့လူတွေမှာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသက်ကြီးနေကြသောကြောင့် ကျင့်ကြံဆင့် မည်မျှ နက်ရှိုင်းပြီး သက်တမ်းမည်မျှရှည်လျားနေပါစေ၊ အပြင်ပန်းသွင်ပြင်က အဘိုးကြီးပုံပေါက်နေတတ်သည်ပင်။
"အမ်?"
ကျောက်လင်းအာ ကျောက်ရုပ်လို ဖြစ်သွားပြီး တစ်ဖက်လူ၏ မျှော်လင့်မထားသောဖြည့်စွက်မှုကြောင့် အံ့အားသင့်သွားရ၏။
"ဟားဟား၊ မင်းရဲ့ လက်ရှိအသက်က ငါ့ထက်တောင် ကြီးသေးတယ်" ယဲ့ကျွင်းလင် ပြုံးလိုက်ပြီး သတိမထားမိပါဘဲ အမျိုးသမီးတို့၏အားနည်းချက်ကိုမှာ ထပ်ဆွလိုက်မိ၏။
ကျောက်လင်းအာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူမ၏ ခေါင်းထဲတွင် တဝီဝီသံများမြည်လာသည်။ လက်ကိုဆန့်ထုတ်၍ ရင်ဘတ်ကိုဖိကာ အလွန်တရာရင်ကွဲနာကျသွားဟန်အား သရုပ်ဖော်လာသည်။
ဒီဝါကျက သူမအတွက် အရမ်း ရက်စက်လွန်းပါတယ်။
အပြာရောင်ဝတ်စုံဝတ်အမျိုးသမီး မှိုင်တွေကာ စိတ်ဓာတ်ကျသွားသည်ကို မြင်သောအခါ ယဲ့ကျွင်းလင် ကြောင်တောင်တောင်ဖြစ်သွားရ၏။ သူ စကားမှားသွားသလား?
ထိုအချိန်တွင် အရိုးမျိုးနွယ် စစ်သူကြီးသည် အလွန်အမင်း ကြောက်လန့်နေပြီး သူ၏ ဦးနှောက်မှာ ဗလာဟင်းလင်းဖြစ်နေကာ သူ့ကိုယ်ခန္ဓာတစ်ခုလုံး ချောက်နက်ကြီးထဲ ပြုတ်ကျသွားသကဲ့သို့ အေးစက်နေသည်။
ဒါ၊ ဒါက သူတို့ပြောနေတဲ့ ဆံဖြူလူသတ်နတ်ဘုရား ယဲ့ကျွင်းလင် လား?!
ဒီလို နက်နဲခက်ခဲတဲ့ ကျင့်ကြံဆင့်အရှိန်အဝါမျိုးကို အရိုးမျိုးနွယ် ထိပ်တန်း အင်အားကြီးသူတွေမှာပဲ ခံစားဖူးတာ၊ ပြီးတော့ သူတို့ရဲ့ ဘုရင်တွေထက်တောင် သာလွန်နေသေးတယ်မဟုတ်လား?!
အားကြီးလိုက်တာ၊ တကယ့် စွမ်းအားရှင်ပဲ!
သူ့မှာ ခုခံဖို့ စိတ်ကူးတောင် မဝင်ရဲပါဘူး!
ပတ်ဝန်းကျင်ရှိ အရိုးမျိုးနွယ် စစ်သည်များလည်း ကြောက်လန့်တကြား တိတ်ဆိတ်သွားကြပြီး ကျောရိုးတစ်လျှောက် စိမ့်တက်လာသော အအေးဓာတ်က သူတို့၏ အရိုးများထဲသို့ စိမ့်ဝင်သွားသည်။
ဒီလူသားက အရမ်း ကြောက်စရာကောင်းတယ်။