အခန်း (၂၀၈)
Vol. 15 Ch. 208
အရိုးဖြူနန်းတော်အတွင်း၌ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် အလယ်အလတ်အဆင့် အငွေ့အသက်ကို ထုတ်လွှတ်နေသော မြင့်မားသည့် ပုံရိပ်တစ်ခုသည် အိုမင်းရင့်ရော်နေသော အရိုးဖြူသံချပ်ကာကို ဝတ်ဆင်လျက် မတ်မတ်ရပ်နေသည်။ အရုပ်ဆိုးသော ဦးခေါင်းခွံမျက်နှာတွင် မြကျောက်စိမ်းရောင် မျက်လုံးများက ပြင်းရှစွာ လင်းလက်နေ၏။
ထိုသူမှာ ယခုတစ်ကြိမ် ဟွမ်ကျိုးပြည်နယ်တွင် တပ်စွဲထားသော အရိုးဘုရင်ဖြစ်၏!
သူ၏ နာမည်မှာ ဘာဇာဟု ခေါ်တွင်သည်!
"မူရင်းအစီအစဉ်အရ ငါတို့ တပ်မတော်ဟာ ကြယ်တာရာတံခါးကို ဖုံးကွယ်ထားတဲ့ အင်အားစုတွေကို ကြိုတင်ဖျက်ဆီးပစ်ရမယ်။ အခုဆိုရင် ဒီ တာအိုပြည်နယ်ရဲ့ ဒေသအများစုကို ငါတို့တပ်တွေက ထိန်းချုပ်ထားပြီးပြီ။ ရွှယ်ထျန်းဂိုဏ်း တစ်ခုတည်းကသာ တော်တော်တိုက်ရခက်ပြီး အခုထိ ခေါင်းမာမာနဲ့ ခုခံနေတုန်းပဲ!" ဘာဇာက အေးစက်စွာ ပြောလိုက်သည်။
သူသာ မပေါ်လာခဲ့လျှင် ရွှယ်ထျန်းဂိုဏ်းကို သူ့ငယ်သားများ အနိုင်တိုက်နိုင်မည်မဟုတ်။ သူကိုယ်တိုင် ရွှယ်ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တောင်ထိပ်သခင်အများအပြားကို ပြင်းထန်စွာ ဒဏ်ရာရရှိစေပြီး ဂိုဏ်းထဲသို့ ပြန်ဆုတ်ခွာကာ ထပ်ထွက်မလာရဲတော့အောင် ဖိနှိပ်ထားခဲ့ရသည်။ မရဏချောက်နက်တပ်မတော် ဟွမ်ကျိုးပြည်နယ်ကို သိမ်းပိုက်ဖို့ရာ ဒီလောက်ခက်ခဲကျန့်ကြာနေရခြင်းမှာ ထိုရွယ်ထျန်းဂိုဏ်းကြောင့်သာပင်။
သို့ပေမဲ့ ပြဿနာက တစ်ဖက်ရန်သူသည် ဂိုဏ်းတစ်ခုလုံး၏ အင်အားထုကို စုစည်းပြီး တောင်ကာကွယ်ရေးအစီအရင်ထဲ ထည့်သွင်းထားလိုက်သောကြောင့် သူတို့ အကြိမ်များစွာ သွားရောက်တိုက်ခိုက်ခဲ့ပေသည့် ရှုံးနိ့မ်ပြီးတော့သာ ပြန်လာခဲ့ရလေသည်။
သူ့ကို တားဆီးနိုင်သူမရှိဟု မူလက ထင်ခဲ့ပေမဲ့ အခုတော့ အကြိမ်ကြိမ် နှောင့်နှေးနေရပြီ။
ရွှယ်ထျန်းဂိုဏ်းသည် တစ်ချိန်လုံး ဘာဇာ၏ရင်ထဲသို့ ဆူးတစ်ချောင်းလို စိုက်ဝင်နေခဲ့၏။
ကြီးလေးသောတာဝန်ဖြစ်တာကြောင့် သူ ဘယ်လိုအမှားအယွင်းကိုမှ သည်းမခံနိုင်ပေ။
"ကံကောင်းလို့ ငါ့မျိုးနွယ်တွေဆီက အကူအညီ တောင်းထားပြီးလို့သာပဲ။ အချိန်ကိုက်ကြည့်ရင် ငါ့ညီအစ်ကိုတွေ ဒီနေ့ပဲ လာကူညီနိုင်လောက်ပြီ"
ဘာဇာ၏ ညီအစ်ကိုများဆိုသည်မှာ အရိုးမျိုးနွယ်နှင့် ဆက်စပ်နေသော သွေးသားရင်းချာ ညီအစ်ကိုတွေ ဖြစ်ပြီး သူ့အပါအဝင် ခြောက်ယောက် ရှိ၏။ မရဏချောက်နက်တွင် သူတို့ကို အရိုးမျိုးနွယ်၏ သူရဲကောင်းခြောက်ဦးဟု လူသိများကြသည်။
ဒါ့အပြင် သူတို့အားလုံးဟာ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် ရှိတဲ့ ကျင့်ကြံသူတွေပဲ! သူတို့ဟာ အရိုးမျိုးနွယ်ရဲ့ ဘုရင်တွေပဲ!
အရိုးမျိုးနွယ်၏ သူရဲကောင်းခြောက်ဦးသည် မရဏချောက်နက်တွင် အမြဲတမ်း ဩဇာလွှမ်းမိုးမှုရှိခဲ့ပြီး နတ်ဆိုးမျိုးနွယ်တိုင်းက သူတို့ကို ကြောက်ရွံ့ရိုသေလေးစားကြရ၏။
ပြီးပြည့်စုံသော ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်က ကျင့်ကြံသူတွေတောင် သူတို့ ခြောက်ယောက်ကို ကြောက်ရွံ့ရပြီး သွားမဆွမိအောင် အမြဲထိန်းသိမ်းနေကြရသည်ပင်။
အဘယ့်ကြောင့်ဆိုသော် အရိုးမျိုးနွယ်၏ သူရဲကောင်းခြောက်ဦးသည် မွေးရာပါ ရတနာကျင့်စဥ်တစ်မျိုးကို ပိုင်ဆိုင်ထားသောကြောင့်ပင်။
အချိန်အကြာကြီး သူစီစဥ်သလို မဖြစ်လာနိုင်သည်ကို မြင်သောအခါ ဘာဇာသည် သူ၏ ဆိုးတူကောင်းဖက် ညီအစ်ကိုငါးဦးအား ရှေ့ထွက်လာစေပြီး ရွှယ်ထျန်းဂိုဏ်းကို ပူးပေါင်း ဖျက်ဆီးပေးရန် တောင်းဆိုလိုက်သည်။
"အစ်ကိုကြီး!"
ဝှစ် ဝှစ် ဝှစ် ~
လေပြင်းတစ်ဝေ့နှင့်အတူ ခန်းမထဲတွင် ပုံရိပ်ငါးခု ပေါ်လာသည်။
"ဒုတိယညီလေး၊ တတိယညီလေး၊ စတုတ္ထညီလေး၊ ပဥ္စမညီလေး၊ ဆဌမညီလေး မင်းတို့အားလုံး နောက်ဆုံးတော့ ရောက်လာကြပြီ!" ဘာဇာ ဝမ်းသာအားရ ဖြစ်ပြီး ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။
"အစ်ကိုကြီး၊ ကျွန်တော်တို့ အရိုးမျိုးနွယ်ရဲ့ သူရဲကောင်းခြောက်ဦးဟာ စိတ်ဝိညာဉ်ကအစတူညီပြီး သွေးသားရင်းချာတွေပါ ဖြစ်နေသေးတာ။ အစ်ကိုကြီးဒီလို အခက်တွေ့နေတာကို ကျွန်တော်တို့ ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ?" ဒုတိယညီလေး ဘာဂျီက ပြုံးပြုံးလေး ပြောလိုက်သည်။
"ဟုတ်တယ်၊ အစ်ကိုကြီး၊ ဒီမှာ အတော်ခေါင်းမာတဲ့ လူသားအင်အားစုနဲ့ တွေ့ကြုံနေရပြီး ကြယ်တာရာတံခါးကို မသိမ်းပိုက်နိုင်သေးဘူးလို့ အစ်ကိုကြီးက ပြောခဲ့တယ်လေ။ မျိုးနွယ်ဟုရဲ့ အကြီးအကဲတွေက ဒါကို အလွန်အရေးကြီးတယ်လို့ သတ်မှတ်ပြီး ကျွန်တော်တို့ကို အမြန်ဆုံး လာရောက် ကူညီဖို့ တောင်းဆိုခဲ့တယ်" တတိယညီလေး ဘာဘီက အလေးအနက် ပြောလိုက်သည်။
"ဟားဟားဟား၊ ဒီတစ်ခါ မင်းတို့ပါရင် ရွှယ်ထျန်းဂိုဏ်း လုံးဝ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး!" အကြီးဆုံးဖြစ်သူ ဘာဇာက စိတ်ပျော်ရွှင်လို့မဆုံးတော့။
သို့သော် တစ်စုံတစ်ခုကို သတိရရင်း သူ၏ မျက်လုံးများက အေးစက်သော အလင်းရောင်ဖြင့် လင်းလက်သွားသည်။ "ရွှယ်ထျန်းဂိုဏ်းမှာ အင်အားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦး ရှိတယ်လို့ ဆိုကြတယ်။ သူက ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် ရှိတဲ့ ကျင့်ကြံသူများစွာကို သတ်ပစ်ခဲ့ပြီး လူသတ်နတ်ဘုရား လို့ သိကြတယ်။ မင်းတို့ကို ဒီကို ခေါ်ခဲ့တာ သူ့ကို ရင်ဆိုင်ဖို့ အဓိကပါပဲ!"
"လူသတ်နတ်ဘုရား? ဘာလို့ ဒီလောက် မာနထောင်လွှားတဲ့ နာမည်ကြီးရှိနေတာလဲ!" ဒုတိယအကြီးဆုံးဖြစ်သူ ဘာဂျီက လှောင်ပြောင်လိုက်သည်။ "သူ ဘယ်လောက်ပဲ တော်နေပါစေ၊ ဒီကိုလာရဲရင်တော့ သေရမှာ သေချာတယ်!"
ဘာဇာသည် ထိုစကား၏ သေချာနေမှုကြီးကြောင့် အံ့သြသွားရပြီး ရေရွတ်လိုက်သည်။ "ညီအစ်ကို နှစ်၊ မင်း..."
"အစ်ကိုကြီး၊ ဒါ ဘာလဲ ကြည့်စမ်းပါဦး?" ဒုတိယအကြီးဆုံးဖြစ်သူ ဘာဂျီက ခရမ်းရောင် ဆေးလုံးခြောက်လုံးကို ထုတ်ယူလိုက်သည်။ ဆေးလုံးများ၏ မျက်နှာပြင်တွင် ထူးဆန်းသော အငွေ့အသက်များက ဖုံးလွှမ်းနေလျက်
"ဒါက သံတမန်တော်ပေးခဲ့တဲ့ မရဏမူရင်းဆေးလုံးလား?" ဘာဇာ အနည်းငယ် အံ့အားသင့်သွားပြီး ထို တွေ့ရခဲသော ကြောက်စရာသံတမန်များကို သတိရမိသောအခါ သူ့နှလုံးသားပင် တုန်ယင်သွားသည်။
"ဟုတ်တယ်၊ တစ်ယောက်တစ်လုံးစီပဲ။ ပြီးတော့ ကျွန်တော်တို့မှာပါတဲ့ ထူးခြားတဲ့ ရတနာကျင့်စဥ်နဲ့သာဆိုရင် မသေမျိုးပေါ်မလာသရွေ့ ဘယ်သူမှယှဥ်နိုင်မှာမဟုတ်ဘူး!" ဒုတိယအကြီးဆုံးက ပြောရင်း အရမ်း ဂုဏ်ယူနေပုံပေါ်သည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်!" ဘာဇာ ပိုပြီး ယုံကြည်မှုရှိလာပြီး မျက်လုံးများတွင် အင်အားကြီးမားသော လူသတ်လိုစိတ်များ ဖျတ်ခနဲလင်းလက်သွားသည်။ "အခုပဲ ထွက်ခွာပြီး ရွှယ်ထျန်းကို ဖျက်ဆီးကြစို့..."
ဗုန်း!!
အပြင်ဘက်မှ ပေါက်ကွဲသံ ရုတ်တရက် ထွက်ပေါ်လာပြီး ကျယ်ပြန့်သော ကောင်းကင်ကို တုန်ခါစေလိုက်သည်။
ကျောက်နက်တောင်ကြား တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ယင်သွားပြီး မကြာမီ အော်ဟစ်သံများ ပေါ်ထွက်လာ၏။။
"အရှင်မင်းကြီး! အရှင်မင်းကြီး! မကောင်းတော့ဘူး၊ လူသားစွမ်းအားရှင်တစ်ယောက် ဝင်ရောက်လာပြီ!"
“ပြီးတော့ မိုက်ရင်ထွက်ခဲ့၊ ငါ့တပည့်တွေနဲ့အရင်ချ။ ကျန်တဲ့ကောင်ငါနဲ့ချမယ် လို့လည်း အော်နေတယ်”
အရိုးမျိုးနွယ် စစ်သည်တစ်ဦး အလျင်အမြန် ပြေးလာပြီး သတင်းပို့သည်။
"ဘာ?!"
အရိုးမျိုးနွယ်ရဲ့ သူရဲကောင်းခြောက်ဦး အချင်းချင်း လှည့်ကြည့်လိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့် အံ့အားသင့်မှုများကို မြင်လိုက်ကြရ၏။