← Chapters

ဓားနတ်ဆိုး

Vol. 15 Ch. 209

ဓားနတ်ဆိုး

Vol. 15 Ch. 209

ကျောက်နက်တောင်ကြား တစ်ခုလုံး ပြင်းစွာ တုန်ခါနေသည်။ ကောင်းကင်ယံတစ်လျှောက် ဖြာထွက်နေသော ဓားသွားအလင်း တစ်ချက်သည် မိုင်ပေါင်း ထောင်သောင်းချီသော တောင်တန်းများကို ထက်ပိုင်းခွဲကာ ကျဆင်းလာသည်။ ဓားစွမ်းအင်များ တောင်ကျရေစီးကဲ့သို့ ပေါက်ကွဲထွက်လာပြီး မရဏချောက်နက်စစ်သည်များစွာ အော်ဟစ်သံများကြားတွင် ပျက်စီးသေကျေသွားကြရ၏။

"ထိတ်လန့်မနေနဲ့! စစ်ဆင်ရေးအစီအရင် ကို အမြန်ဆုံး ဖွဲ့စည်း!" အရိုးမျိုးနွယ် စစ်သူကြီးဆယ့်နှစ်ဦးက ထိတ်လန့်စွာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

သေသပ်တိကျစွာ လေ့ကျင့်ရေးဆင်းခံထားရသော တပ်မတော် ဖြစ်သည်နှင့်အညီ ရုတ်တရက် တိုက်ခိုက်ခံရချိန်တွင်ပင် မရဏချောက်နက်တပ်မတော်သည် ချက်ချင်းဆိုသလို ၎င်း၏ စစ်ဆင်ရေးအစီအရင်ကို ချိန်ညှိလိုက်ပြီး စစ်ကြောင်းအများအပြားအဖြစ် အမြန်ပိုင်းခြားခွဲဝေလိုက်သည်။ သူတို့၏ စွမ်းအားများကို အစီအရင်တွင်းသို့ ကူးပြောင်းစုစည်းလိုက်ရာ မြစ်ရာပေါင်းများစွာ ပင်လယ်ထဲသို့ စီးဝင်သကဲ့သို့ ဖြစ်ပြီး အဆုံးမဲ့သော စွမ်းအင်လှုပ်ရှားမှုများကို ထုတ်လွှတ်နေသည်။

ဗုန်း~!

ကြောက်မက်ဖွယ်ကောင်းသော မီတာထောင်ချီမြင့်မားသည့် ဧရာမပုံရိပ်ကြီးများ ပေါ်ထွက်လာသည်။ သူတို့၏ မျက်နှာထားများမှာ အတိုင်းအဆမဲ့ ရက်စက်ကြမ်းကြုတ်ပြီး မျက်လုံးခြောက်လုံးနှင့် နောက်ကျောတွင် လက်ကြီးရှစ်ချောင်း ပါရှိကာ ခန္ဓာကိုယ်များမှ ပြင်းထန်သော မကောင်းဆိုးဝါးအငွေ့အသက်များ ထုတ်လွှတ်လျက်ရှိ၏။

ဤသည်မှာ ကျင့်ကြံသူများ မကြာခဏ ပြောဆိုလေ့ရှိသော ဓမ္မရုပ်တုပင် ဖြစ်သည်!

ဓမ္မရုပ်တုများသည် စစ်ကြောင်းတစ်ခုစီ၏ ထိပ်ဆုံးတွင် မတ်မတ်ရပ်နေကြပြီး တောင်တန်းကြီးကဲ့သို့မြင့်သွန်းကာ နတ်ဆိုးနတ်ဘုရားများကဲ့သို့ ဤကျယ်ပြန့်ပြီး ဆိတ်ငြိမ်သော မြေပြင်အား အပေါ်စီးမှ ငုံ့ကြည့်နေကြသည်။

သူတို့၏ စွမ်းအားများသည် အထွဋ်အထိပ်သို့တက်ရောက်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်!

အရိုးမျိုးနွယ် စစ်သူကြီးဆယ့်နှစ်ဦး၏ မျက်လုံးများတွင် ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။ "သတ်!"

တစ်ချိန်တည်းမှာပင် စစ်ကြောင်းအားလုံး ပူးပေါင်း၍ စွမ်းအားများကို စုစည်းလိုက်ကြသည်။ မရဏချောက်နက်စစ်သည်များနှင့် စစ်သူကြီးများအားလုံး ပူးပေါင်းလုပ်ဆောင်ကာ သူတို့၏ စွမ်းအားများဖြင့် ဓမ္မရုပ်ပွားတော်များကို ထိန်းချုပ်ပြီး တိုက်ခိုက်မှုကို စတင်သည်။

ဒုန်း ဒုန်း ဒုန်း~!

သိပ်သည်းသော လက်သီးထိုးချက်များသည် တစ်ခုနှင့်တစ်ခု ထပ်လျက်ကျနေကာ ကြယ်တံခွန်များကို ချေဖျက်၍ ကောင်းကင်နှင့်မြေကြီးကို နှိမ်နင်းချေမှုန်းတော့မတတ် အလွန်တရာ တုန်လှုပ်ဖွယ် ဖိအား ကြီးအား သက်ရောက်စေ၏။

ထိုအချိန်တွင် လီဝူကျယ်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်ရိပ်တစ်ခု ပေါ်လာပြီး မှင်ကဲ့သို့နက်စွေးသော ဓားရှည်ကို ကိုင်ဆွဲကာ ခုတ်ပိုင်းရန်အတွက် စွမ်းအားကို စုစည်းလိုက်သည်။

ဝှစ်!

ဓားချက်၏ပြင်းအားသည် ယင်နှင့် ယန်ကို ခွဲထုတ်ပြီး နေနှင့်လအား ပြောင်းပြန်လှန်တော့မတတ်။

ထူထပ်သော၊ လေးလံသော၊ ခမ်းနားသော လက်သီးထိုးချက်များသည် ထိုဓားချက်အောက်တွင် ပူဖောင်းများကဲ့သို့ အလွန်လွယ်လွယ်ကူကူလေး ကြေမွသွားရသည်။ ဓားစွမ်းအင်သည် လေမုန်တိုင်းကဲ့သို့ ပြန့်နှံ့သွားပြီး ဓားချက်မှာ ဖျက်ဆီးမရနိုင်လောက်အောင် အဟုန်ကြီး၏။

ဓမ္မရုပ်ပွားတော်ပုံရိပ်များသည် တစ်ခုပြီးတစ်ခု မိုးကြိုးပစ်ခံရသကဲ့သို့ ယိုင်ကျသွားပြီး လေထဲတွင် ချက်ချင်း ပျောက်ကွယ်သွားကြသည်။ ပင်မစစ်ကြောင်း ရှုပ်ထွေးပျက်ပြားသွားပြီး မရဏချောက်နက်စစ်သည်များစွာသည် ဤလေးလံအားပြင်းသော ဓားစွမ်းအင်ကြောင့် ကြောက်ရွံ့တုန်လှုပ်ကာ မပြေးနိုင်မီမှာပင် မှုန့်မှုန့်ညက်ညက်ကြေမွသွားရ၏။ ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့် စစ်သူကြီးများပင်လျှင် အတော်လေးအထိနာသွားရကာ မြင်ကွင်းတစ်ခုလုံးတွင် နာကျင်ခံစားနေရသော ငိုကြွေးသံများ စီစီညံထွက်လာတော့သည်။

အရိုးမျိုးနွယ် စစ်သူကြီးဆယ့်နှစ်ဦးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး သွေးများ စဉ်ဆက်မပြတ် အန်ထုတ်နေရသည်။ ဓားကိုင်လျက် ရပ်နေသော သတ်လတ်ပိုင်းအရွယ်အမျိုးသားကို မော့ကြည့်ရင်း သူတို့၏ မျက်လုံးများတွင် နက်ရှိုင်းသော ကြောက်ရွံ့ထိတ်လန့်မှုများ ထင်ဟပ်လာကာ အလန့်တကြား အော်ဟစ်လိုက်ကြသည်။ "ဒါ၊ ဒါက ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် ရဲ့ အရှိန်အဝါပဲ!"

"ဟဲဟဲ"

လီဝူကျယ်က သူ့လက်ထဲရှိ ဓားရှည်ကို ထပ်မံ မြှောက်ကိုင်လိုက်ပြီး ခုတ်ချရန် ပြင်ဆင်နေစဉ်မှာပင် ကျောက်နက်တောင်ကြားအတွင်းပိုင်းမှ ဖျက်ဆီးခြင်းအရှိန်အဝါများစွာ ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပေါင်းဆုံတိုးထွက်လာရာ ခုတ်ချတော့မည့် ဓားသွားကို အားသုံးရပ်တန့်စေခဲ့၏။

"အမ်?"

လီဝူကျယ် မျက်ခုံးပင့်လိုက်ရသည်။

အရိုးမျိုးနွယ်၏ စွမ်းအားကြီး သူရဲကောင်းခြောက်ဦးသည် အနက်ရောင် ယင်စွမ်းအင်များ ဝန်းရံလျက် ပြိုင်ဘက်ကင်း ဟန်အနေအထားဖြင့် မားမားမတ်မတ် ရပ်တည်နေကြပြီး ဓားကိုင်ထားသောလူကို တစ်ညီတည်း စူးစိုက်ကြည့်နေကြသည်။

"မင်းက လူသတ်နတ်ဘုရား ယဲ့ကျွင်းလင် လား?" ဘာဇာ အေးစက်စွာ မေးလိုက်သည်။ သူ၏ မျက်လုံးများက ပြင်းထန်စူးရှ၏။

လီဝူကျယ် ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊ ငါက သူ့တပည့်!"

"တပည့်?" ညီအစ်ကိုခြောက်ဦးလုံး အံ့အားသင့်သွားကြရသည်။ ယဲ့ကျွင်းလင်၏ တပည့်သည်ပင် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်၏ မသေမျိုးအရိပ် ဖြစ်လောက်အောင် အားကြီးနေတာလား?!

ဘာဇာက သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်ရာ လီဝူကျယ်၏ အနောက်ဘက် အဝေးတစ်နေရာရှိ တိမ်တိုက်များထဲတွင် ဧရာမ နတ်ဆိုးမျိုးနွယ် သားရဲသတ္တဝါကြီးတစ်ကောင် လွင့်မျောတည်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ စီးတော်ယာဥ်တစ်စီး ဖြစ်နိုင်ချေရှိ၏။

သူ၏ နတ်ဘုရားအာရုံဖြင့် အပေါ်ဘက်ရှိ အခြေအနေကို ပိုမိုနက်ရှိုင်းစွာ စူးစမ်းကြည့်ရန် ကြိုးစားသောအခါ မမြင်နိုင်သော အင်အား တစ်ခုက ပိတ်ဆို့ထားသောကြောင့် ထိုးဖောက်ရန် ခက်ခဲသွားရသည်။

"ဟမ့်၊ မာန်တက်နေတဲ့အကောင်! ငါ့ကို ရင်ဆိုင်ဖို့ တပည့်တစ်ယောက်လောက်ကို စေလွှတ်တယ်! ငါဘယ်သူမှန်း မသိဘူးလား?!" ဘာဇာမှာ အထင်သေးခံရသည်ဟု ခံစားရပြီး ဒေါသူပုန်ထနေလေသည်။

"အကိုကြီး၊ ဒေါသမထွက်ပါနဲ့။ ယဲ့ကျွင်းလင် ကိုယ်တိုင်လာရမှာကြောက်လို့ သူ့တပည့်ကို အခြေအနေကို စူးစမ်းဖို့ အရင်စေလွှတ်တာ ဖြစ်ရမယ်!" ဒုတိယအကို ဘာဂျီက လှောင်ပြောင်လိုက်သည်။

"ဟုတ်တယ်!" ကျန်ညီအစ်ကိုများကလည်း ထောက်ခံပြောဆိုကြသည်။

လီဝူကျယ်က အလျှော့မပေးစတမ်း ပြန်လှောင်သည်။ "မင်းတို့လို အမှိုက်သရိုက်တွေလောက်တော့ ငါ့ဆရာက စွမ်းအင်ထုတ်ဖို့တောင် မလိုဘူး!"

ဝှစ်!

နတ်ဘုရား၏ အပြစ်ပေးခြင်းကဲ့သို့ တောက်ပသော ဓားသွားအလင်း တစ်ချက်သည် ကမ္ဘာကို လင်းထိန်စေခဲ့၏။

အရိုးမျိုးနွယ် သူရဲကောင်းခြောက်ဦးမှာ ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားသကဲ့သို့ သူတို့၏ ကျောရိုးများပင် စိမ့်ခနဲချမ်းတုန်သွားသည်အား ခံစားလိုက်ရသည်။

"မြန်မြန်၊ ကာကွယ်ကြ!"

ဘာဇာ၏ဦးရေပြား ကျဉ်တက်သွားသည်။ ရုတ်တရတ်တိုက်ခိုက်မှုတွင် သူ ထိတ်လန့်တုန်လှုပ်ပြီး ဒေါသလည်းထွက်ကာ လက်ကို မြှောက်၍ အရိုးလက်ဖဝါးဖြင့် တန်ပြန်ရိုက်ချလိုက်သည်။ လက်ဖဝါးရာတွင် ထူးဆန်းသော ယင်စွမ်းအင်များ ပြည့်နှက်နေပြီး ကောင်းကင်နှင့်နေကို ဖုံးအုပ်ထားနိုင်သည်အထိ ကြီးမား၏။

ကျန်ညီအစ်ကိုငါးဦးလည်း တစ်ယောက်ပြီးတစ်ယောက် ပါဝင်လာကြပြီး အားလုံးသည် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် အစောပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်ပင်။ သူတို့သည် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် အလယ်ပိုင်းအဆင့်ရှိ ခေါင်းဆောင်နှင့် ပူးပေါင်းကာ ကမ္ဘာမြေကို ဖျက်ဆီးနိုင်သော စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

ဗုန်း!!

တောက်ပသော အလင်းလုံးတစ်ခု ထွန်းလင်းပေါ်ပေါက်လာပြီး ထိုအလင်းလုံးက ရုတ်တရတ် ပစ်ထုတ်ခံလိုက်ရသလို လွင့်စင်လာသည်။ လွင့်စင်လာသော လမ်းတစ်လျှောက်တွင် မြေပြင်ကို ပြင်းထန်သော စွမ်းအင်ရေစီးကြောင်းများဖြင့် ဆုတ်ဖြဲလိုက်ပြီး အကန့်အသတ်မဲ့ကျယ်ပြန့်သော တောင်တန်းကြီးများကိုပင် ပျက်စီးစေကာ သဲမုန်တိုင်းများလည်း လွင့်ပျံလာပြီး တိုက်ကွက်တစ်ကွက်တည်းဖြင့် အသက်ပေါင်းများစွာ သေကျေချေမှုန်းခံလိုက်ရတော့၏။

"မြန်မြန်၊ ပြေးကြ!" စစ်တပ်အထိအခိုက်များပြီး ကျဆုံးလုနီးပါး ဖြစ်သည်ကို မြင်သောအခါ အရိုးမျိုးနွယ် စစ်သူကြီးဆယ့်နှစ်ဦးသည် အလျင်အမြန် ထွက်ပြေးတိမ်းရှောင်ရန် ရွေ့လျားကြကုန်၏။ ရလဒ်အနေဖြင့် သူတို့ အဝေးသို့ မပြေးနိုင်မီ လူသားကျင့်ကြံသူများစွာသည် အမျိုးမျိုးသော မှော်လက်နက်များကို ကိုင်ဆောင်လျက် ပျံသန်းလာသည်ကို တွေ့လိုက်ကြရသည်။ မျက်စိစူးလောက်အောင် တောက်ပသော ရောင်စုံအလင်းများသည် ကောင်းကင်ကို လင်းထိန်စေလျက်။

"ဒီ ခွေးနတ်ဆိုးကောင်တွေကို သတ်!" အနယ်နယ်အရပ်ရပ်မှ အရောက်လာကြသော ကျင့်ကြံသူများသည် မရဏချောက်နက်သတ္တဝါများ ကြောက်ရွံ့စွာ ထွက်ပြေးသည်ကို မြင်သောအခါ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာပြီး တစ်ခြားဘာကိုမှ ဂရုမစိုက်တော့ဘဲ တိုက်စစ်ကို စတင်လိုက်ကြတော့သည်။

"အား..." ကျန်ရှိသော အကြွင်းအကျန် နတ်ဆိုးစစ်သည်များသည် အလုံးအရင်းဝင်လာသော တိုက်ခိုက်မှုများကို ကာကွယ်ရုံသာ တတ်နိုင်ပြီး ကျင့်ကြံသူများ ပစ်ပေါက်သော မှော်လက်နက်များကြောင့် ရွှံ့အိုင်ဗွက်အိုင်များထဲတွင် ခွေးကျဝက်ကျ လူးလှိမ့်လဲကျနေကြရတော့၏။

အရိုးမျိုးနွယ် စစ်သူကြီးဆယ့်နှစ်ဦးမှာလည်း အဆုံးမရှိသော ဝန်းရံဖိနှိပ်မှုထဲတွင် နက်ရှိုင်းစွာ ပိတ်မိနေကြသည်။ သူတို့အားလုံး ထိတ်လန့်ဒေါသထွက်နေကြပြီး ရင်ထဲတွင် စိတ်ပျက်အားငယ်မှုများလည်း ပြည့်နှက်နေသည်။ ပထမဆုံးတိုက်ကွက်တွင် သူတို့ပါ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးထားရသောကြောင့် ဤကျင့်ကြံသူအုပ်စုကို ထိရောက်အောင် လက်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

"သေကြစမ်းဟေ့!"

ဒေါသတကြီး အော်ဟစ်သံတစ်ချက်။

ခွင်းတောင်ဓားသည် ရွှံ့ဝါရောင် အလင်းဝိုင်းတစ်ခုဖြင့် တောက်ပလာပြီး နေရောင်ခြည်ကဲ့သို့ မျက်စိကျိန်းလောက်အောင် တောက်ပကာ အရိုးမျိုးနွယ် စစ်သူကြီးတစ်ဦး၏ ခေါင်းထိပ်ပေါ်သို့ ကျရောက်လာပြီးနောက် နှစ်ပိုင်းပြတ်သည်အထိ ထက်ပိုင်းခွဲချလိုက်တော့၏။

အိုးရန်ဖုန့်၏ ဆံပင်များ ရှုပ်ပွနေပြီး ခွင်းတောင်ဓားကို နဂါးတစ်ကောင်၏ စွမ်းအားဖြင့် ကိုင်ဆွဲထားကာ သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားတက်ကြွမှုဖြင့် လင်းလက်နေသည်။

အားနည်းနေသောရန်သူကို ဤသို့အဘက်ဘက်က ညှပ်ပိတ်တိုက်ခိုက်ရသောခံစားချက်ကား ဘာနှင့်မှမလဲနိုင်အောင် အရသာရှိသည်!

ယခုလေးပင် သူသည် အထွဋ်အထိပ်သို့တက်ရောက်ခြင်း အဆင့်ရှိသော အရိုးမျိုးနွယ် စစ်သူကြီးတစ်ဦးကို အရှင်လတ်လတ် ထက်ပိုင်းခွဲခဲ့လေပြီ မဟုတ်လော!

ကြုံတောင့်ကြုံခဲရထားတဲ့ ဒီလောက်ကောင်းတဲ့အခွင့်အရေးမျိုးကို အပြည့်အဝ အသုံးချရမယ်လေ?!

All Chapters