← Chapters

ကမ္ဘာငယ်

Vol. 20 Ch. 288

ကမ္ဘာငယ်

Vol. 20 Ch. 288

ချန်ရှီ အောက်ထပ်ကို ပြေးဆင်းသွားသည်။

"ဟေးကော်... မင်းနဲ့ သစ်သားလှည်း အရင်ပြန်သွားပြီး ဦးလေးဝူရဲ့ နေရာမှာ ငါနေနေတယ်.... ဒီည အိမ်ပြန်မှာ မဟုတ်ဘူးလို့ ချန်ထန်ကို ပြောလိုက်.... "

ဟေးကော်က သူ့ကို လေးလေးနက်နက် ကြည့်ကာ နှစ်ကြိမ်တိုင်တိုင် ဟောင်ပြသည်။

ချန်ရှီ : "သူကိုယ်တိုင်ပြောတာ ငါက သူ့သားမဟုတ်ဘူး၊ သူ့အတွက် အသုံးမဝင်ဘူး... ဒေါသထွက်မနေစမ်းပါနဲ့...."

ဟေးကော်လည်း သစ်သားလှည်းကို ချန်အိမ်သို့ ပြန်ခေါ်သွားရန်မှလွဲ၍ ရွေးချယ်စရာ မရှိသဖြင့် စိတ်မသက်မသာဖြင့် ထွက်လာခဲ့လိုက်သည်။

ချန်အိမ်သို့ ရောက်သောအခါ ချန်ထန်က ချန်ရှီကို ထမင်းစား စားပွဲမှာ စောင့်နေသည်။ အစားအသောက် အဆင်သင့်ဖြစ်နေပါပြီ။ ဟေးကော် တစ်ယောက်တည်း ပြန်လာတာကို မြင်တော့ အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။

"ဝုတ် ဝုတ်ဝုတ်!"

ဟေးကော် သူ့ကို လှမ်းခေါ်လိုက်သည်။

"သူက ချန်ဝူဆီမှာ တစ်ညလောက်နေမယ် ဟုတ်လား"

ချန်ထန်သည် သူ့အမူအရာကို မပြောင်းလဲဘဲ တုတ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ပြန်ပြောလာသည်။

"ကောင်းပြီ ငါသိပြီ... မင်းလက်ကို သွားဆေးပြီး ထမင်းလာစား..."

ဟေးကော် သူ့လက်ကို ဆေးဖို့သွားရင်း သူ့နောက်မှာ ခုတ်ထစ်သံတစ်သံ ကြားလိုက်ရလို့ နောက်ပြန်ကြည့်လိုက်တော့ ချန်ထန်က ကျိုးနေတဲ့ တူချောင်းတွေကို ဘေးဖယ်ထားလိုက်ပြီး တည်ငြိမ်တဲ့ အရိပ်အယောင်နဲ့ နောက်ထပ် တူချောင်းတစ်ချောင်းကို ထုတ်ယူနေတာ တွေ့လိုက်ရသည်။

ဟေးကော်ခမျာ တုန်ရီနေသော နှလုံးသားဖြင့် ထမင်းစားနေရ၏။ ကံကောင်းထောက်မစွာပဲ ချန်ထန်သည် မည်သည့် မူမမှန်မှုမျှ မရှိခဲ့ဘဲ တူချောင်းများသည်လည်း မပျက်မစီးပင်။ ဟေးကော် ပန်းကန်များကို သန့်ရှင်းရေးလုပ်ပြီး ချန်ထန်ထိုင်နေသည့် ထိုင်ခုံဝိုင်းဆီသို့ ရောက်လာသည်။ သူ့အမြီးက ခွေးခြေခုံကို ထိကြည့်လိုက်ရာ ရုတ်တရက် ခွေးခြေခုံက လဲကျသွား၏။

ဟေးကော် အောက်ကို ငုံ့ကြည့်လိုက်တော့ အမှုန့်အမွှားတွေ စုပုံနေတာ တွေ့လိုက်ရသည်။

"ဟေးကော် မင်း ခွေးခြေခုံကို ချိုးပစ်လိုက်ပြီ... မနက်ဖြန် နောက်တစ်လုံး ထပ်ဝယ်ဖို့ မမေ့နဲ့ "

ချန်ထန်အသံက ခြံဝင်းထဲမှ ထွက်လာသည်။ ဟေးကော်မှာ အပြစ်တင် ခံခဲ့ရသဖြင့် မကျေနပ်ချက်ဖြင့် တုံ့ပြန်ခဲ့သည်။

ချန်ရှီသည် ဖန်တီးခံရှောင်ဝူ အခန်းထဲသို့ ပြန်သွားခဲ့စဥ် ရှောင်ဝူက ကြေးမှန်တစ်ချပ်ကို ထုတ်လိုက်ပြီး ပြော၏။

"ငါ ကမ္ဘာငယ်လေးကို ဒီမှန်ထဲမှာ သန့်စင်ထားတာ... မင်း စမ်းကြည့်လို့ရတယ်"

ချန်ရှီ မှန်ကိုယူကာ ကြည့်လိုက်သည်။ ဒါဟာ သာမန်ကြေးမှန် တစ်ချပ်ပါပဲ။ နောက်ကျောဘက်တွင် ရုပ်ပုံတစ်ခု ထွင်းထုထားသည်။ မြေခွေးတစ်ကောင်က အောက်မှာ ထိုင်လျက် စပျစ်နွယ်ပင်ပေါ်ရှိ စပျစ်သီးစည်းများကို ကြည့်နေသည်။ ၎င်းပတ်ပတ်လည်တွင် နဂါးပုံစံများရှိသည်။ မှန်၏ ရှေ့မျက်နှာစာသည် အလွန်တောက်ပသော ကြေးနီမျက်နှာပြင် ဖြစ်သည်။

အိမ်ရှေ့ကို ငုံ့ကြည့်လိုက်တော့ မှန်ထဲမှာ အက်ကွဲနေတဲ့ အလင်းရောင်တစ်ခု မြင်လိုက်ရ၏။ ဂရုတစိုက်စစ်ဆေးနေပြီး ရုတ်တရက် မခုခံနိုင်သော ဆွဲငင်အားတစ်ခု ပေါ်ထွက်လာပြီး အက်ကြောင်းက ရုတ်တရက် အလွန်ကြီးမားလာသည်။

ချန်ရှီ အထိတ်တလန့် အော်ဟစ်လိုက်မိစဥ် သူ့ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားပြီး အက်ကွဲကြောင်းများက ပိုကြီးလာသည်။

အစိတ်စိတ်အမွှာမွှာ ကွဲသွားလိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် တိမ်ဖြူတွေကသာ သူ့ရှေ့ကို ရောက်လာ၏။ တိမ်ထူထပ်သော တိမ်တိုက်များကို ဖြတ်ကျော်ပြီးနောက် ချန်ရှီသည် တိမ်ဖြူများပေါ်တွင် ရုတ်တရက် မတ်တပ်ရပ်နေခဲ့မိတာ တွေ့လိုက်ရသည်။

တိမ်တွေက ခြေ​ထောက်အောက်၌ လှိုင်းထလျက်။ နိမ့်သောအရပ်မှာ ချိုင့်များသဖွယ်၊ မြင့်တဲ့နေရာတွေက တောင်များသဖွယ် လှိုင်းထလျက် ရှိသည်။

ဖန်တီးခံရှောင်ဝူလည်း ကြွေကျခါနီး ကြေးမုံကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်တင်ကာ မှန်ထဲသို့ ဝင်လိုက်သည်။ သူက ချန်ရှီ အနားမှာ ပေါ်လာပြီး ပြုံးပြုံးလေးနဲ့ ပြော၏။

"ဒါက သေးငယ်တဲ့ ကောင်းကင်ကြီးလိုပဲမလား..."

သူစကားမဆုံးခင်မှာ ကြီးမားတဲ့ နေလုံးကြီးက တိမ်တွေကို ဖြတ်ပြီး တိမ်ပင်လယ်ထဲကနေ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ နေမင်းကြီးသည် ပေတစ်ရာခန့် အရွယ်အစားရှိ၍ တောက်လောင်နေသော မီးတောက်များကို အရပ်ရပ်သို့ ထွန်းလင်း တောက်ပသွားစေခဲ့သည်။

နေရောင်က သူ့ခန္ဓာကိုယ်ဆီ ရောက်လာတဲ့အခါ ချန်ရှီလည်း ရင်းနှီးနေတဲ့ နွေးထွေးမှုတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ ဒီနေကိုကြည့်ဖို့ အချိန်မရခင်မှာ သူ့ခြေဖဝါးအောက်မှာ စူးရှတောက်ပတဲ့ အလင်းရောင်တစ်ခု ပေါ်လာပြီး တိမ်တွေက တဖြည်းဖြည်း ပိုပိုပူလာသည်။

ချန်ရှီ ကမန်းကတန်း ပြန်ဆုတ်သွားစဥ် အောက်ခြေကနေ ထွက်လာတဲ့ နေကို မြင်လိုက်ရ၏။

"နေနှစ်စင်း?? အပြင်ဘက်ကနဲ့ အတူတူပဲ"

ချန်ရှီက အံ့သြစွာပြောမိသည်။

ထိုအချိန်တွင် တိမ်ပင်လယ်၏ အခြားနေရာ နှစ်ခုတွင် နေတစ်စင်း ပေါ်ထွက်လာသည်။ ကောင်းကင်တွင် ချိတ်ဆွဲထားသော နေလေးစင်းမှာ တောက်ပစွာ လင်းလက်နေလျက်။

ဖန်တီးခံရှောင်ဝူက မာနမကင်းဘဲ ထပ်ပြောလာ၏။

"နောက်တစ်ခါ ထပ်ကြည့်ပါဦး!"

ချန်ရှီလည်း ခြေဖဝါးအောက်ရှိ မြေပြင်သည် ရုတ်တရက် တုန်ခါသွားကာ တစ်စုံတစ်ခု ရွေ့လျားသွားနေသလိုမျိုး သူနှင့် တိမ်များကို ခွဲထုတ်လိုက်တာ တွေ့လိုက်ရသည်။ မတ်တပ်ရပ်မနေနိုင်လောက်အောင် ပြင်းထန်စွာ တွန်းထုတ်ခံရသဖြင့် သူ့အခြေတည်ဝိညာဉ်ကို လေထဲတွင် အဆောတလျင် ပျံသန်းစေကာ သူ့ကိုယ်သူ အောက်သို့ ငုံ့ကြည့်လိုက်သည်။

အောက်ဘက်တွင် ကြီးမားသော မျက်လုံးကြီးတစ်ခု ဖြည်းညှင်းစွာ ပွင့်လာသည်။ ၎င်းကပေတစ်ရာ အရွယ်အစားရှိကာ စောစောက ရွေ့လျားသွားသည့် အရာမှာ ဤမျက်လုံး၏ မျက်ခွံများပင်။ ပြီးတော့ ဒီမျက်ခွံအောက်မှ မျက်လုံးက လရောင်လို တောက်ပတဲ့ အလင်းရောင်တွေ ထွက်လာ၏။

ဒါပေမယ့် အထူးဆန်းဆုံးကတော့ ဒီမျက်လုံးထဲမှာ သူငယ်အိမ် ရှိနေတာပါပဲ။

ချန်ရှီသည် လမျက်လုံးပေါ်တွင် လွင့်မျောကာ လှည့်ပတ်နေသော သူ့ကိုယ်သူ ကြည့်လိုက်ရာ သူငယ်အိမ်က အခြားနေရာများကို လှည့်ကြည့်နေတာ တွေ့လိုက်ရသည်။ နောက်တော့ နောက်ထပ် မျက်ခွံတစ်ခု ထပ်ပွင့်လာပြီး နောက် ထပ်လမျက်လုံး တစ်လုံး ပေါ်လာလေသည်။

ချန်ရှီ လေထဲတွင် လျှောက်သွားရင်း ထိုမျက်ခွံများ ကျုံ့သွားသည့်နေရာကို ရှာကြည့်ရန် ကြိုးစားသော်လည်း မတွေ့ပေ။ ဤအခိုက်တွင် စကြဝဠာငယ်လေးထဲက နဂါးငွေ့တန်းကိုလည်း သူမြင်ရပြန်သည်။ မရေမတွက်နိုင်သော ကြယ်များသည် နေနှင့်လထက်တွင် ရှည်လျားသော ခါးပတ်ပုံသဏ္ဌာန် မြစ်ကြီးတစ်စင်းသဖွယ် ဖြစ်ပေါ်လာသည်။

ချန်ရှီ အမြန်ပြေးသွားသော် နဂါးငွေ့တန်းရှိ ကြယ်များ၏ ပုံသဏ္ဌာန်က အလွန်ထူးဆန်းနေတာ တွေ့လိုက်ရသည်။ ဤကြယ်များသည် ခုနစ်ပေ သို့မဟုတ် ရှစ်ပေအောက် သေးငယ်ပြီး ခြောက်ပေ သို့မဟုတ် ခုနစ်ပေအထိ ကြီးမားသည်။ ၎င်းတို့သည် ကြယ်အလင်းကို ထုတ်လွှတ်ပြီး ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည်။

ဤနေရာက ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအင်သည် ပြင်ပကမ္ဘာထက် အဆမတန် ကြွယ်ဝပါသည်။ ဒီလိုနေရာမှာ လေ့ကျင့်ခြင်းသည် အားထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆ မဟုတ်တော့ဘဲ အားထုတ်မှုတစ်ဝက်ဖြင့် ရလဒ်များစွာ ထွက်နိုင်သည်။

သို့သော် ချန်ရှီမျက်နှာပေါ်က အကြည့်က တဖြည်းဖြည်း ထူးဆန်းလာသည်။

သူ့ရှေ့က ကြယ်များသည် နဂါးငွေ့တန်းတစ်ခု ဖြစ်ပေါ်လာပြီး စကြဝဠာငယ်လေး၏ ကြယ်ရောင်စုံသော ကောင်းကင်အထက်တွင် စီးဆင်းနေသည်။ အချို့ကြယ်များသည် လေးထောင့်ကြယ်၊ အချို့က ငါးထောင့်ကြယ်၊ အချို့မှာ အဝိုင်း၊ အချို့မှာ မျှော်စင်လို စသဖြင့် ပုံစံအမျိုးမျိုး ရှိကြသည်။

ဝံပုလွေခေါင်းနှင့် လူကိုယ်လုံးပါသော ကြယ်များ ပါရှိသည်။ ကျားဖြူအုပ်စုတွင် ပါသော ကြယ်က ခွေကြယ် ဖြစ်ပေမည်။ ကျောက်ကြယ် ဖြစ်သင့်သော နဂါးပုံသဏ္ဌာန်ရှိ ကြယ်များလည်း ရှိသည်။ ယုန်ပုံသဏ္ဌာန် ရှိသော ကြယ်များလည်း ရှိပေရာ ဒီလိုနဲ့ အားလုံးက အရမ်းထူးဆန်းနေပုံပေါ်၏။

ဖန်တီးခံရှောင်ဝူက လာ၍ နဂါးငွေ့တန်းရှိ လှေငယ်ပေါ် လှမ်းတက်လာပြီး ဂုဏ်ယူစွာပြောလာသည်။

"တစ်ဆယ်လေး...ဒါက လီမိသားစု ဘိုးဘေးနှစ်ယောက်ရဲ့ အနတ္တလေဟာပြင်ဘုံကို သုံးပြီး ငါပြုပြင်ထားတဲ့ ကမ္ဘာငယ်လေး... မိသားစုကြီးတွေထဲက သားသမီးတွေဆို မျိုးနွယ်စု အရှင်သခင်တွေရဲ့ အနတ္တလေဟာပြင်ဘုံမှာ ခဏခဏ ကျင့်ကြံလေ့ရှိတယ်...အနတ္တလေဟာပြင်ဘုံသခင် သေသွားရင် ဘုံကလည်း ပျက်ပြယ်သွားမှာ... ဒါပေမဲ့ ငါ မဟာယာနဘုံနှစ်ခုရဲ့ အနတ္တလေဟာပြင်ဘုံကို ဒီကမ္ဘာငယ်လေး ဖြစ်လာအောင် သန့်စင်ထားခဲ့တယ်...."

"ဦးလေးဝူကတော့ တကယ် အံ့သြစရာကြီးပဲ​ဗျာ!"

ချန်ရှီလည်း ကြယ်ဖောင်ပေါ် လှမ်းတက်ပြီး။

"မိသားစုကြီးတွေက သားသမီးတွေဆို အနတ္တလေဟာပြင်ဘုံမှာ လေ့ကျင့်ရတာကို ကျင့်သားရနေ​လောက်တယ်... ကျေးလက်က ပညာရှင်တွေက သူတို့ကို ဘယ်လို လိုက်မှီနိုင်မှာလဲ..."

ချန်ရှီ ခေါင်းခါရင်း သက်ပြင်းချမိ​လေသည်။ ကျေးလက်က ကလေးတွေက ဒီလိုအခြေအနေမျိုး မရှိဘူးလေ။

ဖန်တီးခံရှောင်ဝူ : "မင်းအဘိုးက နယ်ပယ်နိမ့်လေ ကျေးလက်က ကလေးတွေနဲ့ အထက်တန်းစား ကလေးတွေကြားက ကွာဟချက် ကြီးလေလေပဲလို့ ပြောဖူးတယ်... ဒီအခြေအနေကို ပြောင်းလဲဖို့ သူ့ဘဝရဲ့ ပထမနှစ်ဝက်ကို မြှုပ်နှံထားခဲ့ပေမယ့် နောက်ပိုင်းမှာ အများကြီး ခံစားခဲ့ရပြီး တရားရုံးကနေပဲ ထွက်သွားခဲ့ရတယ်..."

ချန်ရှီလည်း ထိုနည်းလည်းကောင်းပင် ခံစားခဲ့ရသည်။

ကျင့်ကြံသူများသည် အနိမ့်ဆုံးနယ်ပယ်တွင် ရှိသောအခါ လူတိုင်းက ကောင်းကင်နှလုံးချီကျင့်စဥ်၊ ကျစ်ဝူရှဲ့သတ်ဓားတို့ကို ကျင့်သုံးကြသဖြင့် ထိုအချိန်၌ ကျင့်ကြံသူမှု စွမ်းအားမှာလည်း အတူတူပင် ဖြစ်သည်။

ဒါပေမဲ့ နယ်ပယ်က ပိုမြင့်လာတာနဲ့အမျှ ဆင်းရဲတဲ့မိသားစုက ကလေးတွေနဲ့ အထက်တန်းစား မိသားစုက ကလေးတွေကြားက ကွာဟမှုဟာ ပိုကြီးလာခဲ့သည်။ ဤကွာဟချက်သည် တူညီသော နယ်ပယ်တွင်သာမက အဆင့်မြင့် နယ်ပယ်တွင်ပါ ခွန်အားကို ထင်ဟပ်လာစေသည်။

အထက်တန်းစား မိသားစုများမှ ကလေးများ၏ ကျင့်ကြံမှုနယ်ပယ်သည် ဆင်းရဲသော မိသားစုများ၏ ကျင့်ကြံသူများထက် များစွာသာလွန်လာမည် ဖြစ်သည်။

အဘိုး ချန်ယင်တူးသည် အတိတ်တွင် ကောင်းကင်နှလုံးချီကျင့်စဥ်ကို ဖန်တီးပြီးနောက် ကွယ်လွန်သွားခဲ့သည်။ နောက်ဆက်တွဲ ကျွမ်းကျင်မှုများလည်း လျော့ပါးမသွားပါက ကျေးလက်နှင့် အထက်တန်းစား မိသားစုများကြားက ကွာဟချက်မှာ များစွာ ကျဉ်းမြောင်းသွားပေလိမ့်မည်။ သို့သော် ယခုက သဘာဝအတိုင်း ကွာဟချက် ကြီးနေ၏။

"ဒါပေမဲ့ ဒီလူတွေရဲ့ အနတ္တလေဟာပြင်ဘုံ အားလုံးက မမှန်မကန် စိုက်ပျိုးနေကြတာ..."

ဖန်တီးခံရှောင်ဝူက ပြောသည်။ ချန်ရှီလည်း ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်​တော့်ရဲ့ ဘုံကျောင်းငယ်လေးမှာဆို ဟွာရှက ကြယ်ရောင်စုံ ကောင်းကင်ကြီးကို မြင်ရတယ်... နဂါးငွေ့တန်းက ဒီပုံစံ လုံးဝမဟုတ်သလို စကြဝဠာငယ်လေးထဲက ကြယ်တွေတောင်မှ ကြယ်ပုံသဏ္ဌာန် မရှိဘူး... အနတ္တလေဟာပြင်ဘုံကို ဖွင့်ထားတဲ့ လီမိသားစုရဲ့ ဘိုးဘွားတွေကတော့ ကြယ်အစစ်အမှန်တွေက ဘယ်လိုပုံစံလဲဆိုတာ တစ်ခါမှ မမြင်ဖူးကြဘူး... ကြယ်လေးတွေက ဘာလဲဆိုတာလည်း မသိတော့ သူတို့ဘာသာ ပုံဖော်ထားကြတာ ဖြစ်မယ်"

ဖန်တီးခံရှောင်ဝူ: "သူတို့က ရှေးစာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ ကြယ်တွေကို အခြေခံထားတာ ဖြစ်မယ်... စကားလုံးတွေထဲက စာသားအတိုင်း သူတို့ကိုယ်ပိုင် အနတ္တလေဟာပြင်ဘုံကို ဖန်တီးလိုက်တော့ ကွဲလွဲနေတဲ့ ကြယ်ပုံစံတွေ ဖြစ်ကုန်တာ..."

ချန်ရှီက ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြီး ဝင်ထောက်ခံသည်။

"နေနဲ့လရဲ့ ပုံစံကလည်း မှားနေတယ်"

"နေနဲ့လကပါ မှား​နေတာလား ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအင်တွေထဲမှာ နတ်ဆိုးတွေ အများကြီးရှိနေတာ အံ့သြစရာတော့ မရှိပါဘူး"

ဖန်တီးခံရှောင်ဝူလည်း ရုတ်တရက် သဘောပေါက်သွားပုံဖြင့် ပြုံးကာ။

"ဒါပေမယ့် စိတ်မပူပါနဲ့... ဒီစကြဝဠာငယ်လေးထဲက နတ်ဆိုးစွမ်းအင်တွေကို ငါစုပ်ယူထားပြီးပြီ မင်းအပေါ် သက်ရောက်မှု မရှိဘူး"

ချန်ရှီ နားမလည်နိုင်အောင် တုန်လှုပ်သွားခဲ့သည်။ အမှန်တော့ သူသည် ရှောင်ဝူလို ချန်ထန်နဲ့ဆို ရင်းနှီးပြီး စိတ်အေးလက်အေး မနေတတ်ပေ။

ကြိုတွေးထားတဲ့ အယူအဆတွေကြောင့် ချန်ထန်ဟာ ​​လူတွေကို တင်းကြပ်တဲ့ ဖခင်တစ်ယောက်ရဲ့ အထင်အမြင်ကို အမြဲပေးခဲ့ကာ သားအဖနှစ်ယောက် စကားများပြီး ရန်​ဖြစ်တတ်ကြသည်။ တစ်ဖက်တွင် ချန်ဝူသည် ဖခင်တစ်ဦးနှင့် ညီအစ်ကိုတစ်ဦးကဲ့သို့ ဖြစ်ပြီး ငါတို့ကြားမှာ အမြဲတမ်း ပြောစရာများစွာ ရှိ​နေတတ်သည်။

ချန်ရှီ : "အဘိုးက နတ်ဘုရား ၁၂၀၀ ရှိတဲ့ လော်ထျန်းတကျောက် ကောင်းကင်ယဇ်ပုလ္လင် အစီအရင်ကို သင်ပေးခဲ့တယ်.... အများစုက ကြယ်နတ်ဘုရားတွေပဲ"

သူသည် စိတ်ကူးတစ်ခုတည်းဖြင့် အဆောင်လက်ဖွဲ့ကို ဖန်တီးကာ လော်ထျန်းတကျောက်ကို လေထဲတွင် ထုလုပ်ကာ စာလုံးပေါင်း ၁၂၀၀ ကို တည်ဆောက်ခဲ့သည်။ ထို့နောက်တွင် အဆောင်စာလုံးများသည် သုံးဖက်မြင် ရုပ်ပုံများအဖြစ်သို့ ပြောင်းလဲသွားကာ ရုတ်တရက် နတ်ဘုရားပေါင်း ၁၂၀၀ ပေါ်ထွက်လာသည်။ နတ်ဘုရားအမျိုးမျိုးမှ ထုတ်လွှတ်သော ရောင်ဝါများနှင့် နတ်အလင်းများကလည်း ကွဲပြားသည်။

ချန်ရှီသည် သူ၏ ယွမ်စွမ်းအင်ကို ထိခိုက်စေသည့် မိုးကြိုးကျောက်စိမ်း စွမ်းအင်ကို ယခင်က အသုံးပြုခဲ့သည်။ သူသည် လော်ထျန်းတကျောက်ကို စည်းရုံးသောအခါတွင် သူသည် စွမ်းအင်နှင့် သွေးအနည်းငယ် ချို့တဲ့နေခဲ့ရာ နှစ်ကြိမ် ချောင်းဆိုးပြီး။

"ဒီကြယ်နတ်ဘုရားတွေရဲ့ အငွေ့အသက်က နဂါးငွေ့တန်းမှာရှိတဲ့ ကြယ်တွေရဲ့ ရောင်ဝါနဲ့ မကိုက်ညီဘူး"

"ဒါဆို သူတို့က ထိပ်တန်းသခင်တွေ ဆိုရင်တောင် အကုန်လုံး ငတုံးတွေ ဖြစ်နေတာကိုး.."

ဖန်တီးခံရှောင်ဝူသည် လော်ထျန်းတကျောက်ကို သဘောကျစွာ ကြည့်ကာ ဆို၏။

"မင်း စွမ်းအင်တွေ ထိခိုက်ထားတယ် ဆိုရင်တောင် ရှီးကျင်းမြို့က အဲဒီငတုံးတွေနဲ့ တွေ့ဖို့ ငါသေချာပေါက် ခေါ်သွားပေးနိုင်တယ်... သူတို့ရဲ့ အနတ္တလေဟာပြင်ဘုံထဲ ဝင်သွားပြီး သေချင်စိတ် ပေါက်သွားအောင် လှောင်ပစ်မယ်!"

သူပြောခဲ့သော ငတုံးများသည် ရှီးကျင်းထဲက လူငါးဆယ် သို့မဟုတ် ခြောက်ဆယ် မိသားစု ကြီးဆယ့်သုံးပါး၏ ဘိုးဘေးများနှင့် အနတ္တလေဟာပြင်ဘုံ၊ မဟာယာနနယ်ပယ်က ထိပ်တန်း သခင်များဖြစ်သည်။

မြင့်မြတ်သူတို့သည် လောကကို လွန်ကဲသော အဆင့်အတန်းကြောင့် လောက၏ လေးစားမှုကို ခံရကြသူတွေပင်။

သို့သော် ဖန်တီးခံရှောင်ဝူ၏ စိတ်ထဲတွင်မူ ဤလူများသည် အနတ္တလေဟာပြင်ဘုံကို မမှန်မကန် ဖွင့်ဆိုထားကြသည်ပင်။ ဒါကြောင့် သူတို့ဟာ ငတုံးကလွဲလို့ ဘာဖြစ်နိုင်ဦးမှာလဲ။

အခြားသူများအတွက်မူ သူတို့သည် လေးစားခံရတဲ့အတွက် အလွန်ဂုဏ်ယူ ဝမ်းမြောက်ကြရာ ကျင့်ကြံဖို့ သူတို့၏ အနတ္တလေဟာပြင်ဘုံထဲသို့ ဝင်ရောက်ရခြင်းက ပို၍ပင် ကောင်းချီးတစ်ခု ဖြစ်သည်။ ဖန်တီးခံရှောင်ဝူ အတွက်ကတော့ အနတ္တလေဟာပြင်ဘုံထဲ ဝင်ရောက်ခြင်းသည် သူ၏ အစားအစာ လတ်ဆတ်နေသေးသလား ဆိုတာကို သိရန် သူ့အားလပ်ချိန်တွင် အိမ်နီးချင်းများထံ အလည်အပတ် သွားရောက်ရသလိုပါပဲ။

"ဒါပေမဲ့ မင်းရဲ့ လော်ထျန်းတကျောက်က တကျောက်သုံးမျိုးထဲမှာ အညံ့ဆုံးပဲ... မင်းပြန်ကောင်းလာတဲ့အခါမှ ငါ မင်းကို ကျိုးထျန်းတကျောက် သင်ပေးမယ်... ကျိုးထျန်းတကျောက်မှာ ဟွာရှနတ်ဘုရား ၂၄၀၀ ရှိတယ်.. တန်ခိုးအကြီးဆုံးက ဒုတိယနေရာမှာ ရှိတယ် ဖူထျန်းတကျောက်ကတော့ တန်ခိုးအကြီးဆုံး နတ်ဘုရား ၃၆၀၀ ရှိတယ်"

သူသက်ပြင်းချလိုက်ပြီး မှုန်ကုပ်ကုပ်ဖြင့်။

"အဖေ့အသက်ရှင်နေသေးရင် ငါတို့ စကားမများဖြစ်ခဲ့ရင် ဖူထျန်းတကျောက်ကို နှစ်တွေအကြာကြီး အချိန်ယူပြီး ပြန်ကောင်းလာအောင် လုပ်နိုင်မှာ... အဲဒီတုန်းက ငါတို့ပေါင်းပြီး မိသားစုတစ်စုကို လုံးလုံးချေဖျက်လို့ မရခဲ့ဘူး။ သူသာ အသက်ရှင်နေသေးရင် ငါတို့မှာ ယုံကြည်မှု 70% ကနေ 80% ရှိ​လောက်တယ်..."

သူသည် အတိတ်ကို ပြန်သတိရကာ အနည်းငယ် လွမ်းဆွေးနေမိသည်။

ချန်ရှီ မျက်လုံးပြူးသွားသည်။

အဘိုးက ဖန်တီးခံရှောင်ဝူနဲ့ ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေကိုလည်း လုပ်ခဲ့တာလား။

"မင်း ဒီမှာ ကောင်းကောင်း လေ့ကျင့်ပြီး မင်းရဲ့ စွမ်းအင်တွေကို အရင်ဖြည့်ထား ဒီည ငါ အပြင်ထွက်ဦးမယ်"

"ဘယ်သွားမလို့လဲ ဦးလေးဝူ...."

ဖန်တီးခံရှောင်ဝူက ပြုံးပြီးပြောသည်။

"လီမိသားစုရဲ့ ဘိုးဘေးလေးယောက် ငါ့ကိုဝိုင်းထားတုန်းက ငါအနိုင်ရသရွေ့ မင်းရဲ့မွေးရာပါ တာအိုသန္ဓေသားကို ဘယ်သူက ဖြတ်ပစ်မယ်ဆိုတာကို သူတို့ပြောပြမယ်လို့ ပြောခဲ့တယ်... သူတို့လေးယောက်ထဲက နှစ်ယောက်ကို ငါသတ်ပြီးပြီ... ကျန်တဲ့ နှစ်ယောက်လည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါလည်း ဒဏ်ရာရပြီး ဒီကမ္ဘာငယ်လေးကို ပြန်ပြင်​နေရတော့ သူတို့နဲ့ စကားပြောဖို့ အချိန်မရှိခဲ့ဘူး..."

"ကျနော်လည်း အတူလိုက်ခဲ့မယ်!"

ဖန်တီးခံရှောင်ဝူက ခေါင်းခါလေသည်။

"မဟုတ်ဘူး... ငါသူတို့နဲ့တွေ့ရင် ပြန်ပြိုင်ရလိမ့်မယ် မင်းငါနဲ့လိုက်ဖို့ ခွင့်မပြုနိုင်ဘူး မင်းက ငါ့ထီးနဲ့တူတယ်... ထီးကိုင်ထားရရင် လက်တစ်ဖက်တည်းနဲ့ ရန်ဖြစ်နေရမှာ..."

ချန်ရှီ သူဘာကိုဆိုလိုတာကို နားမလည်လိုက်။

ဖန်တီးခံရှောင်ဝူသည် ကမ္ဘာငယ်လေးမှ ထွက်သွားပြီး တည်းခိုခန်း တံခါးမှထွက်ကာ ရှီးကျင်း လီမိသားစုထံ သွားခဲ့သည်။ လီမိသားစု နေထိုင်ရာသို့ ရောက်သောအခါ တံခါးကို ခေါက်လိုက်သည်။ ခဏကြာတော့ ကျွန်တစ်ယောက်က ကမန်းကတန်းရောက်လာပြီး တံခါးဖွင့်ပေး၏။

"သခင်ကြီးက ခင်ဗျား လာမယ်ဆိုတာ သိလို့ ရက်တော်တော်ကြာအောင် စောင့်နေခဲ့တာ.... ကျေးဇူးပြုပြီး ဝင်လာပါ!"

ဖန်တီးခံရှောင်ဝူ ဝင်သွားလိုက်သည်။

အိမ်နောက်ဖေးသို့ ရောက်သောအခါ ဥယျာဉ်သည် တောက်ပစွာ ထွန်းလင်းနေပြီး အနတ္တလေဟာပြင်ဘုံက လေထဲ လွင့်မျောနေတာ သူမြင်လိုက်ရသည်။ အနတ္တလေဟာပြင် ဘုံအောက်တွင် ရှေးကျသော အဆင်းသဏ္ဍာန်ရှိသော လူအိုကြီးများ အသီးသီး မတ်တပ်ရပ်နေကြသည်။

ဖန်တီးခံရှောင်ဝူ သူတို့ကို လှမ်းကြည့်လိုက်သည်။ အများစုမှာ သူနှင့် ရန်ဖြစ်ပြီး ရိုက်နှက်ခံထားရသူတွေပါပဲ။ သူ ချက်ချင်း ခေါင်းညိတ် ပြုံးပြပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။

"ဖန်တီးခံရှောင်ဝူ... ငါတို့ မင်းကို မကြောက်ဘူး"

လီမိသားစု၏ အဘိုးဖြစ်သူ လီယိရန်သည် တုတ်တစ်ချောင်းဖြင့် လာ​ရောက် နှုတ်ဆက်သည်။ ဖန်တီးခံရှောင်ဝူကြောင့် သူ့ခြေထောက်ကျိုးသွားခဲ့ပြီး ဒဏ်ရာကလည်း မသက်သာသေးပါဘူး။

လီယိရန်: "ရန်သူတွေကို ဖန်တီးတာထက် ပြေလည်အောင် ဖြေရှင်းရမယ် ဒါကြောင့် ငါတို့ မင်းနဲ့ ထပ်မတိုက်တော့ဘူး"

"ကျေးဇူးတင်ပါတယ်"

ဖန်တီးခံရှောင်ဝူ သူ့ကို ကျေးဇူးတင်ပေမယ့် အနည်းငယ်တော့ စိတ်မကောင်းဖြစ်နေရသည်။ ဒီလူကြီးတွေကို အစာခြောက်အဖြစ် ပြောင်းချင်ပေမယ့် ချန်ယင်တူးက ဒီလိုအခြေအနေမျိုးမှာ သူတို့ကို ကျေးဇူးတင်သင့်တယ်လို့ သင်ပေးခဲ့လေသည်။

"မင်းတို့နှစ်ယောက် ပြောတာကို မှတ်မိသေးလား"

လီယိရန်နဲ့ လီကန်းဖုန်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ကျန်း၊ ရှ၊ ရွှီနဲ့ ကျောင် အပါအဝင် မိသားစုဆယ့်နှစ်စု၏ ဘိုးဘေးများကို ကြည့်လိုက်ကြသည်။ ဆံပင်ဖြူ လူကြီးက ခေါင်းညိတ်​လေသည်။

ဖေ့မိသားစုရဲ့ ဘိုးဘေးကြီးကတော့ ဖြည်းဖြည်းချင်း ဆို၏။

"ဒါ ငါတို့ရဲ့စီးပွားရေး မဟုတ်ဘူး အမြဲတမ်း ငါတို့ကိုပဲ အပြစ်တင်လို့ မရဘူး"

လီယိရန် : "ချန်ဝူ.... မင်းနဲ့ ချန်ယင်တူးက အမြဲတမ်း မကောင်းမှုတွေ လုပ်နေပြီး စစ်မှန်တဲ့ ဘုရင်ကျန်းခေတ် ကျဆင်းခြင်းရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းနေတာ... ဒါဆို ကောင်းကင်နားစွင့်သူရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲ မင်းသိလား... ကောင်းကင်နားဆင်သူ ဘုရင်အဆင့်က ကမ္ဘာပေါ်က အဖြစ်အပျက်တွေကို ဘယ်သူ့ကို လွှဲပြောင်းပေးမှာလဲ... နတ်ဘုရား ကိုယ်စား ဘယ်သူလုပ်မှာလဲ...."

ဖန်တီးခံရှောင်ဝူရဲ့ မျက်နှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။

လီကန်းဖုန်း : "မင်း အရင်က စိတ်ပျက်ခြင်းကုန်းစောင်းကို ရောက်ဖူးတယ်... ဒါဆို စိတ်ပျက်ခြင်းကုန်းစောင်း နောက်ကွယ်မှာ ဘာတွေရှိလဲ မင်းသိလား"

  ...

စကြဝဠာငယ်လေးထဲက ချန်ရှီ၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေပြီး အမြဲတမ်း ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခဲ့။ သူ့မွေးရာပါ တာအိုသန္ဓေသားကို ဘယ်သူက ဖြတ်ပြီး သူ့ကို သေစေခဲ့တာလဲဟု တွေးနေမိသည်။

ဒီလူရဲ့ လုပ်ရပ်က သူ့ကို ထိခိုက်စေရုံသာမက သူ့အဖိုး ချန်ယင်တူး၊ ချန်ထန်နဲ့ မိခင်ကိုပါ ထိခိုက်စေခဲ့သည်။ သူက အဲဒီရန်သူရဲ့ သရုပ်မှန်နဲ့ ဇစ်မြစ်ကို တကယ်သိချင်ပြီး သူ့လက်နဲ့ ကလဲ့စားချေချင်ခဲ့တာ။

သို့သော်လည်း ချန်ရှီသည် ယခုအချိန်တွင် စိုးရိမ်ပူပန်နေခြင်းက အသုံးမဝင်ကြောင်း သိတာကြောင့် ငြိမ်သက်သွားခဲ့သည်။ သူသည် ချီသွေးများကို တွန်းအားပေးပြီး သူ့စိတ်ကို တည်ငြိမ်စေရန် အတွေးတစ်ခုဖြင့် ငြိမ်သက်စေသော အဆောင်စာလုံးကို ဆွဲလိုက်သည်။

ခဏအကြာတွင် ဧကရာဇ်ရှောင်းလန်စွမ်းရည်ကို အသက်သွင်း၍ ခန္ဓာကိုယ်ထဲက ပျောက်ဆုံးနေသော ရှင်သန်မှုကို ဖြည့်ဆည်းရန် ကြိုးစားလေ့ကျင့်နေလိုက်သည်။

သူသည် မူလက ဧကရာဇ်ရှောင်းလန်စွမ်းရည်ကို ကောင်းကင်ကိုးလွှာ ဆဋ္ဌမအဆင့်အထိ လေ့ကျင့်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သူသည် မိုးကြိုးဘိုးဘေး၏ ခန္ဓာကိုယ်ကို အသုံးပြုခဲ့လေရာ ကောင်းကင် တတိယအဆင့်ကိုသာ ပြသနိုင်ခဲ့သည်။ ကောင်းကင်၏ စတုတ္ထအဆင့်ကို ပြသရန်ပင် အလွန်ခက်လာသည်။

ချန်ရှီသည် ကောင်းကင်သုံးလွှာကို ဦးစွာအသက်သွင်းခဲ့သည်။ ဤသေးငယ်သော ကောင်းကင်ကြီးထဲတွင် ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအင်များက ရုတ်တရက် မြင့်တက်လာခဲ့သည်။ ၎င်းတို့က ဘုံကျောင်းငယ်ထဲအထိ တိုးဝင်လာသည်။ ချီစွမ်းအင် စီးကြောင်း ၂ခုသည် အဆောင်နတ်ထျန်းကျီး၊ မယ်မယ်ရှစ်ကျီနဲ့ သူ၏အခြေတည်ဝိညာဉ် အကူအညီဖြင့် စုရုံးလာပြီး ကောင်းကင်သုံးလွှာထဲတွင် အရည်ပျော်သွားကာ ခန္ဓာကိုယ်အတွင်းသို့ သန့်စင်သွားသော ချီသွေးများအဖြစ် ပြောင်းလဲ တိုးသွားခဲ့သည်။

ဤစကြာဝဠာငယ်သည် လီမိသားစု၏ သခင်ကြီးနှစ်ယောက်၏ အနတ္တလေဟာပြင်ဘုံ ဖြစ်သည်။ ယင်းသည် ၎င်းတို့၏ တစ်သက်တာ ကျင့်ကြံမှု ရလဒ်ဖြစ်သလို ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအင်က အလွန်သန့်စင်သည်။ ဒါ့အပြင် ဖန်တီးခံရှောင်ဝူကလည် ၎င်းအတွင်းမှ မကောင်းသော စွမ်းအင်များကို စုပ်ယူခဲ့သည်။ ကျန်ရှိသော အပြုသဘောဆောင်သော ချီစွမ်းအင်များသည် ချန်ရှီအတွက် ကြီးမားသော အားဆေးဖြစ်သည်။

ချန်ရှီသည် နဂါးငွေ့တန်းအတွင်း စီးဆင်းနေသည့် လှေပေါ်တွင် ထိုင်နေ၏။ တက်ကြွမှု တဖြည်းဖြည်း လုံလောက်လာသည်နှင့်အမျှ စတုတ္ထကောင်းကင်က သူ့ခေါင်းနောက်တွင် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ နာရီဝက်လောက်ကြာတော့ ပဉ္စမကောင်းကင်ကြီး သူ့ခေါင်းနောက်မှာ ပေါ်လာသည်။

တစ်နာရီကြာပြီးနောက် ချီသွေးတွေက ပေါများလာပြီး ဆဋ္ဌမမြောက်ကောင်းကင်ကို ဖန်ဆင်းခဲ့သည်။

မူလက သူ့ချီသွေးများ အလွန်အင်မတန် ကုန်ခမ်းသွားခဲ့သည်။ သူသည် ချန်ယန်တောင်ရှိ ကြေးမုံအိုင်အိမ်တော်သို့သွား၍ ခေါင်းတလားထဲတွင် လှဲနေလျှင်ပင် ပြန်လည် ကောင်းမွန်ရန် ခြောက်ရက် သို့မဟုတ် ခုနစ်ရက်ကြာမည်ဖြစ်သည်။ သို့သော် ဤစကြာဝဠာငယ်လေးတွင် ဆုံးရှုံးသွားသော တက်ကြွမှုကို ပြန်လည်ဖြည့်တင်းရန် နှစ်နာရီသာကြာသည်။

ည၏ဒုတိယတစ်ဝက်တွင် သတ္တမမြောက်ကောင်းကင်က ချန်ရှီ၏ ခေါင်းအနောက်တွင် ဖြစ်ပေါ်လာခဲ့သည်။ အဆောင်စာလုံး စွမ်းအင် ကုန်ဆုံးသွားသော်လည်း လှေကို နဂါးငွေ့တန်းဖြင့် စီးဆင်းစေပြီး လှေပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသေး၏။

မိုးသောက်ပြီးသောအခါ ထိုင်​နေရာမှ နိုးလာခဲ့သည်။ မိုးကြိုးကျောက်စိမ်း စွမ်းအင်ကြောင့် ဒဏ်ရာရသွားတဲ့ ချီသွေးတွေ ပြန်လည် ဖြစ်ပေါ်လာပြီး အဋ္ဌမမြောက် ကောင်းကင်ကတောင် သူ့ဦးခေါင်းနောက်တွင် ပေါ်လာသည်။ သူ့ရဲ့ အခြေတည်တဲ့ စိတ်ဝိညာဉ်ကလည်း အရင်ကထက် ပိုကြီးမားလာ၏။

ချန်ရှီ မတ်တပ်ထရပ်ကာ လှေပေါ်မှ ခုန်ဆင်းလိုက်သည်။ တစ်ဖန် ကြေးဝါမှန်ပေါ်မှ ခုန်ဆင်းကာ ဖန်တီးခံရှောင်ဝူရဲ့ အခန်းကြမ်းပြင်ပေါ်သို့ ဆင်းသက်ခဲ့သည်။

ဖန်တီးခံရှောင်ဝူကတော့ အခန်းထဲတွင် မရှိ​နေခဲ့ပါ။

အပြင်ဘက်လမ်းကြားတွင် ကလေးများက အော်ကြသည်။ ချန်ရှီ ပြတင်းပေါက်ကို ဖွင့်ပြီး အောက်ကို ငုံ့ကြည့်လိုက်တော့ ဖန်တီးခံရှောင်ဝူနှင့် ကလေးတစ်အုပ် လမ်းကြားတွင် ဆော့ကစားနေတာ တွေ့လိုက်ရသည်။

ထိုလူက သူ့အကြည့်ကို သတိပြုမိတာကြောင့် ဘောလုံးကို နင်းထားရာမှ သူ့ကို မော့ကြည့်ကာ ပြုံးပြလာသည်။

All Chapters