← Chapters

အိပ်မက် သန့်စင်ရည်

Vol. 102 Ch. 1428

အိပ်မက် သန့်စင်ရည်

Vol. 102 Ch. 1428

"အိုး…"

ဝေ့ဝူယင်၏ မျက်လုံးများက စိတ်ဝင်စားမှု များနှင့် ပြည့်နှက် သွားခဲ့၏။

လျှို့ဝှက်စွာ မှတ်သားရန် သာ ရည်ရွယ်ခဲ့ သော်လည်း ဝိညာဉ် တစ်ခုမှာ သူ၏ မှတ်သားမှုကို ချက်ချင်းပင် ရှာဖွေတွေ့ရှိသွားကြောင်း သူ သတိပြုမိခဲ့သည်။ ၎င်းကို ရှာဖွေတွေ့ရှိရန် အလွန်အမင်း အစွမ်းထက်သော ဝိညာဉ်အာရုံ လိုအပ်သည်။

"ဝိညာဉ်သခင် တစ်ဦးလား…"

ဝေ့ဝူယင် လက်ကို ဝှေ့ယမ်းလိုက်ရာ လင်းရှန်းရှဲ့၏ ဖေးမမှု အောက်တွင် ရှိနေသည့် လင်းမင်၏ ပုံရိပ်က တိမ်တိုက်များ ဝန်းရံလျက် ထွက်ပေါ်လာခဲ့သည်။

"အော်ရာက ဝတ်စုံနက် ဝေ့ဝူယင် မှတ်မိထားပုံနဲ့ မတူဘူး… မပြည့်စုံတာလား… ပျက်စီးနေတာလား"

သူ မေးစေ့ကို ပွတ်သပ်ရင်း ခဏတာမျှ စဉ်းစားလိုက်၏။

ထိုအခိုက်တွင်ပင် လှပသော ချောင်စွေ့ဖုန်းမှာ အခန်း အတွင်း ဝင်လာသည်ကို မြင်လိုက်ရလေရာ ဝေ့ဝူယင် အကြည့် ပြောင်းလိုက်သည်။

"အခြေအနေ ဘယ်လိုလဲ"

ဝေ့ဝူယင် မေးလိုက်၏။

"အောင်မြင်ဖို့ ၈၉ ရာခိုင်နှုန်းလောက် အခွင့်အလမ်းရှိတယ်"

ချောင်စွေ့ဖုန်းက ခေါင်းညိတ်ကာ ဖြေလိုက်သည်။

ထို့နောက်… သူမက ဝေ့ဝူယင် ဖန်တီးထားသည့် မြင်ကွင်းကို လှမ်းကြည့် လိုက်၏။ ထိုအခါ ခန့်ညား ချော‌မောသော လူငယ်တစ်ဦးနှင့် ဖေးမထားသည့် ရွှေရောင်ဆံပင် ပိုင်ရှင် မိန်းမလှလေစ တစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများက မသိမသာ တောက်ပသွားပြီးနောက် အကြည့်လွှဲ လိုက်သည်။

"အခွင့်အလမ်းကောင်းပဲ"

ဝေ့ဝူယင်က ချောင်စွေ့ဖုန်း၏ တုံ့ပြန်ပုံကို အလေးအနက် မထားပဲ ပြုံးလိုက်သည်။ ဤသည်မှာ သူ၏ ကမ္ဘာဖြစ်လေရာ မည်သည့် တုံ့ပြန်မှုမျှ သူ၏ အကြည့်မှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ ထိုအထဲ၌ ချောင်စွေ့ဖုန်းထံမှ အရိပ်အမြွက်လောက် ထွက်သွားခဲ့သည့် ဒေါသလည်း အပါအဝင် ဖြစ်သည်။

ရွှေရောင် ဆံပင်နှင့် မိန်းကလေးမှာ သူမနှင့် ဝေ့ဝူယင်တို့ စေ့စပ်ထားကြောင်း မမှန်မကန် ကောလာဟလများ ဖြန့်ခဲ့သူ ဖြစ်ကြောင်း ချောင်စွေ့ဖုန်း အလွယ်တကူ မှတ်မိခဲ့သည်။ ထိုဖြစ်ရပ်မှာ ယခင်က အရေးမကြီးခဲ့သော်လည်း ယခုအခါ ဝေ့ဝူယင် က သူမဘဝ၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ချောင်စွေ့ဖုန်းမှာ အချစ်ရေးတွင် အတွေ့အကြုံ သိပ်မရှိသေးကြောင်း ဝေ့ဝူယင် စိတ်ထဲမှ မှတ်ချက် ချလိုက်၏။

"ရှင် လိုချင်တာ အကုန် ရှာတွေ့ပြီလား…"

ချောင်စွေ့ဖုန်းက စိတ်ကို ပြောင်းလဲရင်း မေးလိုက်၏။

ဝေ့ဝူယင်မှာ မကြာခင် ရောက်ရှိလာမည့် ကပ်ဘေး၏ လက္ခဏာအချို့ကို အဂ္ဂိရတ် ကုန်စည် ပြပွဲတွင် ရှာဖွေလိမ့်မည် ဖြစ်ကြောင်း သူ၏ ရည်ရွယ်ချက်များကို လျှို့ဝှက်ထားခဲ့ခြင်း မရှိပေ။ အသေးစိတ် မပြောခဲ့သော်လည်း သူ အခြေအနေ တစ်ခုလုံးကို ခြုံငုံ၍ ရှင်းပြခဲ့သည်။

"လိုချင်တာထက် ပိုတောင်များတယ်…"

ဝေ့ဝူယင်က ကျေနပ်သော အပြုံးဖြင့် ဆိုလိုက်၏။

"နောက်တစ်ဆင့်ကို ဆက်သွားကြစို့…"

ဝေ့ဝူယင်က သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လင်းရှန်းရှဲ့ နှင့် လင်းမင် တို့၏ ပုံရိပ်နေရာတွင် ထျန်းရှောင်ချွမ်း ၏ လှပသော ပုံရိပ်က အစားထိုး ဝင်ရောက်လာခဲ့သည်။

စင်မြင့်ထက်တွင်တော့… ထျန်းရှောင်ချွမ်းက ကြေညာလိုက်၏။

"ငါးမိနစ် ပြည့်ပါပြီ… အခု ကောင်းချီးရဲ့ ဒုတိယပိုင်းကို စတင်ပေးအပ်ပါတော့မယ်"

ဒုတိယပိုင်းလား…။

ဟူး… ဟူး…

မည်သူမျှ ကောင်းစွာ မတုံ့ပြန်နိုင်မီမှာပင် သန့်စင်သည့် စိတ်စွမ်းအင် အများအပြားက ဧဒင်ကမ္ဘာကို လွှမ်းမိုးသွားခဲ့သည်။ ရုတ်တရက် လူတိုင်းမှာ အသိစိတ် ပင်လယ် အတွင်း ရေစီးကြောင်းများ စီးဝင်လာသလို ခံစားလိုက်ရ၏။

"သန့်စင်တဲ့ စိတ်စွမ်းအင်တွေ"

ကျင့်ကြံသူ တစ်‌ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ ငါးမိနစ် အချိန် အတွင်း အထူးသဖြင့် ပထမ စက္ကန့်အနည်းငယ်အတွင်း ပြိုလဲခဲ့သူများ အားလုံးမှာ စိတ်စွမ်းအင်ဝဲဂယက်များဖြင့် ဝိုင်းရံခံရကာ ဧဒင်ကမ္ဘာ ထဲတွင် ခမ်းနားထည်ဝါစွာ လေထဲသို့ မြင့်တက်လာခဲ့ကြသည်။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှု လက္ခဏာများမှာ တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားကာ မျက်လုံးများတွင် အသိဉာဏ် အလင်း ရောင်များက ပြန်လည်၍ ဝင်ရောက်လာသည်။

"ဒါဟာ အိပ်မက် သန့်စင်ရည် ဖြစ်ပါတယ်… အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ကိုယ်တိုင် အထူး နည်းစနစ်တွေနဲ့ သန့်စင်ထားတဲ့ ရှားပါး စိတ်အားဖြည့် ရင်းမြစ်တစ်ခု ဖြစ်ပါတယ်…”

“အိပ်မက် သန့်စင်ရည်က စိတ်ဝိညာဉ် ထိခိုက်မှုတွေကို ပြုပြင်ပေးနိုင်သလို အသိစိတ် ပင်လယ်၊ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် နဲ့ အတွေးတွင်းပေါက် စတဲ့ စွမ်းအင် သုံးမျိုးရဲ့ အဆင့်တွေကို ပြန်ပြီး မြှင့်တင်ပေးနိုင်ပါတယ်… နောက်ထပ် ငါးမိနစ်အတွင်းမှာ မင်းတို့ရဲ့ စိတ်ကိုယ်ပွားတွေကနေ တတ်နိုင်သမျှ စုပ်ယူပြီး သန့်စင်နိုင်ပါတယ်"

ယခုအခါတွင်မှ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် လူငယ်များ၏ အကြီးအကဲများ၊ မိဘများ၊ မိတ်ဆွေ အပေါင်းအသင်းများနှင့် မဟာမိတ်များမှာ စုပေါင်း သက်ပြင်းချနိုင်ကြတော့သည်။ ပြိုင်ပွဲဝင်များ ဝက်ရူးပြန်သကဲ့သို့ တွန့်လိမ်နေသည်ကို မြင်ရခြင်းက သူတို့ အတွက် မလွယ်ကူလှချေ။

ထို့အပြင် ဧဒင်ကမ္ဘာမှာ သူတို့ကို ဝင်ရောက်စွက်ဖက်ခွင့် မပြုခဲ့ပေ။ အချို့ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ အတင်းအကြပ် လုပ်ဆောင်ရန် ကြိုးစားခဲ့ကြသော်လည်း ဖီဆန်ပေါက်စမှ ထွက်ပေါ်လာသည့် ရွှေရောင် အလင်းလှိုင်းကြီးက အားလုံးကို နှိမ်နင်း ချေမှုန်းပစ်ခဲ့သည်။

စမ်းသပ်ပွဲက ငါးမိနစ်မျှသာ ကြာမြင့်ခဲ့တာ ကံကောင်းပေသည်။

အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ အဖြစ်အပျက်များ၊ အထူးသဖြင့် အလွန်တရာ မြန်ဆန်ကာ ရုတ်ချည်း ပေါ်ပေါက်လာတတ်သော ကောင်းချီးများမှာ ပရိသတ်ပေါင်း များစွာကို အချိန်မီ တုံ့ပြန်ရန် ခက်ခဲစေခဲ့သည်။

ထိုအခိုက်အတန့်၌ လူတိုင်းမှာ သူတို့၏ ခန္ဓာကိုယ်များက ထူးဆန်းသော အရည် တစ်မျိုးထဲတွင် နှစ်မြှုပ်နေကြောင်းကို တွေ့ရှိခဲ့ကြသည်။

တစ်ခုတည်းသော ချွင်းချက်က ထာဝရ အစည်းအရုံ အဖွဲ့ ဖြစ်သည်။ ထာဝရ နတ်ဘုရားမှာ သူတို့၏ နယ်မြေကို လုံးဝ ကန့်သတ် ပိတ်ဆို့ထားခဲ့သည်။ သူက ထိုအရည်ကို သူတို့ထဲမှ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိတွေ့ခွင့် မပြုခဲ့‌ ချေ။

ဝှစ်…

သူက လက်ကို ဝှေ့ယမ်းကာ စိတ်စွမ်းအင် အော်ရာများ ထွက်ပေါ်နေသည့် ထူးခြားသော ဖန်ပုလင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ကံမကောင်းစွာဖြင့် ထိုပုလင်းမှာ အိပ်မက် သန့်စင်ရည်ကို အောင်မြင်စွာ စုပ်ယူနိုင်ခြင်း မရှိကြောင်း တွေ့ရှိခဲ့ရသည်။

ထာဝရနတ်ဘုရား၏ မျက်ခုံးများမှာ တွန့်ချိုးသွား၏။

စိတ်စွမ်းအင်ဖြည့် ထုတ်ကုန်များမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ရှားပါးသည့် ရတနာများ မဟုတ်ပေ။

တစ်ချို့သော သဘာဝ ရင်းမြစ်များနှင့် လူလုပ် ထုတ်ကုန် များစွာမှာ စိတ်ကို ကျင့်ကြံရာတွင် ကူညီပေးနိုင်ကာ အသိစိတ် ပင်လယ် ချဲ့ထွင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို ခိုင်မာစေခြင်း နှင့် အတွေးတွင်းပေါက် မြှင့်တင်ခြင်းတို့ကို လုပ်ဆောင် ပေးနိုင်သည်။ အဂ္ဂိရတ် တာအိုတွင်လည်း ထိုကဲ့သို့ လုပ်ဆောင်ပေးနိုင်သည့် ထုတ်ကုန်များစွာ ရှိသည်။

…

ဟူး… ဟူး…

လူငယ် ထရီ‌လျံ ထောင်ပေါင်း များစွာမှာ အိပ်မက် သန့်စင်ရည်ကို အရူးအမူး သဖွယ် စုပ်ယူ နေခဲ့ကြပြီ ဖြစ်သည်။

စက္ကန့်တိုင်း၊ စက္ကန့်တိုင်း၌ ကုန်ခမ်းနှုန်းက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ စီနီယာများမှာ ထိုနှုန်းကို ကြည့်ရင်း ဝေ့ဝူယင်က အဘယ်ကြောင့် ငါးမိနစ် ကန့်သတ်ထားခဲ့ရသည်ကို သဘောပေါက် သွားခဲ့ကြသည်။

သို့သော်လည်း… စန်းယွန်းလီကတော့ တွန့်ဆုတ်နေဆဲ ဖြစ်သည်။

“ဒီအရည်က လုံခြုံရဲ့လား…”

စန်းယွန်းလီက သူ၏ စိတ်ထဲရှိ ရှေးဟောင်း ကျင့်ကြံသူကို မေးလိုက်သည်။ ငါးမိနစ်တာမျှ ကြံ့ကြံ့ခံပြီးနောက် သူမ၏ ရည်မှန်းချက် ဖြစ်သည့် အာရုဏ်ဦး နေကြယ် မျိုးစေ့ ဆေးလုံးကို ရရှိခဲ့ပြီး ဖြစ်သည်။

သူမက ဆေးလုံးအား ရရှိခဲ့သည့် တစ်ထောင်ပင် မပြည့်သော လူငယ်များထဲတွင် တစ်ယောက် အပါအဝင် ဖြစ်သည်။ ပိုမို၍ တိတိကျကျ ဆိုရလျှင် ၉၉၉ ယောက်တည်းသာ စမ်းသပ်မှုကို အောင်မြင်ခဲ့သည်။

အာရုဏ်ဦး နေကြယ် မျိုးစေ့မှာ အဆင့်ကိုး အဆင့်နိမ့် ဆေးလုံးတစ်လုံးသာ ဖြစ်သော်လည်း ချပ်ပိတ်နယ်မြေ အတွင်း လူအများ မေ့လျော့ နေခဲ့ကြသည့် လမ်းကြောင်း တစ်ခုကို ပုံဖော် အသက်သွင်း ပေးနိုင်သည်။

သို့သော်လည်း… အိပ်မက်သန့်စင်ရည်ကို ဝေ့ဝူယင်က သန့်စင် ထားခဲ့ခြင်း ဖြစ်သည်။ ထိုအထဲ၌ မကောင်းသော ရည်ရွယ်ချက် တစ်ချို့ ပါရှိနေမည်ကို သူမ သံသယ ရှိနေခဲ့ပေသည်။

“တော်တော် သူရဲဘောကြောင်တာပဲ…”

စိတ်ထဲရှိ အသံပိုင်ရှင်က လှောင်ပြောင် လိုက်လေ၏။ သို့သော်လည်း… ထိုအရာကပင် စန်းယွန်းလီကို ပိုမို၍ မျက်မှောင်ကြုတ် သွားစေခဲ့လေသည်။

…

အခြားတစ်ဖက်၌ လင်းမင်ကတော့ အများကြီး တွေးတောခြင်း မရှိပါချေ။ သူ့အတွက် အိပ်မက် သန့်စင်ရည်မှာ နွေရာသီ၏ ပူပြင်းသော နေ့တစ်နေ့တွင် အအေးတစ်ခွက် သောက်သုံး လိုက်ရသလိုပင်…။

ရုတ်တရက်… သူ၏ စိတ်မှာ အိပ်မက်များထဲ၌ လွင့်‌‌မြော သွားခဲ့သည်။ အိပ်မက်တိုင်းမှာ နှစ်စက္ကန့်၊ သုံးစက္ကန့် မျှလောက်သာ ကြာမြင့်သော်လည်း ရက်ပေါင်းများစွာ ရှည်ကြာ သကဲ့သို့ ခံစားရသည်။ ထို့နောက်တွင်တော့ သူ၏ အသိစိတ် ပင်လယ်၊ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်နှင့် အတွေး တွင်းပေါက်တို့မှာ ဖွံ့ဖြိုးလာကြောင်း ခံစားလိုက်ရတော့သည်။

ချက်ချင်းပင်… လောဘစိတ်က လင်းမင်၏ နှလုံးသား အတွင်း မွေးဖွားလာခဲ့၏။

ထို့နောက်တွင်‌တော့ သူ ဘာကိုမှ ထိန်ချန် မထားတော့ပဲ ရုပ်ခန္ဓာ၏ ယိုယွင်းမှု အခြေအနေကိုပင် လျစ်လျူကာ အရည်များကို သန့်စင်ဖို့ ကြိုးစားလိုက်တော့သည်။

စက္ကန့် သုံးဆယ် နီးပါးလောက် အရောက်တွင်တော့ စန်းယွန်းလီ၏ ခေါင်းထဲရှိ အသံပိုင်ရှင်မှာ ဆက်လက် တိတ်ဆိတ် နေနိုင်ခြင်း မရှိတော့ချေ။

“‌ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ… ဘာအန္တရာယ်မှ မရှိဘူး… မြန်မြန်လုပ်”

ဝေ့ဝူယင်က ငါးမိနစ်မျှ အချိန်ပေးထားသည့်တိုင် ထရီလျံပေါင်း များစွာသော ကျင့်ကြံသူများ၏ စုပ်ယူမှု နှုန်းက အလွန်ပင် လျှင်မြန်လှလေရာ တစ်မိနစ်ပင် ခံဖို့ မသေချာပါချေ။

ပဉ္စမမြောက် ကောင်းချီးကို ခံစားရန် တွန့်ဆုတ် မနေသင့်ပါချေ။

***

All Chapters