ဒုတိယမြောက် အဂ္ဂိရတ် ထုတ်ကုန်
Vol. 102 Ch. 1416
စန်းလော့ယန်မှာ ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် တတိယ အကြိမ်မြောက် သက်ပြင်းတစ်ချက် ချလိုက်၏။ သို့သော်လည်း… ထာဝရ အစည်းအရုံး ဘဏ္ဍာတိုက် ဖောက်ထွင်း ခံရခြင်းနှင့် ပတ်သက်သည့် ကိစ္စများကို သူ လျှို့ဝှက်ကျိန်စာ ကျိန်ဆိုထားရလေရာ ထိုအခြေအနေကို ရှင်းပြ၍မရနိုင်ခဲ့ချေ။ အကယ်၍ သူသာ အဂ္ဂိရတ် ရှန့်ထို အဆင့်ကို မတက်လှမ်းနိုင်ခဲ့ပါက အထွေထွေ အတွင်းရေးမှူး အနေဖြင့်ပင် ထာဝရနတ်ဘုရားက ထိုကိစ္စများကို သူ့အား အသိပေးမည်မဟုတ်ချေ။
မည်သို့ပင် ဆိုစေ… ထာဝရနတ်ဘုရား လက်ရှိ ခံစားနေရသော ပေါက်ကွဲ ဒေါသများကို သူ နက်နက်ရှိုင်းရှိုင်း နားလည်ပေသည်။
ဘဏ္ဍာတိုက် ဖောက်ထွင်း ခံရခြင်းနှင့် ပတ်သက်၍… ယခင်က ကောင်းကင် ပရောဟိတ်များ ပင်လျှင် တရားခံက မည်သူ ဖြစ်ကြောင်း တိကျစွာ ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ချေ။ ထာဝရ နတ်ဘုရားက ဝေ့ဝူယင် အပေါ် သံသယ များစွာ ရှိခဲ့သည့်တိုင် လူငယ် ပါဝင်ခဲ့ကြောင်း သူတို့ထံ၌ သက်သေ အထောက်အထား တစ်ခုမှ မရှိခဲ့ချေ။
သို့သော်လည်း ဤစက္ကူဖြူထက်တွင် ရေးသားထားသည့် စကားလုံးများ အရ တရားခံမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း ခန့်မှန်းရန် လုံလောက်သည်ထက်ပင် ပိုနေခဲ့ပြီ ဖြစ်သည်။
ထာဝရနတ်ဘုရားမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေထံ လျှို့ဝှက် အစီအစဉ် တစ်ရပ်ဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူက အဂ္ဂိရတ် ကုန်စည်ပြပွဲကို အသုံးပြု၍ တရားခံကို ဖော်ထုတ်ရန်သာမကဘဲ ခိုင်လုံသော သက်သေအထောက်အထားများဖြင့် ခိုးယူခံရသော ပစ္စည်းများကို ပြန်လည် ရယူရန် အတွက်လည်း ရည်ရွယ်ခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ဤကိစ္စရပ်အပေါ် တိုက်ရိုက်ပင် ဝန်ခံ နေခဲ့ပြီ ဖြစ်သည်။ ၎င်းက ပွင့်လင်းသော စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပေသည်။
လူငယ်က… "မင်း ငါ့ကို မင်းရှာနေတာ ငါသိတယ်… ငါ ဒီမှာပဲ ရှိနေတယ်" ဟု ပြောနေသယောင်ပင်။
အခြား တစ်ဖက်၌… စန်းယွန်းလီကတော့ ဆက်စပ် စဉ်းစားစရာ အချက်အလက်များ မရှိလေရာ… မွေးစားဖခင်၏ တိတ်ဆိတ်မှုကို နားမလည်နိုင်ခဲ့ချေ။ အကယ်၍ ထာဝရ အစည်းအရုံးမှာ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲကို သွယ်ဝိုက်၍ ရန်ပုံငွေ ထောက်ပံ့နေကြောင်းကိုသာ သူမ သိပါက စကားပင်မပြောနိုင်အောင်ပင် ဆွံ့အ သွားပေလိမ့်မည်။
…
အနီးအနား ဧရိယာများရှိ လူများမှာ ထာဝရ အစည်းအရုံး၏ ဟင်းလင်းပြင် သင်္ဘောကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေခဲ့ကြ၏။
သို့သော်လည်း… အာရုဏ်ဦး ဖီဆန် နေကြယ်၏ ကာကွယ်မှုများကြောင့် အရာအားလုံး ပြန်လည် တည်ငြိမ်သွားပြီးနောက် သူတို့မှာ ပံ့ပိုးပေးထားသော အရင်းအမြစ်များအား သန့်စင်ရန်မှာ အာရုံစိုက်ခဲ့ကြတော့သည်။ ထာဝရ အစည်းအရုံး အတွင်း ဖြစ်ပွားနေခဲ့သည့် အတွင်းရေး ကိစ္စများက သူတို့ အတွက် အရေးမပါချေ။
သူတို့ အတွက် အရေးပါသည်က အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ဖြစ်သည်။ ၎င်းမှာ အလွန် အံ့သြဖွယ်ကောင်းကာ တက်ရောက်လာသူတိုင်း အတွက် အကျိုးရှိအောင် စီမံထားရာ အလွန် ချီးကျူးဖွယ်ရာ ကောင်းလှသည်။ အာရုဏ်ဦး ဝိညာဉ်ပင်လယ် ဆေးရည် တစ်ခုတည်းကပင် ပြပွဲတစ်ခုလုံးကို ဒဏ္ဍာရီဆန်ဆန် ဖြစ်တည် စေခဲ့သည်။
အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် အနေဖြင့် အရာအားလုံးကို ဤနေရာတွင် အဆုံးသတ်လိုက်လျှင်ပင် သူတို့၏ ခရီးက အလွန်တရာ ထိုက်တန် နေခဲ့ပြီ ဖြစ်သည်။
…
ဧဒင်ကမ္ဘာ၏ လျှို့ဝှက် နယ်မြေ အတွင်းတွင် ဝေ့ဝူယင်မှာ တစ်ယောက်တည်း ရှိနေခဲ့သည်။ ချောင်စွေ့ဖုန်းမှာ သူမ၏ တူဖြစ်သူ ဝိညာဉ် ရှန့်ထို ဧကရာဇ်ကို ရှာဖွေရန် ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း တကယ်တမ်းအားဖြင့် သူ တစ်ယောက်တည်းတော့လည်း မဟုတ်ချေ။
"အရာအားလုံး အဆင်သင့်ဖြစ်ပြီလား"
ဝေ့ဝူယင်က မေးလိုက်၏။
"သခင် တောင်းဆိုထားတဲ့အတိုင်း နောက်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ…"
ပိုင်ရှူ၏ စိတ်လှုပ်ရှားနေသော အသံက လျှို့ဝှက် နယ်မြေ တစ်ခုလုံးကို ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။
"ငါတို့ရဲ့ အထူးကဒ်ကရော"
ဝေ့ဝူယင်က ဆက်မေးလိုက်၏။
"အဲဒါလည်း အောင်မြင်လု နီးပါး အခြေအနေမှာ ရှိနေပါပြီ"
ပိုင်ရှူက အတည်ပြုလိုက်သည်။ ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။
"ဒါပေမယ့် သခင်ကရော"
"..."
ဝေ့ဝူယင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် စိတ်ပိုင်းဖြတ်ထားသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"အဂ္ဂိရတ် ကုန်စည်ပြပွဲရဲ့ နောက်ဆုံးအပိုင်းကို ငါ ကိုယ်တိုင်လုပ်ဆောင်ပါ့မယ်..."
"ဟုတ်ကဲ့…"
ပိုင်ရှူက ပျော်ရွှင်စွာဖြင့် အော်လိုက်၏။ ဝေ့ဝူယင်က သူမကို ကြည့်ကာ ဖြူရော်စွာ ပြုံးလိုက်မိသည်။
"ဘာလို့ ဒီလောက်ပျော်နေရတာလဲ။"
"ဘာလို့ မပျော်ရွှင်ရမှာလဲ… သခင်က တခြားသူတွေရဲ့အောင်မြင်မှုအရိပ်အောက်နေ ထွက်ပြီး ကိုယ်ပိုင်အမွေအနှစ်ကို စတင်ဖို့ အချိန်တန်နေပြီလေ… ဒါက သခင့်ရဲ့ ကိုယ်ပိုင် အချိန်ပဲ…"
ပိုင်ရှူက ဂုဏ်ယူစွာဖြင့် ရှင်းပြလိုက်၏။ သူမက လေသံထဲမှ ဝမ်းသာမှုများကို ဖုံးကွယ် မထားနိုင်ပါချေ။
"..."
ဝေ့ဝူယင်မှာ တိတ်ဆိတ်စွာ ရှိနေခဲ့သော်လည်း သူ၏ ငွေရောင်မျက်လုံးများ အတွင်းတွင်တော့ ခံစားချက်များက တဖြည်းဖြည်း ပေါ်လွင် နေခဲ့လေတော့သည်။
…
သုံးပတ်…
သုံးပတ်ဆိုသည့် အချိန်ကာလက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အလွန် တိုတောင်းသည့် အချိန်ကာလ တစ်ခု ဖြစ်သည့်တိုင် အာရုဏ်ဦး မြူခိုး နှင့် အဖိုးတန် အရင်းအမြစ်များစွာ ပေါင်းစပ်မှုကြောင့် ကျင့်ကြံသူ အတော်များများမှာ သူတို့၏ ကျင့်ကြံခြင်း အဆင့်များတွင် တိုးတက်မှုများ ရရှိခဲ့ကြပြီး ပိုမို မြင့်မားသော အဆင့်များသို့ပင် တက်လှမ်းနိုင်ခဲ့ကြသည်။ ကြယ်တာရာ သခင် အဆင့် အနည်းငယ် ဆိုလျှင် လျှို့ဝှက် အာဏာရှင် အဆင့်သို့ တက်လှမ်းရန်ပင် ကြိုးစားခဲ့ကြသည်။
"အားလုံးကို ပြန်လည်ပြီးတော့ ကြိုဆိုလိုက်ပါတယ်ရှင်… အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲရဲ့ ဒုတိယမြောက် ထုတ်ကုန်ကို ထုတ်ဖော်ပြသဖို့ အချိန်အခါ ကျရောက် လာခဲ့ပါပြီ…"
နောက်တစ်ဖန် ပြန်လည် ထွက်ပေါ်လာသည့် ထျန်းရှောင်ချွမ်း၏ ကြေညာသံက လူများ၏ ခံစားချက်များကို တစ်ခဏချင်း ပြောင်းလဲပစ်လိုက်၏။ သူတို့၏ နှလုံးသားက ဒုတိယအကြိမ်မြောက် အဖြစ် တဟုန်းဟုန်း တုန်ရီ လာခဲ့ပြန်လေသည်။
အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ အဓိက အစီအစဉ် တင်ဆက်သူ အနေဖြင့် ဧကရီမှာ လက်ရှိ အချိန်အထိ သတင်းကောင်းများကိုသာ တင်ဆက်ပေးခဲ့လေရာ သူမ၏ အသံကို ကြားရုံဖြင့်ပင် ပရိသတ်များမှာ မျှော်လင့်ချက်များနှင့် ပြည့်နှက်လာခဲ့သည်။
လင်းမင်က လင်းရှန်းရှဲ့၏ နံဘေးတွင် ရပ်နေခဲ့ကာ သူ့ မီးခိုးရောင်မျက်လုံးများက မိန်းကလေးကို သံသယဝင်စွာ အကဲခတ် နေခဲ့သည်။ နှစ်ပတ်တာမျှ အချိန် ကာလအတွင်း၌ သူမမှာ ကောင်းကင်ကိုပင် လှုပ်ခါနိုင်လောက်သည့် အပြောင်းအလဲတစ်ခုအား ခံယူခဲ့ပုံရသည်။
"သူက အရည်အသွေးနိမ့် အာရုဏ်ဦး ဝိညာဉ်ပင်လယ် ဆေးရည်ထက် ပိုကောင်းတဲ့ဆေးရည်ကို သောက်သုံးခဲ့တာ သေချာတယ်"
လင်းမင်၏ ခေါင်းထဲရှိ အသံက အသေအချာပင် ပြောလိုက်၏။ လင်းမင်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ ထို့နောက်တွင်တော့ သူက ပြုံးလိုက်သည်။ ဝေ့ဝူယင်၏ အစေခံဖြစ်ရတာက အကျိုးကျေးဇူးအချို့ကို ရရှိစေပုံရသည်။
ထိုအရာက သူ့အတွေးဖြစ်သည်။ သို့သော်လည်း တစ်ချိန်တည်း၌ ဝေ့ဝူယင်က လင်းရှန်းရှန်းကို အကြောင်းပြချက်မရှိဘဲ အဆင့်ကိုး ထိပ်ဆုံး အဆင့်၊ အရည်အသွေးမြင့် ဆေးတစ်လုံးကို ပေးလိမ့်မှာ မဟုတ်ဟု ထူးဆန်းစွာ ခံစားနေရသည်။
ဖြစ်နိုင်သည်က…
လင်းရှန်းရှဲ့နှင့် အံ့သြစရာ ကောင်းလောက်အောင် တူညီသည့် အမျိုးသမီးကို ပြန်လည် တွေးတော မြင်ယောင်ရင်း… အကြောင်းပြချက် မရှိပဲ လင်းမင်၏ နှလုံးသားက မခံမရပ်နိုင်အောင် ယားယံလာခဲ့သည်။ ရုတ်တရက် လင်းမင် လင်းရှန်းရှဲ့ဘက်ကို လှည့်ကာ မေးလိုက်၏။
"အစ်မလင်း… အစ်မရဲ့ အဖေ ဘယ်မှာလဲ.. "
"..."
လင်းရှန်းရှဲ့ တစ်ယောက် အလွန်ပျော်ရွှင်နေခဲ့သည်။ အထူးသဖြင့် မိခင်ဖြစ်သူ စီစဉ် ပေးခဲ့သည့် အာရုဏ်ဦး ဝိညာဉ် ပင်လယ် ဆေးရည်ကို သန့်စင်ခွင့် ရရှိခဲ့ခြင်းက လုံးဝ ထင်မှတ် မထားသည့် ကိစ္စ တစ်ခု ဖြစ်သည်။ ထို့အပြင်… အဆိုပါ ဆေးရည်မှာ အရည်အသွေးနိမ့် ဆေးရည်များလို အာနိသင် ပျက်ပြယ်သွားခြင်း မရှိပဲ သူမ၏ မူလ အလင်း ရင်းမြစ်ကို တစ်စိမ့်စိမ့် ချဲ့ထွင်ရင်း သဘာဝအတိုင်း ဆက်လက်သန့်စင်နေဆဲ ဖြစ်သည်။
သို့သော်လည်း လင်းမင် ရုတ်တရက် မေးလိုက်သည့် မေးခွန်းက သူမ၏ အတွေးများကို လွင့်ပျောက်သွားစေခဲ့သည်။
"ဟမ်…"
သူမ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။ မျက်လုံးများထဲမှ အပြုံးများကလည်း ပျောက်ကွယ်သွားခဲ့သည်။
“...”
လင်းမင် မမေးသင့်သည့် မေးခွန်းတစ်ခုကို မေးလိုက်မိပြီ ဖြစ်ကြောင်း သဘောပေါက် သွားခဲ့သည်။ ထို့ကြောင့်ပင် ၎င်းကို ပြန်ဖြေရန် အတွက် သူက လျှောချလိုက်သည်။
"ကျွန်တော် ဒီအတိုင်း သိချင်လို့ မေးမိတာပါ.. အဆင်မပြေတဲ့ ကိစ္စဆိုရင် ဖြေစရာ မလိုပါဘူး…"
"..."
လင်းရှန်းရှဲ့ က လင်းမင်ကို တင်းမာစွာ စိုက်ကြည့်နေခဲ့၏။ ထို့နောက် သူမက မျက်နှာလွှဲလိုက်ပြီး စင်မြင့်အလယ်ကို ပြန်လည် အာရုံစိုက်လိုက်သည်။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက သူမ၏ မျက်ဝန်းများထဲတွင် အေးစက်စက် အရိပ်အငွေ့တစ်ခု ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူမရဲ့မျက်လုံးတွေမှာ အေးစက်မှုအသစ်တစ်မျိုး ပေါ်လာခဲ့တယ်။
"..."
လင်းမင် တစ်ယောက် စိတ်ထဲတွင် မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရ၏။ သို့သော်လည်း... သူ့ မေးခွန်းကြောင့် ခေါင်းထဲရှိ အသံပင်မှာ ပုံမှန်မဟုတ်စွာ တိတ်ဆိတ်သွားခဲ့သည်ကိုတော့ သူ သတိမထားလိုက်မိပါချေ။
"ဒီတစ်ခါ ကျွန်မ တင်ဆက်ပေးချင်တာကတော့ အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်လို့ ခေါ်တဲ့ အချိန်ကို ထိန်းချုပ်နိုင်တဲ့ အဂ္ဂိရတ် ထုတ်ကုန် တစ်ခုပါပဲ...”
***