စတုတ္ထမြောက် ကံကောင်းခြင်း
Vol. 102 Ch. 1417
အချိန်...
အချိန် ဆိုသော စကားလုံးမှာ ကျင့်ကြံသူပေါင်း မြောက်မြားစွာတို့၏ စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။
အချိန်ကို ထိန်းချုပ်နိုင်သည့် ဆေးတောင့်...
၎င်းမှာ တီထွင် ဆန်းသစ်မှု တစ်ခု မဟုတ်သော်လည်း အဂ္ဂိရတ် ပညာရှင်များအတွက် ဖန်တီးရန် ခက်ခဲသော ထုတ်ကုန်တစ်ခု ဖြစ်နေဆဲပင်။
ထိုအခိုက်၌ လူတိုင်း၏ အာရုံစူးစိုက်မှုများမှာ ထျန်းရှောင်ချွမ်း၏ အပြစ်အနာအဆာကင်းမဲ့သော လက်များပေါ်တွင် စုစည်းနေခဲ့၏။ သူမက သေတ္တာ၏ အဖုံးကို သိမ်မွေ့စွာ ဖွင့်လိုက်ပြန်သည်။
ဟူး... ဟူး...
ရုတ်တရက် ရေနှင့် လေတို့၏ ပြင်းထန်သော လေပွေ လည်ပတ်သံကဲ့သို့ ထူးဆန်းသည့် အသံတစ်ခုမှာ ပစ္စုပ္ပန်တွင် တည်ရှိနေသည့် လူအားလုံး၏ အာရုံများအတွင်း ပဲ့တင်ထပ်သွားသည်။ ကျင့်ကြံသူ များစွာမှာ ချက်ချင်းပင် အချိန်နှင့် ဟင်းလင်းပြင် ကမောက်ကမဖြစ်မှုများကို ကြုံတွေ့လိုက်ရ၏။
ရား... ရား...
ချက်ချင်းပင် နဂါးများမှာ စိတ်ကြည်လင်စေသော ဟိန်းသံများကို ထုတ်လွှတ် လိုက်ကြသည်။ ထိုခံစားချက်က အချိန် လမ်းစဉ်ကို နက်ရှိုင်းစွာ နားလည်ထားသူများအတွက် အလွန်ပြင်းထန်လှသည်။ အချိန် သို့မဟုတ် အာကာသ အမျိုးအစား လျှို့ဝှက် သင်္ကေတများအား နားလည်ထားသော မြေကြီးရှန့်ထိုများဆိုလျှင် မူးဝေ ယိမ်းယိုင်ခြင်းများပင် ဖြစ်ပေါ်ခဲ့ကြသည်။
ကောင်းကင် ဧကရာဇ်ပိုင်မှာ အရက်မူးနေသူတစ်ဦးကဲ့သို့ လဲကျသွားလေရာ အနီး အနားရှိ မင်းသားတစ်ပါးက အချိန်မီ ဖေးမ လိုက်ရသည်။ သူက အာရုဏ်ဦး မြူခိုးကြောင့် အချိန်နှင့် ပတ်သက်သည့် ပိုမို မြင့်မားသော ထိုးထွင်း သိမြင်မှုများကို ရရှိခဲ့သည်။ သို့သော်လည်း... ၎င်းတို့ အားလုံးကို အပြည့်အဝ နားမလည်သေးလေရာ ရှားပါးသော မတည်မငြိမ်ဖြစ်မှု တစ်မျိုးကို ကြုံတွေ့ခဲ့ရသည်။
ယန်ချောင်ယွီက လက်ဟန်ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်ကာ လောကီမျက်လုံးကို ထုတ်ဖော်ထား၏။ သူမ၏ မျက်လုံးများက အချိန်၏ စီးဆင်းမှုနှင့်အတူ ပြင်းထန်စွာ လည်ပတ်နေသည်။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက သူမ၏ မျက်ဝန်းများ အလယ်တွင် အချိန် အမျိုးအစား လျှို့ဝှက် သင်္ကေတ တစ်ခု ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူမက များသောအားဖြင့် မထိခိုက်ခဲ့ဟု ဆိုနိုင်ပေသည်။
ထျန်းမူယန်နှင့် ထျန်းလင်းယုတို့ အပါအဝင် အခြား ကောင်းကင် ဧကရာဇ်များနှင့် အင်ပါယာ ဧကရာဇ်များကတော့ ရှုပ်ထွေးသည့် အချိန်လောကထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားခဲ့ရသည်။ တစ်ချိန်တည်း၌ တချို့မှာလည်း တခြားလူများထက် ပိုမို၍တည်တည်ငြိမ်ငြိမ် ရှိခဲ့ကြသည်။
ကံဆိုးစွာပင် ထျန်းရှန်းယန်မှာ ထိုအထဲ၌ မပါဝင်ချေ။ သူက ဒူးထောက်လဲကျသွားကာ မျက်လုံးများမှာလည်း အလွန်အမင်း ဝေဝါးနေခဲ့သည်။ နဂါးဟိန်းသံ အသိစိတ် ပင်လယ်ထဲသို့ ရောက်ရှိလာချိန်တွင် သူက လေးဘက်ထောက် လဲကျနေခဲ့ပြီ ဖြစ်သည်။
"ဆေးတောင့်ကို စစ်ဆေးတဲ့အခါ သတိထားကြပါ... အထဲမှာ အချိန်နဲ့ အာကာသရဲ့ ပြင်းထန်တဲ့ စွမ်းအင်တွေ ပါဝင်နေပါတယ်"
ထျန်းရှောင်ချွမ်းက အပြုံးဖြင့် သတိပေးလိုက်၏။ သူတို့မှာ ဆေးတောင့်၏ ထူးခြားသော စွမ်းအင်ကို အံ့သြစရာဖြစ်အောင် တမင်တကာ ဖုံးကွယ်မထားကြောင်း ထင်ရှားပြီး အာနိသင်ကို ခံစားရသူတိုင်း ရှက်စရာကောင်းသော အခြေအနေမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသည်။
"ဒီဖေ..."
တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီမှာ ဧဒင်ကမ္ဘာ၏ ကြမ်းပြင်ထက်တွင် ဝမ်းလျားမှောက် လဲလျောင်းရင်း မကျေမနပ် ဆဲဆိုလိုက်သည်။
သူမမှာ အာကာသ သင်္ကေတနှင့် အချိန် သင်္ကေတနှစ်ခုစလုံးကို နားလည်ထားသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူမ ခံစားခဲ့ရသော တုံ့ပြန်မှုမှာ အလွန်တရာပင် ပြင်းထန်လှပြီး ကိုယ့်ကိုယ်ကို လုံးဝ ထိန်းမနိုင်ဖြစ်သွားခဲ့သည်။ တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီမှာ ထဖို့ ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ် ဟန်ချက်က ရုတ်တရက် ရွှေ့ပြောင်းသွားပြန်လေရာ ပြန်လည် မှောက်လျက် လဲကျသွားခဲ့သည်။
သူမ အကန့်အသတ်မဲ့ သိုင်းဧကရာဇ်ဘက်ကို လှည်ကြည့်လိုက်၏။ ထိုအခါ... လူအိုကြီးမှာ ယိမ်းယိုင်ခြင်း သို့မဟုတ် ကမောက်ကဖြစ်ခြင်း လက္ခဏာ တစ်စုံတစ်ရာပင် မရှိဘဲ မတ်တပ်ရပ်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အဲဒီအစား သူက အံ့အားသင့်မှု အငွေ့အသက်များ ရောစွက်နေသည့် တည်ကြည်သော မျက်နှာဖြင့် ဆေးတောင့်ကို စူးစိုက်ကြည့်နေခဲ့သည်။
အင်ပါယာ ကလန်၏ အဖွဲ့အတွင်းတွင်တော့... ထျန်းလင်းယု ထျန်းမူယန်ကို ဖေးမရင်း ယန်ချောင်ယွီကို စူးစမ်းသော မျက်လုံးများနှင့် ကြည့်နေခဲ့သည်။
"သူ နင့်ကို ကြိုပြီး သတိပေးခဲ့တာလား"
မိန်းကလေးက သံသယ အပြည့်ဖြင့် မေးလိုက်သည်။ ယန်ချောင်ယွီက ဖြည်းညင်းစွာပင် လက်ဟန်ချိပ်စည်းကို ဖြည်လိုက်ရင်း ပြုံးပြလိုက်သည်။ ထို့နောက် သူမက အသာအယာပင် ခေါင်းခါယမ်း ပြလိုက်သည်။
"မပေးခဲ့ဘူး"
"ညာတာ... ထွီ..."
ထျန်းရှန်းယန်က ရွံရှာစွာဖြင့် တံတွေးထွေး လိုက်၏။ လက်ရှိ အချိန်အထိ သူ၏ ခြေထောက်များမှာ ယိမ်းယိုင် နေလေရာ အင်ပါယာ မင်းသား တစ်ပါးက ထောက်ကူ ထားရဆဲ ဖြစ်သည်။
ဆေးတောင့် တစ်ခုတည်းကြောင့် မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ပုံရိပ် အကြီးမားဆုံး ဖြစ်သည့် မြေကြီးရှန့်ထိုပေါင်း များစွာ ဤမျှ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြောင်း သတင်းသာ ပျံ့နှံ့သွားပါက တစ်ကမ္ဘာလုံး ရယ်ရမှန်း မသိ၊ ငိုရမှန်း မသိ ဖြစ်သွားကြလိမ့်မည် ဖြစ်သည်။ ကံကောင်းထောက်မစွာပင်... ထိုအခိုက်၌ လူတိုင်း၏ အာရုံစိုက်မှုများမှာ ဆေးတောင့် အပေါ်တွင်သာ ကျရောက်နေခဲ့သည်။ သူတို့၏ အဖြစ်ကို သတိထားမိသူ သိပ်မရှိလှပါချေ။
"နင်က ငါ လိမ်ရလောက်အောင် တန်ဖိုးရှိတဲ့လူ မဟုတ်ဘူး..."
ယန်ချောင်ယွီက ထျန်းရှန်းယန်ကို လှည့်ကြည့်ရင်း အေးစက်စက် ပြောလိုက်၏။
"ခင်ဗျား..."
ထျန်းရှန်းယန် သွားများကို တကျိကျိ ကြိတ်လိုက်မိသည်။ ယန်ချောင်ယွီက ယန်ရှန်းယန်ကို လျစ်လျူလိုက်ကာ ထျန်းလင်းယုဘက်သို့ လှည့်ရင်း ရှင်းပြလိုက်သည်။
"ငါ တကယ်ပြောတာ... ဝေ့ဝူယင်က ဘယ်လို ထုတ်ကုန်ကို ပြသမယ်ဆိုတာ လုံးဝ ကြို မသိခဲ့ဘူး... ကြိုပြီးတော့လည်း သတိမပေးခဲ့ဘူး... ဒါပေမဲ့ အဲဒီ ဆေးတောင့်ကို ငါအရင်က စမ်းသပ်ခဲ့ဖူးလို့ ထူးခြားတဲ့ အာနိသင် ရှိတယ် ဆိုတာကို သိတာ... အဲဒါကြောင့်ပဲ နာမည် ကြားကတည်းက ရှောင်ရှားဖို့ လုပ်ခဲ့တာ"
"မင်း သိခဲ့တာလား..."
ထျန်းမူယန်က တည်ငြိမ်မှု ပြန်လည် ရရှိစေရန် အတွက် အသက်ကို ပြင်းထန်စွာ အကြိမ် အနည်းငယ် ရှိုက်သွင်းရင်း မေးလိုက်သည်။ ယန်ချောင်ယွီက ပြုံးရင်း ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက သူက ကျွန်မကို စမ်းသပ်ခွင့် ပေးခဲ့တာ။"
"..."
မြေကြီးရှန့်ထို အားလုံး တိတ်ဆိတ်စွာ နားထောင် နေကြ၏။ ဤသည်မှာ ဝေ့ဝူယင်နှင့် ဆက်ဆံရေးမှ တစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြောင်း ယန်ချောင်ယွီက သွယ်ဝိုက်သော နည်းလမ်းဖြင့် ဝန်ခံနေခြင်း ဖြစ်သည်။
"အဲဒါရဲ့ အာနိသင်က ဘာလဲ"
စင်မြင့်ထက်၌... ဧကရီမှာ ဆေးတောင့်နှင့် ပတ်သက်၍ ပြင်းထန်သည့် တုန့်ပြန်မှုများကြောင့် လူတိုင်း ရှင်းရှင်းလင်းလင်း သတိပြန်ရလာမည့် အထိ ရှင်းပြမှုကို ရပ်နားထားခဲ့သည်။ ထျန်းမူယန်မှာ အချိန်ကျသည် အထိ သူ၏ စူးစမ်းလိုစိတ်ကို မချုပ်တီးနိုင်တော့ချေ။
ဧဒင်မ္ဘာ အတွင်း၌ အချိန်နှင့် အာကာသ သင်္ကေတများကို နားလည်ထားသည့် မြေကြီးရှန့်ထိုများ၏ တုန့်ပြန်မှုများမှာ အပြင်းထန်ဆုံး ဖြစ်သော်လည်း သေမျိုး အဆင့် ကျင့်ကြံသူများစွာမှာလည်း ငေးငိုင်ကာ မှင်တက်နေကြသည်ကို သူ မြင်တွေ့နေရသည်။ ထိတွေ့မှု သက်သက်ဖြင့်ပင် ဆေးတောင့်မှာ လူအများအပြားကို နက်ရှိုင်းသော ဉာဏ်အလင်း ဖြစ်စဉ် အတွင်းသို့ ပို့ဆောင်ပေးခဲ့လေသည်။
ဥပမာအားဖြင့်... နတ်ဘုရား အင်ပါယာ၏ ဒုတိယ သားတော် ထျန်းကုယန်မှာ သေမျိုးတစ်ပိုင်းအရှင် အဆင့် ဖြစ်သော်လည်း သူ၏ လောကီမျက်လုံးနှင့် မွေးရာပါ အာကာသ စွမ်းအင်များ၏ လှုံ့ဆော်မှုကြောင့် လက်ရှိတွင် အသိဉာဏ် ပွင့်လင်းမှုများ ဖြစ်ပေါ်နေခဲ့သည်။
အကျိုးဆက် အနေဖြင့် မြေကြီး ခြေချခြင်း ဖြစ်စဉ်ကို ကျော်ဖြတ်သည့် အခါတွင် အနည်းဆုံး ထိုသင်္ကေတ နှစ်ခုကို သူ ဆုပ်ကိုင်နိုင်ပေလိမ့်မည်။ ၎င်းတို့မှာ ရရှိရန် အလွန်ခက်ခဲသော လျှို့ဝှက်လမ်းစဉ်များ ဖြစ်လေရာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
လင်းရှန်းရှဲ့သည်ပင်လျှင် မူလ နေရာ၌ ရပ်ရင်း ငေးငိုင် နေခဲ့၏။ သူမ၏ အသိစိတ် ပင်လယ်က အချိန်၊ အာကာသ လမ်းစဉ်များနှင့် သက်ဆိုင်သည့် လျှို့ဝှက် မျိုးစေ့များ အပေါ် ထိုးထွင်း သိမြင်မှုများကို စဉ်ဆက်မပြတ် နားလည်နေခဲ့သည်။
လင်းမင်မှာလည်း အလားတူပင် ဉာဏ်အလင်း ပွင့်လင်း အခြေအနေ တစ်ခု အတွင်း ကျရောက်နေသည်။ မြင့်မားသည့် ပါရမီ၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတူ အချိန်နှင့် အာကာသ လမ်းစဉ်များ အပေါ် သူ၏ ထိုးထွင်း သိမြင်မှုများမှာ လျင်မြန်စွာ မြင့်တက်လာနေခဲ့ကာ အနာဂတ် အတွက် အလားအလာ အမြင့်ဆုံး အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးနေခဲ့သည်။
"စတုတ္ထမြောက် ကံကောင်းခြင်း..."
ယန်ချောင်ယွီက စိတ်ခံစားမှုများ ပြည့်နှက်နေသည့် လေသံဖြင့် ဆိုလိုက်၏။
"စတုတ္ထမြောက်..."
ထျန်းမူယန်က အနီးကပ် ချိတ်ဆက်မှုကို သုံးကာ ဧဒင်ကမ္ဘာ အတွင်း လျှင်မြန်စွာ လေ့လာလိုက်၏။ ထိုအခါ ထူးဆန်းစွာ တုပထားသည့် အချိန်နှင့် အာကာသ စွမ်းအင်များ စီးကြောင်းများကြောင့် ကျင့်ကြံသူ အများအပြား ဉာဏ်အလင်းများ ရရှိနေသည်ကို တွေ့မြင်လိုက်ရသည်။
ထိုစွမ်းအင် စီးကြောင်းများမှာ ဆေးတောင့်မှ တိုက်ရိုက်လာခြင်း မဟုတ်ပဲ ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်အောင်ပင် တိုက်ရိုက် လှုံ့ဆော် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ အထူးသဖြင့် လူငယ် ကျင့်ကြံသူများမှာ ထိုလမ်းစဉ်နှစ်ခုအပေါ် ဉာဏ်အလင်းများကို ရရှိနေခဲ့ကြကာ အကြီးမားဆုံးသော အကျိုးသက်ရောက်မှုများကို ကြုံတွေ့နေခဲ့ရလေသည်။
ဤသည်က ဝေ့ဝူယင်၏ စတုတ္ထမြောက် ကံကောင်းခြင်းပင် ဖြစ်လေတော့သည်။
***