အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်
Vol. 102 Ch. 1418
“အဲဒီ ဆေးတောင့်ရဲ့ အာနိသင်က ဘာလဲ...”
ထျန်းလင်းယုက ယန်ချောင်ယွီကို ကြည့်ကာ မေးလိုက်၏။ ဤတစ်ကြိမ်တွင်တော့ ဉာဏ်အလင်း ပွင့်လင်းမှု အခြေအနေ အတွင်း ကျဆင်း နေသူများကို မတော်တဆ အနှောင့်အယှက်မဖြစ်စေရန် အတွက် စကားဝိုင်းကို သူတို့ အကြားတွင်သာ သီးခြားထားရှိလိုက်သည်။
ယန်ချောင်ယွီက ပင့်သက် တစ်ချက် ရှိုက်လိုက်၏။
"ဒီဆေးတောင့်က သာမန်ဆေးတောင့်တွေနဲ့ မတူဘူး... အဆင့်ကိုး ဆေးတောင့် ဆိုပေမဲ့ အဆင့်ပေါင်းစုံ ပါဝင်တဲ့ ထုတ်ကုန်တွေထဲက တစ်ခုလို့ ပြောလို့ရတယ်..."
"အဆင့်ပေါင်းစုံ ပါဝင်တယ်... အမတေ ဆေးလုံး လိုမျိုးလား"
ထျန်းရှန်းယန်က အနည်းငယ် တုန်လှုပ်စွာဖြင့် ကြားဖြတ် မေးလိုက်၏။ အဂ္ဂိရတ် တာအို၌ အဆင့်ပေါင်းစုံ ပါဝင်သည့် အဂ္ဂိရတ်ထုတ်ကုန် အရေအတွက်မှာ အနည်းငယ်သာ ရှိသည်။ ဆိုလိုသည်က... ထိုကဲ့သို့ ထုတ်ကုန်များမှာ အဆင့်တစ်မှ အဆင့်ကိုးထိ ကွဲပြားနိုင်သော်လည်း ၎င်းတို့၏ အဓိက အာနိသင်က တစ်ခုတည်း အဖြစ်သာ တည်မြဲနေခြင်းမျိုး ဖြစ်သည်။
ယန်ချောင်ယွီက ထျန်းရှန်းယန်၏ မေးခွန်းကို လျစ်လျူကာ ဆက်လက် ရှင်းပြလိုက်၏။
"ဒီဆေးတောင့်ရဲ့ အာနိသင်က သီးခြား အာကာသနဲ့ အချိန်ဇုန်တစ်ခု ထုတ်ဖော် ပေးနိုင်တာပဲ... အဲဒီ ဧရိယာထဲမှာ အချိန်ရဲ့ စီးဆင်းမှုနှုန်းက သိသိသာသာ ပိုနှေးလိမ့်မယ်"
"ဒါပဲလား"
ထိုအခိုက်တွင်ပင် ကောင်းကင် ဧကရာဇ်ပိုင်မှာ အပြည့်အဝ သတိပြန်ဝင်လာကာ မေးလိုက်သည်။ ထိုအာနိသင်က သိပ်ထူးခြားလွန်းလှသည် မဟုတ်ချေ။ လုံလောက်သည့် စွမ်းအား၊ ကြိုးပမ်း အားထုတ်မှုများဖြင့် ဆိုပါက... သူတို့ထဲမှ မည်သူမဆို အလားတူ ဇုန်တစ်ခုကို ဖန်တီးနိုင်သည်။ သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်ခြင်းတွင် အားနည်းချက် အချို့တော့ ရှိစမြဲ ဖြစ်သည်။
ယန်ချောင်ယွီက ခေါင်းခါလိုက်၏။
"ဆေးတောင့်မှာ အာနိသင်တစ်ခုပဲ ရှိတယ် ဆိုပေမယ့် အဲဒီ အာနိသင်က ဇုန် ဖန်တီးခြင်းပဲလေ... အချိန်နဲ့ အာကာသကို ကိုင်တွယ်ခြယ်လှယ်တာ မဟုတ်ဘူး... ဒီဇုန်ထဲမှာ အာနိသင်တွေ မရေမတွက်နိုင်အောင် ရှိတယ်... ဥပမာ..."
သူမက ထျန်းဂူယန်ကို လက်ညှိုးထိုးပြလိုက်ရင်း...
"အချိန်နဲ့ အာကာသ လမ်းစဉ်ဆိုင်ရာ ထိုးထွင်းသိမြင်မှုတွေနဲ့ အသိဉာဏ်တွေ ရရှိနိုင်တယ်... ဆေးတောင့် ဖန်တီးလိုက်တဲ့ ဇုန်ထဲမှာ ရှိတဲ့ အာကာသနဲ့ အချိန်စွမ်းအင်တွေရဲ့ အရည်အသွေးက ပုံမှန်အတိုင်း မဟုတ်ပဲ အရမ်းကို သန့်စင်တယ်... ဒါပေမယ့် အဲဒီဇုန်က စွမ်းအင်၊ အမတေနဲ့ မန်နာတွေရဲ့ အခြေခံကို လုံးဝ မနှောင့်ယှက်ဘူး... ငါတို့ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇုန်တွေထဲမှာ ဆိုရင် ထိထိရောက်ရောက် ကျင့်ကြံလို့ မရဘူး ဟုတ်တယ်မလား..."
မြေကြီးရှန့်ထိုများ အားလုံး၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများက အဆင့် အမျိုးမျိုးဖြင့် ဖြစ်ပေါ် နေခဲ့ကာ ထိုအထဲ၌ ထျန်းလင်းယုလည်း အပါအဝင် ဖြစပေသည်။
"အချိန်နှုန်းကတော့ အဆင့်အလိုက် ပြောင်းလဲနိုင်တယ်... ငါ သိသသလောက် ပြောရရင် အဆင့်တစ် ဆေးတောင့်က ၁:၁.၁ အချိုးရှိတယ်... ဆိုလိုတာက ငါတို့ ဆယ်မိနစ် ကြုံတွေ့ရရင် ဇုန်ထဲမှာရှိတဲ့သူတွေက ဆယ့်တစ်မိနစ် ကြုံတွေ့ရတယ်... အဆင့်ကိုး ဆေးတောင့်ကတော့ ၁:၁၀ အချိုးရှိတယ်... ငါတို့ တစ်မိနစ် ကြုံတွေ့ရရင် ဇုန်ထဲမှာရှိတဲ့သူတွေက ဆယ်မိနစ် ကြုံတွေ့ရတယ် ဆိုတဲ့ သဘောမျိုးပေါ့..."
“ဒါပေမယ့် ကန့်သတ်ချက်တွေတော့ ရှိတယ်... ငါ သိသလောက် ဆိုရင် ဇုန် တည်ရှိဖို့အတွက် ဝိညာဉ် အော်ရာကို ကျောက်ဆူးအဖြစ် လိုအပ်တယ်... နောက်ဆေးတောင့်ကို အသုံးပြုတဲ့သူက ဇုန်ဧရိယာထဲကနေ ထွက်သွားရင် အဲဒါလည်း ချက်ချင်း ပျောက်ကွယ်သွားလိမ့်မယ်... "
ယန်ချောင်ယွီက စကားကို ခဏ ရပ်နားလိုက်ကာ ဆက်လက်၍ ပြောလိုက်၏။
"ခုနက ပြောခဲ့တဲ့ အာနိသင်တွေ အပြင် ဇုန်က အသုံးပြုတဲ့သူကို အကာအကွယ် နယ်မြေ တစ်ခုလည်း ပေးစွမ်းနိုင်သေးတယ်... ပြင်ပ ဝိညာဉ် အော်ရာ အားလုံးကို အပျက်သဘောနဲ့ ဆက်ဆံပေးတယ်... ရှင်းရှင်း ပြောရမယ် ဆိုရင် ပြင်ပလူ တစ်ယောက် ဝင်လာဖို့ ကြိုးစားတာနဲ့ ပြောင်းပြန် အကျိုးသက်ရောက်မှုတွေကို ဖန်တီးပေးတယ်... ကိုယ့်ရဲ့ ဆန္ဒ အပေါ် မူတည်ပြီး အာကာသ လှောင်အိမ် တစ်ခု အဖြစ်တောင် လုပ်ဆောင်ပေးနိုင်တယ်”
"အာနိသင်က တစ်ခုပဲ ရှိတယ်လို့ ခင်ဗျား ပြောခဲ့တာ မဟုတ်လား..."
ထျန်းရှန်းယန်က ကပ်သီးကပ်သပ် မေးဖို့ ကြိုးစားလိုက်၏။ ၎င်းက အချိန် လမ်းစဉ်နှင့် သက်ဆိုင်သည့် အာနိသင် ပေါင်းစုံ ပါဝင်သော ဆေးတောင့် တစ်ခု ဖြစ်ပေသည်။ ထို့အပြင်... ပြိုင်ဘက်ကို နှေးကွေးစေကာ ထိုဇုန်အတွင်း ပိတ်မိအောင် လုပ်ဆောင်နိုင်သည်ဟုလည်း ယန်ချောင်ယွီက ရှင်းပြခဲ့သည်။ ၎င်းက အာနိသင်တစ်ခုထက် ပိုကြောင်း သူသိပေသည်။
"အင်ပါယာ ဧကရာဇ် ရှန်းယန်... နင့်ရဲ့ နားလည်မှုတွေက တစ်ခုခုမှားနေတာလား... ဆေးတောင့်ရဲ့ တစ်ခုတည်းသော အာနိသင်က 'ဇုန်' ပဲလို့ ငါပြောခဲ့တယ်... ဇုန်က လုပ်ဆောင်နိုင်တဲ့ အရာအားလုံးက ဇုန်ကိုယ်တိုင်ရဲ့ အသွင်အပြင်တစ်ခုပဲ... ထားပါ... ကိုယ်တိုင် မခံစားဖူးဘဲ ဇုန်အကြောင်း အားလုံးကို ရှင်းပြဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဆိုတော့ ဒီလို သိထားလို့ ရတယ်... ဆေးတောင့်က အရည်အသွေး အမျိုးမျိုးရှိတဲ့ လေပွေဇုန် တစ်ခုကို ဖန်တီးနိုင်တယ်... အဲဒါကလွဲပြီး တခြားဘာမှ မရှိဘူး..."
ယန်ချောင်ယွီက သူမ၏ ရှင်းပြမှုများကို အဆုံးသတ် လိုက်၏။
“အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်က အာနိသင်တစ်ခုပဲ ရှိရှိ ဒါမှမဟုတ် အာနိသင်တွေ အများကြီးပဲ ရှိရှိ.... မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရဲ့ စီးဆင်းမှုကို အကြီးအကျယ် ပြောင်းလဲစေမှာတော့ သေချာတယ်... ဒါကို ပိုင်ဆိုင်သူတွေနဲ့ မပိုင်ဆိုင်သူ နှစ်ယောက် တစ်ချိန်တည်းမှာပဲ တူညီတဲ့ ပါရမီနဲ့ မွေးဖွားလာခဲ့မယ် ဆိုရင်တောင် အဆင့်အတန်းကတော့ တူမှာမဟုတ်တော့ဘူး... အဂ္ဂိရတ် အာဏာရှင်ဝေ့ကတော့ တကယ့်ကို အံ့မခန်း ပါရမီရှင်မျိုးပဲ... ငါတို့ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရဲ့ သမိုင်းကြောင်းမှာ သူ တစ်ယောက်ပဲ အဲဒီလို ထုတ်ကုန်မျိုးကို ဖန်တီးနိုင်စွမ်း ရှိတယ်"
ထျန်းမူယန်က ဆေးတောင့်၏ အာနိသင် သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အလေးမထားဘဲ လူငယ် အဂ္ဂိရတ် ပညာရှင်၏ နောက်ထပ် အံ့သြဖွယ် ထုတ်ကုန်တစ်ခုကို အံ့သြနေခဲ့သည်။
"ဒါက အသစ်အဆန်းမှ မဟုတ်တာလေ..."
ထျန်းရှန်းယန်ကတော့ ထိုချီးကျူးစကားကို လက်မခံနိုင်ခဲ့ချေ။ အချိန်အား နှေးခြင်းနှင့် မြန်ခြင်းတို့မှာ မြေကြီး ရှန့်ထိုများပင်လျှင် ဖန်တီးနိုင်သည့် စွမ်းအား တစ်ခု ဖြစ်သည်။ ဝေ့ဝူယင်မှာ အမှန်တကယ် တော်သော်လည်း ထိုလူကြီးက အကဲပိုလွန်းသည်ဟု သူ ခံစားရသည်။ ရောင်စဉ်လှိုင်း အဂ္ဂိရတ် အာဏာရှင်က ထျန်းရှန်းယန်ကို လှမ်းကြည့်လိုက်၏။
"မင်း နားမလည်ဘူးလား... မြေကြီးရှန့်ထိုတွေက အလားတူ ဇုန်တစ်ခုကို ဖန်တီးနိုင်တယ် ဆိုပေမယ့် အသက် အင်အားနဲ့ တန်ဖိုးရှိတဲ့ လျှို့ဝှက် စွမ်းအင်တွေကို ကုန်ကျခံရတယ်... ဟုတ်တယ်မလား... ဒီဟာက ကိုယ်တိုင် ထိန်းသိမ်းနိုင်ပြီး ထာဝရ တည်ရှိနိုင်တဲ့အပြင် ၁:၁၀ အချိုးရှိတဲ့ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တစ်ခု... ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ မတိုင်ခင် အချိန် နှစ်နှစ်ပဲ ကျန်တော့တယ်... ဒါက ရွေးချယ်ခံ တစ်ဦးစီကို ပြင်ဆင်ချိန် အပို နှစ်နှစ်ဆယ် ပေးနိုင်မှာလေ"
"..."
ယန်ရှန်းယန် အံ့အားသင့်သွားခဲ့၏။ ထိုအရာကို သူ မစဉ်းစားလိုက်မိချေ။
ထျန်းလင်းယုက ဘေးနားမှ ပြောလိုက်၏။
"နောက်ပြီး အားကောင်းသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ... ကိုယ့်ရန်သူတွေကို ချုပ်နှောင်ဖို့ အတွက်လည်း သုံးနိုင်သေးတယ်... ဒါကို မမေ့သင့်ဘူး”
"အဲဒါတွေထက် အများကြီး ပိုလုပ်နိုင်သေးတယ်"
ယန်ချောင်ယွီက လှပစွာ ပြုံးလိုက်ရင်း ထပ်ပေါင်း ပြောဆိုလိုက်လေ၏။
...
သုံးနာရီ ကြာမြင့်ပြီးနောက်....
လူတိုင်း၏ ဉာဏ်အလင်း ရခြင်း ဖြစ်စဉ်မှာ ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။ အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်မှာ ကျောက်စိမ်းသေတ္တာ၏ အလယ်ဗဟိုတွင် တည်ရှိနေ၏။ ၎င်းမှာ မဲပြာရောင်နှင့် မီးခိုးရောင် အလင်း ရောင်စဉ်နှစ်ခုဖြင့် ပြီးပြည့်စုံစွာ ပေါင်းစပ် တည်ရှိနေပြီး အတွင်းတွင် စက်လုံးပုံသဏ္ဍာန် လေပွေ တစ်ခု ဖြစ်ပေါ်နေခဲ့သည်။ ဆေးတောင့်မှာ စိတ်ဝိညာဉ်များကို ဖမ်းစားနိုင်စွမ်း ရှိကြောင်း တစ်ကြိမ်တစ်ခါ ကြုံတွေ့ခဲ့ပြီး ဖြစ်လေရာ အသားကျရန် အချိန်ပေးထားခြင်း မရှိပါက ပေါ့ပေါ့ပါးပါး စိုက်ကြည့်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
"ကျွန်မတို့ရဲ့ ဉာဏ်အလင်း ပွင့်ခြင်း ကံချီးဟာ နားလည်နိုင်သူတိုင်းအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်..."
ထျန်းရှောင်ချွမ်းက ပြုံးရွှင်စွာဖြင့် ကြေညာလိုက်၏။ ဤသည်မှာ ဝေ့ဝူယင်၏ စတုတ္ထမြောက် ကောင်းချီးဖြစ်ပြီး လူတိုင်း ပိုင်ဆိုင်နိုင်ရန် အတွက် ရည်ရွယ်ခဲ့ပေသည်။ လူငယ်မှာ ထူးခြားသော အချိန်နှင့် အာကာသ စွမ်းအားများကို ဆေးတောင့်ထဲသို့ ထည့်သွင်းခဲ့ကာ ဖွင့်ဟလိုက်သည်နှင့် ပေါက်ကွဲစေခဲ့ရုံ မျှသာမက ကံကောင်းသော ကျင့်ကြံသူများအား ဉာဏ်အလင်း ပွင့်လင်းခြင်း အခြေအနေသို့ ရောက်ရှိနိုင်စေရန် အာကာသနှင့် အချိန် စွမ်းအင်များကိုလည်း တိတ်တဆိတ် စီးဆင်းစေခဲ့ကြောင်း သူမ သိပေသည်။
"အာရုဏ်ဦး လေပွေဇုန်ဟာ အဆင့်များစွာပါဝင်တဲ့ ဆေးတောင့်တစ်ခုပါ..."
ထျန်းရှောင်ချွမ်းက ယန်ချောင်ယွီ ရှင်းပြခဲ့သည့် အရာများကိုပင် နောက်တစ်ကြိမ် ထပ်မံ ရှင်းပြခဲ့ပြီး လူတိုင်းကို အံ့အားသင့် စေခဲ့သည်။ သူမက အောက်မှ ကျင့်ကြံသူများ၏ မေးခွန်းများကိုလည်း ပြန်လည် ဖြေရှင်း ပေးခဲ့သည်။
"ဆေးတောင့်ရဲ့ အာနိသင်က အာကာသ အချိန် လေပွေဇုန် တစ်ခုကို ဖန်တီးဖို့ဖြစ်ပြီး… ဇုန်ကိုယ်တိုင်ရဲ့ အထဲမှာပဲ ခုနက ပြောခဲ့တဲ့ အပို အာနိသင်တွေ အားလုံးရှိပါတယ်... နောက်ပြီး သင်သာ ကံကောင်းမယ်ဆိုရင် ဆေးတောင့်ထဲမှာ ပါဝင်တဲ့ ဝိညာဉ် ကျင့်စဉ်ကိုပါ နားလည်နိုင်ပါလိမ့်မယ်..."
"ဘယ်လို"
မရေမတွက်နိုင်သော ပရိသတ်များ၏ အမူအရာများက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက် သွားခဲ့ကြသည်။
"ဆေးတောင့်ထဲမှာ ဝိညာဉ် ကျင့်စဉ် တစ်ခုကို ထည့်သွင်းထားလား... ဇုန်ကို နားလည်ရင် အဲဒီ ကျင့်စဉ်ကို ရနိုင်တာလား...”
ထျန်းရှန်းယန်၏ နှလုံးသား တစ်ခုလုံးမှာ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် နေခဲ့၏။ ဆေးတောင့်၏ ကြီးမြတ်မှုကို လျှော့ချရန် သူ အစောပိုင်းက ကြိုးစားခဲ့သေးသော်လည်း ၎င်း၏ စွမ်းအားများက အမှန်တကယ်ပင် မနာလို ဖြစ်စရာ ကောင်းလွန်းလှသည်။
ယန်ချောင်ယွီက ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ သို့သော်လည်း သူမ၏ နှလုံးသားက ဂုဏ်ယူ ဝမ်းမြောက်မှုများနှင့် ပြည့်နှက် နေသည်။ ထိုနေ့က သူမ ချမှတ်ခဲ့သော ထိုရဲရင့်သည့် ဆုံးဖြတ်ချက်မှာ သူမ၏ တစ်သက်တာလုံးတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်ပေသည်။
ထျန်းရှောင်ချွမ်းက တောက်ပသော အပြုံးဖြင့် ဆက်လက်၍ ရှင်းပြလိုက်လေ၏။
"ကျွန်မတို့ ထုတ်ကုန်ရဲ့ အာနိသင်ကို ပြသဖို့ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲရဲ့ နောက်အပိုင်းကို ဆက်သွားမှာ ဖြစ်ပါတယ်.... ကျွန်မ တင်ဆက်ပေးချင်တဲ့ အထူး အစီအစဉ်ကတော့…”
***