← Chapters

သုံးကျိပ်သုံးဦး မွေးဖွားခြင်း (၂)

Vol. 102 Ch. 1420

သုံးကျိပ်သုံးဦး မွေးဖွားခြင်း (၂)

Vol. 102 Ch. 1420

ဖျောက်…

ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသော လက်ဖျောက်တီးသံက လှုံ့ဆော်မှုတစ်ခု အဖြစ် လုပ်ဆောင်လိုက်၏။ ချက်ချင်းပင် စင်မြင့်ထက်ရှိ လေပွေများမှာ ပြင်းထန်သော စွမ်းအင်ဖြင့် စတင် လှုပ်ရှားလာခဲ့သည်။ ၎င်းက အတွင်းပိုင်းရှိ အချိန် စီးဆင်းနှုန်းကို ပြောင်းလဲစေကာ သိသိသာသာ နှေးကွေးနေခဲ့သော အချိန်မှာ ရုတ်ချည်း ဆိုသလိုပင် လျင်မြန်စွာ အရှိန်မြင့်လာခဲ့သည်။

"ဒါကြောင့်ပဲ ငါတို့တွေ အဆင့်နိမ့် ထုတ်ကုန်တွေမှာ သူတို့ကို မယှဉ်နိုင်တာပေါ့..."

ထာဝရ အစည်းအရုံး အဖွဲ့၏ တည်နေရာတွင် စန်းလော့ယန်က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ အချိန် အာကာသ လေပွေဇုန်များ အတွင်းတွင်တော့ အဂ္ဂိရတ် ဧကရာဇ် သုံးဆယ့်သုံးဦးမှာ သူတို့၏ အဆင့်ကိုး ထုတ်ကုန် ဖော်စပ်ခြင်း နောက်ဆုံးအဆင့်ကို အားကြိုးမာန်တက် အာရုံစိုက် လုပ်ဆောင်နေကြသည်။

"သူက တော်တော် လွန်နေပြီ

ထျန်းရှန်းယန်က စိတ်ဆိုးမာန်ဆိုး ရေရွတ်လိုက်၏။

ဝေ့ဝူယင် ဘာလုပ်ဖို့ ကြိုးစားနေကြောင်း သူ သိပေသည်။ စင်မြင့်ထက်ရှိ အဂ္ဂိရတ် ဧကရာဇ် အများစုမှာ ထာဝရ အစည်းအရုံး အပါအဝင် မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း ထင်ရှား ကျော်ကြားသည့် အဂ္ဂိရတ်ပညာရှင် အစည်းအရုံးများနှင့် အင်အားစုများက စွန့်ပစ်ထားခဲ့ကြသည့် လူများ ဖြစ်ကြပေသည်။ ထိုအရာက ဝေ့ဝူယင်မှာ အခြားလူများ စွန့်ပစ်ခဲ့သည့် အဂ္ဂိရတ် အမှိုက်များကို ရတနာအဖြစ် ပြောင်းလဲနိုင်ကြောင်း ထင်ရှားစွာ ပြသနေခြင်း ဖြစ်ပေသည်။

ဘုန်း…

ပထမဆုံး အနေဖြင့် အဂ္ဂိရတ် ဧကရာဇ် ယီယွမ်၏ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်မှာ နောက်ဆုံးအဆင့်ကို အရှိန်အဟုန် မြှင့်ကာ ပြီးဆုံးခြင်းသို့ ရောက်ရှိသွားခဲ့သည်။ လေပွေဇုန်က ပေါက်ကွဲ ပျံ့နှံ့သွားခဲ့လေရာ ဧဒင်ကမ္ဘာမှာ တုန်ခါလာခဲ့၏။

ဘုန်း… ဘုန်း… ဘုန်း…

ဆက်တိုက် ဆိုသလိုပင် နောက်ထပ် လေပွေသုံးခု ပြိုကျသွားခဲ့ပြန်သည်။ ဝမ်ယင်ယင်မှာ ထိုသုံးဦးထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ ထို့နောက်တွင်တော့ စင်မြင့်၏ အလယ်ဗဟိုတွင် အံ့အားသင့်ဖွယ် ကောင်းပြီး နက်နဲ ဆန်းကြယ်သည့် ပုံရိပ်များ ထွက်ပေါ်လာခဲ့တော့သည်။

"အဲဒါ လလား…"

"မဟုတ်ဘူး… ဂြိုလ်တစ်လုံး ထင်တယ်"

"ဘုရားရေ… ကြယ်တစ်လုံးဟေ့"

စင်မြင့်ထက်ရှိ မတူ ကွဲပြားသော ပုံရိပ်များကိုကြည့်ရင်း လူများစွာမှာ စိတ်လှုပ်ရှားစွာပင် အော်ဟစ်လာခဲ့ကြ၏။

ဘုန်း… ဘုန်း… ဘုန်း…

နောက်ဆုံးတွင် လေပွေ သုံးဆယ့်သုံးခုစလုံး ပြိုကျသွားခဲ့ပြီ ဖြစ်သည်။

"သေမျိုး အဂ္ဂိရတ် ကြယ်တာရာ ပုံရိပ်ယောင် သုံးဆယ့်သုံးခု …"

လင်းမင်၏ စိတ်ထဲရှိ အသံက မယုံကြည်နိုင်စွာဖြင့် အော်ဟစ် လိုက်လေ၏။ ချိပ်ပိတ် နယ်မြေ အတွင်း မည်သူမှ မမြင်ဖူးသည့် မြင်ကွင်းတစ်ခုမှာ သူတို့၏ မျက်စိရှေ့တွင်ပင် ပေါ်ထွက်လာနေခဲ့ပြီ ဖြစ်သည်။

၎င်းက သေမျိုး အဂ္ဂိရတ် အာဏာရှင် သုံးဆယ့်သုံးဦး တစ်ပြိုင်နက်တည်း မွေးဖွားခြင်းပင် ဖြစ်လေတော့သည်။

....

ရင်သပ် ရှုမောဖွယ် ကောင်လွန်းလှသည်။

အဂ္ဂိရတ် ပညာရှင် (၃၃) ဦး၏ ကြယ်တာရာ ပုံရိပ်ယောင်များမှာ ဧဒင်ကမ္ဘာ တစ်ခွင်လုံးတွင် ပဲ့တင် ထင်ဟပ်နေသကဲ့သို့ ထင်ရသည်။ ရုပ်ပုံများမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် ဖြစ်ပေါ်နေသော်လည်း ဧဒင်ကမ္ဘာထံ အဖြစ်အပျက်တစ်ခုလုံးကို တိကျစွာ ပေးပို့ပေးနေခဲ့သည်။ လူထရီလျံပေါင်း များစွာတို့၏ စိတ်နှလုံးသားများမှာ အဆိုပါ ရင်သပ်ရှုမောဖွယ် အတွေ့အကြုံကြောင့် အံ့သြတုန်လှုပ် နေခဲ့ကြသည်။

သေမျိုး အဂ္ဂိရတ် အာဏာရှင်တစ်ပါး၏ ကြယ်တာရာ ပုံရိပ်ယောင်ကို အလွန် ကျယ်ပြန့်လှသည့် အကွာအဝေး၊ တစ်ခါတစ်ရံ ဂြိုဟ်တစ်လုံးနှင့် အိမ်နီးချင်းဂြိုဟ်အချို့ကပင် တွေ့မြင်ရလေ့ ရှိသော်လည်း အဆိုပါ ဖြစ်စဉ် အရေအတွက်မှာ အလွန်နည်းပါးလှလေရာ လူအများစုမှာ သူတို့၏ ဘဝ တစ်သက်တာလုံးတွင် တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

ထိုအထဲ၌ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သော လျှို့ဝှက် အာဏာရှင်များ အချို့လည်း အပါအဝင် ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် ကြောင်လက်သည်းဝှက် ပညာရှင်များ၊ မိစ္ဆာ အဂ္ဂိရတ် နည်းလမ်းများကို ကျင့်သုံးသည့် ပြစ်မှုကျူးလွန်သူများကိုပါ ထည့်သွင်းရေတွက်လျှင်ပင် သေမျိုး အဂ္ဂိရတ် အာဏာရှင် အရေအတွက်မှာ (၃၀၀) အောက် လျော့နည်းသည်။

သူတို့ တစ်ဦးချင်းစီ၏ အသိအမှတ်ပြုခြင်း ဖြစ်စဉ်များလည်း လောကသို့ ထင်ထင်ရှားရှား ပေါ်ထွက်လာခြင်း မရှိလှပဲ မကြာခဏ ဆိုသလို အစီအရင်များ၊ ဝင်္ကပါများ၏ ကန့်သတ်ထား ခံရလေ့ရှိသည်။

“...”

ကောင်းကင်ထက်၌ ဂြိုဟ်များ၊ လများ၊ နေများ ရွေ့လျားနေသည်ကို ကြည့်ရင်း ထျန်းလင်းယုမှာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။ အရာအားလုံးက အလှမ်း ကွာဝေးလှသော်လည်း အလွန်နီးကပ်သလို ခံစားရလေရာ သူမမှာ မသိစိတ်ဖြင့် လက်လှမ်း၍ ၎င်းတို့ကို ဖမ်းဆုပ်ရန် ကြိုးစား သေးခဲ့သည်။ ထိုခဏတာ၌ သူမမှာ အံ့ဖွယ်ကမ္ဘာ အတွင်း ရောက်နေသည့် ကလေးငယ် တစ်ယောက်လို ခံစားနေရသည်။

"လှလိုက်တာ"

ယန်ချောင်ယွီက သူမ၏ ဦးခေါင်းထက်၌ ညင်သာစွာ ဖြတ်သန်းသွားသည့် လှပသော အပြာရောင်ဂြိုဟ် တစ်လုံးကို ကြည့်ရင်း ရေရွတ် လိုက်သည်။

ထိုကဲ့သို့ တုန့်ပြန် နေကြသည်က သူတို့ နှစ်ယောက်တည်း မဟုတ်ပါချေ။ ပစ္စုပ္ပန်တွင် ရှိသော လူတိုင်း လိုလိုမှာ သူတို့၏ စိတ်ဝိညာဉ်များတွင် ထာဝရထွင်းထုထားမည့် မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကြောက်ရွံ့ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ ပြည့်နှက်နေသည့် အာမေဍိတ်သံများကို ဆက်တိုက် ထုတ်ဖော် နေခဲ့ကြသည်။

သေမျိုး ကြယ်တာရာ ပုံရိပ်ယောင်မှာ သဘာဝအလျောက် မပျောက်ကွယ်ခင် အချိန်အထိ အတော်ကြာကြာ ဆက်လက် တည်ရှိနေခဲ့သည်။ ၎င်းတို့ ပြန်လည်၍ မှေးမှိန်စပြုလာသောအခိုက်၌ ပရိသတ်များမှာလည်း သူတို့ မြင်တွေ့ခဲ့ရသော အရာများအကြောင်း ပြန်လည် တွေးတောရင်း စိတ်ခံစားမှုများဖြင့် တုံ့ဆိုင်းနေခဲ့သည်။

အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်၏ သရုပ်ပြမှုကိုသာ မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း… သူတို့ ဘဝ တစ်လျှောက်လုံး တစ်ခါမျှ မမြင်ဖူးခဲ့သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် (၃၃) ဦး၏ စုပေါင်း အဆင့်တက်လှမ်းမှုကို ကြုံတွေ့ခဲ့ရသည်။

"ဒါက အဂ္ဂိရတ် ကုန်စည်ပြပွဲပဲ…”

တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီက မျက်ရည်စများဖြင့် အော်ဟစ်လိုက်သည်။ ယခုလို လှပသည့် မြင်ကွင်းမျိုးကို သူမ ဘဝ တစ်လျှောက်လုံး တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ စကြဝဠာတစ်ခု မွေးဖွားလာခြင်းကို မြင်တွေ့ရသကဲ့သို့ပင် ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်ခုက သူမ၏ နှလုံးသားကို လွှမ်းခြုံ နေခဲ့သည်။

တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီ၏ စကားလုံးများက အကန့်အသတ်မဲ့ သိုင်းဂိုဏ်းဝင်များနှင့် မဟာမိတ်များ၏ နှလုံးသားများထဲတွင် ပဲ့တင်ထပ် သွားခဲ့သည်။ သူတို့ စိတ်ထဲမှ ထောက်ခံ လိုက်မိကြသည်။ မှန်ပေသည်။ ၎င်းသည် အမှန်တကယ်ပင် အဂ္ဂိရတ် ကုန်စည်ပြပွဲ ဖြစ်ခဲ့ပေသည်။

အများအားဖြင့် အဂ္ဂိရတ် ကုန်စည်ပြပွဲသို့ တက်ရောက်လာသည့် လူအများစုမှာ အိမ်ရှင်နှင့် ဆက်ဆံရေး တည်ဆောက်ရန်၊ အိမ်ရှင်၏ အတ္တမှတစ်ဆင့် အကျိုးကျေးဇူးများ ရရှိရန်၊ သူတို့ စိတ်ဝင်စားသော ထုတ်ကုန်အသစ်ကို မြင်တွေ့ရန် သို့မဟုတ် အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ ခမ်းနားကြီးကျယ်မှုကို ရိုးရိုးရှင်းရှင်း ခံစားရန်အတွက် တက်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း…

ဤအဂ္ဂိရတ် ကုန်စည်ပြပွဲကတော့ ရွှေရောင် လေလံပွဲတုန်းကလိုပင် ခမ်းနား ထည်ဝါသော သရုပ်ပြပွဲများနှင့် အတူ ထပ်ဆောင်း အဆင့်များဖြင့် မြှင့်တင်ထားသည့် အဂ္ဂိရတ် ကုန်စည်ပြပွဲ အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

"သေမျိုး အဂ္ဂိရတ် အာဏာရှင်ဝေ့က ငါတို့ရဲ့ ကျင့်ကြံခြင်း လောကကို နောက်တစ်ကြိမ် ထပ်ပြီး ပြောင်းပြန်လှန် ပစ်လိုက်ပြန်ပြီ..."

အကန့်အသတ်မဲ့ သိုင်းဧကရာဇ်က ခန့်ညားလေးနက်စွာ ပြောလိုက်၏။ အကယ်၍ သတိထားကြည့်မည် ဆိုပါက သူ၏ ခေါ်ဝေါ်ပုံမှာ ပြောင်းလဲသွားခဲ့ကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

"အမှန်ပဲ..."

ဝိညာဉ် ရှန့်ထို ဧကရာဇ်က ထောက်ခံလိုက်၏။ ထိပ်တန်း မြေကြီးရှန့်ထို အများစုမှာ အနီးကပ် ချိတ်ဆက်မှုဖြင့် ချိတ်ဆက်ထားကြကာ ဆွေးနွေးဝိုင်း တစ်ခုကို ဖန်တီးထားသည်။ ထိုဆွေးနွေးဝိုင်းထဲ၌ သေမျိုး အဂ္ဂိရတ် အာဏာရှင် အချို့လည်း ပါဝင်သည်။ ထို့ကြောင့်ပင် စောစောပိုင်းက အင်ပါယာ ကလန်မှ ထျန်းရှန်းယန် စကားပြောခဲ့သောအခါ ထာဝရ အစည်းအရုံး၏ သေမျိုး အဂ္ဂိရတ် အာဏာရှင် ရောင်စဉ်လှိုင်းက ပြင်းထန်စွာ ပြစ်တင် ရှုတ်ချခဲ့ခြင်းဖြစ်သည်။

၎င်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အစစ်အမှန် ထိပ်တန်း ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် ထူးခြားသော အဖွဲ့တစ်ဖွဲ့ ဖြစ်ကာ မဟာစက်ဝန်း ရှန့်ထို ညီလာခံတုန်းကလိုပင် အလွယ်တကူ ဆက်သွယ် ပြောဆိုနိုင်စေခဲ့သည်။

"ခင်ဗျားတို့ သတိထားမိကြလား... ဒီအဂ္ဂိရတ် ပညာရှင်တွေထဲက အများစုက ပါရမီ ကန့်သတ်ချက်တွေနဲ့ ဆက်တိုက် ကျရှုံးမှုတွေကြောင့် သူတို့ အရင် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေကနေ ဖယ်ကျဉ်ခံထားရတဲ့ လူတွေပဲ... ဒါပေမဲ့ ခုတော့ သူတို့တွေ ဒီမှာ ရှိနေကြပြီ"

ထျန်းမူယန်က ရင်သပ် ရှုမောသည့် လေသံဖြင့် ပြောလိုက်သည်။

"အာရုဏ်ဦး အာဏာရှင်ရဲ့ မျိုးဆက် အမွေအနှစ်ကို ပိုင်ဆိုင်ခဲ့တာ တစ်ခုတည်းနဲ့တင် သူတို့ကို လှောင်ပြောင်ခဲ့၊ တံတွေးထွေးခဲ့၊ စော်ကားခဲ့တဲ့သူတွေ ဘယ်တော့မှ မရောက်နိုင်တဲ့ အဆင့်တစ်ကို ရောက်ရှိနေကြပြီ..."

ထျန်းမူယန်၏ စကားများနှင့် ရည်ရွယ်ချက်များမှာ ရှင်းလင်းပြတ်သား လှပေသည်။ သူက အခြားသော အဂ္ဂိရတ် အဖွဲ့အစည်းများနှင့် ဝေ့ဝူယင် အသစ် ဖွဲ့စည်းလိုက်သော ဖီဆန် ဖန်တီးခြင်း အဂ္ဂိရတ် အဖွဲ့ကြား အမွေအနှစ်များ၏ အရည်အသွေး ကွာခြားချက်ကို ရက်ရက်စက်စက် ထောက်ပြလိုက်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း သူပြောခဲ့သမျှကို မည်သူမျှ မငြင်းခုံနိုင်ခဲ့ပေ။

၎င်းတို့က အမှန်တရားများသာ ဖြစ်သည်။ အပြင်းထန်ဆုံး အမှန်တရား ဟု ဆိုနိုင်သလို မငြင်းခုံနိုင်သော အမှန်တရားဟုလည်း ရည်ညွှန်းနိုင်ပေလိမ့်မည်။

ဤအဂ္ဂိရတ် ပညာရှင်များမှာ ဝေ့ဝူယင်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် နှစ်ပေါင်း သုံးဆယ်ကျော် ကာလအတွင်း ထိုအဆင့်သို့ ရောက်ရှိခဲ့ကြသည်။ အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်က သူတို့ကို များစွာ အထောက်အကူ ပြုခဲ့မည် ဆိုသော်လည်း ထိုအရာမှာလည်း အာရုဏ်ဦး မျိုးဆက်၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပေသည်။

အခြား မည်သည့် အဖွဲ့အစည်းက ထိုကဲ့သို့ အခွင့်အရေးမျိုး ပေးနိုင်မည်နည်း။

***

All Chapters