← Chapters

အာရုဏ်ဦး နေကြယ် မျိုးစေ့

Vol. 102 Ch. 1421

အာရုဏ်ဦး နေကြယ် မျိုးစေ့

Vol. 102 Ch. 1421

"..."

အဂ္ဂိရတ် အစည်းအရုံးဝင် အားလုံးမှာ တိတ်ဆိတ် ငြိမ်သက် နေကြ၏။ အချို့ကတော့ စိတ်ထဲတွင် ပြင်းထန်စွာ ကျိန်ဆဲနေမိကြသည်။ သို့သော်လည်း ၎င်းက ဝေ့ဝူယင်ကို ရည်ရွယ်ခြင်း မဟုတ်ပါချေ။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ထာဝရ နတ်ဘုရားကိုသာ ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ထာဝရ ဧကရာဇ်မှာ ထင်ပေါ်ကျော်ကြားလာပြီး နတ်ဘုရား ဆေးလုံး အစည်းအရုံးကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် သစ္စာရှိ သွေးသစ်များကို မွေးထုတ်ရန်အတွက် မဟာစက်ဝန်း ကြယ်ကွင်းပြင်တစ်ခွင်လုံးမှ အရည်အချင်းရှိသူများကို အစုလိုက်အပြုံလိုက် ခေါ်ယူခဲ့သည်။

ဝေ့ဝူယင်ထံတွင်လည်း အလားတူ ရည်ရွယ်ချက် ရှိကောင်း ရှိခဲ့နိုင်ပေသည်။ ထို့ကြောင့်ပင် သူက မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ခြေချချချင်း ထာဝရ နယ်မြေကို လာရောက်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း ထာဝရ နတ်ဘုရားမှာ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သော အခါ၌ သူက ထာဝရ နယ်မြေမှ ပြန်လည် ထွက်ခွာ သွားခဲ့သည်။ ထို့နောက် ကိုယ်ပိုင် အဂ္ဂိရတ် အစည်းအရုံးကို ထူထောင်ခဲ့သည်။ အဖွဲ့အစည်း တည်ထောင်ကြောင်း စတင် ကြေညာခဲ့သော နေ့တွင်ပင် သူက သေမျိုး အဂ္ဂိရတ် အာဏာရှင် (၃၃) ဦးကို တစ်ပြိုင်နက်တည်း မွေးထုတ်ပေးခဲ့သည်။

အကယ်၍ ထာဝရ နတ်ဘုရားသာ ဝေ့ဝူယင်ကို အစည်းအရုံးအား ထိန်းချုပ်ခွင့် ပေးခဲ့ပါက ထို ၃၃ ယောက်ထဲတွင် သူတို့ ပါဝင်ကောင်း ပါဝင်နိုင်ပေသည်။

"တကယ်ပဲ ချီးကျူးထိုက်တယ်..."

ရုတ်တရက် နူးညံ့သော အသံတစ်ခုမှာ အနီးကပ် ချိတ်ဆက်မှု မှတစ်ဆင့် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ ချက်ချင်းပင်... အင်ပါယာ ကလန်မှ လူအားလုံး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

"မြေကြီးရှန့်ထို ထျန်း..."

ထျန်းရှန်းယန်က ချက်ချင်းပင် လက်နှစ်ဖက်ကို ယှက်ကာ လေးစားစွာ ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။ ထျန်းလင်းယု၊ ထျန်းမင်ယု၊ ကောင်းကင်ဧကရာဇ်ပိုင်နှင့် တော်ဝင် မင်းသား၊ မင်းသမီးများ အားလုံးသည်လည်း လေးစားစွာပင် ဦးညွှတ်၍ အသံကို နှုတ်ဆက်လိုက်ကြသည်။ ချွင်းချက် ဟူ၍ တစ်ယောက်တည်းသာ ရှိကာ သူမက ယန်ချောင်ယွီ ဖြစ်သည်။ သူမက တည်ငြိမ်စွာပင် ဆက်လက်၍ မတ်မတ်ရပ် နေခဲ့၏။

"မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို ရောက်လာပြီ...“

ထိပ်တန်း အဆင့် အင်အားစုများမှ ဖြစ်စေ၊ ထာဝရ အစည်းအရုံးမှ ဖြစ်စေ... တက်ရောက်လာသမျှ သေမျိုး အဂ္ဂိရတ် အာဏာရှင် အားလုံးမှာ ထိတ်လန့် တုန်လှုပ်သွားကြကာ ချက်ချင်းပင် အပြိုင်အဆိုင် ဦးညွှတ် လိုက်ကြသည်။

စန်းလော့ယန်နှင့် ထာဝရ နတ်ဘုရားတို့သည်ပင် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်ကြ၏။ သို့သော်လည်း သူတို့က ဦးညွှတ်ခြင်း မပြုခဲ့ပေ။ သူတို့သည်လည်း အဂ္ဂိရတ် ရှန့်ထိုများပင်...။

"ခင်ဗျား ရောက်လာတဲ့ အတွက် ဝမ်းသာပါတယ်... မြေကြီးရှန့်ထိုထျန်း"

စန်းလော့ယန်က ပြုံးလျှက် ပြောလိုက်၏။

"မင်း မလာဘူး ထင်နေတာ"‌

ထာဝရ နတ်ဘုရားကလည်း မှတ်ချက်ပြုလိုက်သည်။

"ဘယ်လိုလုပ်ပြီး ကျွန်မ ဒီပွဲကို လွဲချော်ရဲပါ့မလဲ"

မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုက ဆိုလိုက်၏။ သို့သော်လည်း... သူမက ရုပ်သွင်ကိုတော့ ထင်ရှား ပေါ်လွင်စွာ ထုတ်ဖော် မပြခဲ့ပါချေ။ ထျန်းတိန်ကျင့်ဟု ခေါ်သော သူမက စောစောပိုင်းက ချီးကျူးစကားကို ဆက်လက်၍ ပြောလိုက်၏။

"အဂ္ဂိရတ် ဧကရာဇ် သုံးဆယ့်သုံးဦးကို ဗဟို စင်မြင့်ပေါ် တွန်းတင်ပြီး အဂ္ဂိရတ် ဖော်စပ်ခြင်းရဲ့ အခက်ခဲဆုံး အပိုင်းကို ပြီးမြောက်အောင် လုပ်ခိုင်းတာဟာ သူ့ကိုယ်သူနဲ့ သူ့ရဲ့ အမွေအနှစ် မျိုးရိုးအပေါ် အမြင့်ဆုံး ယုံကြည်မှုရှိတယ်ဆိုတဲ့ လက္ခဏာပါပဲ... နောက်ပြီး အလွန်အမင်း စွန့်စားရာလည်း ရောက်တယ်"

အားလုံး ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။ အဂ္ဂိရတ် ဧကရာဇ် သုံးဆယ့်သုံးဦးကို သရုပ်ဖော် ပြပွဲတွင် ထည့်သွင်းပြသရန် အတွက် မယုံနိုင်စရာ ရဲရင့်မှုနှင့် ယုံကြည်မှုတို့ကို လိုအပ်ပေသည်။ ၎င်းက လုံးဝ ရိုးရှင်းသော အရာတစ်ခု မဟုတ်ချေ။ မိမိကိုယ်ကို အပြည့်အဝ ယုံကြည်မှုနှင့် မာနတို့ပင်ဖြစ်သည်။

ဝေ့ဝူယင်က သူ၏ အမွေအနှစ်မှာ စွန့်ပစ်အမှိုက်များကို ပြစ်မျိုးမထင် ရတနာအဖြစ် ပြောင်းလဲနိုင်သည်ဟု ကြေညာနေခြင်းသာမက၊ သူ့ထံတွင် ခစားပါက မည်သူ့ကိုမဆို သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ဦး ဖြစ်လာနိုင်ကြောင်း သက်သေပြ နေခြင်းပင် ဖြစ်သည်။

ထို့အပြင် ၎င်းက အတုအယောင် မဟုတ်သည်မှာ ကျိန်းသေလှသည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်၏ ကြယ်တာရာ ပုံရိပ်ယောင်မှာ တစ်ဘဝတွင် တစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းမှာ အဂ္ဂိရတ် ပညာရှင် တစ်ဦး အတွက် အဂ္ဂိရတ် တာအိုက အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။

အဆင့်မြင့် ဆေးဝါး ဖော်စပ်မှု အောင်မြင်ခြင်းများနှင့် အတူ အဂ္ဂိရတ် ကြယ်တာရာ ပုံရိပ်ယောင်များကို အတုအယောင် ပြုလုပ်ရန် နည်းလမ်းများ ရှိသော်လည်း ၎င်းက ပထမဆုံး အကြိမ်ကဲ့သို့ အဓိပ္ပါယ်ပြည့်ဝပြီး စစ်မှန်ခြင်း မရှိပေ။

"..."

ထိပ်တန်း ပုဂ္ဂိုလ်များစွာမှာ တိတ်ဆိတ် နေကြ၏။ အချို့ကတော့ ထာဝရ အစည်းအရုံးဘက်သို့ သိမ်မွေ့စွာ ကြည့်လိုက်မိကြသည်။

ယခင်က ဝေ့ဝူယင်မှာ သူတို့ကို မြှားဖြင့် ပစ်ခတ်နေခြင်း ဆိုလျှင် ယခုအခါ အမြောက်ကျည်ဆံဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။ သူတို့ အတွက် တစ်ခုတည်းသော အသက်ရှူပေါက်မှာ ယနေ့ထက်တိုင် သက်ရှိ ထင်ရှား ရှိနေဆဲ ဖြစ်သည့် အဂ္ဂိရတ် ရှန့်ထို နှစ်ပါးဖြစ်သည်။ သို့သော်လည်း... အနာဂတ်၌ သူတို့ထံ မည်သည့် ကပ်ဘေးများ ရောက်ရှိလာမည်ကို မည်သူက ခန့်မှန်းနိုင်မည်နည်း။

"ဒီလောက်ဆိုရင် အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်ရဲ့ အံ့မခန်း အကျိုးသက်ရောက်မှုတွေကို ရှင်တို့ နားလည် သဘောပေါက် သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ထျန်းရှောင်ချွမ်းက ရှေ့တွင် ပြန်လည်၍ နေရာယူလာကာ သိမ်မွေ့စွာ ပြုံးရင်း ပြောလိုက်သည်။ ဧဒင်ကမ္ဘာ အတွင်းရှိ လူများမှာ မသိစိတ်မှ ခေါင်းညိတ်မှုများ ပြုလုပ်လိုက်ကြ၏။

"ဆိုတော့ နောက်ထပ် ထုတ်ကုန် တစ်ခုကို မိတ်ဆက်မယ့် အစီအစဉ်ကို ဆက်သွားလိုက်ချင်ပါတယ်... ဒီတစ်ခေါက်ကတော့ ဆေးလုံးတစ်လုံးပါ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ"

ထျန်းရှောင်ချွမ်း၏ မျက်နှာထက်တွင် ဝမ်းနည်းမှု အငွေ့အသက် အနည်းငယ် ယှက်သမ်းလာကာ ဆက်လက် ကြေညာလိုက်၏။

"ဒီတစ်ခါ ထုတ်ကုန်က အာရုဏ်ဦး အမွေအနှစ်ရဲ့ ပထမ အဂ္ဂိရတ် ထုတ်ကုန်နှစ်ခုနဲ့ မတူညီဘဲ နည်းနည်းလေး ရိုးရှင်းပါတယ်... ဒါဟာ ကျွန်မတို့ အချိန်အကြာကြီး သိထားခဲ့ကြတဲ့ ကျင့်ကြံခြင်း ဓလေ့ထုံးတမ်းတွေကို စိန်ခေါ်တဲ့ ထုတ်ကုန်တစ်ခု မဟုတ်သလို၊ အထူးအဆန်း အကျိုးသက်ရောက်မှုတွေ ရှိတဲ့ ထုတ်ကုန်တစ်ခုလည်း မဟုတ်ပါဘူး... ဒါပေမယ့် ရှင်တို့ စိတ်တော့ မပျက်လောက်ဘူးလို့ ကျွန်မ ထင်ပါတယ်”

ထျန်းရှောင်ချွမ်းမှာ အမြင့်ဆုံးထိ ရောက်အောင် သွေးဆူနေသည့် ပရိသတ်များ၏ မျှော်လင့်ချက်များကို စနစ်တကျ ထိန်းချုပ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ဝေ့ဝူယင်က ဤထုတ်ကုန်ကို ပထမ ထုတ်ကုန်နှစ်ခုနှင့် နှိုင်းယှဉ်လိုခြင်း မရှိကြောင်း ထင်ရှားသည်။

"ကျွန်မ မိတ်ဆက်ပေးမယ့် အဂ္ဂိရတ် ထုတ်ကုန်ကတော့ အာရုဏ်ဦး ကြယ်မျိုးစေ့ ဆေးလုံးပါပဲ..."

စောစောကလိုပင် ထျန်းရှောင်ချွမ်း၏ အရှေ့တွင် ကျောက်စိမ်းသေတ္တာတစ်လုံးရှိနေခဲ့၏။ သူမက ၎င်းကို ဖွင့်လိုက်သော အခိုက်၌ နေရောင်ခြည်လှိုင်းတစ်ခုက ရုန်းကြွ ထွက်ပေါ်လာခဲ့သည်။

"ဒါက ကိုယ်ပိုင် နေကြယ်ကို ပြုစုပျိုးထောင်ဖို့ အသုံးပြုနိုင်တဲ့ အဆင့်ကိုး အဆင့်နိမ့် ထုတ်ကုန်တစ်ခုပါ..."

"ဘာကြီး...”

ယခု တစ်ကြိမ် ပရိသတ်များထံမှ တုံ့ပြန်မှုများမှာ ပထမ နှစ်ကြိမ်တုန်းကလို ထိတ်လန့် တုန်လှုပ်ခြင်း၊ အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက်နေခြင်း မရှိပါချေ။ ထို့အစား စိတ်ရှုပ်ထွေးခြင်း၊ နားမလည်နိုင်ခြင်း၊ မသေချာ မရေရာခြင်းများနှင့်သာ ထုံလွှမ်းနေ၏။

အာရုဏ်ဦး နေကြယ်မျိုးစေ့၊ အဆင့်ကိုး အဆင့်နိမ့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု...

၎င်းက နေကြယ် တစ်ခု ဖန်တီးရန် ဓာတ်ကူပစ္စည်း တစ်ခုလော။ မည်သည့် နေရာတွင် အသုံးပြုရမည်နည်း။

“...”

ပရိသတ်များထံမှ ခြားနားသော အကြည့်များကို ခံစားမိသည့်တိုင် ထျန်းရှောင်ချွမ်းက အပြုံးမပျက်ပါချေ။ အစတုန်းက သူမ ကိုယ်တိုင်လည်း ထိုထုတ်ကုန်မှာ အာရုဏ်ဦး ဝိညာဉ်ပင်လယ် ဆေးရည်၊ အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်တို့နှင့် နှိုင်းယှဉ်၍ပင် ပြောထိုက်ခြင်းမရှိဟု ခံစားခဲ့ရသည်။

အဘယ်ကြောင့်နည်း။ နေကြယ်ဖန်တီးခြင်းမှာ လက်ရှိ လူ့ဘောင်အခြေအနေနှင့် သက်ဆိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ မဟုတ်သေး... သက်ဆိုင်ခြင်း မရှိထက် မလိုအပ်ဟု သုံးလျှင် ပိုမို မှန်ကန်ပေလိမ့်မည်။ ကျင့်ကြံခြင်း လောကတွင် သေမျိုး ကန့်သတ်ချက်များကို ကျော်လွန်ပြီးသူများ၊ ဥပမာအားဖြင့် လျှို့ဝှက် ကြယ်တာရာ အဆင့်နှင့် အထက် ပုဂ္ဂိုလ်များမှာ အားသွန်ခွန်စိုက် ကြိုးပမ်း အားထုတ်မှု၊ လုံလောက်သည့် အချိန်နှင့် စွမ်းအင်တို့ကို အသုံးချကာ ကိုယ်ပိုင် နေကြယ်များကို ဖန်တီးနိုင်ကြသည်။

မဟာ စက်ဝန်း ကြယ်ကွင်းပြင် အနှံ့အပြားတွင် ထိုကဲ့သို့ နေကြယ်ပေါင်း များစွာ ရှိသည်။ ဆန်းကြယ်ဘုရင် ဟန်ရှဲ့ပင်လျှင် မိစ္ဆာစစ်ပွဲ လောကနယ်မြေ အတွင်း၌ အဆင့်နိမ့် နေကြယ် တစ်ခုကို အမြုတေ အဖြစ် ချန်ထားရစ်ခဲ့ဖူးသည်။ ထို့နည်းတူစွာပင် စုမေ့ဝင်ရောက်ခဲ့သော အထီးကျန် ဆေဘာဂိုဏ်းမှာလည်း အလားတူ နေကြယ် တစ်စင်းကို ပိုင်ဆိုင်ထားသည်။

ခြုံငုံ၍ ပြောရလျှင်... သေမျိုး ကန့်သတ်ချက်ကို ကျော်လွန်ခဲ့ပြီးသူများ အတွက် နေကြယ်ဖန်တီးခြင်းမှာ အတော်လေး လွယ်ကူသော အလုပ်တစ်ခု ဖြစ်သည်။

အာရုဏ်ဦး နေကြယ်မျိုးစေ့ကို အကောင်းမြင်ကြည့် ရပါက... ကြယ်တရာ သခင် တစ်ပါးအနေဖြင့် ၎င်းကို အသုံးပြု၍ ကိုယ်ပိုင် နေကြယ်ကို ဖန်တီးနိုင်ပေသည်။ သို့သော်လည်း ရင်းမြစ် ကုန်ကျစရိတ်ကို ထည့်သွင်း စဉ်းစားရပါက ဖြစ်နိုင်ခြေမရှိသလောက် နည်းပါးကာ အကျိုးသိပ်မရှိသည့် လုပ်ဆောင်မှု တစ်ခု ဖြစ်သည်။

၎င်းမှာ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူတစ်ဦးကို ကုန်းမြေတိုက်ကြီးများ၊ လများ ဂြိုဟ်များအား ဖန်တီးနိုင်သည့် စွမ်းအားတစ်ခု ပေးအပ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ သူတို့ အနေဖြင့် ထိုစွမ်းအားကို ထိန်းချုပ်နိုင်မည် မဟုတ်လေရာ မည်သည့် ကောင်းကျိုးမျှ ဖြစ်ထွန်းလိမ့်မည် မဟုတ်ချေ။ အလွန် နီးကပ်သည့် ဂြိုဟ်နှစ်ခုကြား ဖြတ်သန်းသွားလာခြင်းကပင် သူတို့အတွက် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပေသည်။

နေကြယ် တစ်ခု ဖန်တီးခြင်းမှာ လွယ်ကူ ရိုးရှင်းသည့် နည်းလမ်း တစ်ခု မဟုတ်ပါချေ။ အရင်ဆုံး အဆိုပါ နေကြယ်ကို ချောချောမွေ့မွေ့ ထိန်းသိမ်း ထားနိုင်လောက်အောင် တည်ငြိမ်သည့် ဟင်းလင်းပြင် တစ်ခုအား ဖန်တီးရမည်။ ကြယ်တာရာ သခင်များထံတွင် ထိုကဲ့သို့ စွမ်းအား မရှိချေ။

ထို့အပြင်... ကြယ်ကွင်းပြင် တစ်ခု၏ သဘာဝ ပတ်လမ်းကြောင်းထဲသို့ နေကြယ်ပေါင်းများစွာ ဝင်ရောက်လာခြင်းမှာ ဆိုးရွားသည့် ကမောက်ကမ ဖြစ်မှုများထံ ဦးတည် သွားစေနိုင်ပေသည်။ အကျိုးဆက် အနေဖြင့် စိတ်ကူး၍ မရနိုင်လောက်သော ဖျက်ဆီးမှုများ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။

အသေးငယ်ဆုံး နေကြယ်ပု တစ်ခု သည်ပင် ပျမ်းမျှ အရွယ်အစား ဂြိုဟ်တစ်ခုထက် အဆပေါင်းများစွာ ပိုမို၍ ကြီးမားကာ ကိုယ်ပိုင် ကြယ်တာရာ နယ်မြေ တစ်ခုကို ဖန်တီးနိုင်သည် အထိ လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်း ရှိသော ဆွဲငင်အားတစ်မျိုးကို ထုတ်လွှတ်နိုင်ပေသည်။

ထို့ကြောင့်ပင် လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်ရှိပဲ နေကြယ် တစ်ခုကို ပြုစု ပျိုးထောင်ဖို့ လုံးဝ မဖြစ်နိုင်သလောက် နီးပါးဟု ဆိုနိုင်ပေသည်။

***

All Chapters