← Chapters

ပြိုင်ပွဲ

Vol. 102 Ch. 1424

ပြိုင်ပွဲ

Vol. 102 Ch. 1424

ပြိုင်ပွဲက မကြာခင် စတင်တော့မည် ဖြစ်ကြောင်း သဘောပေါက်လေရာ ထျန်းမူယန်က ဆဋ္ဌမ မင်းသား ထျန်းပိုင်ယန်၏ မေးခွန်းကို အမှီပြုရင်း အင်ပါယာ မင်းသားနှင့် မင်းသမီးငယ်များကို ခပ်မြန်မြန်ပင် ရှင်းပြလိုက်သည်။

“မင်းတို့တွေ သိထားကြတဲ့ အတိုင်း သေမျိုး အဆင့်တွေရဲ့ အခြေခံကို စိတ်၊ ရုပ်၊ အမတေ၊ ဝိညာဉ် ဆိုပြီး ကဏ္ဍ လေးရပ်နဲ့ ပိုင်းခြားထားတယ်… ကြယ်အမြုတေ အဆင့်က အဲဒီ ကျင့်ကြံခြင်း အလွှာ တစ်ခုလုံးကို နိဂုံးချုပ်ခြင်းပဲ…"

“အကြွင်းမဲ့ အကန့်အသတ်ကို ရောက်ဖို့ အတွက် ဆိုရင် မင်းတို့ရဲ့ ခန္ဓာကိုယ်က ကြယ်တာရာ ခန္ဓာကိုယ် ဖြစ်လာရမယ်… မင်းတို့ရဲ့စိတ်က လောက ချည်နှောင် ကြယ်တာရာ နယ်မြေ ဖြစ်လာရမယ်… မင်းတို့ရဲ့ အမတေက ကြယ်အင်အား ဖြစ်လာရမယ်… မင်းတို့ရဲ့ ဝိညာဉ်ကတော့ ကြယ်တာရာ ဆင်းတု ဖြစ်လာရမယ်”

"ကြယ်တာရာ ဆင်းတု ဟုတ်လား…”

ချက်ချင်းပင် ဧဒင်ကမ္ဘာ အတွင်းရှိ လူငယ် မျိုးဆက်များ အားလုံးမှာ စိတ်ဝင်စားမှုများဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်

“...”

ထိုအခါတွင်မှာ ထျန်းမူယန်သည် သူ၏ အသံကို ဝေ့ဝူယင်က ဧဒင်ကမ္ဘာ တစ်ခုလုံးသို့ ထုတ်လွှတ်ထားကြောင်း သဘောပေါက် သွားခဲ့၏။ ထိုအခိုက်၌ သူက တစ်လောကလုံး၏ အာရုံ စူးစိုက်မှု အလယ်ဗဟိုတွင် ကျရောက် နေခဲ့ပြီ ဖြစ်သည်။

လျှို့ဝှက်နယ်မြေ အတွင်း၌… ဝေ့ဝူယင်က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ဆက်စပ်မှု စစ်မြေပြင်မှာတုန်းက ကွမ်ယုသည် သူ့ကို ကြယ်တာရာ ဆင်းတုများ အကြောင်း ရှင်းပြခဲ့သေးသည်။ သို့သော်လည်း အသေးစိတ် အချက်အလက်များမှာ ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များထဲတွင် ဖော်ပြထားသည်များနှင့် ခြားနားလှပေသည်။

ဆဋ္ဌမမင်းသား ထျန်းပိုင်ယန်သည် ထျန်းမူယန်၏ ဆိုလိုရင်းကို ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

“ဆိုတော့ စိတ်၊ ရုပ်နဲ့ အမတေတွေကို အကန့်အသတ်ထိ ရောက်အောင် ကျင့်ကြံနိုင်ရင် ကြယ်တာရာ ဆင်းတုကို ဖန်တီးနိုင်မယ်ပေါ့ ဟုတ်လား... ဦးရီးတော်”

ယခင်က မကြားဖူးခဲ့သော်လည်း ကြယ်တာရာ ဆင်းတု ဟူသော စကားလုံးမှာ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူတိုင်း၏ နှလုံးသားထဲတွင် မမြင်နိုင်သည့် သဘာဝအတိုင်း လေးစားမှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအရာက ကမ္ဘာလော၏ ကပ်တွယ်မှုကို ဖော်ပြသည့် အခါ မန်နာမှာ အမှန်တကယ်ပင် သင့်တော်သည်ဟု ခံစားရပုံနှင့် ဆင်တူသည်။

ထျန်းမူယန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။

"လောကချည်နှောင် ကြယ်တာရာ နယ်မြေကို ငါတို့ခေတ်မှာ မေ့လျော့လာခဲ့ရတဲ့ အကြောင်းရင်းက အဲဒါကို ဖန်တီးဖို့ အတွက် ကျင့်ကြံသူတစ်ယောက်ဟာ သူတို့ရဲ့ ကြယ်တာရာ အမြုတေ ကောင်းကင်ဘေးထဲကို သဘာဝ နေကြယ်တစ်လုံး ယူဆောင်သွားဖို့ လိုအပ်တာကြောင့်ပဲ... သေမျိုး တာအိုရဲ့ အထွတ်အထိပ် သဘာဝ နေကြယ် တစ်ခုကို ပိုင်ဆိုင်မှသာ သူတို့ရဲ့ စိတ်ဟာ သေမျိုး တာအိုရဲ့ ဆန္ဒနဲ့ ချိတ်ဆက်သွားပြီးတော့ ကြယ်တာရာ သခင်တစ်ပါး အနေနဲ့ အကြီးကျယ်ဆုံး စွမ်းအားကို ဆောင်ကြဉ်းနိုင်လိမ့်မယ်"

"ကြယ်တာရာ အမြုတေ အဆင့်ကိုး ကျင့်ကြံသူတွေကို ကြယ်တာရာ သခင်ဆိုတဲ့ ဘွဲ့ ဘာလို့ ပေးခဲ့ကြတာလဲဆိုတာ သိတဲ့သူ ရှိလား"

ထျန်းမူယန် ခဏတာ စဉ်းစားပြီးနောက် မေးလိုက်၏။ ကြယ်တာရာ သခင်ဘွဲ့၏ နောက်ကွယ်မှ သမိုင်းကြောင်းကို တိတိကျကျ သိရှိရန် အတွက် ရှေးဟောင်းခေတ်များ၏ သမိုင်းကြောင်းကို နက်နဲစွာ လေ့လာဖို့ လိုအပ်သည်။

သို့သော်လည်း... မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကျင့်ကြံသူတိုင်း လိုလိုမှာ လျှို့ဝှက် အာဏာရှင် အဆင့် အကြီးအကဲများ၏ လက်ဆင့်ကမ်းမှုများမှ တစ်ဆင့် ၎င်း၏ အဓိပ္ပာယ်ကို ယေဘုယျအားဖြင့် သိရှိထားကြပေသည်။

"ကျွန်မတို့တွေက ကြယ်တွေရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်လို့ပါ...”

အနီရောင်နှင့် ရွှေရောင်ကို ရောနှော ဝတ်ဆင်ထားသည့် ချစ်စရာ မင်းသမီးလေးတစ်ပါးက စိတ်လှုပ်ရှားစွာဖြင့် ဖြေကြားလိုက်သည်။

ကြယ်တာရာ အမြုတေ အဆင့်မှာ ကျင့်ကြံခြင်း စွမ်းအားအားလုံးကို နေကြယ်ကဲ့သို့သော အရာဝတ္ထုတစ်ခု အဖြစ် စုစည်းခြင်းဖြစ်ကာ သေမျိုး တာအို၏ အနက်ရှိုင်းဆုံးသော စွမ်းအားကို ရရှိစေသည်။ ၎င်းမှာ သေမျိုး အဆင့်အားလုံး၏ ကန့်သတ်ချက်များကို လွှမ်းခြုံထားသည်ဟု ဆိုနိုင်ပေသည်။

"မတိကျဘူး..."

ထျန်းမူယန်က စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ရင်း ပယ်ချလိုက်သည်။ ခေတ်ကာလ ရွေ့လျားလာသည်နှင့် အမျှ ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတများသည်လည်း မေ့လျော့ခံခဲ့ရသည်မှာ ဝမ်းနည်းစရာဖြစ်သည်။ သူက ဆက်၍ ပြောလိုက်၏။

"အဲဒီလို ခေါ်ရတဲ့ အကြောင်းရင်းက ကြယ်တာရာ ဆင်းတုတွေကြောင့်ပဲ... ရှင်းရှင်းပြောရရင် ကြယ်တာရာ ဆင်းတုကို ကျင့်ကြံနိုင်မှ သာလျှင် စစ်မှန်တဲ့ ကြယ်တာရာ သခင်တစ်ပါး ဖြစ်လာနိုင်တယ်... သေမျိုး တာအိုရဲ့ အစစ်အမှန် အကန့်အသတ်ကို ရောက်ရှိနိုင်တယ်... ကြယ်တာရာ သခင်တစ်ပါးဖြစ်ခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်တယ်..."

လျှို့ဝှက် နယ်မြေ အတွင်း၌ ဝေ့ဝူယင် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ထျန်းမူယန်၏ ရှင်းလင်းမှုတွင် လိုအပ်ချက်များ ရှိနေသေးသော်လည်း လူအိုကြီးမှာ ကြယ်တာရာ ဆင်းတု အကြောင်းကို ပိုမို နက်ရှိုင်းစွာ ဆွေးနွေးခြင်း မပြုတော့ချေ။ ထပ်မံ ဆွေးနွေးခြင်းဖြင့် မလိုလား အပ်သော စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

မည်သို့ပင် ဆိုစေ... ထျန်းမူယန်၏ စကားက ခြုံငုံမိပေသည်။ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများမှာ လောကချည်နှောင် ကြယ်တာရာ နယ်မြေကို ရရှိမှသာလျှင် သေမျိုးနယ်ပယ်၏ ထိပ်ဆုံးအဆင့်ကို တက်လှမ်းနိုင်ပေလိမ့်မည်။ သေမျိုး တာအို၏ ဆန္ဒကို ထိန်းချုပ်ကာ ကြယ်တာရာများ၏ စွမ်းအားကို အသုံးပြုခြင်းက အမှန်တကယ် မည်သို့ အဓိပ္ပာယ်ရှိသည်ကို နားလည်နိုင်မည်ဖြစ်သည်။

ဝေ့ဝူယင်မှာ သေမျိုးအဆင့်ဖြင့်ပင် မြေကြီးရှန့်ထိုတစ်ပါး ဖြစ်သည့် လရောင်ဖြာ ဧကရီကို တိုက်ခိုက် အနိုင်ယူခဲ့သည်။ သို့တိုင်အောင် လူငယ်၏ လက်ရှိ ကျင့်ကြံခြင်း အခြေခံမှာ ကြယ်တာရာ ဆင်းတုကိုပင် ထုတ်ဖော် အသုံးပြုနိုင်ခြင်း မရှိသေးချေ။

သူသာ ကြယ်တာရာ ရုပ်ခန္ဓာ၊ ကြယ်စွမ်းအင်နှင့် လောကချည်နှောင် ကြယ်တာရာ နယ်မြေတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ပါက အလွန်တရာ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလှသည့် စွမ်းအား တစ်ခု ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။

လူပေါင်းများစွာမှာ သေမျိုးတာအိုက လျှို့ဝှက် တာအိုထက် နိမ့်ကျသည်ဟု ယုံကြည်ကြသော်လည်း ထိုအရာက အမှန်တရားနှင့် ဝေးကွာလှပေသည်။

ထျန်းမူယန်၏ ရှင်းပြမှုက လူငယ် မျိုးဆက်၏ အသိ ပညာမဲ့မှုများကို ပယ်ဖျက်ပစ်လိုက်ကာ ထိပ်ဆုံးအဆင့်သို့ တက်လှမ်းရန် လမ်းကြောင်း တစ်ခုကို ခုတ်ထွင် ရှင်းလင်း ပေးခဲ့သည်။ ယခုအခါ၌ သူတို့ထဲတွင် အာရုဏ်ဦး နေကြယ် မျိုးစေ့ ဆေးလုံးကို မယူချင်သူ တစ်ယောက်မှ မရှိကြတော့ချေ။

စန်းယွန်းလီမှာ အာရုဏ်ဦး နေကြယ်မျိုးစေ့ ဆေးလုံးအား ထည့်သွင်းထားသည့် ကျောက်စိမ်းသေတ္တာကို မျက်တောင် မခပ် စိုက်ကြည့်နေခဲ့၏။

"ဒီဆေးလုံးက သဘာဝ နေကြယ်ကို တကယ် ဖန်တီးနိုင်တာလား..."

သူမ စိတ်ထဲတွင်ပင် မေးလိုက်သည်။ ထိုအသံက သိမ်မွေ့သောလှိုင်းများ အဖြစ် အသိစိတ် ပင်လယ်ထဲသို့ တိုးဝင်သွားသည်။ ထိုနေရာ၌ ပယင်းရောင် ကျောက်စိမ်းဖြင့် ပုံဖော်ထားသော ယင်ယန် တစ်ပိုင်း သင်္ကေတ တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ နူးညံ့ပုံ ပေါ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ရောင်ခြည်ကို ထုတ်လွှတ်နေခဲ့၏။

"ရတယ်"

ရုတ်တရက်... ခက်ထန်ကာ မာနကြီးဟန် ရသည့် အမျိုးသမီး အသံတစ်သံမှာ သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

"သေချာလား..."

စန်းယွန်းလီက မျက်မှောင်ကြုတ် လိုက်၏။

“နင် ငါ့ကို သံသယဝင်နေတာလား... ငါ ရတယ်လို့ ပြောနေတယ်..."

အသံက အေးစက်ကာ စိတ်မရှည်ခြင်းများနှင့် ပြည့်နှက် နေခဲ့၏။

“...”

စန်းယွန်းလီ၏ မျက်လုံးများက ပိုမို၍ ကျဉ်းမြောင်းသွားသည်။ သူမမှာ ထိုကျောက်စိမ်းလေးကို ရှေးဟောင်း အမွေအနှစ် နယ်မြေ တစ်ခုမှ ရရှိထားခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့်... ထိုရတနာကို အနာဂတ် အင်ပါယာလောင်း တစ်ယောက်က ရရှိရမည် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင် တဟုန်ထိုး မြင့်တက်လာပြီး နောက်တွင် စန်းယွန်းလီမှာလည်း သိုသိုသိပ်သိပ် ကျင့်ကြံခြင်းကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ အချိန် စီးဆင်းမှုကို ငဲ့ညှာကာ ထိန်ချန်နေခြင်းက သူမ အတွက် ဆုတ်ယုတ်မှုကိုသာ ဦးတည်စေသည်။

ထို့ကြောင့်ပင် လွန်ခဲ့သည့် နှစ်များ အတွင်း၌ သူမမှာ ကောင်းချီးခံများ အတွက် ကောင်းကင်တာအို ရည်ရွယ်ထားသည့် အဖိုးတန် အမွေအနှစ်များကို ရသလောက် ခိုးယူခဲ့သည်။ ထိုအထဲ၌ ဤကျောက်စိမ်းမှာလည်း တစ်ခု အပါအဝင် ဖြစ်သည်။ သို့သော်လည်း... အတွင်းပိုင်း၌ ဝိညာဉ် တစ်ခု ရှိနေလိမ့်မည်ဟုတော့ သူမ လုံးဝ မျှော်လင့် မထားခဲ့ပါချေ။

ဝူယုနှင့် ခြားနားစွာပင်... ထိုဝိညာဉ်ကို ပြန်လည် အသက်သွင်းဖို့ အတွက် ထာဝရ ပြန်လည်မွေးဖွားခြင်း ဆေးလုံးက လုံလောက်ခြင်း မရှိပါချေ။ ၎င်း၏ ကျင့်ကြံခြင်း အခြေခံက သာမန် ကန့်သတ်ချက်များထက် အဆပေါင်းများစွာ ကျော်လွန်နေပေသည်။ ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးကိုသာ အသုံးပြုလိုက်မည် ဆိုပါက ၎င်း၏ ခန္ဓာကိုယ်မှာ မပြည့်စုံဘဲ အဆင့်နိမ့် နေလိမ့်မည် ဖြစ်သည်။ ထိုဝိညာဉ် ပြီးပြည့်စုံစွာ ပြန်လည် မွေးဖွားဖို့ အတွက် ဆိုလျှင် ထာဝရ ပြန်လည်မွေးဖွားခြင်း ဆေးလုံးနှင့် အာနိသင်ချင်း ဆင်တူသည့် လျှို့ဝှက်အဆင့် အဂ္ဂိရတ် ထုတ်ကုန်တစ်ခုကို လိုအပ်ပေသည်။

နောက်ဆုံး၌ စန်းယွန်းလီ သက်ပြင်းတစ်ချက်သာ ချလိုက်၏။ လောကချည်နှောင် ကြယ်တာရာ နယ်မြေကို ဖန်တီးဖို့ အတွက် အစားထိုး နည်းလမ်းတစ်ခုကို ရှာဖွေရရန် သူမ၏ အားစိုက်ထုတ်ခဲ့မှုများမှာ အဓိပ္ပာယ်မရှိတော့ပေ။ နှစ်ပေါင်းမျးစွာက အလဟဿ ဖြစ်သွားခဲ့ရပေသည်။

"လောကချည်နှောင် ကြယ်တာရာ နယ်မြေနဲ့ ကြယ်တာရာ အမြုတေ အဆင့်ရဲ့ နိယာမတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ဟောပြောသွားတဲ့ အတွက် အင်ပါယာ ဧကရာဇ် မူယန်ကို ကျေးဇူးတင်ပါတယ်... အခုတော့ နောက်ထပ် တစ်ပိုင်းကို စတင်ပါတော့မယ်...”

“မပါဝင်ချင်တဲ့သူတွေအနေနဲ့ စိတ်ထဲကနေ 'မပါဝင်ချင်ဘူး' လို့ ပြောပေးပါ... ဧဒင်ကမ္ဘာက မင်းတို့ကို ဖယ်ထုတ်ပေးပါလိမ့်မယ်... သတိပေးချင်တာက ဒီအပိုင်းမှာ ရုန်းကန်မှုတွေ အများကြီး ရှိပါလိမ့်မယ်... ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနိုင်ပါတယ်... ပိုပြီး ဆိုးမယ် ဆိုရင် အသက်တောင် ဆုံးရှုံးနိုင်ပါတယ်... ဒါကြောင့် သေချာစဉ်းစားပြီးမှ ပါဝင်ဖို့ ဆုံးဖြတ်ကြပါ... အာရုဏ်ဦး ကြယ်တာရာ နယ်မြေက မင်းတို့ရဲ့ အသက်အတွက် တာဝန်မယူပါဘူး"

ထျန်းရှောင်ချွမ်းက နောက်ကြိမ် ပြန်လည်၍ စကားစလိုက်၏။ ထျန်းမူယန်၏ ကြားဝင် ရှင်းပြမှုကြောင့် ကြယ်တာရာ အမြုတေ အဆင့်နှင့် ပတ်သက်၍ စကား အများကြီး ပြောစရာ မလိုတော့လေရာ သူမက ပျော်ရွှင်နေခဲ့သည်။

"ပြိုင်ပွဲအတွက် စည်းမျဉ်းက ရိုးရှင်းပါတယ်... ငါးမိနစ်ကြာအောင် သတိရှိရှိနဲ့ နေနိုင်တဲ့သူတွေက အာရုဏ်ဦး နေကြယ်မျိုးစေ့ ဆေးလုံးကို ရရှိပါလိမ့်မယ်"

ဧကရီက ရိုးရှင်းစွာပင် ကြေညာလိုက်၏။ သို့သော်လည်း... လူအများအပြားကတော့ ဘာကြောင့်မှန်း မသိပဲ... ကြောက်မက်ဖွယ် ကောင်းသည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရလေသည်။

နှုတ်ထွက်သူများကို လက်ခံလိုက်ပြီးနောက် ငါးမိနစ်အကြာတွင်... ထျန်းရှောင်ချွမ်းက နောက်တစ်ကြိမ် ကြေညာလိုက်လေသည်။

"စတင်ပါပြီ... အားလုံး ကံကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်... ဒီစမ်းသပ်မှုက အသိစိတ် ပင်လယ်ထဲကို ဖိအားတွေ ထုတ်လွှတ်ပေးပြီး မင်းတို့ရဲ့ စိတ်ရဲ့ ခွန်အားကို စမ်းသပ်မှာပါ..."

ထျန်းရှောင်ချွမ်း ကြေညာပြီးသည်နှင့် တစ်ပြိုင်နက် မည်သူမျှ ကောင်းစွာ တုံ့ပြန်ခြင်း မပြုနိုင်မှီမှာပင်...

ရား... ရား... ရား...

ရား... ရား... ရား...

ရား...

ကမ္ဘာလောကကို အစိုးရသော နဂါးခုနစ်ကောင်မှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်ကြကာ မယုံကြည်နိုင်လောက်သော ဖိအားလှိုင်းတစ်ခုက ဧဒင်ကမ္ဘာတစ်ခွင်သို့ ပဲ့တင်ထပ်ကာ ဆင်းသက်လာခဲ့တော့သည်။

***

All Chapters