ရက်စက်စွာ စတင်ခြင်း
Vol. 102 Ch. 1425
သတိပေးချက်များ ကြားမှပင် ပြိုင်ပွဲဝင်ခွင့်ကို ဖျက်သိမ်းသူ အလွန် နည်းပါးလှသည်။ ထိပ်သီး ပါရမီရှင် လူငယ်များဖြစ်စေ၊ သာမန် ကျင့်ကြံသူများဖြစ်စေ... သတ်မှတ်ချက် အတွင်း ကိုက်ညီသည့် လူငယ်များစွာမှာ ဤပြိုင်ပွဲကို ပဉ္စမမြောက် ကောင်းချီးအဖြစ် ရှုမြင်ကြကာ စမ်းသပ်လိုစိတ် ပြင်းပြနေကြသည်။ သို့သော်လည်း... ပထမဆုံး တစ်စက္ကန့်အတွင်းမှာပင် ပါဝင်သူ သုံးပုံနှစ်ပုံမှာ သတိလစ် မေ့မြောသွားကြသည်။
နဂါးကိုးကောင်၏ ဟိန်းသံမှာ လူတိုင်း၏ အသိစိတ် ပင်လယ် အတွင်း ဥက္ကာခဲပေါင်း များစွာ ကျရောက်သကဲ့သို စိတ်ပိုင်းဆိုင်ရာ ပြိုလဲ ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေသည်။ သူတို့ အားလုံးနီးပါးမှာ မျက်ခုံး နှစ်ဖက်ကြားတွင် စူးခနဲ နာကျင်မှုကို ခံစားရပြီး ကျယ်လောင်သော အသံတစ်ခု ကြားလိုက်ရပြီး သတိလစ်သွားကြသည်။ ထိုလူများမှာ ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။
စိတ်နှလုံး နူးညံ့လွန်းသူများနှင့် မကောင်းဆိုးဝါးများ ဆန်ဆန် စိတ်ခံစားချက် ရှိသူများ ဆိုလျှင် ပိုမို ဆိုးရွားသည့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲခြင်းများကို ခံစားခဲ့ကြရသည်။ သူတို့၏ စိတ်များမှာ အစိတ်အပိုင်း ထောင်ပေါင်းများစွာ၊ အချို့ ဆိုလျှင် သိန်းပေါင်းများစွာ အထိ ပြိုကွဲသွားခဲ့ရကာ အသိစိတ် ပင်လယ်များမှာလည်း ကိုယ်ခန္ဓာမှ ယိုစိမ့်၍ စိတ်စွမ်းအင်များ သဖွယ် ကမ္ဘာလောကသို့ ပန်းထွက်လာခဲ့ကြသည်။ ထိုစိတ်စွမ်းအင်များမှာ သန့်စင်ခြင်း မရှိလှပဲ ဝိညာဉ်သရဲကဲ့သို့ သတ္တဝါများအဖြစ် ပုံပျက်ပန်းပျက် ဖြစ်နေကာ ၎င်းတို့ကို ပိုင်ဆိုင်ထားသူများ၏ စိတ်အခြေအနေကို ထင်ဟပ်နေသည်။
"…"
အကြီးအကဲများမှာ ထိုဖြစ်ရပ်ကို ကြည့်ကာ လွန်စွာ ထိတ်လန့်တုန်လှုပ်သွားကြ၏။ သူတို့က အမြန်ဆုံး လှုပ်ရှားရန် ကြိုးစားခဲ့ကြသော်လည်း ချက်ချင်းပင် ကြီးမားလှသော နဂါးကြီး ကိုးကောင်က ပေါ်ထွက်လာကာ သတိပေးသည့် အလင်းတန်းများနှင့် သူတို့ကို စိုက်ကြည့်နေကြသည်။ သူတို့ လှုပ်ရှားပါက နဂါးကိုးကောင်က တိုက်ခိုက်မည် ဖြစ်ကြောင်း သူတို့ သိကြပေသည်။
"ဒါက ဘာအဓိပ္ပာယ်လဲ..."
အကြောက်တရားများ လွှမ်းမိုးနေသော်လည်း ဧဒင်ကမ္ဘာ အတွင်း၌ စကားပြောနိုင်သူများ ရှိနေကြသေးဆဲ ဖြစ်သည်။ သူတို့က ဝေ့ဝူယင်၏ ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့ကြသည်။ သို့သော်လည်း မည်သည့်အဖြေမှ မရရှိခဲ့ကြချေ။ ပျော့ခွေနေသည့် လူငယ်လေးများ၏ ခန္ဓာကိုယ်များကို ကြည့်ရင်း အကြီးအကဲများ၏ နှလုံးသားများမှာ ထိတ်လန့်မှု၊ နောင်တလှိုင်းလုံးများဖြင့် စတင် ရိုက်ခတ်လာခဲ့သည်။
ထျန်းရှောင်ချွမ်းမှာ သူတို့ကို အစတည်းက ကြိုတင် သတိပေးခဲ့ပြီး ဖြစ်ပေသည်။
ထျန်းမူယန်မှာ ထိုအရာအားလုံးကို ထိတ်လန့် တုန်လှုပ်စွာ ကြည့်ရှုနေခဲ့၏။ အနီးကပ် ချိတ်ဆက်မှုနှင့် အတူ အာရုံစူးစိုက်မှုကို ပြောင်းလဲခြင်းအားဖြင့် နေရာအနှံ့အပြားရှိ လူငယ် မြောက်မြားစွာကို သူ အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်ခဲ့သည်။ ထိပ်တန်း ကျင့်ကြံသူများစွာမှာ ဧဒင်ကမ္ဘာ၏ လုပ်ဆောင်ချက်များကို အစောပိုင်း ကပင် နားလည်ခဲ့ကြပြီး ဖြစ်လေရာ ချိပ်ဆက်မှု သုံးခုလုံးကို ကောင်းစွာ အသုံးပြုနိုင်စွမ်း ရှိနေခဲ့ကြသည်။
"အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်ဝေ့က သူတို့ကို တကယ်သတ်တော့မှာလား..."
ထျန်းလင်းယုက ထိတ်လန့် တုန်လှုပ်စွာဖြင့် မေးလိုက်၏။ အချို့သော လူငယ်လေးများ ဆိုလျှင် အသက်အင်အားများ ကုန်ခန်းနေသည်ကိုပင် သူမ ခံစားနိုင်ပေသည်။ သူတို့က မကြာခင် သေဆုံးတော့မည် ဖြစ်ကြောင်း သူမ သိနေခဲ့သည်။
"စောင့်ကြည့်နေပါ..."
ယန်ချောင်ယွဲ့က အလေးအနက် အမူအရာဖြင့် ပြောလိုက်၏။ မြေကြီးရှန့်ထိုတစ်ဦး ဖြစ်သည့်တိုင် လူငယ် ထရီလျံပေါင်း များစွာ သေဆုံးရမည် ဆိုသော အကြံအစည်က သူမကို အလွန်ပင် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ ပထမတုန်းက ထျန်းရှောင်ချွမ်း၏ စကားလုံးများမှာ သူရဲဘောကြောင်သူများကို နောက်ဆုတ်စေရန် နည်းဗျူဟာသက်သက် ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သူတို့ နှစ်ယောက် အပြန်အလှန် စကားပြောနေစဉ် အတွင်း အချိန်က နှစ်စက္ကန့်ပင် မပြည့်သေးပေ။ ဒုတိယစက္ကန့်သို့ ရောက်သောအခါ သတိလစ်သူ အရေအတွက်မှာ သုံးပုံနှစ်ပုံမှ လေးပုံ သုံးပုံ အထိ တိုးလာခဲ့သည်။ ပြိုင်ပွဲဝင်သူ စုစုပေါင်း၏ လေးပုံတစ်ပုံမျှသာ ကျန်ရှိပေတော့သည်။
...
"ဒါက... ဘာလဲဟ..."
လင်းမင်မှာ သူ၏ အသိစိတ် ပင်လယ်ထဲတွင် စိတ်ကိုယ်ပွား တစ်ခုကို ဖန်တီးကာ စိတ်အာရုံ နံရံများအပြင်ဘက်မှ အဆုံးမရှိ ကျရောက်လာသည့် ဥက္ကာခဲများကို စောင့်ကြည့်နေခဲ့သည်။ ထိုဥက္ကာခဲများမှာ ထူးဆန်းသော မီးလျှံများဖြင့် ဖုံးလွှမ်းနေကာ သူ၏ စိတ်တစ်ခုလုံးကို မယုံနိုင်စရာ ကောင်းလောက်အောင် ကြောက်ရွံ့တုန်လှုပ်စေသည်။
ထျန်းရှောင်ချွမ်း၏ သတိပေးမှုများ ကြားမှပင် စီနီယာ အမလင်းနှင့် စိတ်ထဲရှိ အသံပိုင်ရှင်တို့က သူ့ကို စမ်းသပ်ပွဲ ဝင်ဖို့ အကြံပြုခဲ့သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်၏ ပဉ္စမမြောက် ကောင်းချီးကို စိန်ခေါ်ရန်နှင့် ကြုံတွေ့ခံစားရန် သူ ဆုံးဖြတ်ခဲ့သည်။ သို့သော် သူ၏ အသိစိတ် ပင်လယ်ပေါ်သို့ ကျရောက်လာသော တိုက်ခိုက်မှုများကို မြင်ရသော အခိုက်၌ လင်းမင် အနည်းငယ် နောင်တ ရလာခဲ့သည်။
ဝေ့ဝူယင်က သူ၏ အဖိုးတန် အဂ္ဂိရတ် ထုတ်ကုန်ကို မည်ကဲ့သို့ လွယ်လွယ်ကူကူ ပေးမည်နည်း။
အာရုဏ်ဦး နေကြယ်မျိုးစေ့ ဆေးလုံးမှာ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ တတိယမြောက် ထုတ်ကုန်ဖြစ်စည်။ ထိပ်တန်း အဂ္ဂိရတ် ပညာရှင်များနှင့် လျှို့ဝှက် အာဏာရှင် အားလုံးနီးပါး ပင်လျှင် ၎င်း၏ တန်ဖိုးကြောင့် ရူးသွပ်လုနီးပါး ဖြစ်ခဲ့ကြသည်။ ၎င်းမှာ ကြယ်တာရာ အမြုတေ အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိရန် အခွင့်အရေးဟု ဆိုသည်။
ထို့အပြင် ဤသည်မှာ ဝေ့ဝူယင်၏ အဂ္ဂိရတ် ကုန်စည်ပြပွဲဖြစ်သည်။ ထိုကောင်မှာ အကျင့်မကောင်းသည့်တိုင် သူ မင်္ဂလာ ယူနေသည့် ပွဲတစ်ခုတွင် လူငယ်များကို သတ်ဖြတ်ခြင်းဖြင့် အနိဋ္ဌာရုံများကို ဖန်တီးလိမ့်မည် မထင်ချေ။
သုံးစက္ကန့် ကြာပြီးနောက်၌...
လင်းမင်၏ အသိစိတ် ပင်လယ် နံရံများတွင် သေးငယ်သော အက်ကွဲကြောင်းများ စတင်ပေါ်လာခဲ့သည်။ အပြင်ဘက်မှ မှိန်ဖျော့သော မီးလျှံများမှာ ယိုစိမ့်လာသည်။ ၎င်းတို့ကို အသိစိတ် ပင်လယ် အတွင်း ဖောက်ထွင်း ဝင်ရောက်ခွင့်ပြုပါက အကျိုးဆက်များမှာ ဆိုးရွားလိမ့်မည် ဖြစ်ကြောင်း လင်းမင် သိသည်။ ချက်ချင်းပင် သူ၏ စိတ်ကိုယ်ပွားက လက်ဟန် ချိပ်စည်းများ ဖန်တီးလိုက်ကာ မီးလျှံများကို တိုက်ခိုက်ရန် စိတ်စွမ်းအင်များကို လှုံ့ဆော်လိုက်သည်။
လင်းမင်၏ ကြိုးပမ်းမှုများက အကျိုးသက်ရောက်မှုအချို့ ရှိခဲ့သည်။ သူ၏ စိတ်စွမ်းအင်များမှာ ကျူးကျော် ဝင်ရောက်လာသော မီးလျှံများကို နာခံစေကာ နံရံများကို ပြန်လည် ပြုပြင်ရန် စတင်ခဲ့သည်။ ကျင့်ကြံခြင်းတွင် အတွေးအမြင်များ၏ ပင်မ ရေသောက်မြစ်နှင့် သန့်စင်သည့် စိတ်စွမ်းအင်များ၏ ပင်လယ်ကို ကာကွယ်ပေးသည့် စိတ်အာရုံ နံရံများကို စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ဟု သိကြသည်။ ၎င်းမှာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုကို ဖြစ်ပေါ်စေနိုင်သည့် ပြင်ပခြိမ်းခြောက်မှုများ၊ စိတ်ရှုပ်ထွေးမှုများ၊ မကောင်းဆိုးဝါး အတွေးများ ဖြစ်ပေါ်သောအခါ ကာကွယ်ရန် အထောက်အကူ ပြုပေးသည်။
စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာ အတွေ့အကြုံများမှတစ်ဆင့် သဘာဝအတိုင်း မြင့်တက်လာနိုင်သည့် အရည်အချင်း အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ များသောအားဖြင့် သေခြင်းရှင်ခြင်း၊ ပြင်းထန်သော စိတ်ဆန္ဒ၊ အာရုံ စူးစိုက်မှုတို့နှင့် ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များမှတစ်ဆင့် အထူးတလှယ် မြင့်မား လာနိုင်ပေသည်။
လင်းမင်မှာ မရေမတွက်နိုင်သော ပြိုင်ဘက်များနှင့် တိုက်ခိုက်ရင်း ရှေးဟောင်း ရွေးချယ်ခံ တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့နောက်တွင်လည်း အသက်အန္တရာယ်ရှိသော အတွေ့အကြုံ များစွာကို ရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့အားလုံးကို ကိုယ်ပိုင် စိတ်ဆန္ဒ၊ ခွန်အားတို့ဖြင့် ကျော်လွှားခဲ့ရလေရာ သူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က အလွန်ပင် ခိုင်မာသည်။
ထိုသို့ ဖြစ်လင့်ကစား... ငါးစက္ကန့် အကြားတွင်တော့ သူ၏ စိတ်အာရုံ နံရံများမှာ ပြန်လည် ပြုပြင်ရန် မနိုင်တော့သည့်နှုန်းဖြင့် အက်ကွဲလာခဲ့တော့သည်။
"အား..."
လင်းမင် နာကျင်စွာ ဟိန်းဟောက်လိုက်ရာ အသိစိတ်ပင်လယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့၏။
"တည်တည်ငြိမ်ငြိမ်နေ..."
ရုတ်တရက်... ကျယ်လောင်သော အသံတစ်ခုက သူ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ရုတ်တရက် လင်းမင်၏ စိတ်ကိုယ်ပွားမှာ ဤဆိုးရွားသော တိုက်ခိုက်မှုကို တောင့်ခံရန် စိတ်စွမ်းအင်၏ အခြားပင်ရင်း ရေသောက်မြစ်တစ်ခု ရှိနေသေးကြောင်း သဘောပေါက်သွားခဲ့သည်။
ဝှစ်... ဝှစ်...
အတွေးတစ်ချက်ဖြင့်ပင် သူ၏ မူလဒြပ်စင် ကြယ်တာရာ ဝိညာဉ်မှာ ဝိညာဉ် အလင်းများနှင့် ပေါက်ကွဲလာကာ သန့်စင်သည့် ဝိညာဉ် အင်အားများကို သယ်ဆောင်ရင်း စွမ်းအင် အမြောက်အမြားကို အသိစိတ် ပင်လယ်ထံ ပေးပို့လိုက်သည်။
စိတ်ကိုယ်ပွားမှာ ဝင်ရောက်လာသည့် ဝိညာဉ်အလင်းများနှင့် စတင်ပေါင်းစပ်သွားပြီး ခြားနားသည့် အဆင့် တစ်ခုသို့ ဝင်ရောက် သွားခဲ့သည်။ သူက ပြင်းထန်စွာ ဟိန်းဟောက်ရင်း လက်များကို တွန်းထုတ်လိုက်ရာ စိတ်စွမ်းအင်နှင့် ဝိညာဉ် စွမ်းအင်များမှာ ပေါင်းစပ်သွားကာ စိတ်အာရုံ နံရံများတစ်လျှောက် ကပ်ငြိရင်း ပျံဝဲသွားခဲ့သည်။ ၎င်းတို့က ချက်ချင်းပင် မီးလျှံများကို ငြိမ်းသတ်လိုက်ကာ နံရံများကို ဝိညာဉ် အင်အား အလွှာတစ်ခုဖြင့် အားဖြည့်ပေးခဲ့သည်။
ကိုးစက္ကန့် ကုန်လွန်သွားပြီးနောက် လင်းမင်မှာ နောက်ဆုံးတွင် စိတ်တည်ငြိမ်မှုကို ပြန်လည် ရရှိလာခဲ့သည်။ သူက စိတ်သက်သာရာရသွားကာ ယုံကြည်မှု အပြည့်ဖြင့် ပြုံးလိုက်၏။
"ကျေးဇူးတင်ပါတယ်"
“...”
မည်သည့် တုန့်ပြန်မှုမှ ထွက်ပေါ် မလာခဲ့ချေ။
"ခင်ဗျား ရှိသေးလား..."
လင်းမင် မေးလိုက်၏။
"အင်း..."
အသံက အသိစိတ် ပင်လယ် အတွင်း နတ်ဘုရားတစ်ပါးထံမှ ထွက်ပေါ်လာသော ကြေညာသံ ကဲ့သို့ ပဲ့တင်ထပ်သွားသည်။
သို့သော်လည်း... လင်းမင်ထံတွင် ၎င်းအပေါ် ကြောက်ရွံ့ခြင်း၊ ရိုသေခြင်းတို့ မရှိပါချေ။ ထို့အစား... အကူအညီအတွက် ကျေးဇူးတင်မိရုံသာ ဖြစ်သည်။ သို့သော် အသံထဲတွင် အနည်းငယ်သော မသေချာ မရေရာမှု အငွေ့အသက်များကို သူ ခံစားမိသည်။
"တစ်ခုခု ဖြစ်သွားတာလား"
သူက မေးလိုက်၏။
"..."
သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ မည်သည့် တုန့်ပြန်မှုမှ ထွက်ပေါ်လာခဲ့ခြင်း မရှိပါချေ။
***