← Chapters

ပြန်လည် တည်ငြိမ်လာခြင်း

Vol. 102 Ch. 1426

ပြန်လည် တည်ငြိမ်လာခြင်း

Vol. 102 Ch. 1426

အလားတူပင် စန်းယွန်းလီသည်လည်း အလားတူ အန္တရာယ်ရှိသော အခြေအနေ၌ ရောက်ရှိနေခဲ့သည်။ အတိတ်ဘဝမှာတုန်းက မိန်းကလေးမှာ ကိုယ်တိုင်ကိုယ်ကျ သေဆုံးမှု အပါအဝင် စိတ်ကူးမယဉ်နိုင်လောက်သော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့်ပင် သူမ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာ အသက်အရွယ် တူသူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်သည်။

သို့သော်... သူမသည်လည်း ကျရောက်လာသော ဥက္ကာခဲများနှင့် စိတ်ကို ကျူးကျော်ရန် ကြိုးစားနေသော မီးလျှံများကို ခုခံရန် စိတ်စွမ်းအင်များကိုသာ အဓိက အားထားခြင်း တည်းဟူသော လင်းမင် ကဲ့သို့ အလားတူ ချို့ယွင်းချက်ကို တွေ့ကြုံခဲ့ရသည်။ ဤအချိန်၌ သူမ၏ စိတ်သည် နောက်ဆုံးသော အားအင်ကို ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမ၏ စိတ်အာရုံနံရံများတွင် အက်ကွဲကြောင်းများက နေရာအနှံ့ ဖြန့်ကျက်နေကာ မြင်ရုံဖြင့်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ မိုးရွာသကဲ့သို့ မီးလျှံများမှလည်း နေရာအနှံ့တွင် ပေါက်ကွဲ နေကြသည်။ ထိုအခိုက်၌... သူမ၏ စိတ်မှာ ဘေးပတ်ပတ်လည်တွင် ငရဲပြည် တစ်ခု ဝန်းရံနေသကဲ့သို့ ဖြစ်နေခဲ့သည်။

မိန်းကလေးမှာ ရှိရှိသမျှ စိတ်စွမ်းအင်အားလုံးကို စုစည်းကာ အတွေးတွင်းပေါက်များကို ကာကွယ်ခြင်း၊ ခြိမ်းခြောက်မှုများအား ရင်ဆိုင်ခြင်းတို့ကို အပြစ်အနာအဆာ ကင်းစွာ လုပ်ဆောင်နိုင်ခဲ့သည့်တိုင် နောက်ဆုံးတွင် ကန့်သတ်ချက်များသို့ စတင်ရောက်ရှိလာခဲ့သည်။

"ဒါက ဖြစ်နိုင်လို့လား..."

သူမက တံတွေး မြိုချလိုက်၏။ ထာဝရ အစည်းအရုံး၏ လူငယ်မျိုးဆက်များမှာ ထာဝရ နတ်ဘုရား၏ အတင်းအကြပ် တားမြစ်မှုကြောင့် စမ်းသပ်ပွဲတွင် ပါဝင်ခြင်း မပြုခဲ့ရချေ။ သို့သော်လည်း သူမကတော့ သီးခြား လွတ်လပ်သည့် စန်းကလန် အဖွဲ့ဝင် တစ်ယောက်သာ ဖြစ်ပေသည်။ ထာဝရ အစည်းအရုံး အတွင်း ဝင်ရောက်ထားခြင်း မရှိလေရာ မွေးစားဖခင် မကန့်ကွက်ပါက အလိုရှိသလို လုပ်ဆောင်နိုင်ပေသည်။ ဒုတိယ အကြိမ်မြောက် ကောင်းချီးတွင် အာရုဏ်ဦး ဝိညာဉ်ပင်လယ် အသက် ဆေးရည်ကို ရရှိပြီးနောက် နောက်ထပ် ကောင်းချီးများအား ဆုပ်ကိုင်ရန် အခွင့်အရေးကို သူမ လက်မလွှတ်နိုင်တော့ချေ။

"ဖြစ်နိုင်တယ်..."

စန်းယွန်းလီ၏ အသိစိတ် ပင်လယ်ထဲမှ စကားသံ တစ်ခု ထွက်ပေါ်လာ၏။ ကျောက်စိမ်းမှာ မိန်းကလေး စုစည်းထားသည့် စိတ်စွမ်းအင် စက်လုံးအတွင်း၌ မျောလွင့်နေကာ အံ့မခန်းလှပသော အလင်းရောင်များကို မှိန်ဖျော့စွာ ထုတ်လွှတ်နေသည်။

“အသုံးမကျဘူး..."

အမျိုးသမီး အသံက ပြတ်သားစွာ ပြောလိုက်၏။

"ဟမ်..."

အန္တရာယ် အခြေအနေကြားမှပင် ထိုအမျိုးသမီးက ကူညီခြင်း မရှိပဲ အပြစ်တင်နေသဖြင့် စန်းယွန်းလီ ဒေါသထွက် သွားခဲ့သည်။ သို့သော်လည်း ထိုဒေါသ အပြင်သို့ မရောက်ခင်မှာပင် သူမ အမှားကို ချက်ချင်း သဘောပေါက်သွားသည်။

စန်းယွန်းလီ ချက်ချင်းပင် ဝိညာဉ် စွမ်းအင်ကို ဆင့်ခေါ်လိုက်၏။ ကြယ်တာရာ ဝိညာဉ်၏ စွမ်းအားကို စတင် အသုံးပြုလိုက်သည်နှင့် သူမ ခံစားနေရသော အန္တရာယ် အငွေ့အသက်က ချက်ချင်း ပျောက်ကွယ်သွားသည်။ ၁၃ စက္ကန့် အကြာတွင် သူမ အသက်ရှူချောင်သွားခဲ့၏။

"တွေ့လား..."

အမျိုးသမီးက လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ထောက်ပြလိုက်သည်။ စန်းယွန်းလီသည် ဒေါသထွက် သွားခဲ့သော်လည်း စိတ်ထဲတွင်ပင် ထိန်းထားလိုက်သည်။

“ကျေးဇူးတင်ပါတယ်"

တစ်စက္ကန့်မျှ ကြာပြီးနောက် သူမက ပြောလိုက်သည်။ ထိုအမျိုးသမီး၏ သတိပေးမှုသာ မရှိခဲ့ပါက သူမ ဤစမ်းသပ်မှုတွင် ကျရှုံးနိုင်ဖွယ်ရှိသည်။ ထိုကျေးဇူးတင်စကားကိုတော့ သူမက အမှန်တကယ် စိတ်ရင်းနှင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အမျိုးသမီးက ညင်သာစွာ ရယ်မောလိုက်၏။

"မင်း အပြစ်မဟုတ်ပါဘူး... မင်းတို့ရဲ့ ဒီကျင့်ကြံခြင်း အဖွဲ့အစည်းက စိတ်တာအို ကျင့်စဉ်တွေမှာ တအား အားနည်းတယ်...”

"စိတ်တာအို..."

စန်းယွန်းလီမှာ စိတ်တာအို အကြောင်းကို ယခင်က ဖတ်ဖူးသော်လည်း ဟိုတစ်စ ဒီတစ်စ ဖော်ပြချက်အချို့မှလွဲ၍ အသေးစိတ် အချက်အလက်များစွာ မရှိခဲ့ပေ။

သို့သော်လည်း... အသံမှာ ဆရာသခင် တစ်ဦးလိုမျိုး အသေးစိတ် ရှင်းပြခြင်းဖြင့် သူမ၏ စူးစမ်းလိုစိတ်ကို ပြေပျောက်စေခဲ့ခြင်း မရှိပေ။ ထို့အစား သူမက...

"အနည်းဆုံး ငါတော့ အဲဒီလိုပဲ ထင်တယ်... ဒါပေမဲ့ တစ်ယောက်ယောက်က သူရဲ့ စိတ်ကိုယ်ပွားကို အံ့မခန်း အတိုင်းအတာထိ ရောက်အောင် တိတ်တဆိတ် လုပ်ထားနိုင်တာပဲ... ဘယ်သူ သိမလဲ"

"စိတ်ကိုယ်ပွား..."

စန်းယွန်းလီမှာ သူမ၏ ရှေ့တွင် ကမ္ဘာသစ်တစ်ခု ပွင့်လာသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း သူမ ထိုတံခါးကို ဖွင့်နိုင်ခြင်း မရှိခဲ့ပေ။

"အင်း... သိုင်းပညာ ကျင့်စဉ်တွေလည်း အတူတူပဲ... အစီအရင် တွေကလွဲလို့ ဒီကျင့်ကြံခြင်း အဖွဲ့အစည်းက အခြေခံမှာ အရမ်း အားနည်းနေတယ်... ကျင့်ကြံခြင်း အဆင့် တစ်ခုချင်းစီရဲ့ အပြည့်အဝ အလားအလာကို ဖော်ထုတ်ရမယ့်အစား နောက်တစ်ဆင့်ကို ရောက်ဖို့ပဲ အလွန်အကျွံ စွဲလမ်းခဲ့ကြတဲ့ လူတွေ...”

စန်းယွန်းလီသည် အသိစိတ် ပင်လယ်အပြင်ဘက်မှ အဆက်မပြတ် ကျရောက်လာနေသော ဥက္ကာခဲများကို ခုခံရင်း တိတ်တဆိတ် နားထောင်နေခဲ့သည်။ အမျိုးသမီး၏ စကားလုံးများမှ တစ်ဆင့် စိတ်ကိုယ်ပွားမှာ ဝိညာဉ် အစီအရင်၊ တိုက်ခိုက်ရေး ကျင့်စဉ်တို့နှင့် တူညီကာ စိတ်စွမ်းအင်ကို မှန်ကန်စွာ အသုံးပြုခြင်းနှင့် သက်ဆိုင်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။

အကယ်၍ ကျင့်ကြံခြင်းနည်းလမ်းများမျာ အမတေ၏ အခြေခံ နည်းစနစ်များဖြစ်ပါက သိုင်းပညာ ကျင့်စဉ်များမှာ ခန္ဓာကိုယ်ကို အဓိကထား အသုံးပြုပြီး၊ စိတ်ကိုယ်ပွားများကတော့ စိတ်ကို အမှီသဟဲပြုကာ၊ ဝိညာဉ် အစီအရင်များမှာ ဝိညာဉ်ကို ဗဟိုပြုရင်း အထက် ဖော်ပြပါ စွမ်းအင် သုံးရပ်လုံးကို လွှမ်းမိုးခြင်းနှင့် တုပခြင်းတို့ ပြုလုပ်နိုင်သည်။

နောက်ဆုံး၌... မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ကျင့်ကြံခြင်း အခြေခံများမှာ လွန်စွာ အားနည်းနေကြောင်း သူမ သဘောပေါက်ခဲ့ပြီ ဖြစ်သည်။ ၎င်းက လောကချည်နှောင် ကြယ်တာရာ နယ်မြေ မရှိခြင်းသက်သက်မျှ မဟုတ်ပေ။

စန်းယွန်းလီ ဆက်လက်၍ စဉ်းစား နေမိ၏။ အလွှာအပြင်က လောကရှိ ကျင့်ကြံသူများမှာ မည်မျှ အစွမ်းထက်မည်နည်း။ သူတို့က ဝေ့ဝူယင်၊ ထျန်းရီဝူတို့ထက်ပင် သာလွန်ကောင်း သာလွန်နိုင်သလော။

၃၇ စက္ကန့်သို့ အရောက်တွင် သူမ၏ အတွေးများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ စိတ်အာရုံ နံရံများ အပြင်ဘက်မှ ဝိုင်းရံတိုက်ခိုက်မှုများမှာ ပိုမို၍ ပြင်းထန်လာကာ ကြောက်မက်ဖွယ် ဖိအားများကို သူမ ခံစားလာရသည်။ သူမ အနေဖြင့် ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆ တိုးမြှင့်ရတော့မည်ဖြစ်ပြီး ဝိညာဉ်ထံမှ နောက်ထပ် စွမ်းအားများကို ထုတ်ယူကာ ခုခံရတော့မည် ဖြစ်သည်။

...

ဧဒင်ကမ္ဘာ၌.... စိတ်စွမ်းအင်ကိုသာ အားကိုးခြင်းမှာ ဘေးဥပဒ် ကျရောက်စေမည့် နည်းလမ်းဖြစ်ကြောင်း လူအတော်များများ သဘောပေါက်ခဲ့ကြသည်။ ထို့အပြင် စိတ်အာရုံများ ချိုးဖောက်ခံရသောအခါ သူတို့၏ ဝိညာဉ်များမှာ လှုံ့ဆော်ခံရပြီး ဝင်ရောက် ကူညီပေးသည့် မွေးရာပါ ကာကွယ်မှုတစ်မျိုးကို ရရှိခဲ့ကြသည်။ ထိုကဲ့သို့ တုန့်ပြန်မှုများမှာ သူတို့၏ စိတ်များ ပထမစက္ကန့် ၃၀ အတွင်း မပျက်စီးသေးသရွေ့ ဖြစ်ပေါ်ခဲ့ကာ၊ လူငယ်ပေါင်း မြောက်မြားစွာကို ခြိမ်းခြောက်နေသည့် စွမ်းအားကို ခုခံနိုင်စေခဲ့သည်။

အကြီးအကဲများက လူငယ်များကို ဝိုင်းရံတိုက်ခိုက်နေသည့် စိတ်ပိုင်းဆိုင်ရာ ဖိအားများကို စစ်ဆေး ကြည့်ရှုသောအခါ အမျိုးမျိုး ကွဲပြားခြားနားကြောင်း သဘောပေါက်ခဲ့ကြသည်။ ကျင့်ကြံခြင်း အဆင့်နှင့် အသက် ပိုမိုကြီးသူများမှာ အဆင့်နိမ့်သူများနှင့် ငယ်ရွယ်သူများထက် စိတ်ဖိစီးမှု ပိုမိုများပြားစွာ ခံစားခဲ့ကြရသည်။

ထို့အပြင်... အစောပိုင်း ကျရှုံးခဲ့သူအချို့၏ ကုန်ခန်းနေသော အသက်အင်အားများမှာ ရပ်တန့်သွားခဲ့ပြီး ပြန်လည်၍ ကောင်းမွန်လာသည်ကို သဘောပေါက်ပြီးနောက် လူအများအပြား သက်ပြင်းချနိုင်ခဲ့ကြသည်။ ထိုဖြစ်စဉ်တွင် မြေကြီးရှန့်ထိုများက နောက်ကွယ်မှ ပါဝင် ကူညီဆောင်ရွက်နေသည်ကို သူတို့ သတိပြုမိကြသည်။

ပရိသတ်များကို ဝင်ရောက် ကူညီခြင်းများ မပြုလုပ်ဖို့ တားမြစ်ထားသည့်တိုင် အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ကိုယ်တိုင် တာဝန်ပေးထားသူများကတော့ ခြားနားလှပေသည်။

"ဟူး..."

ထျန်းလင်းယု တစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ထို့နောက် ဝေ့ဝူယင်ကို သံသယဝင်မိသည့်အတွက် အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

ထိုအခိုက်တွင်ပင် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို၏ အသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။

"အာရုဏ်ဦး အာဏာရှင် ဧကရာဇ်က သူ့ရဲ့ အဂ္ဂိရတ် ပြပွဲမှာ ဒီလောက် များတဲ့ လူငယ်တွေကို သတ်ပြီး ဘာလို့ သူ့သိက္ခာ သူချမှာလဲ... ရှင်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေ အားလုံးက အစကတည်းက အခြေအမြစ်မရှိခဲ့ဘူး"

သူမက အင်ပါယာမျိုးနွယ်ထံ အဓိက ဦးတည်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ စောစောပိုင်းက ဝေဖန် ပြောဆိုခဲ့ကြသူများမှာ ရှက်ရွံ့စွာ ခေါင်းငုံ့နေခဲ့ကြသော်လည်း ဤသည်မှာ ဝေ့ဝူယင်၏ အဂ္ဂိရတ် ကုန်စည်ပြပွဲ ဖြစ်သည်ကို သူတို့ ပြန်လည် သတိရသွားကြသည်။

မည်သည့် အဂ္ဂိရတ် ပညာရှင်ကမှ သူ၏ အကြီးကျယ်ဆုံး အခမ်းနားဆုံးသော ဂုဏ်ပြု ပွဲတော်အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို ဖန်တီးမည်မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် ရူးသွပ်ရာကျပေလိမ့်မည်။

***

All Chapters