ပြိုင်ပွဲ ဆက်လက်ခြင်း
Vol. 102 Ch. 1427
သုံးမိနစ်မျှ ကြာပြီးနောက် လင်းမင်၏ စိတ်ကိုယ်ပွားမှာ မီးလျှံများ၏ ဝန်းရံခြင်းကို ခံနေရသည်။ သူက အသိစိတ် ပင်လယ်ကို စုစည်းရင်း ဝိညာဉ်အင်အားကို အသုံးပြု၍ အကာအကွယ်ပေးထားသည်။ ယခုအခါ သူသည် အရာအားလုံးကို အားကိုးနေရသည်။
စိတ်ကိုယ်ပွား ဖြစ်လင့်ကစား ပြင်းပြစွာ အားစိုက်ထုတ် နေရမှုကြောင့် သူ့ နဖူးထက်၌ သွေးကြောများထနေကာ ချွေးစေးများဖြင့် စေးကပ်နေသည်။ သူ၏ အသက်ရှူသံများမှာ မမှန်တော့ဘဲ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် ပိုမို ကြည်လင်လာသယောင် ရှိသည်။
"သူက ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား…”
လင်းမင်မှာ ဝေ့ဝူယင်၏ ရည်ရွယ်ချက်ကို မမေးဘဲ မနေနိုင်တော့ပေ။
ဤမျှ ခက်ခဲသော အဆင့်မှာ သာမန် ကျင့်ကြံသူများ အတွက် လုံးဝမဖြစ်နိုင်ချေ။ ထိပ်တန်း ရွေးချယ်ခံ ဧကရာဇ် အများစုပင် ဤမျှ ပြင်းထန်သည့် တိုက်ခိုက်မှုများနှင့် ကြမ်းတမ်းသော မီးလျှံများကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ချေ။ ထျန်းရီဝူပင်လျှင် ခံနိုင်ရည်ရှိပါမည်လား သူ သံသယ ဝင်မိသည်။
"သူ တကယ်ပဲ ကြိုးစားနေတာ ဖြစ်နိုင်တယ်..."
သူ့စိတ်ထဲမှ အသံပင်လျှင် သံသယဝင် နေခဲ့သည်။
သုံးမိနစ် ခုနစ်စက္ကန့်သို့ အရောက်၌…
ဟူး… ဟူး…
မီးတောက်မီးလျှံများမှာ လင်းမင်၏ အသိစိတ် ပင်လယ်ကို ဆူပွက်လာစေကာ ဗဟိုနေရာတွင် ကာကွယ်ထားသည့် သူ၏ အတွေးတွင်းပေါက်များကိုပင် ထိခိုက်အောင် ကြိုးစားလာခဲ့သည်။
"အား…"
ထိုနာကျင်မှုက ငရဲခံ နေရ သကဲ့သို့ ပြင်းထန်လှသည်။
ယခုအချိန်တွင် လင်းမင်၏ စိတ်အာရုံ နံရံများမှာ ချိုးဖောက်ခံခဲ့ရကာ နေရောင်ခြည်ကဲ့သို့ ပူလောင်မှုနှင့် ဂြိုဟ်များ ပေါက်ကွဲသကဲ့သို့ ပြင်းထန်မှုမျိုးကို ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ကာ နာကျင်စွာ အော်ဟစ်ရင်း ပြိုကွဲလုနီးပါး ဖြစ်နေခဲ့၏။
လင်းရှန်းရှဲ့၏ မျက်လုံးများမှာ လင်းမင်၏ တုန့်ပြန်ပုံကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်မှုများ ပြည့်နှက်လာသည်။ သေလုဆဲဆဲ ပိုးကောင်တစ်ကောင်ကဲ့သို့ လူငယ်ာကယောင်ချောက်ချား ဖြစ်နေသည်ကို မြင်သော အခါတွက်တော့ သူမ အော်ဟစ်လိုက်၏။
"ရပ်လိုက်တော့… သူ မခံနိုင်တော့ဘူး…"
ပုံမှန်ဆိုလျှင် သူမသည် လင်းမင်ကို ဤစိန်ခေါ်မှုအား ဘယ်လောက်ပင် ခက်ခဲ ခက်ခဲ ရင်ဆိုင်စေမည်ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ လင်းမင်၏ ခန္ဓာကိုယ်မှာ သူ၏ စိတ်အာရုံ၏ နာကျင်မှုများနှင့် ထင်ဟပ်နေကာ အရေပြားတစ်ခုလုံး ကွဲအက်၍ အတွင်းအား စွမ်းအင်များနှင့် အသက်စွမ်းအား များပင် ယိုစိမ့်ထွက်နေသည်။ သူ သေတော့မည် ဖြစ်သည်။
လင်းမင်မှာ သူ၏ ခေါင်းမာသော စရိုက်နှင့် စမ်းသပ်မှု ကျရှုံးခြင်းအား မနှစ်မြို့သောကြောင့် အရှုံးမပေးဘဲ တင်းခံနေသည်ဟု သူမ တွေးမိသည်။ ဆေးလုံးအား မည်သည့်အဖိုးအခဖြင့်မဆို ရအောင် ယူရန် ပြောခဲ့သည့်အတွက်ပင် သူမကိုယ်သူမ အပြစ်တင်နေမိသည်။ အကယ်၍ မခံနိုင်တော့ပါက နောက်ဆုတ်ရန် သူမ ပြောခဲ့သင့်သည်။ ကံမကောင်းစွာဖြင့် သူမ၏ အကူအညီတောင်းမှုကို မည်သူမျှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။
"အမေ…"
သူမ မျက်ရည်များဖြင့် အော်ခေါ်လိုက်မိ၏။ ထိုအချိန်၌ လင်းမင်၏ ကိုယ်ခန္ဓာမှ အရည်များပင် ယိုစိမ့်ထွက်နေခဲ့ပြီ ဖြစ်သည်။ အနံ့အသက်များကလည်း ဆိုးဝါးလှသည်။
အခြားတစ်ဖက်၌…
လင်းမင်မှာ စမ်းသပ်မှုအား မည်ကဲ့သို့ အဆုံးသတ်ရမည်ကို အစောတလျင် ရှာဖွေ နေခဲ့သည်။ သို့သော်လည်း အခြားသူများစွာကဲ့သို့ပင် သူ့ထံတွင် မည်ကဲ့သို့ အဆုံးသတ်ရမည်ကို ညွှန်ကြားချက်များ မရှိပါ ချေ။ ထိတ်လန့် တုန်လှုပ်မှုများ စတင်ဝင်ရောက်လာသည်နှင့် သူ၏ နှလုံးခုန်နှုန်းမှာ အရှိန်အဟုန် မြန်ဆန်လာခဲ့သည်။
ဝေ့ဝူယင်က သူ့ကို အမှန်တကယ် သတ်ရန် ကြိုးစားနေခြင်းလော…။
ထိုအတွေးက သူ့ကို မျှော်လင့်ချက်မဲ့ ချောက်နက်ကြီး တစ်ခုထဲသို့ နစ်မြုပ်စေခဲ့သည်။
"ဟူး…"
ရုတ်တရက်… လင်းမင်၏ စိတ်အာရုံထဲတွင် သက်ပြင်းချသံတစ်ချက် ပဲ့တင်ထပ်ကာ ထွက် ပေါ်လာခဲ့သည်။ ထို့နောက်… နှိုင်းယှဉ်၍ မရအောင် သန့်စင်လှသော ဝိညာဉ်စွမ်းအင် တစ်ခုမှာ စတင်စီးဆင်းလာခဲ့သည်။ ၎င်းက စိတ်အာရုံ နံရံများအပေါ် ကျရောက်နေသည့် ခြိမ်းခြောက်မှု အားလုံးကို ဝါးမျို ဖျက်ဆီးကာ မီးလျှံများကို ငြှိမ်းသတ်လိုက်သည်။ သူ၏ အသိစိတ် ပင်လယ်မှာ ပြန်လည်၍ တည်ငြိမ် သွားခဲ့၏။
"ငါ မင်းကို ကူညီပေးမယ်… အာရုံစိုက်…”
အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာရာ လင်းမင် ၏ အတွေးများနှင့် စိတ်ခံစားမှုများမှာ ရှင်းလင်း သွားခဲ့သည်။ ခဏတာမျှ အံ့သြသွားခဲ့သော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာသည်။
လင်းမင် ချောင်ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ သွားကြိတ်ကာ ဆက်တိုက်ဝင်ရောက်လာနေသည့် မီးလျှံ ဥက္ကာခဲများကို အမှုန့် ကြိတ်ချေလိုသော ရည်ရွယ်ချက်ဖြင့် ကြည့်လိုက်သည်။
ဘာတွေပဲ ဖြစ်ဖြစ်… သူ အသက်ရှင်ရပေမည်။
…
အခြားတစ်ဖက်၌…
စန်းယွန်းလီ သည်လည်း အလားတူ ခက်ခဲကြမ်းတမ်းသော အခြေအနေတစ်ခု၌ ရောက်ရှိနေခဲ့သည်။ ထိုအချိန်၌ သူမမှာ သက်ရောက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် စိတ်ကို အာဟာရဖြည့်ပေးသည့် ကျောက်စိမ်း၏ စွမ်းအားကို အသုံးပြုနေခဲ့ပြီဖြစ်သည်။
"ဘယ်သူက ဒီလိုအခြေအနေမျိုးမှာ အသက်ရှင်နိုင်မှာလဲ…”
သူမသည်လည်း လင်းမင် ကဲ့သို့ပင် တွေးနေခဲ့သော်လည်း အနည်းငယ် ပိုမို၍ တည်ငြိမ်နေခဲ့သည်။ အဘယ်ကြောင့်နည်း…။ သူမက သေခြင်းတရားကို တစ်ကြိမ် ကြုံတွေ့ခဲ့ဖူးသောကြောင့်ပင်။
ထိုစဉ်က သူမ၏ ခန္ဓာကိုယ် ပျက်စီးသွားသည်ကို ကြည့်သာ နေနိုင်ခဲ့ပြီး အစစ်အမှန် မျှော်လင့်ချက်မဲ့ခြင်းကို ခံစားခဲ့ရသည်။
"ဘာပဲ ဖြစ်ဖြစ်… နင် အသက်ရှင်နေတာပဲ မဟုတ်ဘူးလား"
အမျိုးသမီးက လှောင်သလိုလိုဖြင့် ပြောလိုက်၏။
"..."
စန်းယွန်းလီမှာ ခဏတာမျှ ကြောင်သွားခဲ့၏။ သို့သော်လည်း ထိုအမျိုးသမီး ပြောသည်မှာ အမှန်ပင် ဖြစ်လေရာ သူမထံတွင် ငြင်းပယ်ရန် အကြောင်းပြချက် မရှိပါချေ။
"ဒါပေမဲ့… ပြင်းထန်မှုနှုန်း တိုးလာနေတာ ကြည့်ရင် နင် နောက်ထပ် တစ်မိနစ်တောင် မခံနိုင်တော့ဘူး"
အမျိုးသမီးမှာ စန်းယွန်းလီ၏ အခြေအနေက သူမနှင့် လုံးလုံး မသက်ဆိုင်သကဲ့သို့ ပြောလိုက်သည်။
စန်းယွန်းလီက အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ ထို့နောက် သူက ထူးဆန်းသော လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ဆောင် လိုက်သည်။ သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ဒါဆိုရင် ခွင့်လွှတ်ဖို့ တောင်းဆိုပါရစေ"
"ဘာ…"
အမျိုးသမီး၏ အသံက ထိတ်လန့်ခြင်းများနှင့် ပြည့်နှက် သွားခဲ့၏။
ဟူး… ဟူး…
ရုတ်ချည်းပင် ကျောက်စိမ်းထံမှ သန့်စင်သည့် ဝိညာဉ်စွမ်းအား အမျှင်များ စတင် ထွက်ပေါ်လာကာ သာမန် မြေကြီးရှန့်ထို တစ်ပါး၏ စွမ်းအားကိုပင် အလွယ်တကူ ကျော်လွန်သွားခဲ့သည်။
"ကောင်မလေး… နင် ငါ့ရဲ့ ဝိညာဉ်စွမ်းအား သိုလှောင်ခန်းကို သုံးနေတယ်ပေါ့… ဒါက ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက် ဆိုတာ နင်မသိတာလား”
"ကျွန်မ ပြန်ဖြည့်ပေးပါ့မယ်…"
စန်းယွန်းလီက ပြောလိုက်၏။ ထို့နောက် သူမက ထိုစွမ်းအားကို အသုံးပြုကာ ဥက္ကာခဲများနှင့် ကျူးကျော်ဝင်ရောက်လာသော မီးလျှံများကို ဖျက်ဆီးရန် စိတ်အာရုံ အလွှာ တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။ တစ်ခဏ အတွင်းမှာပင် ပြင်ပစွမ်းအားများမှာ နောက်ထပ် ထိုးဖောက်ဝင်ရောက်နိုင်တော့ခြင်း မရှိတော့ချေ။
…
ဧဒင်ကမ္ဘာ၏ လျှို့ဝှက် နယ်မြေတစ်ခု အတွင်း၌..
ဝေ့ဝူယင်မှာ ငြိမ်သက်စွာ ရပ်နေရင်း လူငယ် မြောက်မြားစွာထံမှ ထူးဆန်းသော အော်ရာများ ထွက်ပေါ်နေသည်ကို သတိထားမိ နေခဲ့သည်။
"ကောင်းကင်တာအိုက တကယ့်ကို အံ့ဩစရာပဲ"
သူ မှတ်ချက်ချလိုက်သည်။ လူငယ်များစွာ၏ ခန္ဓာကိုယ်များထဲ၌ ပုံမှန်မဟုတ်သည့် ဝိညာဉ်များ ခိုအောင်းနေသည်ကို သူ သတိပြုမိသည်။ သူတို့သည် ဝူယုနှင့် ဆင်တူကြသည်။ အချို့မှာ အားနည်းပြီး အချို့မှာ သိသိသာသာ ပိုမို အားကောင်းကြသည်။
"ဒီဝိညာဉ်တွေအားလုံးက ဘယ်ကနေ ရောက်လာတာလဲ…"
ဟိုးရှေးယခင်က ချိပ်ပိတ်နယ်မြေမှာ တိုက်တန်မျိုးနွယ်များ ကျက်စားခဲ့သည့် ကြယ်ကွင်းပြင်များထဲမှ တစ်ခု ဖြစ်ခဲ့သည်။ ဤနေရာတွင် လူသားများ ဖွံ့ဖြိုး တိုးတက်လာသည်မှာ သိပ်မကြာသေးချေ။ သို့သော် ထိုဝိညာဉ်များ၏ အော်ရာများက တိုက်တန်များနှင့် တူညီခြင်း မရှိချေ။
"သူတို့က အဇူရာ ကြယ်စင်စုရဲ့ ထိပ်သီး အင်အားစုတွေထဲက သေဆုံးသွားခဲ့တဲ့ ပညာရှင်တွေ ဖြစ်နိုင်မလား… သူတို့ ချိပ်ပိတ်ခံ သတ္တဝါကြီးနဲ့ တိုက်ခိုက်ရင်း သေဆုံးခဲ့ကြတာလား…”
ဝေ့ဝူယင် ခန့်မှန်းလိုက်၏။ ထိုကဲ့သို့ ဆိုလျှင် ချပ်ပိတ် နယ်မြေ တစ်ခွင် ပျံ့နှံ့နေသည့် မျိုးရိုး၊ ဝိညာဉ်နှင့် အမွေအနှစ်များမှာ ရှင်းလင်း သွားပေလိမ့်မည်။ အာဏာရှင် အင်ပါယာ သုံးယောက်တည်းဖြင့် ထိုသတ္တဝါကြီးကို ချိပ်ပိတ် နိုင်လိမ့်မည်ဟု သူ မထင်ချေ။
ထိပ်သီး လျှို့ဝှက် အာဏာရှင် အဆင့်များကို သတ်ဖြတ်ရန် မလွယ်ကူလှချေ။ ကျင့်ကြံခြင်း အခြေခံ ပိုမို၍ မြင့်မားလာလေလေ၊ သူတို့၏ သက်တမ်းက ပိုမို၍ ရှည်လာလေလေ၊ သူတို့ကို သတ်ရန် ပိုမို၍ ခက်ခဲလာလေလေ ဖြစ်သည်။
အချိန်လေပွေ၏ အကူအညီနှင့် သင့်လျော်သည့် ပတ်ဝန်းကျင်မျိုးသာ မရှိခဲ့လျှင် ဝေ့ဝူယင်မှာ ရှုယုကို သတ်ဖြတ်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
ထို့အပြင်.. ရှုယုက သူ၏ လောကရှန့်ထို အဆင့် စွမ်းအား အပေါ် ယုံကြည်ချက် ပြင်းထန်ကာ ကျန့်ကျန်၏ တပ်မဟာကို အထင်သေးခဲ့ခြင်းကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။ ထိုအရာက… သူ၏ ကျဆုံးခြင်းကို ဦးတည်စေခဲ့သည်။
"ကောင်းပြီလေ… ဆက်ပြီး ရှာဖွေကြတာပေါ့"
ဝေ့ဝူယင်က ရယ်မောလိုက်ရင်း လက်ကို ဝှေ့ယမ်းကာ ပြင်ပ အကူအညီရရှိသူများကို မှတ်သားလိုက်သည်။ အော်ရာများ၏ မူလဇစ်မြစ်ကို လေ့လာပြီး အဖြေများရရှိရန် ကိုယ်တိုင် သွားရောက်လည်ပတ်မှုအချို့ပင် ပြုလုပ်ရပေလိမ့်မည်။ သူက ဤအခြေအနေကို အသုံးချရန် ရည်ရွယ်ထားလေရာ ဖြစ်နိုင်ခြေရှိသည့် အပြောင်းအလဲများ အားလုံးကို ထည့်သွင်းစဉ်းစားခြင်းက အကောင်းဆုံးဖြစ်ပေသည်။
***