← Chapters

နှိမ့်ချစွာနေထိုင်ခြင်း

Vol. 016 Ch. 1598

နှိမ့်ချစွာနေထိုင်ခြင်း

Vol. 016 Ch. 1598

နတ်ဘုရားမှော်ဆရာ ဆင်းသက်လာသည်။ ကြောက်မက်ဖွယ် နတ်စွမ်းအားတို့က ကျယ်ပြောသည့် လေဟာနယ်ကို ဖုံးအုပ်ကာ ပျက်စီးခြင်းမြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

နတ်ဘုရားမှော်ဆရာက ကြေညာလိုက်၏။

“နတ်ဘုရားအမွေအနှစ် နယ်မြေ ပွင့်လာရင် ဟောကိန်း လက်ခံရရှိထားသူတွေက နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ရောက်ဖို့ ရွေးချယ်ထားသူတွေနဲ့အတူ ဟောကိန်း ကောင်းချီးပေးခံရဖို့ လာရောက်ပေးပါ။ ဟောကိန်း ကောင်းချီးမရသူတွေက ပျက်စီးခြင်းမြို့တော်ကနေ တစ်နာရီအတွင်း ထွက်ခွာသွားရပါမယ်။ ဘယ်လို ဆန့်ကျင်သူမျိုးမှ ခြွင်းချက်ထားပေးမှာ မဟုတ်ဘူး။”

ချက်ချင်းပင် ဟောကိန်း လက်ခံရရှိထားသူများက ဟောကိန်း များကို ထုတ်ယူကာ ရှေ့သို့ တိုးလာကြသည်။ ၎င်းတို့သည် ရုပ်ပုံများနှင့် ရွှေရောင်စာလိပ်များ ဖြစ်ကြသည်။ ဟောကိန်း အလင်းက ဖြာထွက်လာပြီး ဖုံးလွှမ်းခြင်းခံရသည့် တန်ခိုးရှင်များက ကောင်းချီးပေးခံရသူများ ဖြစ်ကြသည်။

ချက်ချင်းပင် ကောင်းချီးပေးမခံရသူများက အဝေးသို့ ထွက်ခွာသွားကြရသည်။ သူတို့ထဲတွင် ထူးချွန်သည့် သူများလည်း အနည်းငယ် ပါဝင်ပေသည်။ သို့သော် မည်သူကမှ သူတို့ကိုကူညီရန်ဆန္ဒမရှိလျှင် သူတို့က စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားရုံသာ တတ်နိုင်ပေသည်။

အများစုမှာ အခွင့်အရေးများ ရှာရန် လာခဲ့ကြသူများ ဖြစ်သည်။

ရီဖူရှင်းနှင့် သူ့အဖွဲ့သည် အရှင်ထိုက်ရွှမ်၏ ကောင်းချီးပေးခြင်း ခံရပေသည်။

ဟောကိန်း စာလိပ်၏ လွှမ်းခြုံခြင်းကို မခံရသည့် တန်ခိုးရှင်များက ချက်ချင်း ထွက်ခွာသွားကြရသည်။ မကြာခင်မှာပင် သူတို့အားလုံးက ပျက်စီးခြင်းမြို့တော်မှ လျှောက်ထွက်ခွာသွားကြပေသည်။

တောက်ပသည့်အလင်းများက နတ်ဘုရားမှော်ဆရာများပေါ်တွင် ဖြစ်ပေါ်လာသည်။ ထွက်ခွာသွားသည့် သူများကို ကြည့်နေပြီးနောက် အခြား နတ်ဘုရားမှော်ဆရာတစ်ယောက်က ထရပ်ကာ ကရှေ့သို့ တိုးလာသည်။

သူက ကောင်းကင်မှ ငုံ့ကြည့်ကာ ပြောလိုက်သည်။ “ရန်ဟောင်တွေ ပျက်စီးခြင်းမြို့တော်ထဲက ငါးမိနစ်အတွင်း ထွက်သွားရပါမယ်။”

ပျက်စီးခြင်းမြို့တော်တစ်ခွင်တွင် ကြေညာချက်ကို ကြားလိုက်ကြရသည်။ ချက်ချင်းပင် ပြင်းထန်သည့် စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ လူပေါင်းများစွာက လျင်မြန်စွာပင် ပျက်စီးခြင်းမြို့တော်အတွင်းမှ လမ်းလျှောက်ထွက်ခွာသွားကြလေသည်။

“ဂရုစိုက်ပါ” အင်ပါယာရှားက ရီဖူရှင်းကို ပြောလိုက်သည်။ “ရှင်းယွန်ကိုလည်း စောင့်ရှောက်ပေးပါဦး။”

“ဟုတ်ကဲ့” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“အန္တရာယ်ကင်းဖို့က အရေးကြီးဆုံးပဲ။” ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်းကို သတိပေးလိုက်သည်။ အရှင်ထိုက်ရွှမ်သည်လည်း သူတို့ကို အကြံဉာဏ်တချို့ပေး၏။ အကြီးအကဲအားလုံးက သူတို့နှင့် သက်ဆိုင်ရာဂျူနီယာလေးများကို အကြံဉာဏ်ပေးကြပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားကြသည်။ သူတို့က ခဏအတွင်း ပျောက်ကွယ်သွားလေသည်။

ပျက်စီးခြင်းမြို့တော်အတွင်း ရန်ဟောင်မည်မျှ များပြားစွာ လာရောက် တွေ့ဆုံမိကြသည်ကို သတိပြုမိလိုက်ကြပေသည်။ ထိုပျက်စီးခြင်းမြို့တော်သို့ ရောက်လာသည့် ရန်ဟောင်အားလုံးမှာ အထက်ကိုးဘုံမှ ဖြစ်လေသည်။ ထို့ကြောင့် ဤအခမ်းအနား၏ ကြီးကျယ်ခမ်းနားမှုကို အလွယ်တကူ ခန့်မှန်းကြည့်နိုင်ပေသည်။ ဤနတ်ဘုရားအမွေအနှစ်နယ်မြေ ဖွင့်လှစ်ပြီးနောက်၌ နောက်တစ်ကြိမ် ဤကဲ့သို့ အခမ်းအနား ကျင်းပရန်မှာ အခွင့်အရေး မရှိလုနီးပါးပင် ဖြစ်သည်။

ရီဖူရှင်းနှင့် အခြားသူများသည် ထိုလေးနက်သည့် အခြေအနေကို ခံစားမိကြသည်။ ကောင်းကင်ထက်မှ နတ်ဘုရားမှော်ဆရာတို့ကို မော့ကြည့်လိုက်ပြီး မည်သူကမှ သူတို့၏ ဆန္ဒကို မလိုက်နာဘဲ မနေရဲပေ။ လေဟာနယ်တော်ဝင်နန်းတော်မှ နတ်ဘုရားမှော်ဆရာတို့သည် အရှင်ဒွန်ဟောင်ကို နာခံလျက် လုပ်ဆောင်ပေးနေကြခြင်း ဖြစ်သည်။ မဟာလမ်းစဥ် ဘုံသုံးထောင်တွင် အရှင်ဒွန်ဟောင်၏ ဆန္ဒကို ဆန့်ကျင်ရဲသူ မည်သူမှ မရှိပေ။

အရှင်ဒွန်ဟောင်သည် လေဟာနယ်တော်ဝင်နန်းတော်တွင် ရှိနေခြင်းမဟုတ်သော်လည်း အရှင်ဒွန်ဟောင်က မဟာလမ်းစဥ်ဘုံသုံးထောင်ကို စောင့်ကြည့်နေသည်ဟူ၍ ကောလာဟလများ ရှိကြသည်။ အရာအားလုံးသည် သူ၏ မြင်ကွင်းအောက်၌ပင် ရှိနေသည်။ သူ လုပ်ချင်သမျှ အရာအားလုံးကို အမိန့်တစ်ချက်ပေးရန်ပင် လိုအပ်ပေသည်။

ထို့ကြောင့် အခွင့်အရေးယူရန် မည်သူမှ လုပ်ရဲလိမ့်ကြမည် မဟုတ်ပေ။ အားလုံးသော ရန်ဟောင်များသည်ပင် သူ၏ အမိန့်ကို ဆန့်ကျင်လိုခြင်းမရှိဘဲ ထွက်ခွာသွားကြရသည်။

သတ်မှတ်ချိန် ငါးမိနစ် ပြည့်သွားသည့်အခါ ပျက်စီးခြင်းမြို့တော်အတွင်း၌ မည်သည့်ရန်ဟောင်မှ မရှိကြတော့ပေ။ ကျန်ခဲ့သည့်သူအားလုံးမှာ ရှန့်ထိုအဆင့်များ ဖြစ်ကြသည်။

သူတို့ထဲမှ အများစုမှာ ရှန့်ထိုအဆင့် အထွတ်အထိပ်များ ဖြစ်ကြသည်။

“နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ပြီးတဲ့အခါ ဖြစ်လာသမျှ အကျိုးဆက်အားလုံးက မင်းတို့နဲ့ပဲ သက်ဆိုင်တယ်။ မင်းတို့က ဖြစ်လာနိုင်တဲ့အရာတွေကို တွေးတောပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ရန်ဟောင်တွေ ဝင်ရောက်ဖို့ ခွင့်မပြုဘူး။ မင်းတို့ နယ်မြေထဲ ဝင်သွားပြီးတာနဲ့ ဘယ်လို စည်းမျဥ်းကန့်သတ်ချက်နဲ့မှ ချည်နှောင်ထားမှာ မဟုတ်တော့ဘူး။ ဒါက ကျုပ်တို့ ဝင်လာလို့မရနိုင်တဲ့ နေရာမျိုးပဲ။”

လေထဲမှ နတ်ဘုရားမှော်ဆရာက ပြောလိုက်သည်။ လေထဲသို့ မော့ကြည့်နေသည့် လူအားလုံးက နှစ်ပေါင်းငါးဆယ်မှ တစ်ခါဖွင့်လှစ်သည့် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း မည်သည့်စည်းမျဥ်းကန့်သတ်ချက်မှ မရှိကြောင်း နားလည်ထားကြသည်။  ကန့်သတ်ချက်များမှာ ထိုနယ်မြေသို့ မဝင်ခင်၌သာ ရှိပေသည်။ နယ်မြေအတွင်း ဝင်ရောက်ပြီးသွားသည်နှင့် သေခြင်းရှင်ခြင်းမှာ ကံတရားသာ ဖြစ်လေသည်။

ထို့ကြောင့်ပင် ထိပ်သီးအင်အားစုများက နတ်ဘုရားအမွေအနှစ်သည် အန္တရာယ်အကြီးဆုံး စမ်းသပ်မှုဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ ထိုနေရာမှာ ပါရမီရှင်များစွာကို ရှင်းလင်းသုတ်သင်ခံရသည့် သုသာန်မြေပင် ဖြစ်လေသည်။

နတ်ဘုရားနယ်မြေ အမွေအနှစ်ကဲ့သို့သော စမ်းသပ်မှုမှာ အထက်ကိုးဘုံတွင် ရှားပါးသည်။ ၎င်းက အန္တရာယ်များသော်လည်း အခွင့်အရေးများစွာ ရရှိနိုင်ပေသည်။

မဟုတ်လျှင် ထိပ်သီးအင်အားစုများက သူတို့၏ မျိုးဆက်များကို ဤနေရာသို့ ပို့ဆောင်လိမ့်ကြမည် မဟုတ်ဘဲ အထက်ဘုံကိုးခုလုံးကိုလည်း ထိုမျှ ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ပြင် ဤထိပ်သီးအင်အားစုများမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် နတ်ဘုရားအမွေအနှစ်အကြောင်း တချို့တလေ မရေမရာ သိရှိထားပေသည်။ အမှန်တရား တစ်ခုတစ်လေကပင် သူတို့ကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်နေပြီ ဖြစ်သည်။

“ဝင်ပေါက်တံခါး ဖွင့်တော့”

လေထဲမှ နတ်ဘုရားမှော်ဆရာ၏ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။ ရုတ်တရက် နတ်အလင်းကျဆင်းလာပြီး ပျက်စီးခြင်းမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ် စွမ်းအားက ကောင်းကင်သို့တိုင် ရောက်ရှိလေသည်။ ကောင်းကင်ထက်မှ နတ်အလင်းတို့က ပျက်စီးခြင်းမြို့တော်အတွင်းသို့ ကျဆင်းလာသည်ဟု ထင်မှတ်ရပေသည်။

တခဏအတွင်း ပျက်စီးခြင်းမြို့တော်အတွင်းမှ တစ်စုံတစ်ခု နိုးထလာခဲ့ပေသည်။ မရေတွက်နိုင်သည့် အလင်းများနှင့် ဝင်္ကပါပုံစံများ နေရာအနှံ့ထွက်ပေါ်လာသည်။

မြို့တစ်ခုလုံးက အသက်ဝင်လာသကဲ့သို့ ထင်မှတ်ရသည်။

“ဒါက...”

ရီဖူရှင်းက သူ့ရှေ့မှ မြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်သည်။ သူသည် ပျက်စီးခြင်းမြို့တော်က ပြိုင်ဘက်ကင်း အလင်းတို့ဖြင့် တောက်ပလွှမ်းခြုံလာသည်ကို မြင်ရပေသည်။ ထိုအချိန်တွင် သူတို့သည် ယခင် ပျက်စီးခြင်းမြို့တော်တွင် မဟုတ်တော့ဘဲ မည်သည့်အရာမှ မတည်ရှိသော နေရာဆီရောက်ရှိသွားသည်ဟု ခံစားလိုက်ရသည်။ မရေတွက်နိုင်သည့် အလင်းဝင်္ကပါပုံစံလေးများက ပျက်စီးခြင်းနယ်မြေကို အစားထိုးကာ လောကသစ်တစ်ခုကို တည်ဆောက်နေပေသည်။

ပေါက်ကွဲသံနှင့် တုန်ခါသည့် ဆူညံသံက လောကအတွင်း အော်မြည်လာသည်ကို ကြားလိုက်ရပေသည်။ အဆုံးမဲ့ နတ်အလင်းတို့ အောက်တွင် ​ပျက်စီးခြင်းမြို့တော်အတွင်း လေဟာနယ်ဝင်ပေါက် ပေါ်ပေါက်လာ၏။

နတ်တံခါးများက လေထဲတွင် တည်ရှိနေပြီး ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားထားသည်။ ယင်းတို့တွင် နှိုင်းယှဥ်၍မရနိုင်သော လေဟာနယ်စွမ်းအားတို့ ပါဝင်နေသည်။ သူတို့က အခြားလောကတစ်ခုသို့ ပို့ဆောင်ခြင်းကို ခံလိုက်ရခြင်း ဖြစ်နိုင်ပေသည်။

“အံ့သြဖို့ကောင်းလိုက်တာ”

ရှားရှင်းယွန်သည် လေထဲတွင် ပေါ်လာသည့် ခမ်းနားထည်ဝါသော နတ်တံခါးကို မော့ကြည့်လိုက်သည်။ ပျက်စီးခြင်းမြို့တော်အတွင်းမှ အခြားသူများကဲ့သို့ပင် သူမသည်လည်း အံ့သြထိတ်လန့်နေပေသည်။

ထိုသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေ၏ ဝင်ပေါက်အစစ်အမှန်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

နတ်ဘုရားအမွေအနှစ် ဝင်ပေါက်တံခါးသည် ပျက်စီးခြင်းနယ်မြေပေါ်တွင် တည်ရှိသည်။

နတ်တံခါးများက ပျက်စီးခြင်းနယ်မြေကိို အတွင်း၌ ရစ်ပတ်ထားသည်။ လေထဲမှ နတ်ဘုရားမှော်ဆရာများက တိတ်ဆိတ်စွာ ကြည့်​နေသည်။ နောက်ဆုံး၌ တစ်ယောက်က ပြောလိုက်၏။

“မင်းတို့ လေဟာနယ်ဝင်ပေါက်ကို ခြေချလိုက်တာနဲ့ နတ်ဘုရားအမွေအနှစ် နယ်မြေကို ရောက်သွားလိမ့်မယ်။ နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းမှာ ထွက်ပေါက် မပေါ်လာသရွေ့ အဲဒီအထဲမှာပဲ နေရလိမ့်မယ်။”

သူ၏ အသံကွယ်ပျောက်သွားပြီးနောက် တစ်စုံတစ်ယောက်က လေဟာနယ်တံခါးများဆီ ဖြတ်သန်းလျှောက်သွားခဲ့သည်။

သူတို့က စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပေ။

တစ်ယောက်ပြီးတစ်ယောက် လေထဲကို ဖြတ်ကာ လျှောက်သွားကြပြီး လေဟာနယ်တံခါးဆီ ဦးတည်နေကြပေသည်။ သူတို့က လေဟာနယ်တံခါးများသို့ အောင်မြင်စွာ ဝင်ရောက်သွားသည်။ သူတို့က တံခါးများကို ဖြတ်ကာ ဝင်ရောက်သွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားကာ အခြားလောကတစ်ခုဆီ ရောက်ရှိသွားပေသည်။

ရီဖူရှင်းနှင့် သူ့အဖွဲ့က မည်သည့် လှုပ်ရှားမှုမှ မပြုသေးပေ။ သူတို့အားလုံးသည် ရီဖူရှင်းကို စောင့်နေကြခြင်း ဖြစ်သည်။

နတ်ဆိုးကလန်များမှ တန်ခိုးရှင်များသည်လည်း လျင်မြန်စွာ လှုပ်ရှား၍ ဝင်ပေါက်တံခါးသို့ ခြေချကာ ဝင်ရောက်သွားခဲ့သည်။

“သွားစို့”

တန်ခိုးရှင်များ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်သွားသည်ကို တွေ့သည့်အခါ ရီဖူရှင်းက ပြောလိုက်သည်။ သူက အလွန်အမင်း စိုးရိမ်ပူပန်နေခြင်း မရှိပေ။ အချိန်အနည်းငယ် ကွာခြားသွားခြင်းအတွက် တိုက်ခိုက်နေရန် မလိုအပ်ပေ။

နတ်ဘုရားအမွေအနှစ် နယ်မြေသည် မရိုးရှင်းပေ။

သူတို့အတွက် စောစောစီးစီး သွားရောက်ခြင်းက အကျိုးရှိမည် မဟုတ်ပေ။

သူက ပြောပြီးသည်နှင့် လေဟာနယ်တံခါးများဆီ စတင် လျှောက်သွားခဲ့သည်။ သူ့နောက်တွင် ယူချင်း၊ ရာရာ၊ ရှားရှင်းယွန်တို့နှင့် အခြားသူများ လိုက်ပါလာသည်။ သူတို့သည် လေဟာနယ်ကို ဖြတ်ကာ တူညီသော တံခါးမှ လျှောက်သွားကြ၏။ သူတို့သည် နတ်ဘုရားအမွေအနှစ်နယ်မြေသို့ ရောက်သည့်အခါ အားလုံးအတူ ရှိနေကြရန် မျှော်လင့်ပေသည်။

မကြာခင်၌ ရီဖူရှင်း၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ နောက်တခဏတွင် လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားလေသည်။

ပျက်စီးခြင်းမြို့တော်အတွင်းမှ များပြားလှသော တန်ခိုးရှင်များက တစ်ယောက်မျှပင် မကျန်ရစ်ခဲ့ဘဲ အသီးသီး ပျောက်ကွယ်သွားကြသည်။ သူတို့သည် မြို့တော်ကို သုသာန်တစပြင်အဖြစ် တိတ်ဆိတ်စွာ ချန်ရစ်ခဲ့ပေသည်။ နတ်အလင်းများသာ ကျန်ရစ်ခဲ့ပေသည်။

မကြာခင်တွင် လေဟာနယ်တံခါးများ ပိတ်ကာ ပျောက်ကွယ်သွားပေသည်။ ပျက်စီးခြင်းမြို့တော်အတွင်း တောက်ပသည့် အလင်းတန်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပေသည်။

အရာအားလုံး တည်ငြိမ်သွားသည့်အခါ နတ်ဘုရားမှော်ဆရာများက အဝေး လျှောက်သွားကာ လေဟာနယ်တော်ဝင်နန်းတော်သို့ ပြန်သွားခဲ့ပေသည်။

ပျက်စီးခြင်းမြို့တော် အပြင်ဘက်တွင် လေထဲ၌ အစွမ်းထက်ပုဂ္ဂိုလ်များ ရပ်ကာ လစ်ဟာသွားသည့် မြို့ကို ကြည့်နေကြသည်။ သူတို့ထဲမှ အချို့က ပြန်သွားကြသည်။

အချို့ကတော့ စောင့်ဆိုင်းကျန်ရစ်ခဲ့ပေသည်။

နောက်ပိုင်း ကြုံတွေ့ရမည့်အရာများမှာ သူတို့၏ ကံကြမ္မာများ ပေါ်တွင် မူတည်နေပေသည်။

…

နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ရီဖူရှင်း၏ ပုံရိပ်မှာ အခြားတစ်နေရာတွင် ပေါ်ပေါက်လာသည်။ သူသည် တံခါးကို ဖြတ်သွားပြီးနောက် မည်သို့ဖြစ်မည်ကို အလွန် သိချင်စိတ်ပြင်းပြသည့် ခံစားမှု ဖြစ်ပေါ်နေပေသည်။ တခဏအတွင်း သူသည် ဝင်ပေါက်ကို ဖြတ်သန်းကာ အခြားလောကတစ်ခုသို့ ရောက်ရှိသွားပေသည်။

သိသာစွာပင် သူသည် ပျက်စီးခြင်းမြို့တော်အတွင်း၌ မဟုတ်တော့ပေ။

ထို့နောက်တွင် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာ၏။ သူတို့ ခန့်မှန်းသကဲ့သို့ပင် တူညီသည့် တံခါးတစ်ခုတည်းမှ ဖြတ်လာသည့်အခါ၌ သူတို့သည် တူညီသည့်နေရာ၌ ပေါ်ပေါက်လာပေသည်။ ရီဖူရှင်းသည် သူ့လူများကို နေရာအနှံ့ လိုက်မရှာရသည့်အတွက် အတော်လေး စိတ်သက်သာရာရသွားခဲ့သည်။ မဟုတ်လျှင် ပြဿနာတက်ကာ အန္တရာယ်များပေလိမ့်မည်။

တဝီဝီ မြည်သံ ထွက်ပေါ်လာပြီး အားကောင်းလှသည့် အသက်ဓာတ်ကို အဝေးမှ ထွက်​ပေါ်လာသည်ကို ရုတ်ချည်း ခံစားမိလိုက်ကြသည်။ ရီဖူရှင်းနှင့် အခြားလူများ အေးခဲသွားပေသည်။ သူတို့က အဝေးသို့ ကြည့်လိုက်ကြလျှင် ကောင်းကင်ထက် ဆူညံနေသည့်နေရာတွင် အပြောင်းအလဲများ ရှိနေသည်ကို မြင်လိုက်ရသည်။ မဟာလမ်းစဥ်စွမ်းအားများ ကျဆင်းလာသည်။ သန့်စင်သည့် ရွှေရောင်အလင်းတို့က ပုံရိပ်တစ်ခုပေါ်တွင် တောက်ပနေသည်။ သူတို့သည် ထိုသည်မှာ ရန်ဟောင် အသက်ဓာတ်ဖြစ်ကြောင်း ခံစားနိုင်ပေသည်။

ဘုန်း...

သန့်စင်တောက်ပသည့် အလင်းတို့က ​ကောင်းကင်ထက်တွင်  ပေါက်ကွဲထွက်ကာ အဝေးသို့ ပျံ့နှံ့သွားသည်။ ၎င်းသည် အလွန် တောက်ပစွာ ထွက်ပေါ်လာ၏။

ထိုသည်ကို ကြည့်ရင်း ရီဖူရှင်းသည် ခေတ္တမျှ ရပ်တန့်သွားသည်။ သူ၏ မျက်လုံးထဲတွင် အံအားသင့်မှုတို့ ဖြတ်ပြေးသွား၏။

သူသာလျှင် မဟုတ်ဘဲ လူတိုင်းလည်း အံ့အားသင့်သွားပေသည်။ သူတို့သည် ရှေ့တွင် ဖြစ်ပျက်နေသည်များကို ကြည့်ကာ အံ့အားသင့်နေကြပေသည်။

“အဲဒီလိုလည်း ရတယ်လား”

ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူက ဤကဲ့သို့ အခြေအနေကို မျှော်လင့်မထားခဲ့ပေ။ ကြည့်ရသည်မှာ သူက အတော်လေး တုံးအနေသေးပေသည်။

“လေးစားစရာပဲ...”

သိမ်းငှက်နက်၏ မျက်လုံးများသည်လည်း ထိုနေရာတွင် အာရုံစိုက်နေပေသည်။ ထိုသည်မှာ သူ့ထက်ပို၍ လေးစားဖွယ် ကောင်းပေသည်။

မဟာလမ်းစဥ် နတ်စက်ဝန်းကို ဖွဲ့စည်းထားပြီးသည့် ထိုသူက ရန်ဟောင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားပြီ ဖြစ်သည်။

“အဲဒါက အဆင့်တက်မယ့် အခွင့်အရေးကို ဖိနှိပ်ထားခဲ့တာကြောင့်ပဲ” လီဟန်ဓားသမားက ပြောလိုက်သည်။ “အဆင့်တက်မယ့် အတားအဆီးကို ဖြတ်ကျော်နိုင်နေပေမယ့် သူတို့က ခဏ ဖိနှိပ်ထားခဲ့တာ။ ဒါ​ပေမယ့် သူတို့ နတ်ဘုရားအမွေအနှစ် နယ်မြေထဲရောက်တာနဲ့ ချက်ချင်း အဆင့်တက်သွားတော့တာပဲ။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ နတ်ဘုရားအမွေအနှစ် နယ်မြေ၏ စည်းမျဥ်းမှာ ရန်ဟောင်အဆင့်များ နယ်မြေအတွင်း ဝင်ရောက်ရန် ခွင့်ပြုမထားသော်လည်း အခြားစည်းမျဥ်းများ မရှိပေ။ သူတို့သည် ဝင်ရောက်ပြီးနောက် ရန်ဟောင်အဆင့်မတက်ရဟု ပြောထားခြင်း မရှိချေ။

ထိပ်သီး၌ ရောက်ရှိ​နေသူများမှာ သိသာစွာပင် အတွေ့အကြုံ ရှိခဲ့ကြပြီး ​ဖြစ်၏။

ဘုန်း...

နောက်တစ်နေရာမှ ပြင်းထန်လှသည့် လမ်းစဥ်စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုသည်မှာ ရန်ဟောင်၏ လမ်းစဥ်စွမ်းအားများ ဖြစ်သည်။ ရီဖူရှင်းနှင့် အခြားသူများက သူတို့၏ အာရုံစိုက်မှုကို ထိုနေရာသို့ ​ပြောင်းလိုက်ကြပြန်သည်။ အဝေးမှ တူညီသော နတ်ရောင်ဝါတို့က အပေါ်သို့ ထိုးတက်လာပြီး မဟာလမ်းစဥ် မုန်တိုင်းအဖြစ် ပြောင်းလဲသွားသည်။

သိသာစွာပင် နောက်တစ်ယောက်ထက်ပိုသည့် လူများက ဤကဲ့သို့ အစီအစဥ်ဆွဲထားပြီး ဖြစ်ပေမည်။

ဘုန်း... ဘုန်း... ဘုန်း...

ရီဖူရှင်းနှင့် သူ့အဖွဲ့သားများက ထိတ်လန့်နေဆဲမှာပင် အခြားနေရာ အနည်းဆုံး ဆယ်နေရာမှ တူညီသော မြင်ကွင်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသည်မှာ သူတို့ မြင်နိုင်သော နေရာများမှ ဖြစ်၍ သူတို့ မမြင်နိုင်သည့် နေရာများတွင်လည်း ထိုသို့ ဖြစ်ပျက်နေကြပေလိမ့်မည်။

ထိုသည်မှာ မျှော်လင့်ထားသည့် အတိုင်းအတာအတွင်း ဖြစ်ပေသည်။ များလှစွာသော တန်ခိုးရှင်များက နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ဝင်ရောက်လာကြသည်။ အထက်ကိုးဘုံမှ ထိပ်သီးအင်အားစုများသည် ထောင်သောင်းချီသည့် လူများကို နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ဝင်ရောက်ရန် ခေါ်ဆောင်လာခဲ့ကြ၏။ ထိုတန်ခိုးရှင်များကြားတွင် သူတို့၏ အဆင့်ကို အတင်းအကျပ် ဖိနှိပ်ထားသူအချို့ ရှိနေပေလိမ့်မည်။ သူတို့သည် အမွေအနှစ်နယ်မြေအတွင်း ဝင်ရောက်ပြီးနောက် ရန်ဟောင်အဆင့်သို့ တက်ရောက်သွားကြပေသည်။

ထိုရန်ဟောင် ရောင်ဝါများကို ကြည့်ကာ ရီဖူရှင်းနှင့် အခြားသူများမှာ ဖိအားကို ပြင်းထန်စွာ ခံစားလိုက်ကြရသည်။ ကြည့်ရသည်မှာ သူတို့သည် ရှန့်ထိုအဆင့် အထွတ်အထိပ် ပါရမီရှင်များထက် ပိုသော ရန်ဟောင်အဆင့်များကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

အချိန်အနည်းငယ်အတွင်း ရန်ဟောင် အများအပြား ထွက်ပေါ်လာပေလိမ့်မည်။

“ဒီမှာ အဆင့်တက်ဖို့ လိုတဲ့သူ ရှိလား” ရီဖူရှင်းက သူ့အနီးမှ လူများကို ကြည့်ကာ မေးလိုက်သည်။ လူတိုင်းက သူ့ကို မည်သည့်စကားမှ မပြောဘဲ ကြည့်လိုက်ကြသည်။

မည်သူမဆို ဆန္ဒရှိသလို အဆင့်တက်နိုင်သည်လား။

ရီဖူရှင်းက မျက်ခုံးများကို ကျုံ့ကာ အတော်လေး စိတ်ညစ်ညူးစွာ ပြောလိုက်သည်။ “ကြည့်ရတာ ငါတို့ သိုသိုသိပ်သိပ် နေမှ ဖြစ်လိမ့်မယ်။”

နှမြောစရာကောင်းသည်မှာ သူ၏ အဆင့်က အဆင့်တက်လုနီးပါး ရောက်နေပြီ ဖြစ်သော်လည်း သူက ကန့်သတ်ချက်ထိ မရောက်သေးသည့်အတွက် အဆင့်တက်နိုင်ခြင်း မရှိသေးပေ။ သူက အချိန် ပိုလိုအပ်ပြီး ငြိမ်းချမ်းစွာ ကျင့်ကြံရန် အခွင့်အရေး လိုအပ်ပေသည်။

နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်သူ မည်သူရှိပါသနည်း။

***

All Chapters