← Chapters

ရှေးဟောင်းနတ်သားရဲ ကျမ်းစာ ရေးသားနည်း။

Vol. 26 Ch. 312

ရှေးဟောင်းနတ်သားရဲ ကျမ်းစာ ရေးသားနည်း။

Vol. 26 Ch. 312

ဟွာရှင်းဖန်တစ်ယောက် မျက်နှာ မည်းမှောင်သွားလေသည်။ ဤယုတ်မာသော အမျိုးသမီးသည် အခြားသူများကိုပင် ဝေမျှပေး နေ၏။

စုရီက ထိုနေရာတွင် အစမှအဆုံးတိုင် ငြိမ်သက်စွာရပ်ပြီး အေးစက်သောအကြည့်နှင့် သူမကို စိုက်ကြည့်နေခဲ့သည်။

“ မင်းဘယ်လိုထင်လဲ မိတ်ဆွေလေး ... ။”

ချင်သွမ့်ရှက စုရီထံ ပြန်ကြည့်ကာ မေးမြန်းလိုက်သည်။ ကျန်လူများသည်လည်း အဖြေကို စိတ်ဝင်စားလာ၏။ လေထုမှာ ချက်ချင်း တင်းကြပ်လာချေပြီ။

မမြင်နိုင်သော ဖိအားများစွာသည် စုရီအပေါ်သို့ တပြိုင်နက်တည်း ပြိုကျလာ၏။ စုရီမှ ခေါင်းရမ်းလျက်၊

“ ဒါဟာ စိတ်ဝိညာဉ် သန့်စင်တဲ့ နည်းစနစ်တစ်ခုပဲ ငါပေးနိုင်တယ်။ ”

-ဟုဆိုကာ အရိုးတစ်ချောင်းသကဲ့သို့ ပစ်ပေးလိုက်တော့သည်။

သို့သော် သူ့နှလုံးသားထဲတွင် လူသတ်လိုသော ရည်ရွယ်ချက်များရစ်သိုင်း နေပြီ ဖြစ်၏။

ဤလူငယ်သည် သည်မျှလိမ္မာပါးနပ် လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြသောကြောင့် လူတိုင်း အနည်းငယ် အံ့သြသွားကြသည်။

“ ဟား ဟား ဟား ... ။ ”

အဆုံးတွင် လူတိုင်း ကျေနပ်စွာ ရယ်မောလိုက်ကြ၏။

“ မိတ်ဆွေလေးရဲ့ လုပ်ရပ်က ... တကယ့်ကိုမွန်မြတ်ပြီး ဂုဏ်သိက္ခာရှိပါပေတယ် လေးစားမိပါတယ် ... လေးစားရပါတယ်။ ”

ချင်သွမ့်ရှက ကျေနပ်စွာ ခေါင်းညိတ်ပြီး ပြောကြားလိုက်သည်။ အခြားသော လူများစွာ သည်လည်း ချက်ချင်းဖြေလျော့သွား၏။

ရှန့်လောယွီသည်သာလျှင် စုရီ၏ စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကြောင့် မသက်မသာ ခံစားလာရသည်။

ထို့နောက်တွင် လူတိုင်း ထိုနေရာမှ ထွက်ခွာပြီး အပျက်အစီးနယ်မြေအတွင်းသို့ ဆက်လက်တိုးဝင်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် ချင်သွမ့်ရှနှင့် အဖွဲ့သည် ရွှေကျောက်စိမ်းထဲရှိ ‘ကြယ်ဝိညာဉ် သန့်စင်ခြင်း နည်းစနစ်’ကို ဖတ်ရှုကြည့်ပြီး တုန်လှုပ်နေခဲ့သည်။

ဤသည်မှာ အလွန်ရှားပါးသော စိတ်ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်တစ်ရပ် ဖြစ်ချေ၏။

လူတိုင်းသည် ရတနာတစ်ပါးကို ရရှိလိုက်သကဲ့သို့ ရွှင်လန်းကုန်ကြတော့သည်။ ထိုမြင်ကွင်းထံ ကြည့်လျက် စုရီမှ လှောင်ပြုံး ပြုံးမိချေပြီ။

ဤသည်မှာ စိတ်ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်တစ်ရပ်မျှသာ ဖြစ်သော်လည်း ရတနာ တစ်ပါးလို တန်ဖိုးထားနေ၏။ ကမ္ဘာကြီးကို မြင်ခွင့်ရသော သူတောင်းစားများနှင့်တူသည်။

“ သခင်လေး ... မင်းတကယ် စိတ်မဆိုးဘူးလား။ ”

ဟွာရှင်းဖန်မှ တိုးတိုးလေးမေးသည်။ လမ်းတစ်လျှောက်တွင် စုရီ၏အမူအရာအပေါ် စောင့်ကြည့်နေခဲ့သော်လည်း ဒေါသလုံးဝ မပြခဲ့ချေ။

“ မတန်ဘူး။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

“ ဒါပေမယ့် အခွင့်အရေးရတဲ့အခါ သူတို့ကို သင်ခန်းစာတစ်ခု သင်ပေးရမယ်။ ”

လွန်ခဲ့သောနှစ်ရက်က ဤအမျိုးသမီးသည် ချင်သွမ့်ရှနှင့် ပူးပေါင်းရန် ဒေါင်ဟွာဓားဂိုဏ်း၏ အကြီးအကဲအပေါ် စော်ကားသည်။

အခြားသူများမှ သူ၏ ခွန်အားအပေါ် စမ်းသပ်လိုသောအခါတွင်လည်း အမျိုးသမီးက ရှေ့ထွက်လာခဲ့ဖူး၏။

ထိုညတွင် ချင်ဖူသည်သာ ဝင်ရှုပ်ခြင်း မရှိသော် ရိုက်နှက်ဆုံးမိပေမည်။ ယခုလုပ်ရပ်မှာ သာ၍ဆိုးချေ၏။

“ သခင်လေး ... ငါအဲဒီမိန်းမကို အရှင်လတ်လတ် ပြုတ်စားချင်တယ်။ ”

ဟွာရှင်းဖန်မှ ရှန့်လောယွီ ‌ကျောပြင်ကို ငေးကြည့်ကာ မကျေမနပ်ဖြင့် တောင်းဆိုလိုက် တော့သည်။

“ ငှက်တစ်ကောင်ဟာ ... လင်းယုန်ရဲ့ခွန်အားမျိုး ရုတ်တရက်ရရှိလာတဲ့ အခါ မာနကြီးတတ်တာ သဘာဝပါပဲ ...

... ရှေးဟောင်းဓားရဲ့ အသိအမှတ်ပြုမှုကို ရရှိခြင်းက သူမကိုယ်သူမ စိတ်ကြီးဝင်စေတယ် စိတ်မပူပါနဲ့ ... အမွှေးအတောင် မစုံသေးတဲ့ ငှက်ကလေးတစ်ကောက်ပါပဲ။ ”

စုရီစကားများကို ဟွာရှင်းဖန်မှ လေးလေးနက်နက် သဘောတူခဲ့သည်။ ထိုစဉ် ချင်သွမ့်ရှနှင့်အဖွဲ့မှာ ရပ်တန့်သွားပြီး အဝေးသို့ အံ့အားသင့်စွာ ကြည့်နေခဲ့ကြ၏။

“ ဒါ ... ။ ”

ထိုအရပ်သည် အလွန်ကျယ်ဝန်းသော သိုင်းလေ့ကျင့်ရေး ရင်ပြင်ကြီးတစ်ခု ဖြစ်ခဲ့ပြီး အလောင်းပေါင်း တစ်ဒါဇင်ကျော် ပျံ့ကျဲနေသည်။

လူတိုင်း ရက်ရက်စက်စက် အသတ်ခံ ထားရသည်မှာ မြင်သာ၏။ အသတ်ခံရသည်မှာ မကြာသေးချေ။ သွေးများစီးထွက်နေဆဲပေပင်။

လမ်းတစ်လျှောက်တွင် မြေပုံကြောင့် သူတို့အားလုံး အန္တရာယ်တစ်စုံတစ်ရာ မတွေ့ ခဲ့ရချေ။ ယင်းသည် သာမန်ဟု ထင်ခဲ့သည်။

သို့သော် ဤအလောင်းများကို မြင်ခဲ့ပြီးနောက် လူတိုင်း၏ စိတ်ဝိညာဉ်များတွင် တစ်ခုခုမှားနေပြီဟု ခံစားလာရ၏။

“ ကြည့်စမ်း ... ဒီလူက ခရမ်းရောင်လေဓားစံအိမ်သခင် လျူမိုဟန် မဟုတ်လား ... ။ ”

ကူချင်တုက အသက်ပြင်းပြင်းရှူပြီး မယုံကြည်နိုင်စွာဖြင့် အလောင်းတစ်လောင်းထံ ညွှန်ပြလိုက်သည်။

ထိုလူသည် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော လူလတ်ပိုင်းအရွယ်တစ်ဦး ဖြစ်၏။

မျက်ခုံးကြား၌ သွေးထွက်သံယို အပေါက်တစ်ခုရှိပြီး ရင်ဘတ်မှာ စုတ်ပြဲနေ၏။ ၎င်းသေဆုံးမှုသည် ကြောက်စရာပေပင်။

တစ်ဖက်လူသည် နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော အလယ်အလတ်အဆင့် အတွင်းပိုင်းသန့်စင်ခြင်း ဖြစ်သည်။

မဟာချင်မင်းဆက်တွင် ပထမတန်းစား ကျွမ်းကျင်သူအဖြစ် အဆင့်သတ်မှတ်ခံထား၏။ သို့သော် ခွေးတစ်ကောင်လို ဤအရပ်၌ သေဆုံးနေခဲ့ချေပြီ။

“ ဟမ့် ... ဒါက ကန့်သတ်ချက်ရှစ်ပါး ဓားစံအိမ်သခင် မိုဟန်ကျစ်နဲ့ ... တိမ်ပင်လယ် ချောက်ကမ်းပါးက လောတုပဲ ... ဟိုဘက်မှာ သွေးကျီးကန်းတောင်ထွတ်ရဲ့ ... တုံမိုချူ မဟုတ်လား။ ”

နောက်ထပ် အာမေဋိတ်သံများနှင့်အတူ ယွီချောင်ခုန်၏ မျက်လုံးများ ထိတ်လန့်တကြား ပြူးကျယ်သွားသည်။

လူတိုင်း တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ လေးနက်သော အမူအရာများ ပြသလာ၏။

ဤအလောင်းများသည် ၎င်းတို့ အသက်ရှင်စဉ်အချိန်၌ မဟာချင်မင်းဆက်တွင် နာမည်ကြီး ကျင့်ကြံသူများဖြစ်သည်။

ခြေတလှမ်း လှမ်းလိုက်ရုံဖြင့် ​သေမျိုးကမ္ဘာကြီးတစ်ခုလုံးကို တုန်ခါစေနိုင်၏။ ယခုမူ ကြက်ကလေးများသဖွယ် သေဆုံး သွားကြပြီးဖြစ်ချေသည်။

“ ဘာတွေဖြစ်နေတာလဲ။ ”

“ ဒီမှာ တိုက်ပွဲဖြစ်ထားတဲ့ ... အရိပ်အယောင်မရှိဘူး ရတနာတွေကို လုယူပြီး အလောင်းကို ဒီမှာပစ်ချခဲ့တာဖြစ်မယ်။ ”

ချောင်ကျန်းက ပြောကြားလိုက်သည်။ သူ့စကားအတိုင်း အနားတွင် တိုက်ပွဲဖြစ်သော လက္ခဏာများ မရှိသည်ကို လူတိုင်း သတိထားမိကုန်၏။

“ မရဏတံခါးဂိုဏ်းချုပ် ထုံရှင်းဟိုင်နဲ့ အဖွဲ့ဖြစ်နိုင်မလား။ ”

ချင်သွမ့်ရှ၏ အမူအရာမှာ မသေချာချေ။

“ ဒီအလောင်းတွေက နွေးနေတုန်းပဲ၊ မကြာသေးခင်ကမှ သေဆုံးသွားတာဖြစ်မယ် ကြည့်ရတာ ‌ရှေ့မှာ ငါတို့ကို အန္တရာယ်တွေ စောင့်ကြိုနေပုံပဲ။ ”

ချောင်ကျန်းမှ တိုးတိုးလေးပြောသည်။ ထို့နောက် အပျက်အစီးနယ်မြေထံသို့ ခေါင်းမော့ မျှော်ကြည့်ကာ၊

“ ဟမ့် ... ဟိုမှာကြည့်စမ်း ... ။ ”

-ဟု ညွှန်ပြလာတော့သည်။

အဝေးတွင် ကြီးကျယ်ခမ်းနားပြီး ရောင်စုံအလင်းများ ပြိုးပြက်လင်းလက်နေသော နန်းတော်ကြီးတစ်လုံးကို မြင်လိုက်ရ၏။

ပြင်ပမှ မြင်ရသော အလွန် ခမ်းနားထည်ဝါသော နန်းတော်ကြီး၏ ပုံစံငယ် တစ်လုံးပေပင်။

နန်းတော်တစ်ခုလုံး ရွှေဖြင့် တည်ဆောက်ထားကာ ရောင်ခြည်လှိုင်းများကို ထုတ်လွှတ်နေချေ၏။ လူတိုင်း၏ အမူအရာများ တုန်လှုပ်သွားကုန်သည်။ အချို့မှာ အနည်းငယ် ချီတုံချတုံ ဖြစ်နေလာကြ၏။

အန္တရာယ်တစ်စုံတစ်ရာ မကြုံတွေ့ရဘဲ ဤကမ္ဘာကြီးထံမှ အခွင့်အလမ်းများကို မည်သို့ ရရှိနိုင်မည်နည်း။ ထိုအရပ်တွင် ပြိုင်ဆိုင်မှု ပြင်းထန်မည်မှာ သေချာချေပြီ။

“ အစ်ကိုချင်၊ ငါတို့ ဆက်သွားသင့်တယ်လို့ မင်းထင်လား။ ”

ချောင်ကျန်းမှ မေးသည်။ ချင်သွမ့်ရှခမျာ ချက်ချင်း ပြန်မဖြေနိုင်ချေ။ ခဏမျှ နှုတ်ဆိတ် နေပြီးနောက်၊

“ သွားရအောင် ... ဒါပေမယ့် လူတိုင်း တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားပါ ... အခွင့်အရေးနဲ့ ယှဉ်ရင် အသက်ရှင် ကျန်ရစ်နေဖို့က ... အရေးကြီးဆုံးပါပဲ။ ”

လူတိုင်းက ခေါင်းညိတ်ပြပြီး သူတို့၏ လက်နက်များကို ချက်ချင်း ထုတ်ယူလျက်ဖြင့် ရှေ့ဆက်လာခဲ့၏။

“ ဒီအဆောင်ကို ယူထား ... မင်းအသက်အန္တရာယ်ရှိတဲ့အခါ သုံး ... ။ ”

စုရီက အစားထိုးအဆောင်တစ်ခုကို ကမ်းပေးလိုက်သည်။ သို့သော် ထူးထူးခြားခြား ငြိမ်သက်နေပြီး မည်သည့် အန္တရာယ်မျှ မကြုံခဲ့ရချေ။

ယင်းကြောင့် လူတိုင်းစိတ်မသက်မသက် ဖြစ်လာကြပြီး အချိန်မရွေး ပေါက်ကွဲရန် အသင့် ဖြစ်သော လေးညှို့မှ မျှားနှင့်တူလာ၏။

အဆုံးတွင် ရောင်စုံအလင်းများ ကောင်းကင်ပေါ် ထိုးတက်နေသည့်နေရာသို့ ရောက်ရှိလာသည်။

ဤသည်မှာ ရွှေအတိဖြင့် ခမ်းနားလွန်းလှသော နန်းတော်ကြီးတစ်ဆောင် ပေပင်။ နန်းတော်ရှေ့တွင် ကိုးပေခန့်မြင့်သော လှေကားထစ် (၃၃)ထစ် ရှိ၏။

လှေကားထစ် တစ်ခုစီတိုင်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရုပ်တုကြီးများ အစီအရီချထားသည်။

ထိုရုပ်တုကြီများ ပုံသဏ္ဍာန်သည် ထူးထူးဆန်းဆန်းဖြစ်ကာ ကြမ်းကြုတ်သော သတ္တဝါများဖြစ်ကြောင်း ပြောနိုင်၏။

လှေကားထစ်များ အဆုံးတွင် နန်းတော်၏အဓိက ဝင်ပေါက်တံခါးမကြီးရှိပြီး ကျောက်တိုင်နှစ်တိုင် စိုက်ထူထားသည်။

ကျောက်တိုင်များတွင် ရစ်ခွေနေသော နဂါးများကို ထွင်းထုထားပြီး ရွှေရောင်စာလုံးများ ရေးသားထားချေပြီ။

ထိုနန်းတော်တံခါး တစ်ခုတည်းသည်ပင် အမြင့်ကိုးပေရှိပြီး ရွှေများဖြင့် ပြုလုပ်ထား၏။ နှစ်များစွာအတွင်း မည်သူမျှ မဖွင့်ခဲ့သကဲ့သို့ တင်းတင်းကျပ်ကျပ် ပိတ်နေချေပြီ။

တံခါးအထက်တွင် ထူးဆန်းပြီး အလိမ်အကောက်အသွင် ရေးသားထားသော ရွှေအက္ခရာ လေးလုံးပါ ကမ္ဗည်းပြားတစ်ခု ရှိနေသည်။

အထက်ပါ အဆောင်အယောင်များကြောင့် လူတိုင်း နတ်ဘုံနတ်နန်းသို့ ရောက်ရှိလာသော ပုရွက်ဆိတ်များအလား အရေးမပါမှုကို ခံစားလိုက်ရသည်။

“ ကမ္ပည်းပြားပေါ်က ရွှေရောင်စာလုံးတွေက ဘာရေးထားတာ ဖြစ်နိုင်လဲ။ ”

“ ဒါတန်ခိုးရှင်ဓားမျှော်စင်လို့ ရေးထားတာဖြစ်မယ်ထင်တယ်။ ”

ချင်သွမ့်ရှမှမေးသည်။ သို့သော် မည်သူမျှ တိကျသော အဖြေ မပေးနိုင်ချေ။ ခန့်မှန်းချက် အချို့သာပေးနိုင်သည်။

“ သခင်လေး၊ အဲဒီရွှေစကားလုံးတွေက ဘာအဓိပ္ပါယ်လဲ။ ”

ဟွာရှင်းဖန်မှ တိုးတိုးလေးမေးသည်။

“ နတ်သားရဲ ပိုင်ဇီဘိုးဘေးက ... ဖန်တီးထားတဲ့ စစ်မှန်တဲ့ဝိညာဉ်ရေးသားနည်း ပုံစံကိုးပါးထဲက တစ်ပါးပဲ ...

... နတ်သားရဲပိုင်ဇီ အဆက်အနွယ်နဲ့ အကိုင်းအခက်တွေကို ယုံကြည်သူတွေသာ ဒီလို မထင်မရှား ရှေးဟောင်း နတ်သားရဲ ကျမ်းစာ ရေးသားနည်းကို သင်ယူကြတယ် ...

... သူတို့ရဲ့ ခန့်မှန်းချက်မှန်တယ် ကမ္ပည်းပြားပေါ်က စာလုံးတွေက တန်ခိုးရှင် ဓားမျှော်စင်လို့ ရေးထားတာပဲ။ ”

စုရီက ရွှေကမ္ပည်းပြားထံ မော့ကြည့်ကာ ပြန်လည် ဖြေကြားလေသည်။ ဟွာရှင်းဖန်မှ မေးခွန်းသာ မေးလိုက်ရသော်လည်း ဤသို့ ပြန်ဖြေနိုင်မည်ဟု မမျှော်လင့်ထားချေ။

ထို့ကြောင့် မျက်လုံးပြူးလျက် စုရီ၏ ဘေးတိုက်အသွင်ထံ အံ့သြတကြီးလှည့်ကြည့် လိုက်မိလေသည်။

( သခင်လေး ... မင်းဘယ်သူလဲ။)

***

Book-26

All Chapters