← Chapters

ပြိုင်ဘက်များ ... ။

Vol. 26 Ch. 302

ပြိုင်ဘက်များ ... ။

Vol. 26 Ch. 302

ရတနာသင်္ဘောသည် တိမ်ပင်လယ်ကို ဖြတ်ကျော်နေစဉ် မြေပြင်ပေါ်သို့ အရိပ်မည်းကြီး ထင်လာစေသည်။

သာမာန်လူများ အမြင်တွင် ထိုသို့သော မြင်ကွင်းသည် ထိတ်လန့်စရာ ကောင်းမည်ကို တွေးကြည့်နိုင်၏။

“ ဒါက အမှောင်လမင်းကျောင်းတိုက်ရဲ့ အသွင်ပြောင်းတောင်တန်း ရတနာသင်္ဘောပဲ မူလတာအိုအဆင့် ဝိညာဉ်ရတနာလေးပါးနဲ့ တည်ဆောက်ထားတာ ...

... အမှောင်လမင်း ကျောင်းတိုက်က မဟာအကြီးအကဲ ကူချင်းတုရဲ့ ... ထိန်းချုပ်မှု အောက်မှာရှိတယ် ... သူ့လို မူလနန်းတော် ဖွင့်လှစ်ထားတဲ့ ကျွမ်းကျင်သူသာ ...

... ဒီလိုမှော်ရတနာကို အလွယ်တကူ ထိန်းချုပ်နိုင်တယ် ... ဒီသင်္ဘောကို ငါသာ ရယူနိုင်ရင် အနာဂတ်မှာ ဘယ်ကိုသွားသွား အရမ်းဂုဏ်ယူစရာ ကောင်းမှာပဲ။ ”

ဟွာရှင်းဖန်မှ တောင်းတနေသော အကြည့်များဖြင့် ရေရွတ်သည်။ များမကြာခင် မှော်သင်္ဘောကြီး ပျောက်ကွယ်သွား၏။ သို့မှသာ သတိပြန်ဝင်လာပြီး စုရီထံလှည့်ကြည့်သည်။

“ စကားမစပ် ... သခင်လေး ကျေးဇူးပြုပြီး မင်းသတိထားပါ ... မင်းသတ်ခဲ့ဖူးတဲ့ လီချန်နင်၊ ယွီရှင်းလင်းနဲ့ ယွီတျန်းဟုန်တို့က ...

... အမှောင်လမင်း ကျောင်းတိုက်ရဲ့ အမာခံတပည့်တွေ အထူးသဖြင့်ယွီတျန်းဟုန်က လက်ရှိဂိုဏ်းချုပ်နဲ့ ဂိုဏ်းတူညီအစ်ကိုတွေပဲ ... သူတို့နှစ်ဦးက ငယ်ရွယ်စဉ်က ဘဝနဲ့သေခြင်းကို အကြိမ်ကြိမ် ဖြတ်ကျော်ဖူးကြတယ် ...

... ငါတို့ ရှစ်ဖန်းခန်းမကနေ ရရှိထားတဲ့ အချက်အလက်တွေအရ ကျိုးကျိတောင်ထိပ်မှာ ယွီတျန်းဟုန်အသတ်ခံရတဲ့ သတင်းကြားပြီး ဂိုဏ်းချုပ်က သုံးရက်သုံးညကြာတဲ့တိုင်အောင် မြေပြင်ပေါ်မှာ စာလုံးတစ်လုံး ချရေးခဲ့တယ်။ ”

“ ဘာစာလဲ။ ”

“ သေခြင်း ... ။ ”

ဟွာရှင်းဖန်က ပြုံးလျက်၊

“ သူသာ ... မင်းကိုသတ်ဖို့ အခွင့်ရှိရင် လက်လွတ်ခံမှာ မဟုတ်ဘူး ... ပြီးယွီတျန်းဟုန်မှ နောက်ထပ် အထောက်အထားတစ်ခု ရှိသေးတယ် ...

... လက်ရှိ မဟာချင်ရဲ့ အထက်တန်းစား မိသားစုလေးခုအနက်တစ်ခု ဖြစ်တဲ့ ယွီမိသားစု ခေါင်းဆောင်ယွီယွမ်တုက သူ့အစ်ကိုကြီးပဲ၊ ယွီချင်းဇီက သူတို့ရဲ့ ညီမအငယ်ဆုံး ... ။ ”

ဟွာရှင်းဖန်စကားကြောင့် စုရီမှ ပြုံးသည်။

“ အမှောင်လမင်းကျောင်းတိုက်ရဲ့ မှော်သင်္ဘောကို သိမ်းပိုက်ဖို့ ကြံစည်နေတာလား ဒါမှမဟုတ် ငါ့ကိုယွီမိသားစုနဲ့ တိုက်ရအောင် လှုံ့ဆော်ပေးနေတာလား။ ”

စုရီမေးခွန်းကြောင့် ဟွာရှင်းဖန်မှ မြေခွေးတစ်ကောင်လိုပြုံးပြီး သူမမျက်လုံးများ တောက်ပလာခဲ့သည်။

“ အမှန်တိုင်း ဝန်ခံရရင် ... သူတို့ကို ဖြေရှင်းဖို့ မျှော်လင့်မိပါတယ် ... ဒီလိုနည်းနဲ့ ငါတို့ ဝေစုတွေ ပိုရနိုင်မယ် မဟုတ်လား။ ”

“ ပြဿနာရှာတာကို ငါမကြိုက်ဘူး ... မင်းငါ့ဓားကိုသုံးဖို့ စဉ်းစားနေတာ ဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့။ ”

စကားလုံးများသည် ရိုးရှင်းသော်လည်း ဟွာရှင်းဖန်နှလုံးသားကို အေးခဲသွားစေခဲ့သည်။ သို့သော် ချက်ချင်း ပြုံးရယ်လျက်၊

“ စိတ်မပူပါနဲ့ သခင်လေး ... ငါ ကန့်သတ်ချက်တွေကို နားလည်ပါတယ်။ ”

-ဟု ကတိပေးလိုက်၏။

“ ကောင်းပြီ ... ၊ သူတို့ ငါ့ဆီလာမယ်ဆိုရင် မင်းအပြစ် မဟုတ်ဘူး။ ”

စကားဆုံးသည်နှင့် စုရီက လက်နှစ်ဖက်နောက်ပို့လျက် မြို့တံခါးဆီသို့ လျှောက်လှမ်းသွားတော့၏။

ဟွာရှင်းဖန်တစ်ယောက် မျက်လုံးများ ပုတ်ခပ်ပုတ်ခပ်ဖြင့် သူ့နောက်သို့ လိုက်ပါလာခဲ့ လေသည်။

အင်မော်တယ် မြို့တော်သည် မြို့အနှံ့ပြန့်ကျဲနေသော လမ်းမကြီးများနှင့် လမ်းသွယ်များပေါ်တွင် လမ်းသွားလမ်းလာများ စည်ကားရှုပ်ထွေးနေ၏။

မကြာသေးမီအချိန်၌ ဝိညာဉ်ပင်လယ် ကောင်းကင်ယံရှိ ထူးခြား ဖြစ်စဉ်များကြောင့် ယခင်ထက် ပို၍ အသက်ဝင်နေ၏။

တန်ခိုးရှင်ဓားမျှော်စင်၏ အမည်သည် ကမ္ဘာတစ်ဝှမ်းရှိ ကျင့်ကြံသူများကို ဆွဲဆောင် နိုင်သည်။ မည်သည့် ကျွမ်းကျင်သူများမဆို ၎င်းတို့၏ အမွေများကို မက်မောချေ၏။

ဟွာရှင်းဖန်က သူ့အတွက် အနားယူရန် ကိုယ်ပိုင်ခြံဝင်းတစ်ခုပါရှိသော အိမ်ငယ်တစ်လုံး စီစဉ်ပေးပြီး သတင်းစုံစမ်းရန် ထွက်ခွာသွားသည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ငွေရောင် အလင်းတန်းတစ်စသည် မိုးကုပ်စက်ဝိုင်းကို ဖြတ်ကာ အင်မော်တယ်မြို့အထက်တွင် ပျံဝဲထွက်ပေါ်လာ၏။

ဤသည်မှာ အရပ်ရှည်ရှည်နှင့် ငွေရောင်ဓားရှည်တစ်လက်ကို စီးနင်းနေသည့် လူရွယ်တစ်ယောက်ဖြစ်သည်။

၎င်းဖြတ်သန်းသွားလာရာ လမ်းတစ်လျှောက်တွင် လေးခံသော ဖိအားများ သက်ဆင်းစေသဖြင့် လူအများမှ ထိတ်လန့် ကုန်တော့သည်။

“ ကြာပန်းနီဓားစံအိမ်သခင် လင်းယွီပိုင် မဟုတ်လား အသက်သုံးဆယ်နဲ့ မြေကြီးအဆင့် အတွင်းပိုင်းသန့်စင်ခြင်း အထွတ်အထိပ်ကို ရောက်ရှိနေပြီ။ ”

“ လွန်ခဲ့တဲ့ သုံးနှစ်က ... သူက ကြာပန်းနီစံအိမ်သခင်ကို ဓားတစ်ချက်တည်းနဲ့ အနိုင်ယူပြီး သခင်အသစ် ဖြစ်လာတာပါ။ ”

“ မှန်တယ် ... ကြာပန်းနီဓားစံအိမ် မှတ်တမ်းမှာ အသက်အငယ်ဆုံး စံအိမ်သခင်ပဲ၊ တကယ့်ကို ကျွမ်းကျင်သူ ... ။ ”

လူအချို့ မှတ်မိသွားသည်။ မဟာချင်၌ ရွှမ်ရွယ်ကျောင်းတိုက်ဟု ခေါ်ဆိုသော အမှောင် လမင်းကျောင်းတိုက်၊ ဒေါင်ဟွာဓားဂိုဏ်းနှင့် ရှန့်လင်ဘုံကျောင်းဟူသော မြင့်မြတ်မြေ သုံးပါးအပြင် ပထမတန်းစား ဓားစံအိမ် ခြောက်လုံးလည်း ရှိသည်။

ကြာပန်းနီဓားစံအိမ်သည် ၎င်းဓားစံအိမ်များအနက်မှ တစ်လုံး ဖြစ်၏။ လင်းယွီပိုင်သည် ရှေးဟောင်းဓားပညာ တစ်ရပ်ကို အမွေဆက်ခံခဲ့သည်ဟု ကောလဟာလများ ပျံ့နှံ့ခဲ့သည်။

၎င်းသည် ချောမောလှပသော မျက်နှာ၊ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်မျိုး ရှိပြီး တောက်ပသော ငွေအဆင်းရောင်ဝါများဖြင့် ဖုံးအုပ်ထား၏။

“ ဒေါင်ဟွာဓားဂိုဏ်းရဲ့ ရှန့်လောယွီ ရှိလား။ ”

လင်းယွီပိုင်မှ အေးစက်စွာ ဟစ်အော်လိုက်၏။ ကျယ်လောင်လွန်းသဖြင့် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေသည်။

“ ဟမ့် ... လင်းယွီပိုင် လွန်ခဲ့တဲ့သုံးလက အနက်ရောင်ရေကန်တိုက်ပွဲမှာ ငါ့ကိုရှုံးခဲ့တာ မေ့နေပြီလား ... မင်းဒီနေ့ ငါ့အိမ်တံခါးရှေ့ ဘယ်လိုလာဝံ့တာလဲ။ ”

ရုတ်တရက် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာပြီး အနက်ရောင်အလင်းတန်းကြီး ကောင်းကင်ပေါ် ထိုးတက်လာသည်။

ယင်းသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးဖြစ်၏။ အသားအရေသည် ဖြူဖွေးနေပြီး မျက်လုံးများ စူးရှလျက် ရေခဲဓား ရောင်ဝါများ သိုင်းခြုံထားချေပြီ။

ဓားပြားကြီးတစ်လက်ကိုလည်း နောက်ကျောတွင် ထောင့်ဖြတ် လွယ်ထား၏။ ရောင်ဝါသည် အလွန်ထက်ရှလွန်းသောကြောင့် လေဟာနယ်ကို ထိုးခွဲနေသည်။

“ တကယ်ပဲ ဒေါင်ဟွာဓားဂိုဏ်းက ရှန့်လောယွီ ... ဒီမှာရှိနေတာပဲ။ ”

လူတော်တော်များများက စိတ်လှုပ်ရှား လာ၏။ ဒေါင်ဟွာဓားဂိုဏ်းသည် ချင်မင်းဆက်ရှိ မြင့်မြတ်မြေတစ်ခုဖြစ်သည်။

သူမသည် ဒေါင်ဟွာဓားဂိုဏ်းသခင်၏ တိုက်ရိုက်တပည့်ဖြစ်၏။ အရည်အချင်းများအရ နှစ်ပေါင်း ရှစ်ရာအတွင်း ဂိုဏ်း၏ပြိုင်ဘက်ကင်း တပည့်တစ်ဦးဖြစ်သည်။

“ လွန်ခဲ့တဲ့ သုံးလလောက်က ... ကြာပန်းနီဓားစံအိမ်သခင် လင်းယွီပိုင်နဲ့ သူမ တိုက်ခဲ့တာလား။ ”

“ သူတို့နှစ်ယောက်စလုံးက ငါတို့ရဲ့ မဟာချင်မှာ ဒဏ္ဍာရီဆန်ဆန် ဖြစ်တည်မှုတွေပဲ၊ အခု သူတို့ကို အတူတူ မြင်ခွင့်ရပြီ။ ”

“ မယုံနိုင်စရာပဲ လင်းယွီပိုင် အနက်ရောက်ရေကန်မှာ ရှုံးနိမ့်ခဲ့တာကိုး။ ”

နှစ်ယောက်စလုံးသည် ငယ်ရွယ်ပြီး စစ်မှန်သော ကျွမ်းကျင်သူများ ဖြစ်ချေသည်။ ၎င်းတို့၏ အရည်အချင်းအရ မျိုးဆက်ဟောင်း များကို နောက်ကောက်ကျစေ၏။

“ မင်းရဲ့ ဆရာကသာ ကောင်းကင်ရှဲ့ကျစ် ဓားကို မပေးခဲ့ဘူးဆိုရင် ငါမင်းကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ ”

လင်းယွီပိုင်က မကျေမနပ် ပြန်ပြော၏။

“ ဒါဆို ထပ်တိုက်ကြရအောင် ... ကောင်းကင်ရှဲ့ကျစ်ဓားကို ငါ မသုံးဘူးလို့ ကတိပေးတယ်။ ”

“ ကောင်းပြီ ... ။ ”

နှစ်ယောက်သား ရောင်ဝါများ ထုတ်ဖော်လျက် ဓားများဆွဲထုတ်လိုက်ကြ၏။ တစ်ချိန်တည်းမှာပင် ဓားရည်ရွယ်ချက် များသည်လည်း ပေါက်ကွဲလာသည်။

“ မင်းတို့နှစ်ယောက်လုံးက မဟာချင်မင်းဆက်မှာ အရည်အချင်းအရှိဆုံး မျိုးဆက်သစ်တွေပဲ ... တိုက်ပွဲဖြစ်ရင် မြို့ထဲက လူတွေကို ထိခိုက်မှာ ငါကြောက်မိတယ် ...

... ကျေးဇူးပြုပြီး ငါ့ကို မျက်နှာသာ တစ်ချက်လောက်ပေးပါ ဒီမှာတိုက်ခိုက်မှာကို ရပ်လိုက်ပါ ... ဝိညာဉ်ပင်လယ်ဆီ ဘာလို့ မရွေ့ရတာလဲ။ ”

ရုတ်တရက် စွက်ဖက်ဟန့်တားသံ တစ်သံနှင့်အတူ အလင်းတန်းတစ်ခု လေထု အလယ် ထွက်ပေါ်လာသည်။

ဤသည်မှာ ကလေးမျက်နှာ၊ ဆံပင်ဖြူဖြူများနှင့် ခရမ်းရောင် ဝတ်ရုံစများ တဖျပ်ဖျပ် လွင့်ဝဲနေသော အဘိုးကြီး တစ်ယောက် ဖြစ်၏။

“ မဟာချင် တော်ဝင်မိသားစုရဲ့ ... အထီးကျန်နဂါးတောင်က ဒုတိယအကြီးအကဲ ချင်သွမ့်ရှ ... ။ ”

မြို့နေလူထုမှ ထိတ်လန့်ကုန်သည်။ ဤသည်မှာ မူလနန်းတော်ကို ဖွင့်လှစ်ထားသော ကျွမ်းကျင်သူတစ်ပါးဖြစ်၏။ အသက် (၁၈၀) တိုင်နေချေပြီ။

မဟာကျိုး၏ အမည်မဲ့နဂါးများကဲ့သို့ မဟာချင်၏ တော်ဝင်မျိုးနွယ်ကို အုပ်စိုးချေ၏။

“ စိတ်ဝင်စားစရာပဲ ... မဟာချင်ဟာ သုံးနိုင်ငံအတွင်းမှာ အသာလွန်ဆုံး အင်အားစုပဲ ဒီအဖိုးကြီးက အမည်မဲ့နဂါးတွေထက် အများကြီး သန်မာတယ်။ ”

ထိုမြင်ကွင်းကို ခြံဝင်းထဲတွင် ကြိမ်ကုလားထိုင်ပေါ်တွင် လဲလျောင်းလျက် စုရီမှမော့ကြည့်နေခဲ့သည်။

တစ်ဖက်လူငယ်နှစ်ယောက်သည် အမှန်ပင်ထူးချွန်ပြီး မဟာကျိုး၏ မျိုးဆက်သစ် လူငယ်များအတွင်း မည်သူမျှ ၎င်းတို့ ပြိုင်ဘက် မဖြစ်နိုင်ချေ။

ဤသုံးယောက်အပေါ် သုံးသပ်ခြင်းဖြင့် ကျန်နှစ်နိုင်ငံသည် ကျင့်ကြံမှုလမ်း၌ လက်လှမ်း မမီနိုင်လောက်အောင် ပြတ်ကျန်ခဲ့ကြောင်း သဘောပေါက်လာမိသည်။

နောက်ဆုံးတွင် တိုက်ပွဲ ဖြစ်မလာချေ။ လူရွယ်နှင့် အမျိုးသမီးသည် သတိကြီးစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြသည်။

စုရီမှ ငြိမ်သက်သွား၏။ အင်မော်တယ်မြို့တော်သို့ ရောက်ရှိခဲ့သည်မှာ တစ်နာရီပင် မပြည့်သေးချေ။

မှော်သင်္ဘော၊ လူရွယ်နှင့် အမျိုးသမီးတို့ ကဲ့သို့သော ကျွမ်းကျင်သူများကို မြင်တွေ့လာ ရသည်။ မည်သို့ပင်ဆိုစေကာမူ ထိုက်တန်သော ပြိုင်ဘက်နှင့် ဆုံတွေ့ရခြင်း သည်လည်း ပျော်စရာကောင်းချေမည်။

ဤခရီးတွင် ပြိုင်ဘက်များ မည်မျှ ရှာတွေ့နိုင်မည်ကို သိချင်သည်။ ကံကောင်းပါက မူလတာအိုသို့ ဖြတ်ကျော်ရန် အခွင့်အရေး ရနိုင်ပေမည်။

ထိုအတွေးဖြင့် စုရီတစ်ယောက် နှလုံးခုန်သံများ မြန်လာကာ တိုက်ပွဲဝင်ဆန္ဒများ ပေါက်ကွဲလျက် အိပ်ပျော်သွားတော့သည်။

***

All Chapters