လူတစ်ယောက်ကို သတ်ပေးပါ။
Vol. 26 Ch. 304
စုရီက လူအုပ်ထဲ ကြည့်လိုက်ပြီး၊
“ နောက်ထပ် နှစ်ယောက် ရှိသေးတယ်။ ”
-ဟု ပြန်လည်ဖြေကြားလိုက်သည်။
ဟွာရှင်းဖန် မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး၊
“ ဘယ်သူတွေလဲ သခင်လေး။ ”
-ဟု မေးမြန်းလာ၏။
စုရီက လူနှစ်ယောက်ထံ ချက်ချင်း ထောက်ပြသည်။ တစ်ယောက်သည် အမှောင် လမင်း ကျောင်းတိုက်၏ မဟာအကြီးအကဲ ဘေးတွင် ထိုင်နေသော ရွှေရောင်ဝတ်ရုံနှင့် လူတစ်ယောက်ဖြစ်၏။
ထိုလူသည် တောက်ပသော အဝါရောင်၀တ်စုံကို ၀တ်ဆင်လျက် ဖြူစင်သော အသားအရည်နှင့် အနည်းငယ် မောက်မာသည့် ခံစားချက်မျိုး ပေးစွမ်း၏။
“ ချင်ဖူလား ... ချင်မင်းဆက်ရဲ့ ဆဋ္ဌမမင်းသား။ ”
ဟွာရှင်းဖန်မှ အံ့အားသင့်သွားကာ ရေရွတ်လိုက်သည်။ ဤမင်းသားသည် ငယ်စဉ် တည်းကပင် အမှောင်လမင်းကျောင်းတိုက်၌ ကျင့်ကြံနေသူဖြစ်၏။
အလွန်ထက်မြက်ပြီး သန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိကာ အကြီးအကဲများ၏ အထင်ကြီးလေးစားခြင်း ခံရသည်။
လက်ရှိတွင် ရှန်ရှင်းအဆင့်၌ ဖြစ်ကာ မဟာချင်၏ မင်းသားရှစ်ပါးတွင် ပထမအဆင့် အသန်မာဆုံးပေပင်။
လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း ရှန်ရှင်းအဆင့်၌ အထူးချွန်ဆုံး ပါရမီရှင်တစ်ပါး အဖြစ် လူသိများ၏။
သို့သော် ဤသို့သော တော်ဝင် မျိုးနွယ်တစ်ဦးသည် အခြားကမ္ဘာမှ ဝိညာဉ်၏ ချုပ်ကိုင်ထားခံရပြီဟု မထင်ထားခဲ့ချေ။
ထိုအကြောင်းကို တော်ဝင်မိသားစုနှင့် အမှောင်လမင်း ကျောင်းတိုက်မှ ဆရာတော်တို့ သိနိုင်သည်လော။ ဟွာရှင်းဖန်မှ အနည်းငယ် ငြိမ်သက်သွားသည်။
သူမ၏ ရှစ်ဖန်းခန်းမသည် ကမ္ဘာကြီး၏ လျှို့ဝှက်ချက်များစွာကို သိရှိထားခဲ့သော်လည်း များစွာ လိုအပ်ချက် ရှိနေပုံရ၏။
“ နောက်တစ်ယောက်ကော။ ”
“ တောက်တစ်ယောက်က တစ်ဝက် လုယူထားသူ။ ”
စုရီက အကြည့်များဖြင့် ပြန်လည် ဖြေကြားလိုက်သည်။ ထိုအရပ်တွင် ဒေါင်ဟွာ ဓားဂိုဏ်းမှ ရှန့်လောယွီ ထိုင်နေ၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ဟွာရှင်းဖန်တစ်ယောက် လုံးဝ အံ့အားသင့်သွားသည်။ ဤသည်မှာ ဒေါင်ဟွာ ဓားဂိုဏ်းသခင်၏ တိုက်ရိုက်တပည့်ဖြစ်၏။
သူမအဆင့်အတန်းသည် မဟာကျိုးမင်းဆက် ငှက်မွှေးဘုရင် ယွီရှစ်ချန် နှင့်တူညီသည်။
၎င်းတို့နှစ်ဦးသည် မျိုးဆက်သစ်များကြားတွင် ဒဏ္ဍာရီဆန်ဆန် ပါရမီရှင်ဖြစ်၏။
စုံစမ်းထားသော အချက်အလက်အရ ရှန့်လောယွီသည် ထူးခြားသော မျိုးဆက်သွေး တစ်မျိုး ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ဒေါင်ဟွာဓားဂိုဏ်း၏ ကောင်းကင်ရှဲ့ကျစ်ထံမှ အသိအမှတ်ပြုမှုကို ခံခဲ့ရသည်။
“ စကားမစပ်၊ တစ်ဝက်ပိုင်တဲ့ လူဆိုတာ ဘာကိုဆိုလိုတာလဲ။ ”
“ လုံးဝ လုယူနိုင်ခြင်း မရှိသေးတဲ့ တစ်စုံတစ်ယောက်ကို ဆိုလိုတာပဲ စုဟုန်လီ ပိုင်ဆိုင်ထားတဲ့ နတ်ဆိုးကို မှတ်မိသေးလား ...
... ရှန့်လောယွီ အခြေအနေက စုဟုန်လီနဲ့ ဆင်တူတယ် ငါမမှားရင် သူ့ခန္ဓာကိုယ်ကြီးထဲမှာ ရှိနေတဲ့ ဝိညာဉ်က သူ့လွယ်ထားတဲ့ ဓားကနေ လာတာ။ ”
“ ကောင်းကင်ရှဲ့ကျစ် ... ။ ”
ဟွာရှင်းဖန်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားကာ ချက်ချင်း သဘောပေါက်သွားတော့သည်။
“ ဒေါင်ဟွာဓားဂိုဏ်းက ဒီဓားကို ဝိညာဉ် ပင်လယ်ကနေ ရထားတာ အနှစ်သုံးဆယ် ရှိပြီ၊ ကြည့်ရတာ ရှန့်လောယွီကို ဓားကနေ အသိအမှတ် ပြုလိုက်ချိန်မှာ ဝိညာဉ်က တဝက်ပိုင်သွားပုံပဲ။ ”
ထိုသို့ပြောပြီးနောက် သူမသည် စုရီကို ပြန်မကြည့်ဘဲ မနေနိုင်တော့ချေ။ သူမ စိတ်ထဲ အံ့သြနေခဲ့သည်။ ဤအချင်းအရာများကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်လော။
ထိုစဉ် ဆွေးနွေးသံများ ရုတ်တရက် ပျောက်ကွယ်သွားကာ အချင်းချင်း စကားပြော နေကြသော အရေးပါသည့် ပုဂ္ဂိုလ်များအားလုံး တစ်နေရာတည်းကို ကြည့်လိုက်ကြ၏။
ကလေးမျက်နှာ၊ ဆံပင်ဖြူဖြူ၊ ခရမ်းရောင်၀တ်စုံနှင့် အဘိုးကြီးတစ်ယောက် အခန်းအတွင်း လှမ်းဝင်လာနေသည်။
ဤသည်မှာ ယနေ့ညပွဲ၏ အိမ်ရှင် အထီးကျန်နဂါးချင်သွမ့်ရှဖြစ်၏။ မျက်နှာတွင် အပြုံးတစ်ပွင့်ဖြင့် လူတိုင်းကို ကြည့်ကာ၊
“ မင်းတို့ကို စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ် ပွဲကို အခုပဲစတော့မယ်။ ”
-ဟု ပြောကြားလိုက်သည်။
စကားဆုံးသည်နှင့် အစေခံများက အရသာစုံလင်သောစားဖွယ်များ ယူတောင်ချက် ဧည့်သည်များရှေ့ စားပွဲပေါ်သို့ တင်ပေးလာ၏။
“ အားလုံးကို ရိုးရိုးသားသားပြောရရင် ငါ့လက်ထဲမှာ ရှေးဟောင်းလျှို့ဝှက်မြေပုံတစ်ခု ရှိတယ် တန်ခိုးရှင်ဓားမျှော်စင်ရဲ့ မြေပုံလို့ သံသယရှိတယ် အဲဒီမြေပုံကို ဘေးဒုက္ခပေါင်း များစွာကို ရှောင်ရှားနိုင်တယ်။ ”
ပရိသတ်များ အားလုံး ထိတ်လန့် တုန်လှုပ်သွားသည်။ ဟွာရှင်းဖန်မှ မျက်လုံးများ တောက်ပလျက်၊
“ ငါတို့ ... တကယ့်ကို အချိန်မှန် ရောက်လာတာပဲ ... ။ ”
-ဟု ရွှင်မြူးသွား၏။
“ မင်းမှာ ဒီလိုလျှို့ဝှက်မြေပုံတစ်ခု ရှိခဲ့ရင် ထုတ်ပြမှာလား။"
စုရီမှ လှည့်ကြည့်ကာ မေးသည်။ သို့မှသာ ဟွာရှင်းဖန်တစ်ယောက် ငြိမ်သက်သွားတော့၏။ ချင်သွမ့်ရှတွင် တခြားအစီအစဥ်များရှိကြောင်း နားလည်လိုက်ချေပြီ။
“ ဒီအဖိုးကြီးချင်က လုပ်ဖော်ကိုင်ဖက်တချို့နဲ့ အခွင့်အရေးတွေကို အတူတူရှာဖွေဖို့ ဒီပွဲကို ကျင်းပခဲ့တာပါ။
ချင်သွမ့်ရှမှ စကားဆက်ပြောသည်။
“ ဒါဆို ငါတို့လက်တွဲချင်ရင် ဘာလုပ်ရမလဲ။ ”
ကုချင်းတုက မေးသည်။ ချင်သွမ့်ရှမှ ပြုံးကာ
“ ကတိတစ်ခု ... ။ ”
ဟု ပြန်လည်ပြောကြားလာ၏။
“ ဘာကတိလဲ။ ”
“ လူတစ်ယောက်ကို သတ်ပေးဖို့ ... ။ ”
“ ဘယ်သူလဲ ... ။ ”
“ စုရီ ... ။ ”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ဤသည်မှာ အမည် တစ်ခုမျှသာ ဖြစ်သော်လည်း နတ်ဆိုးကို မြင်လိုက်ရသကဲ့သို့ လူတိုင်းမျက်နှာ ပြောင်းလဲသွားတော့၏။
ဟွာရှင်းဖန်သည်ပင် အနည်းငယ် အဆင်မပြေဖြစ်လာ၏။ ဤမျှကြီးကျယ်သော ယနေ့ပွဲသည် စုရီအတွက် ဖြစ်မှန်း သူမ မသိခဲ့ချေ။
သို့တိုင် သူမဘေးရှိ လူငယ်သည် ဝိုင်များကိုအရသာခံ ဆက်သောက်နေသည်။ စုရီ မဟုတ်သကဲ့သို့ ပေပင်။
“ စုရီက ဝိညာဉ်ပင်လယ်ကို လာမှာလား။ ”
“ အချက်အလက်တွေအရ ... လွန်ခဲ့တဲ့နှစ်ရက်က မဟာကျိုးကနေ ... စုရီ ထွက်လာတယ်လို့ ကြားတယ် ... ခုချိန်ဆို အင်မော်တယ်မြို့ကို ရောက်လောက်ပြီ။ ”
ထိုစကားများ ပြောပြီးသည်နှင့် ပရိသတ်ကြား တုန်လှုပ်ချောက်ချားမှုတစ်ခု ပေါ်ပေါက်လာသည်။
“ စုရီနဲ့ ဆက်ဆံဖို့ဆိုရင် ... ငါ့ရဲ့ အမှောင်လမင်း ကျောင်းတိုက်က တွန့်ဆုတ် နေမှာမဟုတ်ဘူး။ ”
ကုချင်းတုက လေးနက်သော အသံဖြင့် ပြောကြားကာ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ချက်ချင်းထုတ်ဖော်လိုက်၏။
“ ငါ့ရှန့်လင်ဘုံကျောင်းကိုလည်း ထည့်တွက်ပါ။ ”
အေးစက်သော မျက်နှာထားရှိသည့် လူလတ်ပိုင်းအရွယ် ဘုန်းတော်ကြီး တစ်ပါးမှ မိန့်ကြားလာသည်။
“ အစ်ကိုချင် ... မင်းငါ့ကိုလည်း ရေတွက်နိုင်တယ် ... ပွင့်ပွင့်လင်းလင်းပြောရရင် ငါဒီကိုလာတာ ကံကောင်းခြင်းတွေကို ရှာဖို့ မဟုတ်ဘူး သူ့ကိုသတ်ဖို့ပဲ။ ”
နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော ယွီချောင်ခုန်မှ တည်ငြိမ်စွာ ပြောကြားလာ၏။ ချင်သွမ့်ရှ အပြုံးများ ပို၍တောက်ပလာကာ၊
“ ငါတစ်ခုပြောဖို့ မေ့သွားတယ် မဟာကျိုးမင်းဆက် အမည်မဲ့နဂါးခေါင်းဆောင် နန်ရှင်းခုန်လဲ ငါတို့နဲ့ ပူးပေါင်းလိမ့်မယ်။ ”
-ဟု အတည်ပြုလေသည်။
ထို့နောက်တွင် အခြားသောလူအများ သည်လည်း ချင်သွမ့်ရှနှင့်အတူ ပူးပေါင်းရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။
ကြာပန်းနီဓားစံအိမ်သခင် လင်းယွီပိုင် ကဲ့သို့သော စုရီနှင့် ရန်ငြိုးမရှိ သူများပင် ပါဝင် လာ၏။
“ တာအိုမိတ်ဆွေဖူ ... မင်းပူးပေါင်းဖို့ ဆန္ဒရှိသလား။ ”
ချင်သွမ့်ရှက ယခုအချိန်ထိ ငြိမ်သက်နေဆဲဖြစ်သော ဒေါင်ဟွာဓားဂိုဏ်းသို့ လှည့်ကာမေးသည်။
မြင့်မြတ်မြေသုံးပါးတွင် ဤအင်အားစု သည်သာ ၎င်းတို့၏ရပ်တည်ချက်ကို ပြသရန် ကျန်ရှိနေ၏။
“ ငါတို့ စိတ်မဝင်စားဘူး ... ။ ”
ဖူယွင်လန်မှ ပြန်မဖြေနိုင်ခင် လန်စုက ချက်ချင်းတုန့်ပြန်သည်။ လူတိုင်း၏ အံ့အားသင့် နေသော အကြည့်များစွာက သူမထံ ရောက်ရှိ လာတော့၏။
ရှန့်လောယွီက မျက်မှောင်ကြုတ်လျက် အနည်းငယ် အေးစက်သော လေသံဖြင့်၊
“ သိုင်းအဒေါ်၊ စုရီက မင်းအသက်ကို ကယ်တင်ခဲ့တယ်လို့ ငါကြားတယ် အဲ့ဒါကြောင့် မင်းငြင်းခဲ့တာလား။ ”
လန်စုသည် ဖူယွင်လန်၏ တိုက်ရိုက်တပည့်ဖြစ်ပြီး ရှန့်လောယွီသည် ဂိုဏ်းချုပ်၏ တပည့်ဖြစ်သည်။
သူတို့နှစ်ယောက်သည် မျိုးဆက်တစ်ခုခြားကာ ဝါစဉ်အရ လန်စုသည် သိုင်းအဒေါ် တော်စပ်၏။
ရှန့်လောယွီ၏ စကားကြောင့် လူတိုင်း လန်စု၏အဖြေကို စိတ်ဝင်စားကုန်၏။ လန်စုမှ ဂရုမစိုက်ချေ။
“ ရှန့်လောယွီ ... မင်း အရမ်းတွေးနေတယ်။ ”
“ ငါ အတွေးလွန်နေရင်တောင် မင်းရဲ့ သဘောထားတစ်ခုတည်းက ဒေါင်ဟွာဓားဂိုဏ်း တစ်ခုလုံးရဲ့ သဘောထားကို ကိုယ်စား မပြုနိုင်ပါဘူး။ ”
ထို့နောက် ရှန့်လောယွီမှ ချင်သွမ့်ရှထံ လှည့်ကြည့်ကာ၊
“ မြေပုံကို ကြည့်ခွင့်ရမယ်ဆိုရင် ငါသဘောတူနိုင်မှာပါ စီနီယာချင်။ ”
-ဟု ပြန်လည် ဖြေကြားလိုက်သည်။
“ ဒါဆို ဖြစ်ပါစေ။ ”
လန်စုမှ ဒေါသထွက်လာပြီး၊
“ ရှန့်လောယွီ၊ နင် ... ငါ့ကို နေရာတိုင်းမှာ ပစ်မှတ်ထားပြီး ဆန့်ကျင်တယ် ... နင်နဲ့ငြင်းခုံဖို့ ငါစိတ်မ၀င်စားဘူး ဒါပေမယ့် ... ဒီလုပ်ရပ်က နင့်ရဲ့အသက်ကို ပေးဆပ်ရနိုင်တယ် မကြောက်ဘူးလား။ ”
“ သိုင်းအဒေါ် ... ငါအသတ်ခံရအောင် စီနီယာချင်နဲ့ ဒီမှာရှိနေတဲ့ လူတွေအားလုံးက ကြက်တွေ ... ငှက်တွေ မဟုတ်ဘူး။ ”
အမျိုးသမီး နှစ်ယောက်ကြား တင်းမာလာသည်ကို မြင်ပြီးနောက် ဖူယွင်လန်မှ မျက်မှောင်ကြုတ်လျက်၊
“ လုံလောက်ပြီ၊ မင်းတို့နှစ်ယောက် ငြင်းခုံနေကြတာ ရပ်လိုက်။ ”
-ဟု ဟန့်တားကာ ချင်သွမ့်ရှထံ ပြန်ကြည့်ပြီး၊
“ လန်စုနဲ့ငါ ဒီကိစ္စမှာ မပတ်သက်ဘူး ညဉ့်နက်နေပြီမို့ ... ငါတို့ကို အရင်သွားခွင့် ပြုပါ။ ”
ရှန့်လောယွီက မျက်နှာ အနည်းငယ် ပြောင်းသွားပြီး၊
“ ဆရာဦးလေး ... မင်းဒီလိုလုပ်ရင် ဒီမှာရှိနေတဲ့ လူတွေအားလုံးကို ရန်ငြိုးဖွဲ့တာနဲ့ အတူတူပဲ မဟုတ်လား။ ”
-ဟု ပြောကြားလိုက်၏။
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွား၏။ လန်စုနှင့်အတူ လှမ်းထွက် နေပြီဖြစ်သော ဖူယွင်လန်မှ ခြေလှမ်းများ ချက်ချင်းရပ်သွားတော့သည်။
ဤသည်မှာ မဟာအကြီးအကဲ တစ်ယောက်အပေါ် တပည့်မတစ်ဦးမှ မေးခွန်း ထုတ်ခြင်းမည်ချေ၏။
ဒေါင်ဟွာဓားဂိုဏ်းချုပ်သည်ပင် ဤအမူအရာ ဤလေသံမျိုးဖြင့် သူ့အပေါ် ဤသို့ မဆက်ဆံဝံ့ချေ။
***