မင်းကို အခွင့်အရေးပေးမယ်။
Vol. 26 Ch. 306
စုရီမည်မျှ အစွမ်းထက်သည်ကို လူတိုင်းသိရှိထား၏။ တစ်စုံတစ်ယောက်သည် စုရီနှင့် မျက်နှာချင်း ဆိုင်တိုက်ရမည်ဆိုသော် မည်သူမျှ ထွက်ဝံ့မည် မဟုတ်ချေ။
ထို့ကြောင့် ယနေ့ညပွဲကို ကျင်းပရခြင်း ဖြစ်သည်။ သို့သော် မဟာရှမှလာသည့် တစ်စုံ တစ်ဦးသည် စုရီကို ရင်ဆိုင်နိုင်သည်ဟု ဆိုနေခဲ့၏။
“ မိန်းကလေး ... မင်းက မဟာရှကနေ လာတာဆိုတော့ အဲဒီစုရီ ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ မင်း မသိသေးဘူး သူ့ကို မုန်းတီးပေမယ့် ...
... သူ သန်မာတာကိုတော့ ဝန်ခံရမယ် ... မူလတာအိုနယ်ပယ် ကျွမ်းကျင်သူတွေတောင် သူနဲ့ရင်ဆိုင်ဖို့ မဝံ့ကြဘူး။ ”
ချင်သွမ့်ရှက စိတ်ခံစားချက် အပြည့်ဖြင့် ပြောကြားလိုက်သည်။ ဟွာရှင်းဖန်မှ မျက်ခုံးပင့် လိုက်တော့၏။
“ မင်းတို့ မယုံရင် ဘာလို့ စမ်းမကြည့်ရတာလဲ။ ”
“ မင်း ... ။ ”
ရှန့်လောယွီမှ အနည်းငယ် မျက်မှောင်ကြုတ်ကာ အေးစက်သောလေသံဖြင့်
“ ဒါဆို မင်းအစ်ကိုနဲ့ တိုက်ကြည့်ရင် … ဘယ်လိုလုပ်မလဲ စိတ်မပူပါနဲ့ ငါကရုဏာပြပြီး သူ့ကို သက်ညှာလိုက်မယ်။ ”
-ဟု ပြောကြားလာ၏။
ဟွာရှင်းဖန်မှ သဘောကျသွားသည်။
“ ကောင်းလိုက်တာ ... မိန်းကလေး လောယွီဟာ မဟာချင်မင်းဆက်မှာ ဒဏ္ဍာရီလာ လူငယ်တစ်ယောက်ပဲ ကောင်းကင်ရှစ်ရှဲ့ဓားရဲ့ အသိအမှတ်ပြုမှုကို ခံခဲ့ရတယ် ငါကြားတယ် ...
... ငါ့အစ်ကိုက မင်းကိုအနိုင်ယူနိုင်ရင် သူ့ကိုမင်းတို့အားလုံး အသိအမှတ်ပြုသင့်တယ် မဟုတ်လား။ ”
သူမ စကားပြောနေစဉ် ခန်းမအတွင်းရှိ လူတိုင်းအပေါ် ဝေ့ကြည့်လိုက်သည်။ သို့သော် ချင်သွမ့်ရှက၊
“ ကြက်သတ်ဖို့ ဘာလို့ဓားသုံးရမှာလဲ မင်းအစ်ကိုက ရှန်ရှင်းအဆင့်မှာဆိုတော့ ဆဋ္ဌမ မင်းသားနဲ့ ထားလိုက်ရအောင်။ ”
-ဟု သတ်မှတ်ပေးလိုက်၏။
တောက်ပသော အဝါရောင်၀တ်စုံဖြင့် ချင်ဖူသည် ချက်ချင်းထရပ်ကာ ရှန့်လောယွီထံ လက်သီးများ ဆုပ်ကိုင်ပြလိုက်၏။
“ မိန်းကလေးလောယွီ ... မဟာရှက ဒီမိတ်ဆွေနဲ့ ငါကစားလိုက်မယ် မင်းဘယ်လို ထင်လဲ။ ”
ရှန့်လောယွီမှ ခေါင်းညိတ်လိုက်၏။ ထို့နောက် ချင်ဖူက စုရီထံမောက်မာသော အသွင်ဖြင့် ကြည့်ပြီး၊
“ ငါချင်ဖူက အမှောင်လမင်း ကျောင်းတိုက်ရဲ့ တပည့်တစ်ဦးပဲ အစ်ကိုကျိုးရီ လမ်းညွှန်ပေးပါ။ ”
-ဟု ပြောကြား၏။
“ ပလောက် ... ပလောက် ... ။ ”
ပျင်းစရာကောင်းသောကြောင့် စုရီက မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ဝိုင်ငှဲ့ပြီး ဆက်သောက်နေခဲ့သည်။
ထိုအပြုအမူသည် ချင်ဖူကို မျက်မှောင်ကြုတ်စေ၏။ ဝိုင်တစ်ငုံသောက်ပြီး စုရီမှ ပြန်မော့ကြည့်ကာ၊
“ မင်း မလုပ်နိုင်ဘူး ... ဒါကြောင့် ကိုယ့်ကိုကိုယ် အရှက် မကွဲအောင်ထိုင်နေပါ ရှန့်လောယွီ လုပ်ပါစေ။ ”
-ဟုပြောကြားလိုက်သည်။
ထိုအမျိုးသမီးသည် လန်စုအပေါ် အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့သဖြင့် သင်ခန်းစာ သင်ပေးရန် ဆုံးဖြတ်ထား၏။
လူတိုင်းခဏမျှ မှင်တတ်ကုန်ပြီးနောက် စုရီကိုဒေါသတကြီးဖြင့် ပြန်ကြည့်ကုန်တော့၏။ ဤသို့သာမန်ပုံစံ ကောင်လေးတစ်ယောက်သည် အလွန်မာနကြီးပြနေ၏။
ချင်သွမ့်ရှနှင့် ကုချင်းတုတို့ကဲ့သို့ ကျွမ်းကျင်သူများပင် စကား မပြောနိုင်ခဲ့ချေ။ မဟာရှမှ လူငယ်များသည် ဤမျှမာနကြီး သည်လော။
“ ကျိုးရီ၊ မင်းချင်ဖူကို အနိုင် မယူနိုင်ရင် ငါမင်းကို သင်ခန်းစာသင်ပေးဖို့ စိတ်ဝင်စားမယ် ဒါပေမယ့် မင်းဟာ ချင်ဖူရဲ့ ပြိုင်ဘက် မဖြစ်မှာကို ငါကြောက်မိတယ်။ ”
ရှန့်လောယွီမှ အေးစက်စွာ တုန့်ပြန်၏။
“ ကျိုးရီ ... မင်းငါ့ကို တိုက်ရဲလား။ ”
ချင်ဖူတစ်ယောက် မျက်နှာနီရဲလျက် အံကြိတ်ကာ မေးမြန်းသည်။ တစ်ဖက်လူသည် အမှန်ပင် သူ့ကို စိတ်မဝင်စားချေ။
“ ကောင်းပြီ ... ဒါဆိုလည်း ဒီလိုပဲ လုပ်ရအောင်။ ”
စုရီမှ ခါးဆန့်ပြီး မတ်တပ်ရပ်လိုက်သည်။ လူတိုင်းက ဆုတ်ခွာလျက် တိုက်ပွဲကွင်းတစ်ခု ဖန်တီးပေးလာကြ၏။
“ မင်းကို အရင်အခွင့်အရေးပေးမယ်။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ အသွင်အပြင်နှင့် စိတ်နေစိတ်ထားကို သာမန်လူ ကဲ့သို့ ဖော်ပြနေသော်လည်း အပြောအဆိုနှင့် မောက်မာမှုသည် လူအများကို မသက်မသာ ဖြစ်စေသည်။
“ ဒါဆို ငါယဉ်ကျေးမနေတော့ဘူး။ ”
ချင်ဖူမျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာပြီး ဤလူ အပေါ် မေ့မရနိုင်သော သင်ခန်းစာတစ်ခု သင်ပေးရန် ဆုံးဖြတ်လိုက်သည်။
ခန္ဓာကိုယ်အတွင်း မီးတောင် ပေါက်ကွဲသကဲ့သို့ သွေးနှင့်ချီများ တဟုန်ထိုး လောင်မြိုက်လာသည်။
အစိမ်းရောင် အငွေ့များ သူ့မျက်နှာ၌ ပေါ်လာပြီး ဧရာမ နဂါးကြီးတစ်ကောင်ပျံသန်း တော့မည်ဟု ထင်ရစေ၏။
ဤသည်မှာ ထိပ်တန်းနည်းစနစ်နှင့် မူလစွမ်းအင်ကို သန့်စင်ထားသော ရလာဒ်မျိုး ပေပင်။ ချင်သွမ့်ရှပင် ခေါင်းညိတ်မိသည်။
နှစ်ပေါင်း (၃၀၀)အတွင်း မဟာချင်မင်းဆက်၏ အသန်မာဆုံးသော ရှန်ရှင်းအဆင့် ကျွမ်းကျင်သူအဖြစ် သတ်မှတ် ကြသည်မှာ သဘာဝပေပင်။
မျိုးဆက်ဟောင်းများသည်ပင် မနာလို ဖြစ်လာကြသည်။ ချင်ဖူးအရွယ်တွင် သူတို့သည် ဤကဲ့သို့သော ခွန်အားမျိုး မပိုင်ဆိုင်ခဲ့ချေ။
ဟွာရှင်းဖန်မှ ပြုံးသည်။ ယခင်အချိန်၌ ဆိုသော် ဤရောင်ဝါကြောင့် ထိတ်လန့်နိုင်မည်။ ယခုမူ ၎င်းသည် ခန္ဓာကိုယ် သိမ်းပိုက်ထား သူမှန်း သိပြီးနောက် မထူးဆန်းချေ။
“ ငါ့လက်သီးကိုယူ ... ။ ”
ချင်ဖူက ကျယ်လောင်စွာ အော်ဟစ်ပြီးနောက် ရှေ့တစ်လှမ်းတိုးလိုက်ကာ လက်သီးဖြင့် ထိုးချလိုက်သည်။
တဟုန်းဟုန်းတောက်နေသော ခရမ်းရောင်မူလစွမ်းအင်သည် နဂါးခေါင်းကြီး ကဲ့သို့ ပေါင်းစပ်သွားလေသည်။
“ ရစ်ခွေနဂါး ကောင်းကင်လက်သီး။ ”
ဤသည်မှာ ချင်ဖူကျွမ်းကျင်သော ရှေးဟောင်း လျှို့ဝှက်နည်းပညာတစ်ရပ် ပေပင်။ တောင်များနှင့် မြစ်များကို ဖျက်ဆီးနိုင်၏။
လက်သီးတစ်ချက်ဖြင့် မဟာရှမှ လူငယ်အပေါ် သင်ခန်းစာ သင်ပေးလိုသည်မှာ ထင်ရှားချေပြီ။ စုရီတစ်ယောက် မည်သို့ ဖြေရှင်းမည်ကို လူတိုင်းသိချင်လာ၏။
စုရီက လေဟာနယ်ထဲ လက်ညိုး လှမ်းထိုးလိုက်သည်။ ပေါ့ပါးပြီး လုံးဝသာမန် ဆန်ကာ မည်သည့် စွမ်းအားမျှ မပါသလိုပင်။
“ ဘောင်း ... ။ ”
ချက်ခြင်းပင် နဂါးဦးခေါင်းနှင့်တူသော ခရမ်းရောင်လက်သီးသည် စက္ကူတစ်ရွက်ကဲ့သို့ ပေါက်ကွဲသွားတော့၏။
ဤမြင်ကွင်းသည် မယုံကြည်နိုင်ဖွယ် ကောင်းလှကာ လူတိုင်းကို ထိတ်လန့်သွားစေပြီး အသက်ရှူကြပ်ကုန်သည်။
“ ဟမ့် ... ။ ”
တစ်ဖက်တွင် စုရီသည် ချင်ဖူကို အသက်ရှူချိန် မပေးတော့ဘဲ လက်ဖဝါးဖြင့် ဖိကာ ဒူးထောက်ရန် ကြံရွယ်လိုက်၏။
“ ချိုးဖြတ် ... ။ ”
ချင်ဖူက ကျယ်လောင်စွာ ဟိန်းဟောက်လျက် သွေးနှင့်စွမ်းအင်များကို အဆုံးထိ လောင်မြိုက်စေခဲ့သည်။
ခရမ်းရောင် မူလစွမ်းအင်သည် သူ့ဦးခေါင်းအထက်၌ ကြီးမားသော အိုးတစ်လုံး အဖြစ်သို့ ဖွဲ့တည်လာပြီး လက်ဖဝါးကို တွန်းလှန်တော့၏။
“ ဝိညာဉ်ဆေးအိုး ထိန်းချုပ်ခြင်း နဂါး။ ”
ခရမ်းရောင် ဆေးအိုးကြီးသည် လေထုအလယ် ဆယ်ပေခန့်အထိ ချက်ချင်း ကြီးထွားလာသည်။
ဦးချိုပါရှိသော မြွေတစ်ကောင်သည် ၎င်းပေါ်တွင် ရစ်ခွေလျက် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အရိပ်အယောင်များကို ထုတ်လွှတ် နေတော့၏။
ချင်ဖူ၏ ကျင့်ကြံမှုသည် ရှန်ရှင်းအဆင့် အထွတ်အထိပ်တွင်ရှိပြီး မဟာချင်မင်းဆက်၌ နှစ်ပေါင်း (၃၀၀)အတွင်း အသန်မာဆုံး ရှန်ရှင်း သိုင်းသမားဖြစ်သည်။
“ ခရစ် ... ။ ”
သို့သော် ဝိညာဉ်ဆေးအိုးသည် အက်ကွဲသံပြုလျက် ပေါက်ကွဲသံများနှင့်အတူ ပြိုကျသွား၏။ စုရီလက်သီးကို မျက်စိတစ်မှိတ် ခန့်သာ တောင့်ခံနိုင်ခဲ့သည်။
“ ဒုန်း ... ။ ”
ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ချင်ဖူခမျာ ကြမ်းပြင်သို့ နက်ရှိုင်းစွာ နစ်ဝင်နေချေပြီ။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ရှန်ရှင်းအဆင့် ကျွမ်းကျင်သူများ အားလုံး ဒူးထောက်လိုက်ရသကဲ့သို့ တုန်ရင်မျက်လုံးပြူး ကုန်၏။
“ သေစမ်း ... ။ ”
ချင်ဖူတစ်ယောက် ဒေါသတကြီးဖြင့် ထိုအချက်ကို လက်ခံရန် ငြင်းဆိုရုန်းကန်သည်။ ခရမ်းရောင် မူလစွမ်းအင်များက နဂါးများကဲ့သို့ သူ့ပတ်ဝန်းကျင်တွင် ပျံ့လွင့်လာ၏။
၎င်းတို့အသီးသီးသည် တောင်များကို ဖြိုခွင်းနိုင်ပြီး ကျောက်တုံးများအပေါ် ချေမွှနိုင် သည်အထိ အစွမ်းထက်သည်။
“ ခရစ် ... ။ ”
သို့တိုင် မလွတ်မြောက်ချေ။ ကျယ်လောင်သော အရိုးကျိုးသံများနှင့်အတူ ပို၍ပို၍ နစ်မြုပ်သွားကာ နှုတ်ခမ်းများမှ သွေးများ စီးကျလာသည်။
“ ဒါ ... ။ ”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်ကုန်သည်။ မည်သူမျှ အသံ မထွက်ဝံ့ တော့ချေ။ အထူးသဖြင့် ကုချင်းတုဖြစ်သည်။ မျက်နှာတစ်ပြင်လုံး မည်းမှောင်နေ၏။
***