တာအိုမျိုးစေ့၏ အဓိပ္ပါယ် ... ။
Vol. 26 Ch. 307
“ ငါ့အစ်ကိုက ရိုးရိုးရှင်းရှင်း ပြုမူတတ်သူဖြစ်ပြီး သနားငဲ့ညှာတတ်တဲ့ လူပါ အခုလို ဆဋ္ဌမမင်းသား ဒူးထောက်လိုက်ရတာ စိတ်မကောင်းပါဘူး။ ”
သို့သော် ဟွာချင်းဖန် မျက်ဝန်းများသည် သူမစကားအပေါ် သစ္စာဖောက်နေ၏။ မာနနှင့် အပြုံးများ ပြည့်နေသည်။
“ ဘာအတွက် တောင်းပန်နေတာလဲ ... ငါပြောထားပြီးသားပဲ သူ့ကိုယ်သူ အရှက်လိုချင် နေတာကိုး။ ”
စုရီမှ လျစ်လျူရှုဟန် ပြောကြားလိုက်သည်။
“ ဟမ့် ... ။ ”
ဟွာရှင်းဖန်က မျက်လုံးပြူးလျက် သူ့ပတ်ဝန်းကျင်မှ လူအများကို ဝေ့ကြည့်ကာ၊
“ မင်းမြင်လား၊ ငါ့အစ်ကိုက အဲဒီလိုရိုးရိုးရှင်းရှင်းပဲ ဒါက မွေးရာပါသူ့ပုံစံပါ ဒီတစ်သက် မပြောင်းလဲနိုင်တော့မှာကို ငါကြောက်မိတယ်။ ”
ချင်ဖူသည် အလွန်ဒေါသထွက်ကာ သွေးအန်လုနီးပါးဖြစ်လာ၏။ မြေပြင်ပေါ်တွင် ဒူးထောက်လျက် စကားပင် ပြန်မပြော နိုင်တော့ချေ။
အထူးသဖြင့် ဟွာရှင်းဖန်၏ စကားလုံးများသည် သူ့ဒဏ်ရာကို ဆားပွတ် နေသလိုပေပင်။
တစ်ဖက်တွင် စုရီက သူ့ကို ရိုးရှင်းစွာ လျစ်လျူရှုထားသည်။ ပုရွက်ဆိတ်ကဲ့သို့သော ဤဇာတ်ကောင်တစ်ကောင်သည် သူ့ကို မည်သို့ဖမ်းစားနိုင်မည်နည်း။
အကယ်၍သာ အခါအခွင့်သင့်သော် ၎င်းခန္ဓာကိုယ်ကို သိမ်းပိုက်ထားသူ၏ ဝိညာဉ်ထံ စစ်မေးမိပေမည်။
ဤအမူအရာက ချင်ဖူကို သက်ပြင်းချစေ နိုင်သော်လည်း တစ်ချိန်တည်းတွင် လျစ်လျူရှု ခံရခြင်းအတွက် အရှက်တရားကို ပြင်းစွာ ခံစားနေရသည်။
နင်းခြေခံရသည်ထက် ပို၍ ဝမ်းနည်းစရာ ကောင်းနေသည်မှာ နင်းချေရန်ပင် စိတ်ဝင်စားမှု မရှိတော့ခြင်းဖြစ်၏။
“ အခု ... မင်းလာလို့ရပြီ။ ”
စုရီက ရှန့်လောယွီကို ကြည့်သည်။ လူတိုင်းရင်ထဲ လေးလံလာ၏။ ဤလူငယ်သည် ရက်စက်ကြမ်းကြုတ်မှန်း နားလည်မိချေပြီ။
နှလုံးသားထဲ တင်းတင်းကျပ်ကျပ် ခံစားလိုက်ရ၏။ ၎င်းမလှုပ်ရှားသော် အရေးမပါ သကဲ့သို့ ထင်မိစေမည်။ လှုပ်ရှားလိုက်သော အခါတွင် အထိန်းအကွပ် မရှိချေ။
ရှန့်လောယွီက လေးနက်လွန်းသော အမူအရာဖြင့် စုရီထံ မျက်လုံးချင်းဆုံအောင် ပြန်ကြည့်ကာ၊
“ စုရီက ... မြေကြီးအဆင့် အင်မော်တယ်တွေကို သတ်နိုင်တဲ့ စွမ်းအားမျိုး ရှိတယ် မင်းသူ့ကို မမီသေးဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
ဤမှတ်ချက်အပေါ် လူအများစုမှ အသိအမှတ်ပြုခဲ့ကြသည်။ တစ်ဖက်လူသည် အစွမ်းထက်သည်ကို ဝန်ခံရပေမည်။
ဟွာချင်းဖန်၏ နှုတ်ခမ်းထောင့်များ ကော့တက်လာပြီး ရယ်မောလိုသော အသွင်ကို ချက်ချင်းထိန်းလိုက်ရ၏။ ဤအမျိုးသမီးသည် စုရီကို စုရီနှင့် မယှဉ်နိုင်သေးဟု ဆိုနေသည်။
“ ဒါဆို လာပါဦး၊ မင်းကို လှုပ်ရှားဖို့ အခွင့်အရေးပေးလိုက်မယ်။ ”
ယခင်က ချင်ဖူအပေါ် ဤသို့သော အခွင့်အရေးမျိုး ပေးခဲ့ပြီး ရှန့်လောယွီကိုလည်း တူညီသောစကားဖြင့် ပြောကြားလိုက်၏။
ထိုသို့သော တည်ငြိမ်လွန်သည့် အသွင်ကြောင့် တစ်စုံတစ်ရာ မှားယွင်းနေမှန်း ရှန့်လောယွီမှ ခံစားလာရသည်။
“ ကောင်းပြီ ... ငါ့ဓားက အကြင်နာကင်းတတ်တာမို့ သတိထားပါ။ ”
အဆုံးတွင် သတိကြီးစွာဖြင့် ဓားကို ဆွဲထုတ်လိုက်တော့သည်။ ထိုစဉ် ချင်သွမ့်ရှက ပြုံးလျက်၊
“ မဟာရှရဲ့ မိတ်ဆွေလေးက ... သူ့ရဲ့ခွန်အားကို သက်သေပြခဲ့ပြီးပြီဆိုတော့ ငါတို့ဒီမှာပဲ ရပ်လိုက်ရအောင်။ ”
-ဟု ဝင်ရောက်ဟန့်တားလိုက်၏။
စုရီမှ အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ဟွာရှင်းဖန်က သူ့အနား ချက်ချင်း ရောက်လာပြီး၊
“ သခင်လေး ... ၊ မင်းရဲ့ခွန်အားတွေ အများကြီး ထုတ်ပြတာ မကောင်းဘူး အဲဒါက ဒီလူတွေကို သတိရှိစေလိမ့်မယ် ... ဝိညာဉ် ပင်လယ်ဆီရောက်တဲ့အခါ မင်းအတွက် အမဲလိုက်ဖို့ ခက်ကုန်လိမ့်မယ်။ ”
သူမမျက်လုံးထဲတွင် ဤနေရာရှိ ကျွမ်းကျင်သူများအားလုံး သားကောင်များသာ ဖြစ်ချေသည်။ ထို့နောက် တည်ငြိမ်သော အသွင်မျိုးဖြင့်၊
“ စီနီယာချင် ... ဒီလိုပြောနေမှတော့ ငါ့အစ်ကိုကို မင်းတို့အသိအမှတ်ပြုတယ်လို့ ဆိုလိုတာမဟုတ်လား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဟား ဟား ဟား ... ။ ”
ချင်သွမ့်ရှက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရောက်ရှိလာသူအားလုံးထံ ဝေ့ကြည့်ကာ၊
“ မင်းတို့အားလုံး မကန့်ကွက်ဘူးလို့ ငါယုံတယ် ... ဟုတ်တယ်မဟုတ်လား။ ”
-ဟု ဆုံးဖြတ်ချက်ကို ကြေငြာလိုက်၏။
ရှန့်လောယွီမှ တိတ်ဆိတ်သွားပြီး ပြန်ထိုင်ချကာ စုရီကို ရံဖန်ရံခါ အေးစက်သော အရိပ်အမြွက်ဖြင့်သာ ကြည့်နေတော့သည်။
***
ပွဲပြီးချိန်၌ စုရီနှင့် ဟွာရှင်းဖန်တို့သည် နေအိမ်သို့ ပြန်လာခဲ့သည်။ လမ်းတွင် စုရီသည် ဟွာရှင်းဖန်ကို ကြည့်ကာ၊
“ မင်းဒီနေ့ အရမ်းရဲရင့်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
ဟွာရှင်းဖန်က ရယ်သည်။ ညဉ့်နက်နေပြီဖြစ်ရာ ကောင်းကင်၌ကြယ်များ ပျံ့ကျဲလျက် အလင်းရောင်မှိန်ဖျော့ဖျော့သာ လင်းစေနေသည်။
“ သခင်လေး စိတ်မပူပါနဲ့ ... ကြက်သွေးရောင် မီးတောက်ဘုရင်က ဒီမှာ မရှိပါဘူး မဟာရှကို ပြန်သွားပြီ ...
... မင်းဒီလိုမေးရတဲ့ အကြောင်းရင်းက သူ့ကိုကြောက်လို့တော့ မဟုတ်ဘူးမဟုတ်လား ငါ့ကို မရိုးသားဘူးလို့ မင်းသံသယရှိနေတာ ငါနားလည်ပါတယ်။ ”
စုရီမှ ခေါင်းခါပြီး၊
“ မင်းမှားနေပြီ ... မင်းရိုးသားတာ မရိုးသာတာ ငါဂရုမစိုက်ဘူး ... မင်းရဲ့လက်ရှိ အသွင်အပြင်က မင်းမဟုတ်သလို ...
... မင်းရဲ့နာမည်လည်း ... မင်းမဟုတ်ဘူး ဒါဆိုငါဘာလို့ အကြောင်းပြချက်တွေအပေါ်ကို ဂရုစိုက်နေရမှာလဲ ... ငါ့ရဲ့အောက်စည်းကို မထိသရွေ့ အဆင်ပြေပါတယ်။ ”
ဟွာရှင်းဖန်မှ အံ့အားသင့်သွားပြီး၊
“ မင်းရဲ့အောက်စည်းက ဘာလဲ သခင်လေး။ ”
“ သစ္စာဖောက်မှု ... ။ ”
“ ဟမ့် ... ဒီအတွက်တော့ စိတ်မပူပါနဲ့ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ငါ့မှာ ... ဒုတိယအတွေး မရှိပါဘူး။ ”
စုရီမှ ထပ်မပြောတော့ချေ။ လက်ကိုနောက်ပို့လျက် ဆက်လျှောက်သွား လေသည်။ ဟွာရှင်းဖန်က သူ့နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလာ၏။
ယနေ့ပွဲ၌ စုရီသည် ချင်ဖူနှင့် ရှန့်လောယွီတို့၏ မူလကို တစ်ချက်ကြည့်ပြီး ရှင်းလင်းစွာ မြင်ခဲ့သည်။
တစ်ချိန်က စုရီနှင့်ပတ်သတ်သော အချက်အလက်များ အားလုံးကို သူမသည်လည်း စုဆောင်းခဲ့ဖူး၏။
ဇစ်မြစ်၊ မိသားစုနောက်ခံ၊ သူပါဝင်ခဲ့သည့် တိုက်ပွဲများအပြင် ပင်ကိုယ်စရိုက်၊ ကျင့်ကြံမှု စသည်တို့ဖြစ်သည်။
ဆိုလိုသည်မှာ ထိုစဉ်က စုရီအပေါ် ကမ္ဘာခြားမှဝိညာဉ်အဖြစ် သံသယရှိခဲ့ခြင်း ဖြစ်၏။ သို့သော် စုမိသားစုနှင့် တိုက်ပွဲအပြီးတွင် ထိုယူဆချက်ကို ပျယ်ဖျက်လိုက်သည်။
သူသည် ကမ္ဘာခြား ဝိညာဉ်ဖြစ်နေသော် စုဟုန်လီကို လက်စားချေရန် ဒုက္ခများရှာမည် မဟုတ်ချေ။
လက်ရှိခရီးစဉ်တွင် စုရီအပေါ် လေ့လာခြင်းဖြင့် ဤလူငယ်သည် လျှို့ဝှက်ချက် များစွာရှိသော ပဟေဠိတစ်ပုဒ်အဖြစ် ခံစားလာမိချေပြီ။
နေအိမ်သို့ ပြန်ရောက်သောအခါတွင် ဟွာရှင်းဖန်တစ်ယောက် အသက်ပြင်းပြင်းရှူပြီး စူးစမ်းချင်စိတ်များကို ထိန်းထားလိုက်ရ၏။
ထိုအချိန်တွင် စုရီက အခန်းထဲ ချက်ချင်းဝင်ရောက်ကာ တရားထိုင်တော့သည်။ သူ့တွင် ယင်ယန်ကိုးပါးဆေးပြား ငါးပြားသာ ကျန်ရှိ၏။ ထို့ကြောင့် ငါးရက်အကြာတွင် ရှန်ရှင်းအဆင့်ကို ပြီးပြည့်စုံနိုင်မည်။
အတွင်းပိုင်း သန့်စင်ခြင်းသည် မူလတာအိုနယ်ပယ်၌ ပထမအဆင့် ဖြစ်သည်။ ၎င်းအုတ်မြစ်သည် အနာဂတ်လမ်းကြောင်း အပေါ် သက်ရောက်မှုရှိ၏။
သိုင်းတာအိုနယ်ပယ်လေးခု၏ ရည်ရွယ်ချက်သည် မူလတာအိုနယ်ပယ်သို့ ဝင်ရောက်ရန် ပြင်ဆင်ခြင်းဖြစ်သည်။
လက်ရှိတွင် သိုင်းတာအိုနယ်ပယ်၌ သူ တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်မျိုးသည် ယခင်ဘဝထက် ကျော်လွန်နေ၏။
စွမ်းအင်လမ်းကြောင်း (၁၀၈)ပါး၊ လျှို့ဝှက်သွေးလွှတ်ကြော၊ တာအိုကြယ်ချီနှင့် ဒြပ်စင်ငါးပါးတာအိုရောင်ဝါတို့သည် အရိုင်းမြေ ကိုးပါး၌ပင် တုနှိုင်းမဲ့ အုတ်မြစ်ဖြစ်သည်။
အတွင်ပိုင်းသန့်စင်ခြင်းဟူသည် သေမျိုးဘဝ၏ အညစ်အကြေးများ ဖယ်ရှားရန် ဖြစ်၏။ ဤနည်းဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်စေသော မူလစွမ်းအင်များကို ပြန်လည်သန့်စင်နိုင်မည်။ ယင်းကို ‘လောကီပယ်ခြင်း’- ဟုခေါ်သည်။
ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်ထဲစုပ်ယူပြီး တိမ်များစီးနင်းကာ လေကို ထိန်းချုပ်လျက် မိုးကြိုးများလည်း ဆင့်ခေါ်နိုင်၏။
ရေနှင့် မီးကို မကြောက်ကြချေ။ ထို့ကြောင့်မြေကြီးအဆင့် အင်မော်တယ်ဟု ခေါ်ဆိုကြခြင်းလည်းဖြစ်သည်။
ကျင့်ကြံသူ၏ အမြင်၌ ဤနယ်ပယ်သို့ တက်လှမ်းလာခြင်းသည် မဟာတာအိုလမ်းထံ ရောက်ရှိလာသည်နှင့် ညီမျှ၏။
ဘဝသက်တမ်း သည်လည်း အနှစ်သုံးရာတိုးလာပြီး သေမျိုးသက်တမ်း၏ ချည်နှောင်မှုမှ လွတ်မြောက်ပေမည်။
“ အတွင်းပိုင်း သန့်စင်ခြင်းအဆင့်ကို ရောက်ရင် ငါဘယ်လို ... မူလစွမ်းအင်မျိုးစေ့ကို ဖန်တီးနိုင်မလဲဆိုတာ သိချင်သား။ ”
အခြေမခိုင်သော သစ်ပင်များသည် လေဒဏ်မိုးဒဏ်ကို မခံနိုင်ချေ။ စွမ်းအင်မျိုးစေ့ အရည်အသွေး မြင့်မားခြင်းသည် မဟာတာအို အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာစေမည်။
ဗုဒ္ဓဂိုဏ်းများသည် မူလစွမ်းအင်ကို အရွက်ကိုးရွက် နိဗ္ဗာန်အမြစ် အဖြစ် စုစည်းကြ သည်။ အရွက်တစ်ရွက်သည် ကမ္ဘာကြီးတစ်ခု ပေပင်။
တာအိုကျောင်းများ၌ မူလစွမ်းအင်အဖြစ် ခေါ်ဆိုကာ အဆင့်(၉)ဆင့်ပါသော အမျိုးအစား (၃) မျိုးကို ဖန်တီးသည်။
နတ်ဆိုးဂိုဏ်းအတွက်မူ မိစ္ဆာမျိုးစေ့နှင့် နတ်မျိုးစေ့ဟူ၍ နှစ်မျိုးဖန်တီးသည်။ သို့သော် လူတိုင်း အသိအမှတ်ပြုထားခဲ့ကြသည့် ပထမ တန်းစားမှာ တာအိုမျိုးစေ့ ဖြစ်၏။
၎င်းသည် တာအိုကျက်သရေပါရှိသော မူလစွမ်းအင်များဖြစ်သည်။ တာအိုမျိုးစေ့ပိုင်ရှင် များသည် အလွန်ရှားပါးကာ ပါရမီရှင်အဖြစ် သတ်မှတ်ပြီး တစ်ထောင်လျှင် တစ်ယောက်သာ တွေ့နိုင်၏။
တာအိုမျိုးစေ့ပိုင်ရှင်တိုင်းသည် အရည်အသွေးပိုင်း ကွဲပြားကာ နယ်ပယ်တစ်ခု ဖြတ်ကျော်ချိန်တိုင်း မဟာတာအိုတေးသွားများ ပဲ့တင်ထပ်နေပေလိမ့်မည်။
ယင်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြဖွယ်ကောင်းသော သဘာဝဖြစ်စဉ်များကို ခေါ်ဆောင်လာတတ်၏။
အချို့သော တာအိုမျိုးစေ့များသည် တောင်များ၊ မြစ်များ၊ နေနှင့်လ၏ သဏ္ဍာန်များ အဖြစ် ပြသကာ၊ အချို့သည် ဆန်းကြယ်သော ရတနာများအဖြစ် ပြသသည်။
ဤသည်မှာ သဘာဝတရားကြီး၏ လက်ဆောင်တစ်ခုလိုပေပင်။ ဆန်းကြယ်သော စွမ်းအားများ ပိုင်ဆိုင်စေမည်။
စုရီလိုချင်သည့် တာအိုမျိုးစေ့မျိုးသည် ၎င်းတို့ထက်များစွာ သာလွန်ပြီး ရှားလှချေပြီ။ ယင်းသည် ပြန်လည်မွေးဖွားလာရသည့် အဓိက ရည်ရွယ်ချက်လည်းဖြစ်ချေသည်။
***