တန်ခိုးရှင်ဓားမျှော်စင်နယ်မြေ ဖွင့်လှစ်ခြင်း ... ။
Vol. 26 Ch. 310
“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”
တစ္ဆေမျက်နှာ ပျားမိစ္ဆာများသည် လျှပ်စီးကဲ့သို့ မှော်သင်္ဘောထံ ပျံသန်းဝင်ရောက် လာပြီး ကိုယ်ထည်ကို အပေါက်များဖြစ်ပေါ် လာစေသည်။
တစ်ဖက်တွင် စုရီသည် တစ္ဆေမျက်နှာ ပျားမိစ္ဆာ ချဉ်းကပ်လာချိန်တိုင်းဖမ်းကိုင်ကာ အစွယ်များကို ချွတ်ယူနေခဲ့သည်။
ဆယ့်ငါးမိနစ်အကြာတွင် တစ္ဆေမျက်နှာပျားမိစ္ဆာများကို ဖြတ်ကျော်ကာ ရှေ့သို့ ဆက်လက်ရွေ့လျားလာနိုင်၏။
သူတို့ကျော်လွန်သွားသည်နှင့် ကြာပန်းစိမ်းများအတွင်းမှ ရုပ်ပုံတစ်ပုံသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
အနက်ရောင် အင်္ကျီအောက်မှ အသားအရည်သည် ကျောက်စိမ်းတုံးကြီးကဲ့သို့ ကြည်လင်ဖြူစင်နေပြီး သူ့မျက်လုံးများမှာ စိမ်းပြာပြာဖြစ်၏။
အနီရောင် ကြာပွတ်ကို သူ့ခါးတွင် ခွေလျက်ချိတ်ဆွဲထားပြီး ဘူးသီးခြောက်တစ်လုံး လက်၌ကိုင်ထားသည်။
သူက စုရီလှည့်ကြည့်သည်ကို မြင်ချိန်၌ အံ့အားသင့်သွားသော်လည်း လက်မြှောက်ပြီး ဝှေ့ယမ်းကာ ပြုံးပြလေသည်။
မိတ်ဆွေတစ်ယောက်ကို မြင်လိုက်ရ သငကဲ့သို့ပေပင်။ ထို့နောက် တိတ်တဆိတ်ပင် ပြန်၍ ပျောက်ကွယ်သွားသည်။
“ ကမ္ဘာခြား ဝိညာဉ်တစ်ကောင်လား ... ။ ”
စုရီမှ မျက်မှောင်ကြုတ်လိုက်သည်။
“ သခင်လေး မင်းဘာမြင်လို့လဲ။ ”
ဟွာရှင်းဖန်က မေး၏။
“ ငါ့ကို ရန်စချင်နေတဲ့ လူမိုက်တစ်ယောက်။ ”
စုရီက ပြန်ဖြေသည်။ ထို့နောက် သူ မြင်လိုက်ရသည့် အနက်ဝတ်လူ၏ ပုံသဏ္ဍာန်ကို သူမထံ ပြန်ပြောပြလိုက်၏။
“ မင်းသိလောက်လား ... ။ ”
ဟွာရှင်းဖန်မှ ခေါင်းခါလိုက်သည်။ စုရီက ဆက်မမေးတော့ချေ။ တစ္ဆေမျက်နှာ ပျားမိစ္ဆာ အစွယ်ခြောက်ဆယ်ကျော်ကို ခွန်အားစိုက်ထုတ် ရခြင်းမရှိဘဲ ရိတ်သိမ်းနိုင်ခဲ့သည်။
၎င်းသည် အဆင့်ငါး ဝိညာဉ်ရေး ပစ္စည်းများဖြစ်သဖြင့် မဆိုးလှချေ။ အိမ်တံခါးဝ အခမဲ့ရောက်ရှိလာခြင်းပင် ဖြစ်သည်။
ဤတိုက်ပွဲအပြီးတွင် မှော်သင်္ဘောကြီး တစ်ခုလုံး အပေါက်များဖြင့် ဖုံးလွှမ်းသွားခဲ့ကာ ရှန်ရှင်းသိုင်းသမား ကိုးဦး အသတ်ခံခဲ့ရ၏။
ဝိညာဉ်ပင်လယ်ထဲသို့ ရောက်ရုံမျှသာ ရှိသေးသော်လည်း ထိုကဲ့သို့ ဆိုးရွားလှသော ဆုံးရှုံးမှုကို ကြုံတွေ့ရသည်မှာ စိတ်ပျက်စရာ ပေပင်။
သို့သော် ကျန်ခရီးစဉ်တစ်လျှောက် သည်လည်း ထူးမခြားနား ဖြစ်သည်။ ဘေးဆိုး များစွာကို ကြုံတွေ့ခဲ့ရကာ အတင်းဖြတ်ကျော် ခဲ့ရသည်။
လေးနာရီကုန်လွန်ပြီးနောက် အဝေးမှ အသံများပေါင်းစုံလေထဲတွင် ပဲ့တင်ထပ်ကာ ဆူညံနေသည်ကို ကြားလာရသည်။
“ ငါတို့ရောက်ပြီ။ ”
ချင်သွမ့်ရှသည် လက်ရန်းဘေးတွင် ရပ်နေကာ သူ့မျက်လုံးများက မျှော်လင့်ချက်ဖြင့် တောက်ပနေ၏။
သူ့ဘေးရှိ ကျန်လူများသည်လည်း အဝေးသို့မျှော်ကြည့်ကာ ရင်တထိတ်ထိတ်ဖြင့် စိတ်လှုပ်ရှားနေကြသည်။
အဝေးတွင် ပေပေါင်း သောင်းချီ၍ ဖြန့်ကျက်ထားနိုင်သော အလင်းတန်းကြီးကို မြင်နေရသည်။
ထိုအလင်းရောင်၏ အရင်းမြစ်သည် ကောင်းကင်နန်းတော်တစ်ခုကဲ့သို့ ခမ်းနားသော အဆောက်အဦးတစ်ခုပေပင်။
၎င်းသည် အလွန်ကျယ်ဝန်းပြီး ထာဝရကျောက်စိမ်းဖြင့် ဆောက်လုပ်ထား၏။ ထို့ကြောင့် နတ်ဘုံနတ်နန်းကြီးအလား တောက်ပလွန်းနေခဲ့ချေပြီ။
“ သခင်လေး ... ကြည့်စမ်း၊ အဲဒါ တန်ခိုးရှင်ဓားမျှော်စင်ရဲ့ အပျက်အစီးနယ်မြေပဲ ဘယ်လောက်တောင် ခမ်းနားလိုက်လဲ။ ”
ဟွာရှင်းဖန်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ တကယ်ပဲ ပတ်ဝန်းကျင်မှာ လွင့်မျောနေတဲ့ ဖြစ်စဉ်တွေကြည့်လိုက်ရုံနဲ့တင် မယုံနိုင်စရာအခွင့်အရေးတွေ ရှိနေမယ်ဆိုတာ ထင်ရှားပါတယ်။ ”
သူမစကားကို စုရီက ချက်ချင်း မတုန့်ပြန်ချေ။ အဝေးသို့ စူးစူးစိုက်စိုက် ကြည့်ကာ၊
“ ဒါဟာ အခွင့်အရေးဆိုတာ မှန်တယ် ဒါပေမယ့် အန္တရာယ်များတယ် အထဲဝင်တဲ့အခါ ရတနာတွေကို သိမ်းယူဖို့ ... အလောတကြီး ကြိုးစားတာမျိုး မလုပ်မိစေနဲ့။ ”
-ဟု သတိပေးလိုက်သည်။
ထိုရောင်ဝါထဲတွင် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ပါရှိနေသည်ကို သူ ခံစားနေ ရသည်။ ဟွာရှင်းဖန်မှ ခေါင်းညိတ်၏။
“ တစ်ယောက်ယောက် ငါတို့အရင် အပျက်အစီးနယ်မြေထဲ ဝင်ရောက်သွားပြီ။ ”
ရုတ်တရက် ချင်သွမ့်ရှမှ ပြောကြား လာသည်။ သို့မှသာ ကောင်းကင် နန်းတော်၏ တံခါးများ ပွင့်နေသည်ကို သတိထားမိကုန်၏။
တံခါးအတွင်းမှ အုံ့ဆိုင်းနေသော အလင်းရောင်များ စိမ့်ထွက်နေကာ ရှုခင်းများကို ဖုံးကွယ်ထားသည်။
ချင်သွမ့်ရှမှ မျက်ခုံးပင့်သွား၏။ တွက်ဆမှုများအရ အနည်းဆုံး နောက်ထပ် သုံးရက်ခန့် တံခါးများ ပိတ်နေသင့်သည်။
ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် တံဆိပ်ကို ချိုးဖြတ်သွားပုံပေပင်။ ထိုအတွေးက သူတို့ကို မသက်မသာ ဖြစ်စေ၏။
“ စိတ်မပူပါနဲ့ ... ဒီလိုအပျက်အစီး နယ်မြေတွေက အန္တရာယ်များပြီး ... ခန့်မှန်းရ ခက်ပါတယ် ... အထဲကို အရင်ဝင်နိုင်တိုင်း ရတနာတွေရမယ်လို့ မဆိုလိုပါဘူး။ ”
ချောင်ကျန်းမှ ချင်သွမ့်ရှကို နှစ်သိမ့် လိုက်သည်။ ထို့နောက်တွင် သတ်ဖြတ်လိုသော ဆန္ဒများထုတ်ဖော်ကာ၊
“ တကယ်လို့ တစ်ယောက်ယောက် ရတနာတွေ ရထားခဲ့ရင်တောင် ငါတို့အတူတူ လက်တွဲနေသရွေ့ ပြန်သိမ်းနိုင်မှာပါ။ ”
-ဟု ပြောကြားလိုက်သည်။
“ ဝင်ရအောင်။ ”
ထို့နောက်တွင် လူတိုင်းလေထဲသို့ ပျံသန်းလျက် ကောင်းကင်နန်းတော်ဆီသို့ ဦးတည်သွားကြသည်။
“ ဝှစ် ... ။ ”
လေထဲပျံသန်းနေစဉ် စုရီက အဝေးရှိ ရေမျက်နှာပြင်ထံ တစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက် ခဏရပ်ကာ နန်းတော်တံခါးအတွင်း လှမ်းဝင်လိုက်တော့သည်။
ရေမျက်နှာပြင်အောက် ပေထောင်ချီ နက်ရှိုင်းသော အရပ်တွင် အဝါရောင်ဝတ်စုံဖြင့် လူငယ်သည် စုရီအကြည့်ကြောင့် ထိတ်လန့် သွားလေသည်။
“ သူ ဘယ်သူလဲ ... သူ့နတ်အာရုံက နည်းနည်းတော့ ကြောက်စရာကောင်းတယ် မဟုတ်လား။ ”
ပင်လယ်ဘုရင်သည်သာ ရှိနေပါက ထိုလူငယ်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိပေ လိမ့်မည်။ ဤသည်မှာ သူ၏တစ်ဦးတည်းသော တပည့် သူရဲဘောကြောင်သည့် ကောချင် ဖြစ်ချေ၏။
( မင်းဘာကို ကြောက်နေတာလဲ၊ တန်ခိုးရှင်ဓားမျှော်စင်က အုပ်စိုးရှင်ဂိုဏ်းမို့ အထဲမှာ ရတနာတွေ အများကြီးရှိနေမှာ သဘာဝပါပဲ။ )
ကောချင်၏ အသိစိတ်ပင်လယ်အတွင်းရှိ လိပ်အိုကြီးမှ ပြောကြားလာသည်။
“ အဘိုးကြီး၊ ဒီတန်ခိုးရှင် ဓားမျှော်စင် ထွက်ပေါ်လာတာက တစ်ယောက်ယောက်ရဲ့ ထောင်ချောက်လို့ မင်းမထင်ဘူးလား။ ”
ကောချင်မှ မရေမရာဖြစ်နေသေး၏။
( ဟမ့် ... မင်းပြောသလို ထောင်ချောက်သာဆိုရင် တစ်စုံတစ်ယောက်က ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးနဲ့ ပစ်ဖို့ ...
... ကြံစည်နေတာပဲ ... သူက အထဲမှာ လူတိုင်းရဲ့ ရတနာတွေအပေါ် သိမ်းယူချင်နေပြီး ကံကောင်းချင်းတွေကိုလည်း ရှာချင်နေပုံရတယ် ငါတို့ မသွားတာ ကောင်းမယ်။ )
အဘိုးအိုလေသံမှာ ချက်ချင်း လေးနက်နေခဲ့၏။ ကောချင်မှ လှောင်ပြုံး ပြုံးလေသည်။
“ အရင်တုန်းကတော့ မင်းငါ့ကို သူရဲဘောကြောင်တဲ့ လူအဖြစ် အမြဲပြောတယ် မဟုတ်လား ... မိုးပြာတိုက်ကြီးမှာ ဘယ်အရာမှ မင်းအပေါ် ခြိမ်းခြောက်လို့ မရဘူးလို့တောင် ကြေငြာခဲ့သေးတယ်လေ။ ”
( ဟမ့် ... မင်းနားမလည်ပါဘူး ငါတို့ရောက်လာတဲ့ ဒီရက်တွေအတွင်းမှာတင် ကမ္ဘာခြားဝိညာဉ် သုံးကောင်နဲ့ မူလနန်းတော် ကျင့်ကြံသူတွေ အများအပြား ...
... ရောက်လာခဲ့ကြတယ် ... ဒါဆို မင်းရဲ့ ရှန်ရှင်းအဆင့်လေးနဲ့ ... သူတို့ကို ဘယ်လိုများ ရင်ဆိုင်မှာလဲ။ )
ထို့နောက် စကားကို ခေတ္တရပ်ကာ သက်ပြင်းချလျက်၊
( ငါဆိုတာ တစ်ချိန်က ကြယ်တွေကို မထီမဲ့မြင်ပြုခဲ့တဲ့ တန်ခိုးရှင်တစ်ပါးပါ ဧကရာဇ် နယ်ပယ် တန်ခိုးရှင်တွေတောင် ... ငါ့ရှေ့မှာ ခေါင်းငုံ့ထားရတယ် ...
... ဘယ်သူမှ မရိုမသေ မလုပ်ဝံ့ဘူး ... ဒါပေမယ့် အခုလို ဒီပုရွက်ဆိတ်တွေ ငါ့ရှေ့မှာ အုံကြွနေတာကို ကြည့်နေရတဲ့အထိ အားနည်း သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ )
“ လုံလောက်ပြီ ... အဲဒီလို ကြွားလုံးထုတ်နေတာကို ဘယ်အချိန်ရပ်မှာလဲ ဆက်မပြောတော့တာ ပိုကောင်းမယ်။ ”
ထို့နောက် ကောချင်က မျက်ခုံးပင့်လျက် ပတ်ဝန်းကျင်အပေါ် ဝေ့ကြည့်ကာ၊
“ ထူးဆန်းတယ်၊ စုရီ မလာဘူးလား သူ့ရဲ့ အရိပ်အယောင်တောင် မတွေ့ရသေးဘူး ဒါက သူ စိတ်မဝင်စားဘူးလို့ မပြောနဲ့။ ”
-ဟု ညည်းတွားလိုက်သည်။
( ဖြစ်ကောင်း ... ဖြစ်နိုင်ပါတယ်၊ သူဒီမှာ ရှိနေတာ ဖြစ်နိုင်ပြီး ငါတို့ သူ့ကို သတိမထားမိ လိုက်တာလဲ ဖြစ်နိုင်တာပဲ။)
“ ငါသူ့ကို တွေ့ဖူးချင်တယ်။ ”
ကောချင်မှ တောင့်တစွာပြောသည်။ မကြာသေးမီက ပင်လယ်နက်မှ ပြန်လာခဲ့စဉ် စုရီ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တိုက်ပွဲ သတင်းကို ကြားသိခဲ့ရသည်။
ယင်းကြောင့် စုရီနှင့် ရန်သူ မဖြစ်ရန် ဆုံးဖြတ်ချက်ကို ပို၍ သေချာလာစေတော့၏။
( မင်းသူနဲ့ တိုက်ကြည့်ချင်လား ... မင်းတို့နှစ်ယောက်လုံးက ရှန်ရှင်းအဆင့်မှာပဲ ငါ့ရဲ့ ရွှမ်ဝူအနှစ်သာရသုတ္တန်က မူလတာအို နယ်ပယ် ကျွမ်းကျင်သူတွေရဲ့ မူလစွမ်းအင် ကိုတောင် ယှဉ်နိုင်ပါတယ်။)
“ ပါးစပ်ပိတ်ထား ... သူ့ကို တွေ့ချင်ရုံပဲ အဝေးက မြင်ဖူးရုံနဲ့ အဆင်ပြေတယ် ဘယ်သူက သူ့နဲ့တိုက်ချင်တယ်လို့ ပြောလဲ၊ ငါ မသေချင် သေးဘူး။ ”
( သူရဲဘောကြောင်တဲ့ လူယုတ်မာ။ )
အဖိုးအိုအသံတွင် ခါးသက်နေသော ခံစားချက်များ ပါဝင်နေ၏။ ဤလူငယ်သည် သူ့ထက်ပင် ပို၍ ကြောက်ရွံ့တတ်ချေပြီ။ ကောချင်မှ ဂရုမစိုက်ချေ။
ထိုစဉ် အဖိုးအိုက တစ်စုံတစ်ရာကို ရုတ်တရက် သတိပြုမိလာပြီး၊
( မြန်မြန် ... ရွှမ်ဝူရောင်ဝါချိုးနှိမ်ခြင်းကို အသက်သွင်းပါ။ )
-ဟု အော်ဟစ်လာ၏။
ကောချင်သည်လည်း ချက်ချင်း အသက်သွင်းလိုက်သည်။ နှစ်ပေါင်းများစွာ သတိကြီးကြီး ထားနေခဲ့သော သူ့ဗီဇအရ တုန့်ပြန်ခြင်းပေပင်။
အသက်တရှိုက်စာအတွင်း ရောင်ဝါများ ချုပ်ငြိမ်းလျက် ကျောက်တုံးကြီး တစ်တုံးကဲ့သို့ နစ်မြုပ်သွားချေပြီ။ သန္တာကျောက်တန်းကြီးနှင့် မခြားတော့ချေ။
ထိုစဉ် ထက်ရှသော နတ်အာရုံတစ်ခု ပင်လယ်ရေအောက် မီတာတစ်ထောင်အတွင်း ဝင်ရောက် ပျံ့နှံ့လာလေသည်။
အစွမ်းထက်လှသဖြင့် အသက်ရှူကြပ်စေ၏။ သန္တာကျောက်တန်းရှိ ကောချင်ခမျာ ဆံပင်များ ထောင်တတ်သွားတော့သည်။
မျောက်ဝံဖြူတစ်ကောင်က ရေမျက်နှာပြင်ပေါ်၌ တောင်ကြီးတစ်လုံးလို ရပ်နေခဲ့ချေပြီ။
မျက်ဝန်းပြာပြာများက ရေကန်ကဲ့သို့ ကြည်လင်ပြီး ငြိမ်သက်နေသည်။ သူ့လက်ထဲ၌ ရွှေတုတ်တစ်ချောင်း ကိုင်ဆောင်ထား၏။
ဘယ်ဘက်ပခုံးပေါ်တွင် ထိုင်ခုံတစ်လုံး ထမ်းထားပြီး အဖြူရောင်၀တ်စုံဝတ် အမျိုးသမီး တစ်ဦး လိုက်ပါလာသည်။
နှုတ်ခမ်းနှစ်လွှာသည် သလဲသီးကဲ့သို့ နီထွေးနေကာ သွားများသည် ပုလဲကဲ့သို့ ဖြူစင် နေ၏။
ယောက်ျားတစ်ယောက်အလား ၀တ်ဆင်လျက် အဖြူရောင် ခေါက်ယပ်တောင် တစ်လက်ဖြင့် ဖြည်းညှင်းစွာ ယပ်ခပ်ကာ သက်တောင့်သက်သာ ရှိနေခဲ့သည်။
စိတ်အေးလက်အေး ရှိလှသဖြင့် အနားယူရန်ရောက်ရှိလာသည်နှင့် တူနေခဲ့၏။ သူမက တန်ခိုးရှင်ဓားမျှော်စင်ထံ ကြည့်ကာ ပြုံးလိုက်တော့သည်။
“ ချုံးယန်၊ ပြန်လမ်းမဲ့ကျွန်းကို အရင် သွားကြရအောင် ... နောက်မှ ငါတို့နန်းတော်ဆီ ပြန်လာကြမယ်။ ”
***