← Chapters

အပျက်အစီးနယ်မြေ။

Vol. 26 Ch. 308

အပျက်အစီးနယ်မြေ။

Vol. 26 Ch. 308

မူလတာအိုနယ်ပယ်နှင့် ပတ်သတ်ပြီး ယခင်ဘဝတွင် အချိန်များစွာပေးကာ လေ့လာခဲ့ ဖူး၏။ ထို့ကြောင့် အစွမ်းအထက်ဆုံးသော စွမ်းအင်မျိုးစေ့သည် တာအိုမျိုးစေ့ဖြစ်ကြောင်း သိရှိခဲ့သည်။

သို့သော် တာအိုမျိုးစေ့ကို အရိုင်းမြေကိုးပါး၌ပင် မြင်တွေ့ရခဲကာ ဒဏ္ဍာရီ တစ်ပုဒ်လိုပေပင်။ ထိုတာအိုမျိုးစေ့ ဖန်တီးချိန်၌ ကြောက်စရာကောင်းသော ဘေးဆိုးများ ရင်ဆိုင်ရပေလိမ့်မည်။

၎င်းသည် တားမြစ်ချက်တစ်ခု ဖြစ်၏။ ရှေးခေတ်မှစကာ ယခုအချိန်အထိ မည်သူမျှ မလွတ်မြောက်နိုင်ချေ။

ထို့ကြောင့် မူလတာအိုနယ်ပယ်တွင် တာအိုမျိုးစေ့ ရှိ-မရှိကို မည်သူမျှ မသိနိုင်ခဲ့ သည်မှာ သဘာဝပေပင်။ သို့သော် စုရီအတွက်မူ ယင်းကို သေချာပေါက် ဖွဲ့စည်းရပေမည်။

အဘယ့်ကြောင့်ဆိုသော် ငရဲကမ္ဘာ၌ ထိုသို့တာအိုမျိုးစေ့များရှိကြောင်း မှတ်တမ်းများ ရှိနေသည်။

ကောင်းကင်တာအိုသည် ၎င်းကို သည်းမခံနိုင်သောကြောင့် ဤတာအိုမျိုးစေ့ကို ပေါင်းစည်းရန် ကြိုးစားသောအခါ အပြစ်ဒဏ် ပေးခြင်းဖြစ်သည်။

ယင်းကြောင့် တာအိုမျိုးစေ့ဖန်တီးသူသည် ကောင်းကင်ဘုံ တားမြစ်ချက်ကို ချိုးဖောက်ခြင်း မည်၏။

အဆုံးစွန်သော ကပ်ဘေးကို ကျော်လွန်ပြီးနောက် သေချာပေါက် ဖွဲ့စည်းနိုင် ပေမည်။ သူသည် သဘာဝအားဖြင့် ကောင်းကင် အပြစ်ဒဏ်ကို မကြောက်သလို သေမည်လည်း မကြောက်ချေ။

ပြန်လည်မွေးဖွားခြင်းသည် ဓားတာအိုဖြင့် မြင့်မားသော လမ်းကြောင်းအပေါ် တက်ရောက် ရန် ဖြစ်သည်။

ထို့ကြောင့် တာအိုမျိုးစေ့ကို ဖန်တီးရန် အခွင့်အရေးအပေါ် လက်လွတ်မခံနိုင်သည်မှာ သဘာဝပေပင်။

နောက်တနေ့မနက်တွင် သင်္ဘောကြီးသည် လူတစ်စုကို သယ်ဆောင်ကာ အရှေ့ပင်လယ်သို့ ခရီးနှင်လာခဲ့သည်။

“ ဒီအရှိန်အရဆိုရင် ... ငါတို့ဟာ ဝိညာဉ်ပင်လယ်နယ်စပ်ဒေသကို နှစ်ရက် အတွင်း ရောက်နိုင်လိမ့်မယ်။ ”

ဟွာရှင်းဖန်မှ ပြောသည်။ ထို့နောက် သီးသန့်ခန်းအတွင်းရှိ အဖိုးတန်ပရိဘောဂများ အပေါ် လောဘဖြင့် ဝေ့ကြည့်ပြီး၊

“ အခွင့်အရေးရရင် ... ဒီရတနာသင်္ဘောကြီးဟာ ငါတို့အပိုင် ဖြစ်လာရမယ်။ ”

-ဟု ကြိမ်းဝါးလိုက်သည်။

စုရီသည် ပြတင်းပေါက်အနားတွင် ရပ်လျက်အဝေးသို့ ငေးကြည့်နေ၏။ ရွှေရောင် နေရောင်ခြည်သည် လှိုင်းလုံးများပေါ်တွင် လင်းလက်တောက်ပနေသည်။

မှော်သင်္ဘောသည် လေထဲတွင် ပျံသန်းနေသောကြောင့် မြင်ကွင်းများသည် အလွန်ကျယ်ပြောလှ၏။

ပင်လယ်ပြင်အနှံ့ တံငါလှေများစွာ ရွက်လွင့်မျောပါနေသည်ကိုလည်း မြင်နိုင်သည်။ စင်ရော်များသည် အုပ်စုလိုက် ကျယ်လောင်စွာ အော်ဟစ်လျက် ၎င်းတို့အနား ရစ်ဝဲနေ၏။

အနည်းငယ် စိုထိုင်းဆများသော ပင်လယ်လေများသည် သက်‌တောင့်သက်သာ ဖြစ်စေသည်။

“ ဒီမှော်သင်္ဘောက ဒီလောက်လည်း မဟုတ်သေးပါဘူး ... မင်းကိုသယ်ဆောင်ဖို့ပဲ တတ်နိုင်တယ် အကာအကွယ်မပေးနိုင်ဘူး ...

... အရမ်းကြီးမားလွန်းပြီး ... ပေါ်လွင်လွန်းနေတယ် ပင်လယ်သားရဲတွေရဲ့ ပစ်မှတ်ထားခံရဖို့ အရမ်းလွယ်တယ်။ ”

စုရီသည် ပင်လယ်လေကို ခံစားပြီး ဝိုင်သောက်လျက် လှည့်မကြည့်ဘဲ ပြောကြား လိုက်သည်။

“ မင်း မကြိုက်ရင် ငါ့ကိုပေးလို့ရတယ်။ ”

ဟွာရှင်းဖန်မှ ပြုံးကာ ချက်ချင်းပြော၏။ စုရီက စကားမဆိုတော့ဘဲ ပြန်လှည့်ပြီးနောက် စားပွဲတွင်ထိုင်လျက် ကျောက်စိမ်းပြားများ ထုတ်ယူကာ ရေးထွင်းသည်။

“ သခင်လေး ... မင်းဘယ်လို အဆောင်တွေ သန့်စင်နေတာလဲ။ ”

ဟွာရှင်းဖန်မှ စိတ်ဝင်စားလာ၏။

“ တန်ခိုးရှင်ဓားမျှော်စင်ဟာ တကယ်ပဲ အုပ်စိုးရှင်ဂိုဏ်းတစ်ခု ဖြစ်တာမို့ သူတို့ရဲ့နယ်မြေ အနှံ့ ... ထောင်ချောက်တွေ ပြည့်နေမှာ သေချာတယ်။”

စုရီစကားကြောင့် ဟွာရှင်းဖန်မှ ခေါင်းညိတ်လိုက်ပြီး၊

“ ဒါပေမယ့် ... အဖိုးကြီးချင်သွမ့်ရှ လက်ထဲမှာရှိနေတဲ့ မြေပုံက ဒီအန္တရာယ်တွေကို ရှောင်ရှားနိုင်မှာပါ။ ”

-ဟု ပြန်ပြောလိုက်သည်။

စုရီက လှောင်ပြုံးဖြင့် ခေါင်းယမ်းကာ၊

“ အဲဒီမြေပုံက မှန်လား ... မှားသလား ခဏထားဦး ... မှန်နေရင်တောင် အသုံးမဝင်ဘူး နောက်ဆုံးတော့ နှစ်တွေ မရေမတွက်နိုင်အောင် ကုန်လွန်ခဲ့ပြီ မဟုတ်လား။ ”

ထို့နောက် ဟွာရှင်းဖန်ထံ တစ်ချက်ကြည့်လိုက်ပြီး၊

“ တကယ်လို့ ... မတော်တဆ အန္တရာယ်အချို့သာ ကျရောက်လာရင် လူဘယ် နှစ်ယောက် ရှောင်နိုင်ဦးမှာလဲ။ ”

-ဟု အဓိပ္ပါယ်ပါပါ ပြောကြားလိုက်သည်။

ယခင်ဘဝတွင် မရေမတွက်နိုင်သော တားမြစ်နယ်မြေများထံ ဖြတ်သန်းခဲ့ဖူးသည်။ ထို့ကြောင့် သူ့အတွေ့အကြုံများသည် ဤလူများထက် သာလွန်၏။

“ ဒါဆို ... မင်းအခု သန့်စင်နေတဲ့ ကျောက်စိမ်းက ဘေးအန္တရာယ်တွေကို ရှောင်ဖို့ ပြင်ဆင်နေတာလား။ ”

“ မှန်တယ် ... ။ ”

စုရီမှ ခေါင်းညိတ်သည်။ ဤသည်မှာ ဘေးဥပဒ်များကို ရှောင်ရှားနိုင်သည့် ‘အစားထိုး အဆောင်’၊ ‘ရောင်ဝါချိုးနှိမ်ခြင်း အဆောင်’နှင့် ‘ခြေရာခံအဆောင်’တို့ ဖြစ်၏။

အုပ်စိုးရှင် ဂိုဏ်းတစ်ဂိုဏ်း၏ အပျက်အစီးနယ်မြေအပေါ် လက်ရှိခွန်အားဖြင့် ပေါ့ပေါ့ဆဆ မဝင်သင့်သေးချေ။

“ သခင်လေး၊ မင်းငါ့ကို နည်းနည်း ပေးလို့ရမလား။ ”

ဟွာရှင်းဖန်မှ မျှော်လင့်ချက် အပြည့်ဖြင့် တောင်းဆိုလိုက်၏။

“ မပေးဘူး ... ငါအနားမှာ နေပါ။ ”

စုရီက ချက်ချင်းငြင်းဆန်သည်။ ဤအဆောင်များသည် အမြင်တွင် သန့်စင်ရန် လွယ်ကူပုံ ပေါ်သော်လည်း စိတ်စွမ်းအင်များစွာ သုံးစွဲထားရသည်။

ထို့ပြင် အသုံးပြုထားသော ကျောက်စိမ်း အလွတ်ပြားများသည် ပဉ္စမတန်း ဝိညာဉ်အဆင့် ဖြစ်ပြီး အလွန်တန်ဖိုးရှိ၏။

သူ့အတွက်ပင် လုံလောက်မှု မရှိလေရာ တပါးလူထံ မဝေမျှနိုင်သေးချေ။ ဟွာရှင်းဖန်မှ စိတ်ပျက်အားငယ်သွား၏။

သူမ ဘဝတစ်လျှောက်တွင် တစ်စုံတစ်ရာ လိုချင်လာသည့်အချိန်တိုင်း တစ်စုံတစ်ယောက် ထံမှ ရွှင်မြူးစွာပေးပေလိမ့်မည်။

( ဒီကောင်လေးက ... ချောမောတဲ့ အမျိုးသမီးတွေအပေါ် မုန်းတီးနေတဲ့ ကုန်းကုန်း တစ်ယောက်များလား။ )

ဟွာရှင်းဖန်မှ တစ်ကိုယ်တည်း အတွေးပွားနေမိသည်။ တစ်ချိန်တည်းမှာပင် သင်္ဘောအပေါ်ဆုံးထပ်ရှိ ခန်းမတစ်ခုအတွင်း၌ လူတစ်စုထိုင်နေ၏။

ယင်းသည် ချင်သွမ့်ရှ၊ ကူချင်းတု၊ ယွီချောင်ခုန်၊ ချောင်ကျန်းနှင့် နင်ရှင်းခုန်တို့ ဖြစ်ချေပြီ။

“ အခွင့်အလမ်းတွေကို ရှာဖွေဖို့ ... အစွမ်းထက်သူတွေ အများကြီးလာလိမ့်မယ် ဒါပေမယ့် အာရုံစိုက်ဖို့ တကယ်ထိုက်တန်တဲ့ အင်အားစုက တစ်ခုပဲ ရှိပါတယ်။ ”

ကလေးမျက်နှင့် ဆံပင်ဖြူနေသော ချင်သွမ့်ရှက သူ့မုတ်ဆိတ်မွေးများကို ဟန်ပါပါ သပ်ဆွဲကာ၊

“ အဲဒါက နတ်ဆိုးကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို စုစည်းထားတဲ့ မရဏဂိုဏ်း ခေါင်းဆောင် ထုံရှင်းဟိုင်ပဲ ...

... သူ့ရဲ့ မဟာမိတ်ထဲမှာ ကောင်းကင်မြေနတ်ဆိုး၊ ငါးမန်းစိမ်းရေဘုရင်နဲ့ ရွှေမီးတောက် အလောင်းကောင် နတ်ဆိုးတို့လို ကျွမ်းကျင်သူတွေ ပါဝင်နေတယ်။ ”

၎င်းတို့သည် နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့သည့် ကြမ်းကြုတ်လွန်းသော နတ်ဆိုးကျင့်ကြံသူများ ဖြစ်သည်။

ထိုအမည်များကို ကြားပြီးနောက် လူတိုင်း၏အကြည့်များတွင် လေးနက်သော အငွေ့အသက်တစ်ခု ပေါ်လာ၏။

“ တန်ခိုးရှင်ဓားမျှော်စင်ရဲ့ အမွေအနှစ် နယ်မြေကြီး အခုလိုမျိုး ရုတ်တရက်ပေါ်လာတာ မယုံနိုင်စရာပါပဲ ငါ့အမြင်အရတော့ သုံးနိုင်ငံမှာ တံခါးပိတ်ကျင့်ကြံနေတဲ့ မြေခွေးအိုကြီး တွေတောင် ပါဝင်လာဖွယ်ရှိတယ်။ ”

“ ဟမ့် ... ကမ္ဘာခြားကလာတဲ့ ဝိညာဉ်တွေကိုလည်း လျှော့မတွက်နဲ့ သူတို့က အာကာသဆုံမှတ်ကိုတောင် ဖြတ်ကျော်လာ နိုင်ကြတာ သူတို့မှာ ဝှက်ဖဲတွေရှိတယ်။ ”

ဝိညာဉ်ပင်လယ်၌ ဤနတ်ဆိုး ကျင့်ကြံသူများနှင့် ဆုံတွေ့နိုင်ချေရှိသည့်အပြင် ထိုခန္ဓာကိုယ် လုယူသူများကိုလည်း သတိထားရမည် ဖြစ်၏။

“ အစ်ကိုချင်၊ မင်း သူတို့ကို ရှာတွေ့ထားလား။ ”

ယွီချောင်ခုန်မှ မေးသည်။ ချင်သွမ့်ရှက ခေါင်းယမ်းလိုက်၏။ ဤနေရာရှိ လူတိုင်းသည် အထွတ်အထိပ် တည်ရှိမှုများဖြစ်သဖြင့် ထိုခေါင်းစဉ်နှင့် ရင်းနှီးကြသည်။

“ ဒီလူတွေက တခြားသူတွေထက် ... ပိုပြီးသတိကြီးကြတယ် ... ငါတို့အလွယ်တကူ ရှာတွေ့နိုင်တာ မဟုတ်ဘူး။ ”

သူ့စကားကြောင့် လူတိုင်း ခေါင်းညိတ် လိုက်ကြ၏။ ခန္ဓာကိုယ် လုယူထားသူများအပေါ် အကြောက်ဆုံးအချက်မှာ ဤသို့ လျှို့ဝှက်လွန်း သောကြောင့် ဖြစ်သည်။

သူတို့ကဲ့သို့သော မူလတာအိုအဆင့် ကျွမ်းကျင်သူများပင် ၎င်းတို့ကို မခွဲခြားနိုင်ချေ။ ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူမှသာလျှင် စွမ်းဆောင်နိုင်ပေမည်။

“ အစ်ကိုချင် ... သတိထားမိတဲ့ တစ်ယောက်ယောက်များ ရှိနိုင်မလား။ ”

ရှန့်လင်ကျမ်းဆောင် ဆရာတော် ချောင်ကျန်းမှ စိတ်ဝင်တစားမေး၏။ ချင်သွမ့်ရှမှ အဝေးကိုငေးကာ၊

“ အဲဒီမောင်နှမ နှစ်ယောက်ကို ငါသံသယ ဖြစ်မိတယ်။ ”

-ဟု ပြန်ဖြေလာသည်။

ချောင်ကျန်းမှ မျက်ခုံးပင့်လျက်၊

“ သူတို့က ကြက်သွေးရောင် မီးတောက်ဘုရင် ဒုတိယတပည့် လုယွင်ရဲ့ ဖိတ်စာနဲ့လာတာ မဟုတ်လား။ ”

-ဟု နားမလည်နိုင်စွာ ပြန်မေးလိုက်၏။

“ မှန်တယ် ... ဒါပေမယ့် ဒါက တိုက်ဆိုင်လွန်းတယ် မဟုတ်လား နောက်ပြီး သူတို့ကို မဟာရှကနေ လာတယ်ဆိုတာ ငါတို့ အတည်ပြုဖို့ နည်းလမ်းမရှိဘူး။ ”

“ ဒါဆို သူတို့မှာ မကောင်းတဲ့ အကြံအစည်တွေရှိနေရင် ခက်ပြီပေါ့ ... ငါတို့ သတိထားရမယ်။ ”

ကူချင်းတုမှ ဝင်ရောက် ပြောကြားလာလေသည်။

“ ဟမ့် ... ဒီအတွက်တော့ မပူနဲ့ ... လမ်းမှာသူတို့အပေါ်စမ်းသပ်ဖို့ အခွင့်အရေး ရှာတွေ့နိုင်ပါသေးတယ် ...

... သူတို့ရဲ့ အထောက်အထားမှာ အမှန်တကယ်သာ ပြဿနာရှိရင် သူတို့ကို သတ်ပစ်လိုက်လို့ရတယ်။ ”

အဆုံးတွင် ချင်သွမ့်ရှတစ်ယောက် အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ပေါက်ကြားလာတော့သည်။

နောက်နှစ်ရက်အကြာတွင် ဝိညာဉ်ပင်လယ်ဒေသကြီးကို အဝေးမှ မြင်လာ ရချေသည်။

“ ဂျိန်း ... ။ ”

မည်းနက်နေသော မိုးကြိုးတိမ်များသည် ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားကာ ရံဖန်ရံခါ မိုးခြိမ်းသံများနှင့် သွေးနီရောင် လျှပ်စီးများကို ထုတ်ပေးနေ၏။

“ ဝုန်း ... ။ ”

ပင်လယ်ရေမျက်နှာပြင်ထံမှလည်း တောင်ကြီးတစ်လုံးခန့်ရှိသော လှိုင်းလုံးကြီးများ တဝုန်းဝုန်း ရိုက်ခတ်နေကာ လေထုအပေါ် ဖရိုဖရဲဖြစ်စေခဲ့သည်။

မှော်သင်္ဘောအရှိန်သည်လည်း နှေးကွေးသွားပြီး သတိကြီးစွာ ချည်းကပ်လိုက် ရသည်။

“ ဖျစ် ဖျစ် ဖျစ် ... ဂျိန်း ။ ”

စုရီက သင်္ဘောလက်ရန်းထံသို့ လျှောက်လှမ်းသွားကာ အဝေးရှိ ဖရိုဖရဲ မြင်ကွင်းများထံ လှမ်းကြည့်လိုက်သည်။

ထိုဒေသကြီးရှိ လေဟာနယ် တစ်ခုလုံးပြိုကျနေကာ ရိုင်းစိုင်းကြမ်းတမ်းသော ဖြစ်စဉ်များ ပြသနေ၏။

“ ဒီဧရိယာဟာ ... တစ်ချိန်တုန်းက ကပ်ဆိုးကြီးတစ်ခု ကြုံခဲ့ရပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေကို ဆိုးဆိုးရွားရွား ပျက်စီးသွားစေခဲ့တယ် ...

... နှစ်ပေါင်းများစွာ ကုန်လွန်ပြီးတဲ့ နောက်မှာတော့ ... အခုလို ဖရိုဖရဲနဲ့ ပြိုကျနေတဲ့ လေဟာနယ်တစ်ရပ် ဖြစ်ပေါ်လာခဲ့တာပဲ။ ”

စုရီက သဘာဝဖြစ်စဉ်များထံ ကြည့်ကာ အကြောင်းအရာကို မြင်နိုင်သဖြင့် ရေရွတ်လိုက် လေသည်။ လေပြင်းများက သူ့ဝတ်ရုံစများကို ‘တဟူးဟူး’ ဖြတ်တိုက်သွားတော့၏။

“ ဟူး ... ဟူး ... ဟူး ... ။ ”

***

All Chapters