← Chapters

ကြယ်တာရာ ဝက်ဝံလေး လမ်းလွဲအစီရင်။

Vol. 26 Ch. 311

ကြယ်တာရာ ဝက်ဝံလေး လမ်းလွဲအစီရင်။

Vol. 26 Ch. 311

အမျိုးသမီးနှင့် မျောက်ဝံဖြူတို့ ထွက်ခွာသွားသောအခါ ပင်လယ်ဧရိယာတဝိုက် လွှမ်းခြုံထားသည့် နတ်အာရုံ ပျောက်ကွယ် သွားခဲ့သည်။

ပင်လယ်ရေအောက်တွင် အလွန်အမင်း ကြောက်ရွံ့နေသော ကောချင်မှာ အနည်းငယ် စိတ်သက်သာရာ ရသွား၏။

( အခုလို ... ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူတစ်ဦး ရောက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ )

အဖိုးအိုမှ ညည်းတွားလိုက်သည်။

“ ဘာလို့ ကမ္ဘာကြီးက ... ပိုပိုပြီး ကြောက်စရာ ကောင်းလာရတာလဲ ... ဒီဖရိုဖရဲ ပင်လယ်ကို ထားခဲ့ကြရအောင်။ ”

( ဟမ့် ... ငါအသက်ရှင်နေတာကြာပြီ၊ ဒါပေမယ့် မင်းလောက် သူရဲဘောကြောင်တဲ့ လူကို ပထမဆုံးအကြိမ် တွေ့ဖူးတာဘဲ ...

... ဒီတစ်ခါတော့ မင်းထွက်သွားဖို့ သတ္တိရှိတယ်ဆိုရင် ငါ့ဆီကနေ လမ်းညွှန်မှုကို ထပ်ရတော့မယ်မထင်နဲ့။ )

အဘိုးအို၏ ဒေါသထွက်နေသော လေသံကြောင့် ကောချင်မှ ခဏမျှ အံ့အားသင့် သွားပြီး သက်ပြင်းချကာ ကူကယ်ရာမဲ့စွာဖြင့်၊

“ ငါစကားအဖြစ် ပြောတာပါ။ ”

-ဟု တုန့်ပြန်လိုက်ရသည်။

တစ်ဆက်တည်းမှာပင် ဤမျှ အန္တရာယ်များသော အပျက်အစီးနယ်မြေကြီး၌ မည်သို့ရှင်သန်ရမည်ကို စတင်ကြံဆ နေမိသည်။

တန်ခိုးရှင်ဓားမျှော်စင် အပျက်အစီး နယ်မြေအတွင်း လေထုထဲ၌ အတားအဆီးလွှာ တစ်ခုသည် အမိုးခုံးတစ်ခုလို ဖုံးလွှမ်းထား၏။

ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူပင် ထိုအတားအဆီးလွှာအပေါ် ဖျက်ဆီးနိုင်ဦးမည် မဟုတ်ချေ။ ဆိုလိုသည်မှာ ဤနယ်မြေတွင် ပျံသန်းခြင်းအပေါ် ကန့်သတ်ခံထားရချေပြီ။

ချင်သွမ့်ရှက မြေပုံကို ကိုင်ဆောင်လျက် ရှေ့ဆုံးမှ ဦးဆောင်နေသည်။ လမ်းတစ်လျှောက် အံ့သြစရာကောင်း လောက်အောင် အဆင်ပြေချောမွေ့နေခဲ့၏။

သို့သော် နေရာများစွာသည် ခြွင်းချက်မရှိ ဗလာဖြစ်နေသည်။ တစ်စုံတစ်ယောက်မှ ဦးစွာ သိမ်းသွားသည်မှာ ထင်ရှားချေ၏။

“ အစ်ကိုချင်၊ မင်း ဒီမြေပုံကို ဘယ်ကနေရခဲ့တာလဲ ... ငါတို့ရှေ့က ဝင်ခဲ့တဲ့ လူတွေမှာ ဒီလိုမြေပုံများ ရှိနေမလား။ ”

ကူချင်တုမှ သည်းမခံနိုင်ဆော့ဘဲ မေးမြန်းလိုက်သည်။ လက်ရှိအချိန်ထိ မည်သည့် ရတနာမျှ မရရှိသေးချေ။

“ ပွင့်ပွင့်လင်းလင်းပြောရရင် မြေပုံကို အစ်ကိုနင်ပေးထားတာပါ ... အစ်ကိုနင် မင်းရော ဘယ်လိုထင်လဲ။ ”

ချင်သွမ့်ရှက အမည်မဲ့နဂါးတောင် ခေါင်းဆောင် နင်ရှင်းခုန်ထံ ကြည့်လိုက်သဖြင့် လူတိုင်းအံ့အားသင့်သွားကာ လိုက်ပါကြည့်ရှု ကုန်သည်။

“ ငါလည်း မိတ်ဆွေတစ်ယောက်ဆီက ဒီမြေပုံကို ရခဲ့တာ ... သူ တခြားလူတွေကို ပေးထားလား မထားလားတော့ မသိဘူး။ ”

“ မင်းမိတ်ဆွေက ဘယ်သူလဲ။ ”

အားလုံးက ထူးဆန်း​နေသည်ကို သတိထားမိပြီး မျက်မှောင်ကြုတ်သွားကြသည်။ နင်ရှင်းခုန်မှခေါင်းယမ်းလျက်၊

“ သူ ဘယ်သူလဲ အရေးမကြီးပါဘူး အရေးကြီးတာက မင်းတို့အားလုံး မြင်တဲ့အတိုင်း ဒီမြေပုံရဲ့ လမ်းညွှန်ချက်မပါရင် ... ဒီနေရာအထိ ချောချောမွေ့မွေ့ ရောက်နိုင်မှာ မဟုတ်ဘူး။ ”

ယင်းသည် မည်သူမျှ မငြင်းနိုင်သော အချင်းအရာပင်။ လမ်းတစ်လျှောက် သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်နှင့် ရှေးဟောင်း တားမြစ် ပုံစံများစွာကို သတိထားမိခဲ့သည်။

အကယ်၌သာ ဤမြေပုံကြောင့်သာ မဟုတ်သော် ခန့်မှန်းမရသော အန္တရာယ်များစွာ ကြုံတွေ့ရနိုင်မည်။

“ သွားရအောင် ... ။ ”

လူတိုင်း ခဏမျှ တိတ်ဆိတ်သွားပြီး ချင်သွမ့်ရှနှင့်အတူ ဆက်၍ လိုက်ပါသွားသည်။

“ တစ်ခုခုမှားနေပြီ၊ နင်ရှင်းခုန်က သစ္စာဖောက်တစ်ယောက်ပဲ ချင်သွမ့်ရှနဲ့အဖွဲ့ကို သွေးဆောင်ဖို့အတွက် ဒီမြေပုံကို အသုံးပြုခဲ့တာဖြစ်မယ်။ ”

စုရီက နင်စစ်ဟွာနောက်ကျောကို လှမ်းကြည့်ကာ မှတ်ချက်ပေးလိုက်လေသည်။ ဟွာရှင်းဖန် မျက်လုံးများ တိတ်ဆိတ်စွာ မှေးစင်းသွားတော့၏။

“ ဒါဆို ... အစကတည်းက ဒီအပျက်အစီးနယ်မြေက တစ်စုံတစ်ယောက်ရဲ့ သတ်ကွင်းဖြစ်နေတာလား။ ”

“ မှန်တယ်၊ ဒါပေမယ့် ဒီမှာရရှိနိုင်တဲ့ အခွင့်အလမ်းတွေကတော ... အစစ်အမှန်ပါပဲ မဟုတ်ရင် ဒီလိုကြီးမားတဲ့ ရုန်းရင်းဆန်ခတ် ဖြစ်သွားဖို့ မဖြစ်နိုင်ပါဘူး။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

“ သခင်လေး၊ နင်ရှင်းခုန်လဲ ချင်သွမ့်ရှကို လှည့်စားပြီး ငါတို့လို အကြံအစည်မျိုးရှိနေမှာ ကြောက်မိတယ်။ ”

“ ဒါဆို သူ့မှာ အရည်အချင်း ရှိ-မရှိ ငါတို့ကြည့်မယ်။ ”

စုရီက ဂရုမစိုက်ဟန် တုန့်ပြန်လိုက်သည်။ များမကြာမီ ရှေးဟောင်း အဆောက်အဦးများစွာ ပျံ့ကျဲနေခဲ့သော ဒေသကြီးထံ ရောက်ရှိလာ၏။

အလယ်ဗဟိုတွင် (၁၀၀)မီတာခန့် ကြီးမားသော ဘုံကျောင်းတစ်ကျောင်းရှိသည်။ ၎င်းအနားတွင် အကျယ်အဝန်း သုံးမီတာခန့် ရှိသည့် ရေကန်တစ်ကန်တည်ထား၏။

ရေကန်အတွင်း ကာလရှည်ကြာစွာ ခန်းခြောက်နေခဲ့ပြီး အနက်ရောင် ရွှံ့အိုင်များ အဖြစ်သာ ကျန်ရစ်ခဲ့သည်။

“ ဟမ့် ... တစ်ယောက်ယောက် ဒီဝိညာဉ်ရေကန်ထဲက မှော်ဆေးကင်ကို အခုပဲ ခူးသွားပုံရတယ်။ ”

ထိုအချိန်တွင် ယွီချောင်ခုန်က ရွှံ့အိုင်အတွင်းမှ ဝိညာဉ်ရောင်ဝါများ ဖြာထွက် နေသည့် အမြစ်အချို့နှုတ်ယူလိုက်သည်။

ဤအရာသည် အလွန်အဖိုးတန်သော ဝိညာဉ်ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်သည်မှာ ထင်ရှားချေပြီ။ သို့သော် တစ်စုံတစ်ဦးမှ သိမ်းယူသွားချေ၏။

သူတို့သည် ဤဒေသသို့ ရောက်ရှိရန်များစွာ ဒုက္ခရောက်ခဲ့ကြသော်လည်း လမ်းတလျှောက်ရှိ မည်သည့်ရတနာမှ မရရှိခဲ့ချေ။

“ လူခွဲရှာပါ ... ။ ”

ချင်သွမ်ရှက အသက်ပြင်းပြင်းရှူပြီး အနီးနားရှိ အဆောက်အဦများတွင် ရတနာများ ရှိ၊မရှိကို ရှာဖွေရန် အမိန့်ပေးလိုက်၏။

ချက်ချင်း လူစုကွဲကုန်သည်။ စုရီက အဆောင်တစ်ခုကို လက်၌ကိုင်ကာ ဦးတည်ရာ တစ်ရပ်ထံ မျှော်ကြည့်လိုက်သည်။

“ ဒီကိုလာ ... ။ ”

ဤသည်မှာ ရတနာများကို ခြေရာခံနိုင်သည့် ‌ခြေရာခံအဆောင် ဖြစ်သည်။ လမ်းတစ်လျှောက် ငြိမ်သက်နေခဲ့ပြီး ယခုမှပင် တုံ့ပြန်မှုအချို့ ပြသလာခြင်းပေပင်။

ထို့ကြောင့် ဟွာရှင်းဖန်ကို ခေါ်ယူလျက် အနောက်တောင်ထောင့်ရှိ နန်းတော်တစ်လုံးထံ လျှေက်လှမ်းသွားခဲ့သည်။

သူတို့ရောက်ရှိသွားချိန်၌ ရှန့်လောယွီနှင့် လင်းယွီပိုင် ရှိနေပြီ ဖြစ်သည်။ နှစ်ယောက်သား စာလိပ်များဖြင့် ပြည့်နေသော စားပွဲတစ်လုံး ရှေ့တွင်ရပ်ကာ ဖြည်ကြည့်နေ၏။

စာလိပ်များသည် ပန်းများ၊ ငှက်များ၊ အင်းဆက်ပိုးမွှားများ၊ ငါးများ၊ တောင်၊မြစ်၊ နေ၊ လ၊ ကြယ် စသည့် အမျိုးမျိုးကို ပုံဖော်ထားသော ပန်ချီကားများဖြစ်သည်။

“ ဟမ့် ... ။ ”

စုရီတို့ကို မြင်ချိန်၌ အနည်းငယ် မျက်မှောင်ကြုတ်လျက် အေးစက်လွန်းသော အသွင်အပြင်မျိုးဖြင့် လှည့်ထွက်သွားသည်။

“ အရင် သူတို့နှစ်ယောက်က ရန်သူတွေ မဟုတ်လား။ ”

ဟွာရှင်းဖန်မှ အနည်းငယ် အံ့သြသွား၏။ စုရီက ထိုအချင်းအရာများကို စိတ်မဝင်စားချေ။ ကြမ်းပြင်၌ပြန့်ကျဲနေသော ပန်းချီကားများထံ ငုံ့ကြည့်ကာ တွေးတော့လိုက်သည်။

ခဏအကြာတွင် သူ့နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့် ပေါ်လာပြီး၊

“ ဒီတန်ခိုးရှင်ဓားမျှော်စင်ဂိုဏ်းက ... နတ်ဆိုးဂိုဏ်းတစ်ခုပဲ၊ မဟုတ်ရင် နတ်ဆိုးမျိုးရိုး ကျင့်ကြံမှုနည်းစနစ်ဖြစ်တဲ့ ‘ကြယ်တာရာ ဝက်ဝံကလေး လမ်းလွဲအစီရင်’-ကို သူတို့ပိုင်ဆိုင်နေမှာ မဟုတ်ဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်တော့သည်။

“ ဝှစ် ... ။ ”

စုရီက လက်များကို ဝှေ့ယမ်းကာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပန်းချီကားများ သိမ်းလိုက်သည်။ စုစုပေါင်း (၃၆)ချပ်ရှိ၏။

ထို့နောက် စားပွဲထံလျှောက်သွားပြီး မျက်နှာပြင်ပေါ်တွင် ရေးထွင်းထားသော စာလုံး (၃၆)လုံးကို ငုံ့ကြည့်လိုက်သည်။

“ ရွှပ် ... ။ ”

လက်ချောင်းထိပ်မှ ဓားမီးတောက်တစ်စ စားပွဲပေါ် ပြုတ်ကျသွားတော့၏။ ထို့‌နောက်တွင် ကြယ်(၃၆)လုံးပါရှိသော ဝက်ဝံငယ်သဏ္ဍာန် လေထဲပျံဝဲလာသည်။

( မြောက်ဘက် ကောင်းကင်ပေါ်ရှိ ဝက်ဝံငယ်အသွင် ကြယ်စင်စု။)

“ ဝှစ် ... ။ ”

ဤမြင်ကွင်းသည် ဟွာရှင်းဖန်ကို မျက်ဝန်းများ တောက်ပစေခဲ့သည်။ စုရီက ပန်ချီကားများကို ထိုမီးတောက်ပုံစံအတွင်း ပစ်ထည့်လိုက်၏။

ပန်းချီကားများသည် မီးတောက်ဖြင့် ထိတွေ့မိသည်နှင့်တပြိုင်နက် အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားပြီး ကြယ်များ၌ ပေါင်းစည်းသွားသည်။ မယုံနိုင်စရာ မြင်ကွင်းတစ်ရပ် ပေပင်။

ပန်ချီကားချပ်များအားလုံး ပျောက်ကွယ်သွားသောအခါ ကြယ်(၃၆)လုံးပါ ဝက်ဝံငယ်ပုံသဏ္ဍန်သည် အလင်းများဖြာလျက် ရွှေရောင်ကျောက်စိမ်းတုံးအဖြစ် ပြန်လည် ထွက်ပေါ်လာ၏။

စုရီက ရွှေကျောက်စိမ်းတုံးကို ဖမ်းယူဖတ်ကြည့်လိုက်သည်။ ဤသည်မှာ ‘ကြယ်ဝိညာဉ် သန့်စင်ခြင်း နည်းစနစ်’ ဖြစ်၏။ စိတ်ဝိညာဉ်ကို သန့်စင်ခြင်း ပေပင်။

၎င်းသည် အလွန်ဆန်းကြယ်သော ရှေးကျသည့် နည်းစနစ်တစ်ရပ် ဖြစ်သော်လည်း စုရီမှ အနည်းငယ် စိတ်ပျက်သွားသည်။

ကျင့်ကြံမှုနည်းစနစ်များသည် သူ့တွင် မရှားချေ။ သူ့အတွက် တန်ခိုးရှင်ဓားမျှော်စင်နှင့် ပတ်သက်သော မှတ်တမ်းအချို့လောက်ပင် တန်ဖိုးမရှိသည်မှာ သဘာဝပေပင်။

“ သခင်လေး ... အဲဒါဘာလဲ။ ”

ဟွာရှင်းဖန်မှ စိတ်ဝင်တစား မေးသည်။ စုရီက ရွှေကျောက်စိမ်းတုံးကို လွှဲပေးခါနီးတွင် အခန်းအ၀င်ဝမှ ရုတ်တရက် ပုံရိပ်များ ထွက်ပေါ်လာ၏။

“ ဟား ဟား ဟား ... ငါနဲ့ မိန်းကလေး လောယွီတို့ကို ကူညီပေးခဲ့တဲ့ အစ်ကိုကျိုးကို ကျေးဇူးအများကြီးတင်ပါတယ်။ ”

လင်းယွီပိုင်က အပြုံးများနှင့် ပြောကြားတော့သည်။ အံ့သြမှုများသည်လည်း မျက်ဝန်းများ၌ ပြည့်နှက်နေသေး၏။

သာမန်ပန်းချီကားများထံမှ ဤသို့သော တစ်စုံတစ်ရာကို ရှာတွေ့လိမ့်မည်ဟု မမျှော်လင့် ထားသော ရှန့်လောယွီသည်လည်း အံ့အားသင့်နေခဲ့သည်။

“ အစ်ကိုကျိုး ... ဒီရွှေကျောက်စိမ်းတုံးကို ငါတို့ဆီပေးပါ မဟာချင်ကို ပြန်ရောက်တဲ့အခါ အစ်ကိုကျိုးကို ကောင်းကောင်း ဧည့်ခံပါ့မယ်။ ”

“ လင်းယွီပိုင်၊ မင်းဟာ ချင်မင်းဆက်ရဲ့ မျိုးဆက်သစ် လူငယ်တစ်ယောက်ပဲ ကြာပန်းနီ ဓားစံအိမ်ရဲ့ သခင်တစ်ယောက်လည်းဖြစ်တယ် ဒါပေမယ့် ဒီလိုအရှက်ကင်းမဲ့တဲ့ လုပ်ရပ်တွေ လုပ်ဝံ့သလား။ ”

ဟွာရှင်းဖန်မှ လှောင်ပြုံးဖြင့် မေးလိုက်လေသည်။ ထိုစဉ် နောက်ထပ် လူရိပ်များ ထပ်မံဝင်ရောက်လာ၏။

ချင်သွမ့်ရှ၊ ကူချင်တုနှင့် အခြားသော ကျွမ်းကျင်သူများဖြစ်လေသည်။ စုရီလက်ထဲရှိ ရွှေရောင်ကျောက်စိမ်းတုံကို မြင်သောအခါတွင် မျက်လုံးများ တောက်ပလာသည်။

ဤသည်မှာ တန်ခိုးရှင်ဓားမျှော်စင် အပျက်အစီးနယ်မြေထဲဝင်ပြီးနောက် ပထမဆုံး ရရှိလာသောတစ်စုံတစ်ရာပေပင်။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

ချင်သွမ့်ရှက မေးသည်။ လင်းယွီပိုင်ခမျာ မျက်နှာ အနည်းငယ်ပြောင်းသွားပြီ ဖြစ်သမျှကို ပြန်ပြောပြလိုက်၏။

သို့သော် အကြောင်းအရာ ပြောင်းသွားခဲ့သည်။ သူနှင့် ရှန့်လောယွီတို့သည် ဤအခွင့်အရေးကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းတို့ပိုင်သင့်ဟု ဆို၏။

လင်းယွီပိုင်သည် ကျိုးမောင်နှစ်မ၏ အခွင့်အရေးကို ဆုပ်ကိုင်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း မည်သူမဆို နားလည်သည်။

ထိုအချိန်တွင် အခြေအနေကို တစ်ချိန်လုံးတိတ်ဆိတ်စွာ စောင့်ကြည့်နေသော ရှန့်လောယွီမှ ပြုံးလျက်၊

“ စီနီယာတို့လည်း ... ဒီရွှေကျောက်စိမ်းတုံးကို ကြည့်ချင်တယ်ဆိုရင် ဝေမျှဖို့ ငါတို့က တွန့်ဆုတ်နေမှာမဟုတ်ပါဘူး။ ”

-ဟု ဝင်ရောက် ပြောကြားလိုက်၏။

သူမစကားကြောင့် ချင်သွမ့်ရှနှင့် လူအုပ်ကြီးခမျာ ချက်ချင်း မျက်ခုံးများပင့်လျက် အပြုံးများ တောက်ပလာတော့သည်။

***

All Chapters