ရှေ့ဖြစ်ဟောသူ ထောင်ချောက်ထဲ ကျရောက်သွားခြင်း
Vol. 129 Ch. 1743
ရှေးတောက်သွေးမျိုးဆက်မှ ဖြစ်ပေါ်လာသော မုန်တိုင်းသည် လွင့်ပြယ်သွား၏။ ဝမ်လင်းအောက်ဘက်ရှိ ကျောက်တုံးကလွဲ၍ တခြားကျောက်တုံးကျောက်စ အားလုံးမှာ ကွယ်ပျောက်သွားကြသည်။ မုန်တိုင်း ပျောက်ကွယ်သွားသည့်နောက် အရာအားလုံးသည် ငြိမ်သက် သွားလေသည်။
ဝမ်လင်းက အရှေ့အရပ်သို့ ကြည့်လိုက်၏။ သူက ထိုအရပ်ထံမှ ရှေ့ဖြစ်ဟောသူ၏ အော်ရာကို ခံစားမိလိုက်သည်။ ပုံရိပ်ယောင်တစ်ခုက သူ့ခန္ဓာကိုယ်ပေါ် ထပ်လာသည့်နှယ် ထရ၏။ ထိုပုံရိပ်ယောင်သည် ဖြည်းဖြည်းချင်း ခွဲထွက်ကာ သူ၏မူလခန္ဓာကိုယ် လှမ်းလျှောက်ထွက်လာသည်။
သူ့မူလခန္ဓာကိုယ် လှမ်းလျှောက်ထွက်လာသည့်အခိုက်၌ သူ၏ကိုယ်ပွား ညာလက်မှာ လေဟာနယ်ထံ ဆန့်ထုတ်သည်။ တစ္ဆေရွက်ဖျင် ပေါ်လာကာ ရုတ်တရက် ချဲ့ကား၏။ ၎င်းက သည်ဧရိယာတစ်ခုလုံးကို ပုံရိပ်ယောင်အဖြစ် ခြုံလွှမ်းပစ်သည်။
ထိုပုံရိပ်ယောင်အတွင်း၌ ဝမ်လင်းက သူ့ကိုယ်ပွားကို ကြည့်၏။ သူ၏မျက်လုံးထဲ၌ အေးစက်မှု လှစ်ခနဲ ဖြတ်ပြေးသည်။
“သုံးဘဝမန္တာန်ဟာ ကျိန်းသေပေါက် ပုံတူကူးလို့ မရတဲ့ မန္တာန်ပဲ။ ငါ ငါ့ကိုယ်ပွားကို ဖျက်စီးပစ်လိုက်ရင် ဒါမှမဟုတ် သုံးဘဝမန္တာန်ကို အသုံးပြုပြီး သေဆုံးစေလိုက်ရင် ရှေ့ဖြစ်ဟောသူရဲ့ အစီအစဉ်အားလုံးဟာ ပျက်စီးသွားလိမ့်မယ်…”
“ဒါပေမဲ့ ဒီအတွက် ပေးဆပ်ရတဲ့ တန်ဖိုးက ကြီးမားလွန်းတယ်။ မထိုက်တန်ဘူး။ ရှေ့ဖြစ်ဟောသူ…သင်က ကစားချင်နေမှတော့ ငါ သင်နဲ့ ကစားပေးမယ်။ အမှန်တကယ် အနိုင်ရတဲ့သူ ဘယ်သူ ဖြစ်မလဲ ကြည့်ရတာပေါ့…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ့ကိုယ်ပွားက ညာလက်ကို ပင့်မြှောက်ကာ သူ့မူလခန္ဓာကိုယ်၏ မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။
သည်ကြယ်အဖွဲ့အစည်း တခွင် တဝီဝီအသံ ပဲ့တင်ထပ်ကာ ဝမ်လင်း၏ကိုယ်ပွားမျက်လုံးတို့ထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။ သူ့လက်ချောင်းထိပ်က မူလခန္ဓာကိုယ်၏ စိတ်ဝိညာဉ်ပေါ်သို့ ကျရောက်သွားသည့်အလား ထင်ရသည်။
ချက်ခြင်းပင် တစ္ဆေရွက်ဖျင်က ရုတ်တရက် စတင် လှုပ်ရှားကာ ဧရာမတိမ်စိုင်တစ်ခုအဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံ ကြုံ့လာသည်။
အဝေးမှကြည့်ပါက ထိုမြင်ကွင်းသည် အတော်လေး အံ့အားသင့်ဖို့ ကောင်း၏။ တိမ်စိုင်များ သိပ်သည်းလာနေရင်း အများစုက ဝမ်လင်း၏မူလခန္ဓာကိုယ်ပေါ်ရှိ မျက်ခုံးနှစ်ခုကြားသို့ သိပ်သည်းသည်။ အချို့အဝက်က သူ၏ကိုယ်ပွားကို ဖုံးလွှမ်း၏။
ဝမ်လင်းကိုယ်ပွား၏မျက်နှာသည် အနည်းငယ် ဖြူရောသွားကာ သူ့မူလခန္ဓာကိုယ်ထံမှ သူ့လက်ချောင်းကို ပြန်ရုတ်သိမ်းသည်။ သူက လှည့်၍ ကြယ်များထံသို့ အရိုအသေ ပေးလိုက်သည်။
“စီနီယာအိပ်မက်ပြာ၊ စီနီယာချင်းလင်၊ စီနီယာဟုန်ရှန်။ ငါ့မူလခန္ဓာကိုယ်ဟာ ဒီမှာပါ။ စီနီယာတို့ ငါ့မူလခန္ဓာကိုယ်ကို ကာကွယ်ပေးဖို့ မျှော်လင့်မိပါတယ်…”
ဝမ်လင်း ထိုသို့ ပြောလိုက်သည့်အခိုက်တွင် အပြာရောင်အလင်း လင်းလက်ကာ တာအိုသခင်အိပ်မက်ပြာသည် လှမ်းလျှောက်ထွက်လာသည်။ သူ၏နောက်တွင် ချင်းလင်နှင့် အရှင်ဟုန်ရှန်တို့က ငြိမ်သက်စွာ လိုက်ပါလာကြသည်။
သူတို့သုံးယောက် ဒီနေရာသို့ ရောက်လာနေသည်မှာ ကြာပြီ ဖြစ်၍ ဝမ်လင်းနှင့် ရှေ့ဖြစ်ဟာသူတို့ကြားက ပဋိပက္ခကို မျက်မြင်တွေ့ကြပေသည်။
တာအိုသခင်အိပ်မက်ပြာက ဝမ်လင်း၏မူလခန္ဓာကိုယ်ရှေ့တွင် ထိုင်ချလိုက်၏။ သူက ဝမ်လင်း၏ကိုယ်ပွားကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ ဒီမှာ ရှိနေမှတော့ မင်း စိတ်ချနေပါ။ မင်း သူ့ရဲ့ မူလခန္ဓာကိုယ်ကို ရှာနိုင်ရင် သူ ဘယ်လောက်ပဲအစွမ်းထက်ထက် မလွတ်မြောက်စေရဘူး…”
ဝမ်လင်းက ခေါင်းညိတ်ကာ သူတို့သုံးယောက်ထံသို့ လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်၏။ ထို့နောက် သူက ရှေ့ဖြစ်ဟောသူ၏ အော်ရာ ရှိနေသော အရှေ့အရပ်သို့ ခြေလှမ်းသွားတော့သည်။
သူ မြန်ဆန်စွာ ရွှေ့လျားနေစဉ် သူ့လက်ထဲ၌ ရေစက်နှင့် လက်တစ်ဆုပ်စာမြေကြီးတို့ ပေါ်လာ၏။ သူက ထိုအနှစ်သာရနှစ်ခုကို သိမ်းဆည်းထားခဲ့ပေသည်။
“ငါ့မူလခန္ဓာကိုယ်က ရှေ့ဖြစ်ဟောသူရဲ့ မူလခန္ဓာကိုယ်ကို ရှာဖွေနေလိမ့်မယ်။ ငါ ဒီမှာ ပြင်ဆင်မှုအချို့ လုပ်ထားရမယ်။ ရှေ့ဖြစ်ဟောသူက စိုးရိမ်ပူပန်နေပြီး သူဟာ ငါ သူ့မူလခန္ဓာကိုယ်ကို ရှာမတွေ့ခင် ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ သူ့ကိုယ်ပွားအားလုံးကို ဆင့်ခေါ်နိုင်လောက်တယ်။ သူ ဒီလို လုပ်ဖို့ပဲ ငါ မျှော်လင့်တယ်…”
ဝမ်လင်းသည် ကြယ်များကြား ပျံသန်းနေရင်း စဉ်းစားနေ၏။ သူက ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့ရင်ဘက်ပေါ်သို့ ဖိချလိုက်သည်။
ထိုအခိုက်တွင် ဝမ်လင်း၏စိတ်ဝိညာဉ်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသည်။ အတိတ်တုန်းက သူ၏စိတ်ဝိညာဉ်သည် ဝိညာဉ်ဝါးမြိုသူတစ်ယောက် ဖြစ်ခဲ့ပေ၏။ ဆိုလိုသည်မှာ သူကိုယ်တိုင်၏စိတ်ဝိညာဉ်အပါအဝင် အရာအားလုံးကို ဝါးမြိုနိုင်သည် ဟူ၏။
သူ့ကိုယ်ပွားစိတ်ဝိညာဉ်မှာ သူ၏အနှစ်သာရအားလုံး စုဝေးနေသော နေရာ ဖြစ်၏။ သူမ၏မူလစိတ်ဝိညာဉ်က သည်စိတ်ဝိညာဉ်နှင့် ချိတ်ဆက်မှု ကြီးမားစွာ ရှိသော်လည်း ထိုကိုယ်ပွားစိတ်ဝိညာဉ် သေဆုံးသွားသည်နှင့် အရာအားလုံးမှာ ပျောက်ကွယ်သွားပေလိမ့်မည်။
“ငါ့မူလခန္ဓာကိုယ်မှာ မှတ်ဉာဏ်အားလုံး ပိုင်ဆိုင်ထားတယ်။ ငါ ငါ့အနှစ်သာရတွေကို နားလည်နိုင်ခဲ့မှတော့ ဒါတွေကို ဆုံးရှုံးခဲ့ရရင်တောင် ငါ ထပ်ပြီးတော့ ရရှိအောင် ပြန်လုပ်နိုင်တယ်။ တကယ်တော့ အနှစ်သာရတွေဟာ နားလည်မှုကနေ ရရှိလာခဲ့တာပဲ။ ဒီနားလည်မှုဉာဏ်အလင်းဟာ ငါ့မူလခန္ဓာကိုယ်ရဲ့ စိတ်ဝိညာဉ်ထဲမှာ တည်ရှိတယ်…”
“ရှေ့ဖြစ်ဟောသူ…သင် ဒီကစားပွဲမှာ ရှုံးနှင့်နေပြီးပြီး…” ဝမ်လင်း ပြုလုပ်လိုက်သော ချိပ်ဟန်က သူ့ရင်ဘက်ထဲ၌ ပျောက်ကွယ်သွားလေ၏။
သူက ဆက်လက် တွေဝေမနေတော့ဘဲ သူ၏ခန္ဓာကိုယ်ထဲရှိ ရှေ့ဖြစ်ဟောသူကိုယ်ပွားစိတ်ဝိညာဉ်နှင့် လုံးဝ ပေါင်းစပ်လိုက်သည်။ သူက ရှေ့သို့ ဆက်၍ ပျံသန်းလာသည်။
ဆင့်ခေါ်ခြင်းမြစ်၏ အရှေ့ဘက်အပိုင်းရှိ ကြယ်များကြား ရှေ့ဖြစ်ဟောသူ ပေါ်လာသည်။ ထူးဆန်းသည့်အပြုံးက သူ့မျက်နှာထက်တွင် ရှိမနေတော့ဘဲ ခုချိန်၌ သူသည် သုန်မှုန်နေလေသည်။
သူက အကွာအဝေးတစ်ခုသို့ လှမ်းကြည့်ကာ သူ၏မျက်လုံးထဲ၌ အေးစက်မှု လင်းလက်သွား၏။
“ဝမ်လင်း…မင်း ငါ့မူလခန္ဓာကိုယ်ကို သတ်ချင်ရင် မင်း ငါ့ကို အရင်ဆုံး ရှာတွေ့ဖို့ လိုတယ်။ ငါကိုယ်တိုင်တောင် ငါ့မူလခန္ဓာကိုယ် ဘယ်နေရာမှာ ရှိနေလဲဆိုတာ မေ့နေပြီ။ မင်းက ဘယ်လိုများ ရှာနိုင်ပါ့မလဲ။ ဒါပေမဲ့ ဒီဝမ်လင်းဟာ ဉာဏ်များတယ်။ သူ အစောပိုင်းတုန်းက ပြောခဲ့တာက အမှန် ဖြစ်ဖို့ များတယ်။ သူဟာ အရင်တုန်းက သေးနုပ်တဲ့ ကျင့်ကြံသူလေးအဖြစ်ကနေ ဒီကနေ့လို အဆင့်ထိ ရောက်လာနိုင်ခဲ့တော့ သူ့မှာ သာမန်မဟုတ်တဲ့ နည်းလမ်းတွေ ရှိနေမှာပဲ…။ ငါ သတိထားဖို့ လိုတယ်။ ထားလိုက်ပါတော့လေ။ ငါ အချိန်ဖြုန်းမနေတော့ဘူး။ ငါ့အစီအစဉ်ကို ပြီးမြောက်အောင်ပဲ လုပ်လိုက်တော့မယ်။ ချို့ယွင်းချက်တချို့တလေ ရှိနေရင်တောင်မှ ကိစ္စမရှိပါဘူး…”
“ဒီအစီအစဉ် ပြည့်စုံသွားတာနဲ့ ငါဟာ အိပ်မောကျသွားပြီး ကိုးဆယ့်ကိုးကြိမ်မြောက် နိုးထဖို့ကို စောင့်နေရမယ်။ အဲ့အချိန်ကျရင် ငါ လိုချင်တဲ့အရာကို အောင်မြင်နိုင်ပြီ…”
“ဝမ်လင်း…မင်းရဲ့ ကျင့်ကြံမှုအဆင့်ဟာ ငါ့ကို ကိုးဆယ့်ကိုးကြိမ်မြောက် နိုးထလာစေဖို့အတွက် လုံလောက်အောင် မြင့်မားတယ်...” ရှေ့ဖြစ်ဟောသူ၏မျက်လုံးထံမှ အေးစက်စက်အလင်းတစ်ခု လှစ်ဟပေါ်ကာ သူက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်၏။ သူက မျက်လုံးမှိတ်လိုက်ပြီး ထိုအခိုက်တွင် သည်ဆင့်ခေါ်ခြင်းမြစ်အတွင်းမှ ရှေ့ဖြစ်ဟောသူရာချီသည် ထွက်ပေါ်လာတော့သည်။
သည်ရှေ့ဖြစ်ဟောသူများ ပေါ်လာသည့်အခိုက်အတန့်တွင် သူတို့အားလုံးက ဝမ်လင်း ရွှေ့လျားနေသော ဦးတည်ချက်တစ်ခုတည်းထံသို့ ကြည့်လိုက်ကြ၏။
ထိုအခိုက်တွင် တောက်ပသောလေဟာနယ်၌ ကြယ်အဖွဲ့အစည်းများကြား လှိုင်းဂယက်များ ပဲ့တင်ထပ်ကာ ရှေ့ဖြစ်ဟောသူများ စတင် ပေါ်လာကြသည်။
တစ်ချိန်တည်းမှာ အလုံးစုံကောင်းကင်နှင့် တိမ်ပင်လယ်တို့လည်း လှိုင်းဂယက်များထလာကာ ကြယ်အဖွဲ့အစည်းလေးခုလုံး၏ ရှေ့ဖြစ်ဟောသူကိုယ်ပွားအားလုံးကို ပေါင်းလိုက်ပါက ကိုယ်ပွားသုံးထောင်ထိ ရှိလာခဲ့လေပြီ။
ထိုခန္ဓာကိုယ်များသည် သူ ကိုးဆယ့်ရှစ်ကြိမ်မြောက် နိုးထခဲ့စဉ်အတွင်း ဆက်တိုက်ဝါးမြိုခြင်းကနေ ရရှိခဲ့သော ခန္ဓာကိုယ်များ ဖြစ်ပေသည်။
ထိုကိုယ်ပွားသုံးထောင်သည် ကြယ်အဖွဲ့အစည်းလေးခုလုံးတွင် ပေါ်လာသည့်အခါ ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်လိုက်ကာ သူ၏မျက်လုံးမှာ တောက်ပသွားသည်။
“သူ ထောင်ချောက်ထဲ ဆင်းသက်လာပြီ…” ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ ကိုယ်ပွားစိတ်ဝိညာဉ်သည် ဆူပွက်လာဟန်ရကာ နိုးထလာပြီး ဝမ်လင်း၏ခန္ဓာကိုယ်အနှံ့ တဖြည်းဖြည်း ပျံ့နှံ့သည်။ ၎င်းက တခြားအစိတ်အပိုင်းသုံးထောင်ကိုပါ ဆင့်ခေါ်လေ၏။ သည်အခိုက်တွင် ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူကိုယ်ပွားများထဲမှ တစ်ယောက် တကယ် ဖြစ်လာသကဲ့သို့ပင်။
သူ၏စိတ်ထဲ၌ သူက ကိုယ်ပွားပေါင်းသုံးထောင်တိုင်းကို ရှင်းလင်းစွာ ခံစားမိနိုင်သည်။ သူက သူတို့၏တည်နေရာများ၊အော်ရာများကို ခံစားမိကာ ယင်းတို့အားလုံးမှာ ရှေ့ဖြစ်ဟောသူ၏ အပိုင် ဖြစ်လေ၏။
မူလတုန်းက ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ၏မူလခန္ဓာကိုယ်ကို မရှာနိုင်ပေ။ သို့သော် သူက ဉာဏ်များသည့်လူတစ်ယောက် ဖြစ်၍ ရှေ့ဖြစ်ဟောသူအပေါ် အကြံအစည်ချဝံ့ပေသည်။ ရှေ့ဖြစ်ဟောသူက သူ့အပေါ် လာပြီး ကြံစည်မှတော့ သူသည်လည်း ပြန်လုပ်ဝံ့ချေသည်။
ခုချိန်၌ ဝမ်လင်းက ကိုယ်ပွားတစ်ယောက်စီတိုင်းကို သေချာသိနိုင်နေ၏။ သူက သူတို့၏အော်ရာများကို အသုံးပြုကာ မူလခန္ဓာကိုယ်ကို ရှာဖွေတော့မည်။
ခုချိန်၌ ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားသုံးထောင်လုံး လှစ်ဟပေါ်လာခဲ့ပြီ ဖြစ်ရာ ဝမ်လင်း၏ရှေ့၌ လမ်းများ ရှိလာခဲ့လေပြီ။
ဝမ်လင်း၏မျက်လုံးတို့က တောက်ပနေ၏။ သူက ပြုံး၍ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။
“ဒီကိုယ်ပွားသုံးထောင်ရဲ့ စိတ်ဝိညာဉ်တွေကို လမ်းညွှန်မှုအဖြစ် အသုံးပြုပြီး အိပ်မက်တာအိုကို လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုမယ်။ ကိုယ်ပွားသုံးထောင်ကို အိပ်မက်ထဲ ဆင့်ခေါ်ဖို့ တစ္ဆေရွက်ဖျင်ရဲ့ ပုံရိပ်ယောင်ကို ငှားယမ်းမယ်။ ပြီးရင် ပြန်လည်မွေးဖွားခြင်းထဲ ဝင်ရောက်ပြီး ရှေ့ဖြစ်ဟောသူရဲ့ မူလခန္ဓာကိုယ်ကို ရှာဖွေမယ်…”
ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်စဉ် ဆင့်ခေါ်ခြင်းမြစ်အတွင်းရှိ တာအိုသခင်အိပ်မက်ပြာ၊ ချင်းလင်၊ အရှင်ဟုန်ရှန်တို့ စောင့်ကြပ်ပေးနေသော သူ၏မူလခန္ဓာကိုယ်မှာ မျက်လုံးဖွင့်လာသည်။
“ငါ သူ့မူလခန္ဓာကိုယ်ကို ရှာဖွေမယ့် လမ်းကြောင်းတစ်ခုကို သိသွားပြီ…” ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်ကာ ထိုအလင်းက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ဝမ်လင်းမူလခန္ဓာကိုယ်၏ စိတ်မှာ တုန်ယင်သွား၏။ စိတ်ဝိညာဉ်သုံးထောင်ကို ငှားယမ်းကာ သူက အိပ်မက်တာအိုကို အသုံးပြု၍ အတိတ်သို့ ပြန်သွားမည့် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်သည်။
ဝမ်လင်း၏အမြင်သည် ဝေဝါးသွား၏။ အချိန်သည် ပြောင်းပြန်ဖြစ်သွားသည့်အလား ရှေ့ဖြစ်ဟောသူ စိတ်ဝိညာဉ်သုံးထောင်နောက်သို့ လိုက်ပါသည်။ သူက အိပ်မက်ပုံယောင်တစ်ခုအတွင်းသို့ ဝင်ရောက်သွားသည့်အလား။
ဤသည်မှာ တစ္ဆေရွက်ဖျက်၏ အကူအညီ၊ ရှေ့ဖြစ်ဟောသူ စိတ်ဝိညာဉ်သုံးထောင်ကို လမ်းညွှန်မှုအဖြစ် အသုံးပြုကာ အိပ်မက်တာအိုဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုပင်။ ၎င်းက ဝမ်လင်းကို ထိုစိတ်ဝိညာဉ်သုံးထောင်၏ နိုးထလာမှုကို တွေ့မြင်စေကာ ရှေ့ဖြစ်ဟောသူ၏မူလခန္ဓာကိုယ်ကို ရှာနိုင်စေမည် ဖြစ်သည်။
ဝမ်လင်းက ထိုနည်းလမ်းကို သုံး၍ ရှေ့ဖြစ်ဟောသူနှင့် ရင်ဆိုင်နေသည်။
သည်အခိုက်တွင် ဝမ်လင်း၏စိတ်ထဲ၌ အရာအားလုံးသည် ဝေဝါးနေရာကနေ ရှင်းလင်းလာချေသည်။
သူ တွေ့မြင်လိုက်သည်မှာ ကြယ်များပင်။ ထိုကြယ်အဖွဲ့အစည်းကို သူ ကောင်းကောင်းသိသည်။ ၎င်းမှာ ဆင့်ခေါ်ခြင်းမြစ် ဖြစ်သည်။ သူက ဥက္ကာပျံတစ်ခုကို မြင်သည်။ ထိုဥက္ကာပျံထဲ၌ ရှေ့ဖြစ်ဟောသူ ရှိသည်။ တခြားတဖက်တွင် မေ့မြောနေသော အဘိုးအိုတစ်ယောက် ထိုင်နေ၏။ ထိုအဘိုးအိုမှာ လင်းထျန်ဟူပင်။
ရှေ့ဖြစ်ဟောသူက နာကျင်သည့်ဟန်ပန် ပေါ်နေသည်။ သူ၏လက်ထဲ၌ သွေးအစအနများ ရှိနေသည်။ ဝမ်လင်း၏ ခန့်မှန်းချက်သာ မမှားပါက ဤသည်မှာ အဇူရာနဂါးနတ်အင်ပါယာကြောင့် ပြောင်းလဲသွားခဲ့သော ကောင်းကင်ဘုံတာအို၏ သွေးပင် ဖြစ်လိမ့်မည်။
ရှေ့ဖြစ်ဟောသူ၏ နာကျင်နေသော ဟန်ပန်က ပို၍ ပြင်းထန်လာ၏။ အချိန်မည်မျှ ကြာသွားမှန်းမသိပြီးနောက် သူက မာန်သွင်းလိုက်သည်။ သူက မျက်လုံးဖွင့်လာပြီး သူ့မျက်နှာထက်တွင် အရိပ်များ တဖျတ်ဖျတ် ပေါ်သည်။ ထိုအရိပ်များက သူ၏ကိုယ်ပွားများပင်။
သူက လင်းထျန်ဟူကို ကြည့်ကာ ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူက လင်းထျန်ဟူကို ဝါးမြိုလိုက်လေပြီ။ ထို့နောက် ရှေ့ဖြစ်ဟောသူ၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန် ပြည့်လာပြီး သူက ဖြည်းဖြည်းချင်း မျက်လုံး ပြန်မှိတ်သွားသည်။
နှစ်ပေါင်းရာချီ ကြာမြင့်ပြီးနောက် တနေ့၌ ရှေ့ဖြစ်ဟောသူက မျက်လုံးဖွင့်လာပြန်၏။ သည်အချိန်တွင်လည်း သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ရှိနေဆဲပင်။
“ငါ ထပ်ပြီး နိုးထလာပြန်ပြီ…။ နောက်တစ်ကြိမ် အိပ်မောကျနေရာကနေ နိုးထလာဖို့စွမ်းအားတစ်ခုကို ပြင်ဆင်ထားခဲ့ပြီးပြီး။ သူဟာ ဝမ်လင်းပဲ…”
ဝမ်လင်း တွေ့မြင်နေရသည့်အရာများမှာ အချိန်အကြာကြီးဟု ထင်ရသော်လည်း အမှန်တော့ ခဏလေးပင်။
“သူ လင်းထျန်ဟူကို ဝါးမြိုပစ်ခဲ့တယ်။ သူ ထပ်နိုးထလာအုံးမယ်လို့ ဘာကြောင့် ပြောခဲ့တာလဲ။ ရှေ့ဖြစ်ဟောသူက ဘယ်နှစ်ကြိမ်တောင် နိုးထခဲ့ပြီးပြီးလဲ…”
ဝမ်လင်း၏ရှေ့ရှိ အရာအားလုံးသည် ရှေ့ဖြစ်ဟောသူ နိုးထလာပြီးနောက် ပျောက်ကွယ်သွား၏။ သို့သော် မကြာမီတွင် နောက်ထပ်ပုံရိပ်သစ်တစ်ခုပေါ်လာသည်။