(ဓါးလေ့ကျင့်ရန် ပြင်ဆင်ခြင်း)
Vol. 2 Ch. 30
စားသောက်မှုပြုပြီးနောက် ဟန်ကျောက်ဟာ အိမ်သို့ ပြန်ခဲ့သည်။ ငွေ၉၀လျန်ဖြင့် ဝယ်ယူခဲ့သည့် ဓါးစုဆောင်းခြင်း အတတ်ကို ထုတ်ကာ လှန်ကြည့်၏။
“ဒီဓါးအတတ်က သူ့ဟာနဲ့သူတော့ ရှိသားပဲ။ ဒါပေမယ့် ပြည့်စုံတယ်လို့ မခံစားရဘူး”
ဟန်ကျောက်ဟာ ကြည့်လေလေ ပိုမိုအံ့ဩလေလေ ဖြစ်လာခဲ့သည်။
ဓါးစုဆောင်းခြင်း အတတ်တွင် အပိုင်းနှစ်ပိုင်း ခွဲထား၏။ ဓါးပျိုးထောင်ခြင်းနှင့် ဓါးထုတ်ခြင်း ဖြစ်သည်။ အချက်အလက်များမှာ အလွန် ရိုးရှင်း၏။ အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ်တို့ကို မည်ကဲ့သို့ ထောက်ပံ့ပေးပြီး ဓါး၏ ကြီးစိုးမှုနှင့် အနှိုင်းမဲ့သည့် ဓါးဆန္ဒကို အချိန်နှင့်အမျှ စုဆောင်းနိုင်စေခြင်း ဖြစ်သည်။ နောက်ဆုံးတွင် မဖျက်ဆီးနိုင်သည့် ဓါးချီတစ်ခု ဖြစ်လာခဲ့၏။
ဤနည်းအားဖြင့် တိုက်ခိုက်သည့်အခါ စုဆောင်းထားသည့် စွမ်းအားအားလုံးတို့ကို ချက်ချင်း ထုတ်လွှတ်နိုင်ပါသည်။ အံ့ဩစရာ ကောင်းလှသည့် အကျိုးရလဒ်ကို ရလာမှာ ဖြစ်၏။
“ဟိုလူက တကယ့်ကို အပိုပြောတာ။ ဒါပေမယ့် ဒီလျှို့ဝှက်ကျမ်းက နည်းလမ်းအတိုင်းဆို လုံလောက်တဲ့ အဆီအနှစ်၊ ချီနဲ့ စိတ်ဝိညာဉ်သာရှိရင် အပိုမဟုတ်တော့ဘူး။ ဒါပေမယ့်..”
ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ဓါးစုဆောင်းခြင်း အတတ်ဟာ ကန့်သတ်ချက်များစွာ ရှိနေပါသည်။ ပထမဆုံး အနေနှင့် ဓါးပျိုးထောင်စဉ် အတွင်းတွင် ဓါးကို လူနှင့် အမြဲတမ်း သယ်ဆောင်ထားရမည် ဖြစ်၏။ ဒုတိယအနေနှင့် နေ့စဉ်နေ့တိုင်း ဓါးပျိုးထောင်ရန် အချိန်ပေးရမည် ဖြစ်သည်။
အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ်တို့ကို အနည်းငယ်သာ ထောက်ပံ့ပေးခြင်းက အဆင်ပြေသည်။ သို့ပေမယ့် တစ်ရက်မှ ပျက်ကွက်လို့မရပေ။
နောက်ဆုံးအနေနှင့် ဓါးကို စိတ်ကြိုက် ဆွဲထုတ်နိုင်ပေမယ့် သူ၏ သွေးချီကို အသုံးပြုပြီး အသက်သွင်းလိုက်ပါက ဓါးဆွဲထုတ်လိုက်သည့် အချိန်တွင် ခွန်အားအားလုံးတို့ ထွက်ပေါ်လာမှာ ဖြစ်သည်။ ထို့နောက် အစက ပြန်လည်ပျိုးထောင်ဖို့ လိုအပ်၏။ တစ်နည်းအားဖြင့် တစ်ချက်အားသာ ဖြစ်သည်။
သို့ရာတွင် ဤသည်က ဟန်ကျောက်အတွက် ပြဿနာမဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ဆေဘာဓါးသိုင်းနှင့် အစစ်အမှန်ချီကို အသုံးပြုပြီး ရန်သူကို အနိုင်ယူနိုင်ခြင်း မရှိပါက သူသေကိုယ်သေ တိုက်ခိုက်ရမှာ ဖြစ်သည်။ နောက်ဆုံးဓါးချက်ဟု ဆိုနိုင်၏။
ထိုအချိန်၌ ဟန်ကျောက်ဟာ ပြီးခဲ့သည့်ဘဝက ဇာတ်ကားထဲတွင် ပါဝင်သည့် ဇာတ်ကောင်တစ်ကောင်ကို တွေးမိလိုက်သည်။ နာမည်ကိုတော့ သူမမှတ်မိတော့ပေ။ သို့ပေမယ့် တစ်ဖက်လူဟာ ကောင်းကင်သတ်ဖြတ်ခြင်း ဓါးထုတ်ခြင်းအတတ်ဟု ခေါ်သည့် အလွန်မိုက်သည့် နောက်ဆုံးဓါးကွက်တစ်ကွက် ရှိ၏။ သူသာ ဆက်လက်ပျိုးထောင်နေပါက ဒီဓါးထုတ်ခြင်းအတတ်ဟာ တစ်နေ့တွင် ကောင်းကင်ကို အမှန်တကယ် ဖြတ််ပိုင်းနိုင်မလား မသိပေ။
“မင်းမှာ ရှိတဲ့ လက်ရှိငွေကြေးနဲ့ လုံလောက်တဲ့ အသားစားရဖို့က အာမခံနိုင်တယ်။ တစ်နေ့ကို နှစ်နာရီ အချိနပေးပြီး ဓါးကိုပျိုးထောင်။ အဲ့ဒါဆိုရင် ကျင့်ကြံမှု အမြန်နှုန်းကို အများကြီး သက်ရောက်စေမှာ မဟုတ်ဘူး”
လေးနက်သည့် အချက်ပေးစာသားတစ်ခု ပေါ်လာ၏။ ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
“ကြည့်ရတာ နောင်မှာ ဆေဘာဓါးသိုင်းကို ပုံမှန်တိုက်ခိုက်မှု ခွန်အားအဖြစ် အသုံးပြုရမယ်။ အသက်ရင်းရင်တော့ ဓါးသိုင်းကို သုံးရမယ်”
ဤနည်းအားဖြင့် ဓါးနှင့်ဆေဘာအမွှာကိုလည်း ဆက်လက်မြှင့်တင်နိုင်မည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သိုင်းသမားများဟာ ပုံမှန်အားဖြင့် အပိုလက်နက်များ ဆောင်ထားလေ့ ရှိကြ၏။ ဆေဘာတစ်ချောင်းနှင့် ဓါးတစ်ချောင်းကို သယ်ဆောင်ခြင်းမှာ ထူးခြားနေသည် မဟုတ်ပါ။
ထို့အပြင် သူ၏ နောက်ခံကို ဖုံးကွယ်ရန်အတွက် စုန့်ချွေအဖြစ် လှုပ်ရှားတိုင်းတွင် အရိုးကျုံ့ပညာဖြင့် ရုပ်ပြောင်းရုံတင်မက ဝတ်စုံ၊ ခန္ဓာကိုယ်အချိုးအစားတို့ကိုလည်း ပြောင်းလဲကာ ရေခဲဓါး၏ ဓါးအိမ်ကို နှစ်ခုပြင်ဆင်ထားသေးသည်။ အချိန်ကျလာပါက အပိုဓါးအိမ်တွင် ဓါးကို သိုလှောင်ထားနိုင်၏။
အပြင်လူများ အနေနှင့် သူ့ကို ဆေဘာဓါးနှစ်ချောင်း သယ်ဆောင်ထားသည်ဟုသာ ထင်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ရေခဲဆေဘာဓါး၏ ကိုယ်ထည်မှာ ဖြောင့်မတ်ရာ ဓါးထည့်ရန်လည်း ပြဿနာမရှိပါ။ နောက်ထပ် ဆေဘာတစ်ချောင်းကို ပြောင်းလဲနိုင်လျှင်တော့ ပိုကောင်း၏။
“ကြည့်ရတာ စံအိမ်သခင်ကျုဆီ သွားရဦးမယ့်ပုံပဲ”
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူ့တွင် ငွေ၁၀၀လျန်ကျော် ရှိနေပါသေးသည်။ တစ်ဝက်လောက်ကို ဓါးကောင်းတစ်လက် မှာယူရန် သုံးနိုင်၏။
ဟန်ကျောက်ဟာ တံခါးကို လော့ချကာ မြို့တွင်းမှ ထွက်ခွာပြီး ကိုးသွယ်တောင်ဆီသို့ ဦးတည်လာခဲ့သည်။
…
“ဓါးလိုချင်လို့လား.. သေချာရဲ့လား”
ကျုခန်ရှန်းဟာ ဟန်ကျောက်၏ လာရှာခြင်းအကြောင်းကို သိရပြီးနာက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူက တစ်ဖက်လူကို ပိုမိုကောင်းမွန်သည့် ဆေဘာဓါးနှင့် လာလဲသည်ဟု ထင်ထားတာပါ။ သို့ပေမယ့် ဓါးတစ်ချောင်းကို မေးနေ၏။
ကျုခန်ရှန်း၏ စိုးရိမ်မှုကို ဟန်ကျောက်နားလည်ပါသည်။ ပုခုံးကိုပုတ်ကာ လေးနက်စွာ ပြော၏။
“စိတ်မပူပါနဲ့။ ကျွန်တော့ကတိကို ဖြည့်တင်းဖို့က ပိုပြီးမြန်တာပဲ ရှိလိမ့်မယ်။ နှောင့်နှေးမှာမဟုတ်ဘူး။ ဓါးအတတ်ကလည်း ကျွန်တော့ရဲ့ ဝှက်ဖဲကို တိုးလာစေဖို့ပဲ။ ခင်ဗျာကိုပဲ ပြောတာ.. အခြားလူတွေကို လျှောက်မပြောနဲ့”
“ငါနားလည်ပြီ”
ကျုချန်ရှန်းဟာ ဟန်ကျောက်၏ ယုံကြည်ချက်အပြည့်နှင့် ပုံကို တွေ့ရပြီးနောက် စိတ်သက်သာရာရသွားသည်။ တစ်ဖက်လူ၏ အံ့ဩစရာကောင်းသည့် ပါရမီနှင့် နောက်ထပ် ဓါးသိုင်းတစ်ခုကို လေ့ကျင့်ခြင်းက ပြဿနာမရှိသည့် ပုံပါ။ ထို့အပြင် အရည်အချင်းရှိပြီး သူ့ကို ကူညီလိုသည့် နေက်ထပ်လူကို ရှာဖွေနိုင်ခြင်း မရှိပေ။
“တွက်ကြည့်ပေးပါဦး.. ဘယ်လောက်ကျမလဲ”
ဟန်ကျောက်က ဆက်လက်ပြောသည်။
“မလိုပါဘူး။ ငါ့တာဝန်သာ ထားလိုက်”
ကျုချန်ရှန်းက လေးနက်စွာ ပြောသည်။
“ကောင်းပါပြီ”
ဟန်ကျောက်လည်း အားနာမနေပါ။ ဘာပဲဖြစ်ဖြစ် သူ၏ခွန်အား တိုးတက်လာပါက သူတို့၏ သဘောတူညီမှုကိုလည်း ပိုမိုမြန်ဆန်စွာ ပြီးမြောက်နိုင်မည် ဖြစ်၏။
“ညီလေးဟန်.. ဒီလိုလုပ်လေ.. ငါမင်းအတွက် အရင်ဆုံး ဆေဘာတစ်ချောင်းနဲ့ ဓါးတစ်ချောင်းကို ထုလုပ်ပေးထားမယ်။ ငါတို့ရဲ့ သဘောတူညီချက်ကို ဖြည့်တင်းပြီးရင် ပြန်ပြီး မွမ်းမံပေးမယ်”
ကျုချန်ရှန်းက ဆက်လက်ပြောသည်။
“ဒါပေမယ့် အဲ့လိုဆိုရင် နောက်ဆုံးအရည်အသွေးက လက်နက်တစ်ခုတည်းကို မွမ်းမံတာထက် နိမ့်ကျသွားမှာ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ဘဝတစ်သက်တာ တတ်မြောက်မှုတွေနဲ့ ကုန်ကြမ်းတွေကို သုံးရင်တောင် အဆင့်မြင့်အရည်အသွေးနဲ့ လက်နက်နှစ်ခု ထုလုပ်ပေးဖို့ မလုံလောက်ဘူး”
“အဲ့လိုလား”
ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရန် သူ့အတွက် အမှန်တကယ်ကို ခက်ခဲနေပါသည််။ ဓါးပျိုးထောင်ခြင်း အတတ်အတွက် လိုအပ်ချက်အများကြီး မရှိပေ။ သို့ပေမယ့် ဓါး၏ အရည်အသွေး ကောင်းလေလေ ပျိုးထောင်ရာတွင် အကျိုးသက်ရောက်မှု ပိုကောင်းလေဖြစ်ပြီး စွမ်းအားလည်း ပိုမိုသန်မာလေ ဖြစ်၏။ တစ်နေ့တွင် လက်နက်အရည်အသွေးကြောင့် ကျရှုံးရမှုမျိုးကို သူမလိုချင်ပါ။
ထိုကဲ့သို့ တွေးမိပြီးနောက် မေး၏။
“ကုန်ကြမ်းတွေကို ကျွန်တော် ရှာပေးရင်ရော။ အဆင်ပြေလား မသိဘူး”
“အဲ့လိုဆိုရင်တော့ ပြဿနာမရှိပါဘူး”
ကျုခန်ရှန်းက ခေါင်းညှိတ်သည်။
“ကျေးဇူးပြုပြီး ရွှေနက်ကို ပိုပြီး စုဆောင်းပေးပါ။ အဲ့ဒါက နောက်ဆုံး ထုလုပ်ခြင်းရဲ့ အရည်အသွေးကို ခိုင်မာစေတယ်။ အခြားပစ္စည်းတွေကိုတော့ ကိုယ့်ဘာသာ ပြင်ဆင်ထားနိုင်တယ်။ ဒါပေမယ့် ရွှေနက်ကတော့ မတတ်နိုင်ဘူး”
ရွှေနက်မှာ အဖိုးတန်သည့် ထုလုပ်ခြင်း ကုန်ကြမ်းတစ်ခု ဖြစ်၏။ လက်နက်များ၏ ခွန်အားနှင့် မာကျောမှုကို တိုးလာစေသည်။
အချို့ လက်သီးနှင့်လက်ဝါးအတတ်တွင် ထူးချွန်သည့် သိုင်းသမားများဟာ ပိုက်ဆံရှိပါက ရွှေနက်နှင့် ရောနှောထားသည့် လက်အိတ်များကို ဝယ်ယူအသုံးပြုလေ့ ရှိကြသည်။ ထိုသို့ဆိုပါက ဓါးများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ပြဿနာမရှိတော့ပေ။ အကြမ်းဖျင်းပြောရလျှင် ရွှေ၁လျန်နှင့် ရွှေနက် ၁လျန်ကိုသာ ဝယ်ယူနိုင်၏။ ဤသည်မှာ ဈေးကွက်ရှိ အနိမ့်ဆုံးဈေး ဖြစ်သည်။
“ရွှေနက် စုဆောင်းဖို့ကို ကျွန်တော် စဉ်းစားပါ့မယ်”
ဟန်ကျောက်က ပြော၏။ ဤသည်မှာ သဘောတူညီမှု ဖြစ်ပေမယ့် သူ့အနေနှင့် ကျုခန်ရှန်းကို ခက်ခဲအောင် လုပ်နေမည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ သူအသုံးပြုချင်သည့် လက်နက်ဖြစ်၏။
“ရွှေနက် ဘယ်လောက်လောက်ကို လိုအပ်တာလဲ”
သူက ထပ်ပေါင်းမေးသည်။
“မင်းလုပ်ချင်တဲ့ဓါးရဲ့ ကိုယ်ထည်အပေါ် မူတည်တယ်” ကျုခန်ရှန်းက ဖြေ၏။
“ဟုတ်သားပဲ.. ကျွန်တော် မေ့သွားတာ”
ဟန်ကျောက်ဟာ သူလိုအပ်သည့် လက်နက်၏ ပုံကြမ်းကို ထုတ်သည်။
သူဟာ ထန်ဆေဘာနှင့် တူညီသည့် ဆေဘာဓါးကို သဘောကျ၏။ ၎င်းဟာ အသုံးပြုရန် လွယ်ကူပြီး ကြည့်ရတာလည််း မဆိုးလှပေ။ အမွှေးနှင့် ကွင်းများကဲ့သို့ အလှအပ အဆင်အယင်များ ထည့်ခြင်းကိုတော့ စိတ်ဝင်စားခြင်း မရှိပါ။ အရည်အသွေး ကောင်းမွန်ပါက ဆေဘာဓါး၏ ပုံပန်းသဏ္ဍာန်ဟာ သူ့အပေါ် အများကြီး သက်ရောက်မှုရှိမည် မဟုတ်ပေ။
ကျုခန်ရှန်းက ပုံကို သေသေချာချာ ကြည့်သည်။ ဆွဲသားချက်က မဆိုးလှပေ။ လိုအပ်သည့် အရှည်၊ အကျယ်နှင့် အလေးချိန် လိုအပ်မှုကို ရှင်းလင်းစွာ ဖော်ပြထား၏။ သူ့အတွက် ထုလုပ်ရာတွင် ပြဿနာများ လျော့နည်းသွားလေသည်။
ဟန်ကျောက်ဟာ ပြီးခဲ့သည့်ဘဝတွင် လက်နက်ရူးသွပ်သူတစ်ယောက် မဟုတ်ပေမယ့် သိုင်းကားများကို ကြည့်ရှုခြင်းအား နှစ်သက်ပြီး တိုက်ပွဲကောင်းများကို အထူးကြည့်ရှုလေ့ ရှိခဲ့သည်။ သူ၏ စိတ်အလိုကြောင့် ထန်ဆေဘာတစ်ချောင်းနှင့် ထန်ဝတ်စုံတစ်ခုကိုပင် ဝယ်ယူထားသေး၏။
သို့ရာတွင် ၃ပေါင်ကျော် ရှိသည့် ဓါးနှင့် ကစားရခြင်းက ပင်ပန်းလွန်းခဲ့သည်။ ယခုတော့ ရေခဲဆေဘာ၏ ၄ပေါင်ပင်လျှင် သူ့အတွက် ကစားစရာနှင့်တူပြီး ပေါ့ပါးလွန်း၏။
အရိုးသန့်စင်ခြင်းး အဆင့်သို့ မြင့်တက်ပြီးနောက် သက်ရှည်ကျမ်း၏ အထူးသက်ရောက်မှုနှင့် သူ၏ လက်ခွန်အားဟာ ၁၅၀ကီလိုဂရမ်သို့ နီးကပ်နေပါပြီ။
တောင်ဖြိုလက်သီး သိုင်းကျောင်းရှိ အကြီးဆုံး အလေးမကျောက်တုံးမှာ ၁၅၀ကီလိုဂရမ် နီးပါးသာ ရှိပါသည််။ လုယီ၏ စကားအရ သွေးသန့်စင်ခြင်း အဆင့်များသာ ၎င်းနှင့် လေ့ကျင့်နိုင်၏။ ဟန်ကျောက်ဟာ ထိုကျောက်တုံးကို တိတ်တဆိတ် စမ်းသပ်ကြည့်ဖူးသည်။ ခွန်အားအပြည့် သုံးပါက မလို့ရ၏။ ယခုအချိန်၌ ပိုမိုကာပင် လွယ်ကူနေမှာပါ။ ခွန်အားအပြည့် သုံးရခြင်းက အသာ လုပ်နိုင်ခြင်းနှင့်တော့ တူညီနေမည် မဟုတ်ပါ။