သူ၏နောက်ခံ
Vol. 129 Ch. 1774
သည်တစ်ကြိမ်၌ ပေါ်လာသော ပုံရိပ်မှာ ကျင့်ကြံခြင်းဂြိုဟ်တစ်ခု ဖြစ်၏။ ဝမ်လင်းက ထိုဂြိုဟ်ကို ကောင်းကောင်းသိပေသည်။ ၎င်းမှာ ထျန်ယွမ်ဂြိုဟ်ပင်။
ရှေ့ဖြစ်ဟောသူက ထျန်ယွမ်ကလန်၏ လျှို့ဝှက်ခန်းထဲ၌ ထိုင်နေသည်။ သူ့ရှေ့တွင် အသိစိတ်လွတ်နေသော လူငယ်ကိုးယောက် ထိုင်နေကြသည်။
ရှေ့ဖြစ်ဟောသူက သူ့ရှေ့ရှိ ထိုကိုးယောက်ကို ကြည့်ကာ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။ သူက ပါးစပ်ဟကာ ရှိုက်သွင်းလိုက်လေ၏။ ထိုလူငယ်ကိုးယောက်မှာ သူ၏ဝါးမြိုခြင်း ခံလိုက်ရသည်။
သူ့ခန္ဓာကိုယ်က တုန်ယင်ကာ သူ၏အမူအရာသည် နာကျင်ဟန် ဖြစ်ပေါ်သည်။ သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သွားပြီး အိပ်မောကျသွားလေ၏။ နှစ်များကုန်လွန်လာသည်။ အချိန်မည်မျှ ကြာသွားပြီးမှန်း မသိပြီးနောက် ရှေ့ဖြစ်ဟောသူသည် မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးထဲ၌ ရှင်းလင်းမှုတို့ ရှိလာ၏။
“ဒါဟာ ငါ့ရဲ့ ကိုးဆယ့်ခုနစ်ကြိမ် နိုးထမှုပဲ။ ငါ အိပ်ပျော်နေရာကနေ နောက်ထပ် နိုးထလာဖို့အတွက် လိုအပ်တဲ့သူဟာ လင်းထျန်ဟူပဲ…”
ဝမ်လင်းသည် ထိုအခြင်းအရာများကို တည်ငြိမ်စွာ ကြည့်နေ၏။ သို့သော် သူ့စိတ်ထဲ၌မူ လှိုင်းထန်နေသည်။ သူက သည်နိုးထမှုများသည် ရှေ့ဖြစ်ဟောသူ တခြားသူများကို ဝါးမြိုခြင်း၏ ရလဒ်ဖြစ်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
သူဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ စိတ်ဝိညာဉ်သုံးခုထဲက တစ်ခု၊ ဒါမှမဟုတ် အစိတ်အပိုင်းခုနစ်ခုထဲက တစ်ခု ဖြစ်သင့်တယ်။ ဒါမှသာ သူဟာ ဒီလိုမျိုး ထပ်ခါထပ်ခါ ဘာကြောင့် နိုးထနိုင်လဲကို ရှင်းပြနိုင်တော့မှာ…” ဝမ်လင်းက ရှေ့ဖြစ်ဟောသူကို ကြည့်၏။ သူ၏အကြည့်က အေးစက်လာသည်။
ထိုပုံရိပ်သည် ထပ်မံ ပြောင်းလဲသွားကာ မတူညီသော အချိန်ကာလာများ၏ ရှေ့ဖြစ်ဟောသူကို ပြသသည်။ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူက လူသူကင်းမဲ့သောဂြိုဟ်တစ်လုံးပေါ်တွင် ထိုင်နေသည်ကို တွေ့မြင်၏။ သူက သူ ရွေးချယ်ထားသော ကျင့်ကြံသူတစ်ယောက်ကို ဝါးမြိုပြီးနောက် နောက်ထပ် နိုးထလာပြန်သည်။
သူက ထိုဂြိုဟ်ကနေ ထွက်ခွာနေ၏။ သူ ပျံသန်းလာနေစဉ် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်ပါးလျပ်သော အဝါရောင်ဂြိုဟ်တစ်လုံးကို တွေ့မြင်သည်။
သူက အံ့အားသင့်သွားပြီးနောက် တဖြည်းဖြည်း ပြုံးလာ၏။ သူက သူ့နတ်ဘုရားအာရုံကို ဖြည်းဖြည်းချင်း စေလွှတ်လိုက်သည်။
“ဒီလိုမျိုး စိတ်ဝိညာဉ်စွမ်းအင် ပါးလှပ်တဲ့ ဂြိုဟ်တစ်ခုပေါ်မှာ ဒီလောက်လေးလေးနက်နက် နားလည်နိုင်တဲ့ဉာဏ်အလင်းမျိုးက ဖြစ်ခဲလှတယ်။ မင်းရဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုလေးနဲ့ မင်းဟာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် နားလည်မှုဉာဏ်အလင်းမျိုးကို လောဘမကြီးသင့်ဘူး။ မင်းသာ ဒီဉာဏ်အလင်းနောက် ဆက်လိုက်လံရင် နှှစ်ပေါင်းသန်းနဲ့ချီ ကြာတာတောင် အဖြေမရမှာ ငါ စိုးမိတယ်။ အဲ့လိုဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ဟာ ဆွေးမြေ့ပျက်စီးသွားလိမ့်မယ်။ မင်း အဲ့လိုကော စဉ်းစားမိရဲ့လား…”
ရှေ့ဖြစ်ဟောသူက ထိုသို့ ပြောနေရင်း သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုဂြိုဟ်ပေါ်သို့ ဖိချလိုက်သည်။
“ဒီအဘိုးအိုရဲ့ နာမည်က ရှေ့ဖြစ်ဟောသူပဲ။ ဒီကနေ့ ငါ မင်းအပေါ် စိတ်ထားကောင်း ထားခဲ့တယ်။ မင်း ဒီဂြိုဟ်ကနေ ထွက်လာနိုင်ခဲ့ရင် ထျန်ယွမ်ဂြိုဟ်ပေါ်လာပြီး ငါ့ကို လာရှာပါ။ ငါ မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံမယ်…”
ရှေ့ဖြစ်ဟောသူ၏မျက်နှာပေါ်ရှိ အပြုံးက ပိုပီပြင်လာ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၍ အကွာအဝေးတစ်ခုထံသို့ လှမ်းလျှောက်သွားတော့သည်။
“ဒီကောင်လေးက မဆိုးဘူး။ ငါ သူ့ကို ငါ့ကိုယ်ပွားက ဝါးမြိုလို့ရအောင် နည်းနည်းလောက် မြေတောင် မြှောက်ပေးရမယ်။ ဒါပေမဲ့ သူ့ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတယ်။ ဒါ့ကြောင့် သူက အသုံးဝင်မလား၊ မဝင်ဘူးလား ပြောရခက်တယ်။ ဒါပေမဲ့လည်း ဒီကောင်လေးက တကယ့်ကို သာမန်ထက်ထူးကဲတယ်လို့ ငါ ခံစားမိနေပြန်တယ်…”
ဝမ်လင်းသည် ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ သူ့စိတ်မှာ အပြင်းအထန် တုန်ယင်သွား၏။ သူက သည်အဝါရောင်ဂြိုဟ်ကို စိုက်ကြည့်နေသည်။ ထိုဂြိုဟ်ထံမှ ထွက်ပေါ်နေသော အော်ရာက ဝမ်လင်းကို အရာအားလုံးအား နားလည်သွားစေတော့သည်။
သည်အိပ်မက်လောကထဲ၌ ဝမ်လင်း၏မူလခန္ဓာကိုယ်က ရှေ့ဖြစ်ဟောသူ၏ ပြန်လည်မွေးဖွားခြင်း စက်ဝန်း၌ နစ်မြုပ်နေစဉ် အပြင်ဘက်လောကတွင်မူ ရှေ့ဖြစ်ဟောသူ၏ကိုယ်ပွားအားလုံးသည် သူတို့၏ညာလက်ကို ပင့်မြှောက်ကာ သူတို့၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်ကြ၏။
ဆင့်ခေါ်ခြင်းမြစ်၏ အရှေ့ပိုင်း၌ ပထမဆုံး ပေါ်လာသော ရှေ့ဖြစ်ဟောသူ၏ မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။ သူက ညာလက်ကို ပင့်မြှောက်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်သည်။
“ဒီအဘိုးအိုဟာ နောက်ဆုံးတကြိမ် အိပ်ပျော်ပြီး နောက်ဆုံးအကြိမ် ပြန်နိုးထလာတော့မှာ။ ဒီတစ်ကြိမ်ပြီးရင် လွန်ခဲ့တဲ့နှစ်ပေါင်းမရေမတွက်နိုင်ခင်တည်းက အစပြုခဲ့တဲ့ ငါ့အစီအစဉ်ဟာ အပြီးသပ်ပြီ…” သူက မျက်လုံးမှိတ်ကာ သူ့လက်ချောင်းသည် သူ့ဦးခေါင်းခွံထံ ဖြည်းဖြည်းချင်း ထွင်းဖောက်လေသည်။
ချက်ခြင်းပင် ရှေ့ဖြစ်ဟောသူ၏ ခန္ဓာကိုယ်များစွာသည် ရုတ်တရက် ပျက်စီးကာ ကြယ်အဖွဲ့အစည်းလေးခုလုံး၌ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ရှေ့ဖြစ်ဟောသူ သုံးထောင်လုံး ပျက်စီးကာ ရှေ့ဖြစ်ဟောသူ တစ်ယောက်စီထံမှ စိတ်ဝိညာဉ်တစ်ခုစီ ပျံသန်းထွက်လာကြသည်။ ထိုစိတ်ဝိညာဉ်တိုင်းသည် ဝမ်လင်း၏ကိုယ်ပွားထံသို့ ဦးတည် ပျံသန်းလာသည်။
“မင်းကပဲ ပိုပြန်မလား၊ ငါပဲ ပိုပြန်မလား ကြည့်ရတာပေါ့။ ဒီအဘိုးအိုက မင်းအပေါ်မှာ အကြံအစည် ချမှတ်ခဲ့ချိန်မှာ မင်းဟာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူလေးတစ်ယောက်ပဲ ရှိသေးတယ်။ ဒီအဘိုးအိုကြောင့်သာ မဟုတ်ရင် မင်းရဲ့ခန္ဓာကိုယ်ဟာ ဆွေးမြေ့ပျက်စီးသွားနေခဲ့လောက်ပြီ။ မင်းရဲ့ အရာအားလုံးဟာ ငါ့အပိုင်ပဲ…”
စိတ်ဝိညာဉ်သုံးထောင်သည် ရှေ့သို့ ဦးတည်ကာ အတူတကွ ပေါင်းစပ်ထားသော စိတ်ဝိညာဉ်လှိုင်းများကို ထုတ်လွှတ်၏။ ယင်းက ဝမ်လင်းကိုယ်ပွား၏ စိတ်ထဲ၌ ကောင်းကင်ပြိုကျသည့်အလားအသံတစ်သံကို ပဲ့တင်ထပ်သွားစေသည်။
စိတ်ဝိညာဉ်သုံးထောင်က ဝမ်လင်း၏ကိုယ်ပွားထံ တိုးဝင်လာစဉ် သူ၏မူလခန္ဓာကိုယ်က ရှေ့ဖြစ်ဟောသူ ပြန်လည်မွေးဖွားခြင်းထံမှ ပိုပိုများပြားသော နိုးထခြင်းများကို တွေ့မြင်နေရသည်။
ဝမ်လင်း၏မူလခန္ဓာကိုယ် ကြည့်ရှုနေသောလူမှာ ရှေ့ဖြစ်ဟောသူနှင့် လုံးဝ ကွာခြားနေ၏။ ဝမ်လင်း ထပ်ကြပ်မကွာ ကြည့်နေသော အော်ရာကြောင့်သာ မဟုတ်ပါက သည် ကြုံရာကျပန်းလူများသည် ရှေ့ဖြစ်ဟောသူများ ဖြစ်နေလိမ့်မည်ဟု သူ ယုံမိလိမ့်မည် မဟုတ်ပေ။
ရှေးဟောင်းကျင့်ကြံခြင်းလောက၌ ကောင်းကင်ဘုံနယ်မြေလေးခု မပျက်စီးခင် အပြာရောင်ဝတ်စုံဖြင့်လူတစ်ယောက်က ဂြိုဟ်တစ်ခုပေါ်တွင် လွင့်မြောနေ၏။ ပြုံးလျက် သူက သူ့ရှေ့ရှိ အသိစိတ်လွတ်နေသော လူငယ်တစ်ယောက်ကို ဝါးမြိုလိုက်သည်။
ထိုလူငယ်မှာ သူ့တပည့်လည်း ဖြစ်၏။
“ဒါက ငါ့ရဲ့ သုံးဆယ့်လေးကြိမ်မြောက် နိုးထခြင်းပဲ…”
ထို့အပြင် ရှေးဟောင်းကျင့်ကြံခြင်းလောက၌ ပျက်စီးပြန့်ကြဲနေသော အစိတ်အပိုင်းများကြား၌ စွဲဆောင်မှုရှိလှသော အမျိုးသမီးတစ်ယောက် လွင့်မြောနေသည်။ သူမက ပြုံး၍ သူမဘေးရှိ အသိစိတ်လွတ်နေသောအမျိုးသားတစ်ယောက်ကို ဝါးမြိုလိုက်သည်။ ထိုလူ၏ ကျင့်ကြံမှုအဆင့်မှာ မြင့်မားကာ သူသည် ကောင်းကင်ဘုံစွမ်းအင်များနှင့် ပြည့်နေသဖြင့် သူကား ကောင်းကင်ဘုံနယ်မြေလေးခုမှ တစ်ယောက်ယောက် ဖြစ်မည်မှာ ထင်ရှားသည်။
ထိုသို့သော ထပ်ခါထပ်ခါ ဝါးမြိုခြင်းများကို ဝမ်လင်းက တွေ့မြင်နေရ၏။ သူက သူ တွေ့မြင်ရသည့် သည်အဖြစ်များကြောင့် မင်သက်မိပေသည်။
“နိုးထလာဖို့ ဝါးမြိုခြင်းအပေါ် မှိခိုနေရတဲ့ ရှေ့ဖြစ်ဟောသူရဲ့ နောက်ခံပုံရိပ်က ဘာများ ဖြစ်မလဲ။ သူဟာ ဘာအတွက် နိုးထနေရတာလဲ…”
သည်ပြန်လည်မွေးဖွားခြင်းများ ဖြစ်ပွားနေသည့် အိပ်မက်လောက၏ အပြင်ဘက်၊ ဆင့်ခေါ်ခြင်းမြစ်ထံ၌ ရှေ့ဖြစ်ဟောသူကိုယ်ပွားရာချီသည် ဝမ်လင်းထံ နီးကပ်လာကာ သူ့ကိုယ်ပွားထဲ ဝင်ရောက်သည်။
ဝမ်လင်း၏ကိုယ်ပွားမှာ ထိုသို့ ဝင်ရောက်ခြင်းကို ဂရုမစိုက်သည့်အလား တည်ငြိမ်နေသည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ ရှေ့ဖြစ်ဟောသူကိုယ်ပွားမှာ ပိုပိုသန်မာလာကာ ဝမ်လင်း၏ခန္ဓာကိုယ် အစိတ်အပိုင်းအများစုကို သိမ်းပိုက်လာခဲ့တော့သည်။
သည်အခိုက်၌ တခြားကြယ်အဖွဲ့အစည်းသုံးခုထံမှ စိတ်ဝိညာဉ်များသည်လည်း မြန်ဆန်စွာ ရောက်ရှိလာနေသည်။ အဖြစ်အပျက်များက မြန်ဆန်လွန်း၏။
အပြင်ဘက်၌ ထိုသို့ဖြစ်နေစဉ် ဝမ်လင်း၏မူလခန္ဓာကိုယ်ကလည်း ရှေ့ဖြစ်ဟောသူ နိုးထခြင်းများကို ထပ်ခါထပ်ခါ တွေ့မြင်နေရသည်။ သည်တစ်ကြိမ်၌ ရှေးဟောင်းကျင့်ကြံခြင်းလောက၏ ခေတ်မဟုတ်တော့ပေ။ သို့သော် ပို၍ ရှေးကျသော ကျင့်ကြံခြင်းခေတ်ကာလ၌ ဖြစ်၏။
ရှေးဦးပဝေသဏီခေတ်၌ သည်ကြယ်အဖွဲ့အစည်းမှာ ဂြိုဟ်များဖြင့် ပြည့်နှက်နေသည်။ ထိုဂြိုဟ်များပေါ်တွင် ကျင့်ကြံသူများသာ ရှိသေးပြီး ကောင်းကင်ဘုံသားများ ရှိမနေသေးပေ။ အကြောင်းမှာ ကောင်းကင်ဘုံနယ်မြေများ ပေါ်မလာသေးသောကြောင့် ဖြစ်၏။ သူတို့က ဒီလောက၏ အော်ရာကို ကျင့်ကြံကြသည်။
သားရဲအရေပြားဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက်က မြေပြင်ထက်၌ လှဲလျောင်းနေ၏။ မီးနှင့်သစ်သားတို့က သူ့အား ဝန်းရံထားသည်။ သူသည် သေဆုံးနေပြီး ဖြစ်ကာ သူ့ကလန်က သူ့ခန္ဓာကိုယ်ကို မီးရှို့နေခြင်းပင်။ အလားတူ ဆင်တူဝတ်ရုံများဖြင့် လူပေါင်းရာချီလည်း ရှိနေကြ၏။ သူတို့က ဒူးထောက်၍ တိုးညင်းစွာဖြင့် မန္တာန်ရွတ်နေသည်။
သို့ပေမည့် ထိုအခိုက်အတန့်၌ သေဆုံးနေပြီ ဖြစ်သော အဘိုးအိုသည် မျက်လုံးဖွင့်လာသည်။ သူ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှု အရိပ်အမြွက် ရှိနေပြီး ထို့နောက်တွင် မထူးခြားနားဟန်ဖြင့် အစားထိုးသည်။ သူက အံ့အားသင့်ဟန်ဖြင့် တဖြည်းဖြည်း ထထိုင်ကာ တုန်လှုပ်နေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထိုအဘိုးအိုက ထူးဆန်းစွာ ပြုံးလာပြီးနောက် ရုတ်တရက် သူ့ပါးစပ်ကို ဟကာ ရှိုက်သွင်းလိုက်သည်။
ထိုသို့ဖြင့် ဘေးပတ်လည်ရှိ လူရာချီသည် မီးနှင့်အတူ ဝါးမြိုခြင်း ခံလိုက်ရသည်။ ဂြိုဟ်တစ်ခုလုံးသည် စတင် တုန်ယင်ကာ ပျက်စီးသည်။ ဧရာမပါးစပ်ကြီးတစ်ခု ပေါ်လာကာ သည်ဂြိုဟ်အား အံ့မခန်းနည်းဖြင့် ဝါးမြိုပစ်ချေသည်။
“ဒါဟာ ငါ့ရဲ့ တတိယအကြိမ်နိုးထမှုပဲ။ ဒုတိယအကြိမ် နိုးထခဲ့စဉ်အတွင်း ငါဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ ခုနစ်ခုမြောက်အစိတ်အပိုင်းကို ဝါးမြိုခဲ့တာ မှတ်မိသေးတယ်…” ကောင်းကင်ထက်၌ ပုံရိပ်ယောင်အတွင်းရှိ အဘိုးအိုသည် လျှာသပ်ကာ ပြုံးလိုက်သည်။
ဝမ်လင်းက ထိုသည်ကို တွေ့မြင်သည့်အခါ သူ့တည်ငြိမ်နေသော စိတ်နှလုံးသည် ယင်းအဘိုးအို၏ ပြောစကားကြောင့် ထပ်မံ၍ တုန်ဟည်းသွားမိသည်။
“သူဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ ခုနစ်ခုမြောက်အစိတ်အပိုင်းကို ဝါးမြိုခဲ့တယ်။ သူဟာ စိတ်ဝိညာဉ်သုံးခု၊ အစိတ်အပိုင်းခုနစ်ခုထဲက တစ်ခု မဟုတ်ရင် …သူက ဘယ်သူလဲ။ သူဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ စိတ်ဝိညာဉ်အစိတ်အပိုင်းတစ်ခုကိုတောင် ဝါးမြိုနိုင်စွမ်း ရှိနေခဲ့တယ်…”
နောက်ထပ် ကိုးဆယ်ကျော် ပြန်လည်မွေးဖွားခြင်းများကို တွေ့မြင်ပြီးသည့်နောက် တမ်လင်းသည် ရှေ့ဖြစ်ဟောသူ၏ ဝါးမြိုခြင်းစွမ်းရည်သည် တစ်ကြိမ်နိုးထလာပြီးတိုင်း အားနည်းသွားသည်ကို တွေ့ရှိလိုက်၏။ တတိယကြိ်မြောက်၌ ရှေ့ဖြစ်ဟောသူက ဂြိုဟ်တစ်လုံးကို ဝါးမြိုခဲ့၏။ သို့သော် ကိုးဆယ်ကြိမ်မြောက်တွင်မူ သူက လူများကိုသာ ဝါးမြိုနိုင်တော့သည်။
ဝမ်လင်းသည် ပြုံးနေသောအဘိုးအိုကို စိုက်ကြည့်ကာ သူ့မျက်လုံးသူငယ်အိမ်သည် ရှုံ့တွနေ၏။
ထိုပုံရိပ်က ပျောက်ကွယ်သွား၏။ ယင်းပုံရိပ် ပြန်ပေါ်လာသည့်အခါ ရှေ့ဖြစ်ဟောသူ၏ ဒုတိယအကြိမ် နိုးထခြင်း မြင်ကွင်း ဖြစ်နေပေပြီ။
သည်တစ်ကြိမ်၌ ဝမ်လင်းရှေ့တွင် ပေါ်လာသည်မှာ အစိမ်းသပ်သပ်ကြယ်အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် ၎င်းထံ၌ မည်သည့်သက်ရှိမျှ ရှိမနေပေ။
ဤသည်မှာ သေဆုံးနေသော ကြယ်အဖွဲ့အစည်းတစ်ခု ဖြစ်နိုင်မည်။ သို့မဟုတ် သည်လှိုဏ်ဂူလောက၌ သက်ရှိများ မမွေးဖွားလာခင်က အစောဦးဆုံးနေရာတစ်ခု ဖြစ်ပေလိမ့်မည်။
အသက်ဓာတ်ကင်းမဲ့သော ဒီကြယ်အဖွဲ့အစည်း၌ ဝမ်လင်းသည် တဖြည်းဖြည်းဖြင့် အံ့မခန်းအတွေးတစ်ခု ရလာခဲ့သည်။ ထိုအတွေးမှာ ရှေ့ဖြစ်ဟောသူ ပုံရိပ်အစစ်အမှန်ပင်။
ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာရုံ ရှိသေး အားနည်းသောစိတ်ဝိညာဉ်တစ်ခုသည် မြန်ဆန်စွာ နီးကပ်လာသည်။ ဝမ်လင်းက လှည့်ကြည့်လိုက်ရာ ထိုအော်ရာအတွင်းရှိ ပုံရိပ်ယောင်တစ်ခုကို မြင်သည်။ ထိုပုံရိပ်မှာ ဝေဝါးကာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ စိတ်ဝိညာဉ်အပိုင်းအစများထဲမှ တစ်ခု၏ စွမ်းအား ပါဝင်နေသည်။
ထိုစိတ်ဝိညာဉ် အပိုင်းအစ ပေါ်လာသည်နှင့် ဧရာမအက်ကြောင်းတစ်ခု ပေါ်လာကာ ၎င်းကို ဝါးမြိုသည်။
ထိုစိတ်ဝိညာဉ်ကို ဝါးမြိုပြီးနောက် အက်ကြောင်းသည် ပိတ်ဆို့ကာ လူငယ်တစ်ယောက် ပေါ်လာ၏။ ထိုလူငယ်၏ခန္ဓာကိုယ်ထံမှ တစ္ဆေအလင်းကို ပေးစွမ်းနေသည်။ အစပိုင်း၌ သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ရှိနေသည်။ သို့သော် မကြာမိ ကြည်လင်လာ၏။
“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ ခုနစ်ခုမြောက်စိတ်ဝိညာဉ်အပိုင်းအစ။ ဒါက တကယ်ပဲ အရသာ ရှိလှတယ်။ ငါ သူ့ကို အတော်လေး ကူညီပေးခဲ့ပြီးပြီး။ ဒါပေမဲ့ အခု သူ သေသွားခဲ့ပြီ။ ဘယ်သူကမျှ ငါ့ကို မထိန်းချုပ်နိုင်တော့ဘူး။ ကံမကောင်းစွာနဲ့ သူ့ရဲ့ စိတ်ဝိညာဉ်သုံးခုဟာ အစွမ်းထက်လွန်းနေတာ။ သူ့ခန္ဓာကိုယ်ကနေ ဒီစိတ်ဝိညာဉ်သုံးခု ကွဲထွက်လာခဲ့တာတောင်မှ ငါ ဒီစိတ်ဝိညာဉ်တွေကို မဝါးမြိုရဲဘူး။ ဒါပေမဲ့ ဒီစိတ်ဝိညာဉ်ရဲ့ စွမ်းအားကို ငှားယမ်းပြီး ငါ့ကိုယ်ငါ တိုးတက်လာအောင် လုပ်လို့ရတယ်။ နောင်နှစ်ပေါင်းများစွာ ကြာပြီးရင် ငါဟာ ဒါကို အသုံးပြုပြီး ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ အသစ်တစ်ယောက်ကိုတောင် ပြန်ဖန်တီးချင် ဖန်တီးနိုင်မှာ။ အဲ့အချိန်ကျရင် ငါဟာလည်း ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ဖြစ်ပြီ။ ဒါပေမဲ့ ပိုပြီး အရေးကြီးတာက ငါ တိုးတက်လာဖို့ပဲ…”
ထိုလူငယ်၏အမူအရာမှာ ပြောင်းလဲမသွားပေ။
“အရင်ဆုံး ငါ ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ သင်ယူရမယ်။ ငါဟာ ဒီကျင့်ကြံသူကို ခုနစ်ရောင်စုံရဲ့ စိတ်ဝိညာဉ်သုံးခု၊ အစိတ်အပိုင်းခုနစ်ခု အပါအဝင် ဘယ်သူကမျှ ငါ ဘယ်သူလဲဆိုတာ မသိအောင် လုပ်ရလိမ့်မယ်…။ ငါ ပြန်လည်မွေးဖွားခြင်းကို ပြန်ထိန်းချုပ်နိုင်စွမ်း ရှိအောင် လုပ်ရမယ်…”
ဝမ်လင်းသည် ထိုလူငယ်ကို ကြည့်ကာ ကြီးစွာ တုန်လှုပ်မိသည်။ သူက ထိုလူငယ်မှာ မည်သူဖြစ်သည်ကို သိသွားခဲ့လေပြီ။
“သူက…"