← Chapters

(ရပါတယ်)

Vol. 2 Ch. 19

(ရပါတယ်)

Vol. 2 Ch. 19

“အိုး… ငါက ဘယ်သူများလဲလို့.. လက်ဆသတ်တော့ မင်းကို.. ဆေးအိုးကောင်”

ဖန်းဟုန်ယွင်မှာ လှောင်ပြောသည့် အသွင်ဖြင့် ရှိနေ၏။

“အံ့ဩစရာမရှိဘူး.. မင်းမိသားစုက…”

“ဖန်းဟုန်ယွင်… နင်လွန်မလာနဲ့”

ရှလင်၏ အသံက ရုတ်တရက် ကြားဖြတ်ကာ ထွက်ပေါ်လာ၏။

“ငါက နောက်ရုံပါ.. စိတ်မရှိနဲ့”

ဖန်းဟုန်ယွင်က ပြုံးကာ ဟန်ကျောက်ကို ကြည့်သည်။ “ညီလေးဟန်.. နောက်တာလောက်တော့ စိတ်မဆိုးဘူးမလား”

“ရတယ်”

ဟန်ကျောက်မှာ ထူးမခြားနားစွာ ရှိနေ၏။

“ဟန့်”

ရှကျင်က အင်္ကျီလက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားသည်။ သူ့နောက်တွင် လူအနည်းငယ် လိုက်ပါ၏။ မသွားခင်တွင် ဖန်းဟုန်ယွင်ဟာ ဟန်ကျောက်ကို နှာခေါင်းရှုံ့ခဲ့သေးသည်။

ကျန်းယွမ်ထုက မျက်မှောင်ကြုတ်ကာ မတ်တပ်ထတော့မည် အပြုတွင်…

“ထားလိုက်ပါ အစ်ကိုကြီး.. ဒီလိုလူမျိုးနဲ့ စကားများနေစရာ မလိုဘူး။ ညဈေးကို သွားရအောင်လေ”

ဟန်ကျောက်က သူ့ကိုတားသည်။ သည်းခံကာ နေ၏။

“အခုချိန် ရွှေမတောင်းပါက နောင်တရနေလိမ့်မည်”

….

“ဖြန်း”

ရစ်မူးလအိမ်တော်၏ အနောက်ဘက်ရှိ လမ်းကြားတွင် ဖန်းဟုန်ယွင်ဟာ လက်ကြီးတစ်ဖက်၏ ပါးရိုက်ခြင်းကို ခံလိုက်ရ၏။ ချက်ချင်းပင် သွားနှစ်ချောင်းကျွတ်ဟာ နှုတ်ခမ်းထောင့်မှ တံတွေးဖြင့် ရောထွေးနေသည့် သွေးများ စီးကျလာသည်။

“မင်း..ဘယ်သူလဲ”

သူက မျက်နှာကို လက်ဖြင့်ကိုင်ကာ ရှေ့ရှိ မျက်နှာဖုံးနှင့် ဝတ်စုံနက် ဝတ်ထားသူကို ကြည့်သည်။ ဘယ်ဘက်သွားများ အားလုံးဟာ နဲ့ကုန်ကြပြီး ပြင်းထန်သည့် နာကျင်မှုက သူ၏မျက်နှာကို ရှုံ့တွနေစေသည်။ မူးဝေမှု အများစုတို့ပင် ပျောက်ကွယ်သွား၏။

“ငါ့ကို ရိုက်ရဲတယ်ပေါ့။ ငါဘယ်သူလဲဆိုတာကို…”

ဟန်ကျောက်ဟာ ဖန်းဟုန်ယွင်၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိုးလိုက်၏။

“အား”

ဖန်းဟုန်ယွင်မှာ သတိလစ်မတတ် ဖြစ်သွားသည်။ ချက်ချင်းပင် ခုခံရန် စွမ်းအားတို့ ပျောက်ဆုံးသွား၏။

“ဖုန်း၊ ဖုန်း၊ ဖုန်း”

ဟန်ကျောက်ဟာ တစ်ဖက်လူ၏ လည်ပင်းကိုကိုင်ကာ အကြိမ်အနည်းငယ် ထပ်မံရိုက်သည်။ ဖန်းဟုန်ယွင်၏ မျက်လုံးများဟာ များစွာ ကြည်လင်လာပြီး ခန္ဓာကိုယ်က ပျော့ခွေသွားသည်။ ဝမ်းဗိုက်ကို ကိုင်ကာ ဒူးထောက်ကျသွား၏။

“အစ်ကိုကြီး.. မဟုတ်ဘူး.. သူရဲကောင်း… သူရဲကောင်း.. ပိုက်ဆံလိုရင် ကျွန်တော်ပေးပါမယ်။ ရပ်ပါတော့..”

သူက ခါးတွင် ချိတ်ထားသည့် ပိုက်ဆံအိတ်ကို အမြန်ဖြုတ်သည်။

“ဒါလည်း ပိုက်ဆံရှာတဲ့ နည်းလမ်းကောင်းပဲ။ မိမသွားအောင် ဂရုစိုက်ပါ”

ဟန်ကျောက်ဟာ ပိုက်ဆံကိုယူပြီး တစ်ဖက်လူကို အကြိမ်အနည်းငယ် ထပ်မံရိုက်သည်။ ဖန်းဟုန်ယွင်၏ မျက်နှာဟာ ဝက်ခေါင်းကဲ့သို့ ရောင်ကိုင်းနေပြီး မျက်လုံးများဟာ မှိတ်လုမတတ် ကျဉ်းနေပါပြီ။ ဟန်ကျောက်က အနားတိုးကာ ကြမ်းတမ်းစွာ ပြော၏။

“မင်းက မိန်းမတွေကိုပဲ လိုက်လုတတ်တာလား။ ငါ့ကို စိန်ခေါ်လေ။ မင်းမှာစွမ်းရည်ရှိရင်”

“အာ.. သူရဲကောင်း.. ဘာပြောတာလဲ”

ဖန်းဟုန်ယွင်ဟာ မှင်သက်သွား၏။ သူဟာ အသောက်များထားပေမယ့် ခုနက အရမ်းကြီး မူးဝေမနေတော့ပေ။ ဘာပဲဖြစ်ဖြစ် အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။ ချောင်းမြောင်းတိုက်ခိုက်မှု တစ်ခုအတွက် အကူအညီမဲ့နေမည် မဟုတ်ပါ။ ဆိုလိုသည်ကား တစ်ဖက်လူဟာ သူ့ထက် အများကြီး ပိုမိုသန်မာသည်ဟု ဖြစ်၏။

ရုတ်တရက် သူတုန်လှုပ်သွားသည်။ သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို မတော်တဆ ထိပါးမိသည်လား မသိပေ။

‘မိန်းမလုတယ်’

သူမှတ်မိနိုင်ခြင်း မရှိပေ။

“နောာင်မှာ မင်းကို ရစ်မူးအိမ်တော်မှာ မတွေ့ရစေနဲ့။ မဟုတ်ရင် တွေ့တိုင်း အရိုက်ခံရမယ်”

ဟန်ကျောက်ဟာ ဖန်းဟုန်ယွင်ကို ကန်ထုတ်လိုက်၏။ ဖန်းဟုန်ယွင်မှာ ဆက်တိုက် ရိုက်နှက်မှုများကို ခံခဲ့ရရာ အော်နိုင်ခြင်းပင် မရှိတော့ပဲ သတိလစ်သွားခဲ့သည်။

ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က တစ်ဖက်လူ၏ ခြေထောက်ကို ကန်လိုက်ပြန်၏။ ထို့နောက် လက်ထဲရှိ ပိုက်ဆံအိတ်ကို ချိန်ဆကာ ပြုံးသည်။ ဤသည်က ခုနက သူ့အပေါ် စော်ကားခြင်း၏ လျော်ကြေးဖြစ်ရန် လုံလောက်၏။ လူမသတ်ပါက ပြဿနာမကြီးပါ။ ထို့အပြင် သူဟာ အရေအပြားသန့်စင်ခြင်းအဆင့် သိုင်းသမားလေးသာ ဖြစ်ပြီး အလွန်အားနည်း၏။ ဖန်းဟုန်ယွင်နှင့် မည်ကဲ့သို့ ရင်ဆိုင်နိုင်မည်နည်း။

အကြိမ်အနည်းငယ် ပြေးထွက်သွားပြီးနောက် ဟန်ကျောက်ဟာ ညအမှောင်အတွင်းတွင် ပျောက်ကွယ်သွားသည်။

ယုန်ဟယ်ဒေသတွင်..

တိမ်မြင့်အိမ်တော်၏ အနောက်ဘက်၌ လမ်းမကျယ်တစ်ခု ရှိ၏။ အစက ထိုလမ်းဟာ ရထားလုံးနှစ်ခု ယှဉ်သွားနိုင်လောက်အောင် ကျယ်ဝန်းသည်။ သို့ပေမယ့် ဒီအချိန်တွင်တော့ လမ်းဘေးများတွင် လူများနှင့် ပြည့်နှက်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ညစဉ်ညတိုင်း မုန့်ဆိုင်မျိုးစုံတို့ဟာ လမ်းတစ်ဖက်တစ်ချက်တွင် တန်းစီရောင်းချကြသောကြောင့် ဖြစ်သည်။

ဈေးသည်များ၏ အော်သံများနှင့်အတူ ဖြတ်သွားဖြတ်လာများဟာ မုန့်များ၏ ဆွဲဆောင်မှုကြောင့် လျှောက်လှမ်းမှုတို့ ရပ်တန့်သွားလေ့ ရှိ၏။ ကောင်းကင်ဟာ လုံးဝ အမှောာင်ကျနေပြီ ဖြစ်ပေမယ့် ဆိုင်တိုင်းတွင် မီးအိမ်များကို ချိတ်ဆွဲထားပါသည်။ လမ်းတစ်ခုလုံးဟာ အလင်းရောင်တို့ ထိန်ညည်းနေ၏။ အသံများက ဆူပေမယ့် သက်ဝင်လှုပ်ရှားသည့် ခံစားချက်ကို ပေးစွမ်းကာ ကြားရတာ တစ်မျိုးကောင်းလှသည်။

ကျောက်ယွမ်ထု၊ ရှလင်၊ စုယင်နှင့် ကျန်းထန်ဝမ်တို့ဟာ မုန့်ဈေးလမ်းတွင် ဈေးဝယ်နေကြသည်။ အခြား တပည့်များမှာတော့ သူတို့၏ အသိုင်းအဝိုင်းတွင် မဝင်ဆံ့နိုင်၍ အကြောင်းပြချက် အသီးသီးရှာကာ ထွက်သွားကြပြီ ဖြစ်၏။

ကျောက်ယွမ်ထုနှင့် ရှလင်တို့ဟာ လမ်းဘေးဆိုင်မှ ဝယ်ထားသည့် မုန့်များကို စားနေပြီ ဖြစ်၏။ ကျောက်ယွမ်ထု၏ အကြမ်းထည်နိုင်သည့် စားသောက်ပုံနှင့် နှိုင်းယှဉ်ပါက ရှလင်မှာ များစွာ ပိုမိုတင့်တယ်လှသည်။ သို့ရာတွင် နှစ်ယောက်စလုံးဟာ စိတ်တက်ကြွစွာ ရှိနေကြ၏။

တစ်ဖက်တွင် ဘေးရှိ ကျန်းထန်ဝမ်မှာတော့ လေမှပါလာသည့် ဆီနံ့ကြောင့် ယပ်တောင်ကို ခပ်နေပြီး မျက်နှာဟာ မနှစ်မြို့စွာ ရှိနေပါသည်။ စုယွင်မှာလည်း ထိုမျှအထိ မသိသာပေမယ့် အနည်းငယ် မျက်မှောင်ကြုတ်နေ၏။

“ဟန်ကျောက်က ဘာဖြစ်တာတုန်း။ ရေအိမ်သွားတာ ဘာလို့ ဒီလောက်တောင် ကြာရတာလဲ”

ကျန်းထန်ဝမ်က စိတ်မရှည်စွာ ပြော၏။

“ကျွန်တော်တို့တွေ အရင်သွားကြမလား”

ယခုကဲ့သို့ နေရာမျိုးကို သူတစ်ခါမှ လာဖူးခြင်းမရှိပေ။ ဟန်ကျောက်က ဈေးပတ်မည်ဟူ၍ အကြံပေး၍သာ ကျောက်ယွမ်ထုနှင့် ရှလင်တို့က သဘောတူပြီး ရောက်လာခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်စွာပင် ဈေးဝယ်ရင်း လမ်းတစ်ဝက်တွင် ဟန်ကျောက်ဟာ ရုတ်တရက် ဗိုက်နာသည်ဟူ၍ အိမ်သာသွားရန် ထွက်ခွာသွားသည်။

ကျန်းထန်ဝမ်ဟာ အစက ကျောက်ယွမ်ထုကို ပျော်ပါးရန် ဖိတ်ကာ ရှလင်နှင့် စုယွင်တို့ကို အခွင့်အရေးရှာပြီး ဖယ်ထုတ်ချင်နေ၏။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်ဟာ သူ၏ ပြိုင်ဘက်များ ဖြစ်ကြသည်။

သို့ရာတွင် ကျောက်ယွမ်ထုနှင့် ရှလင်တို့ဟာ ဟန်ကျောက်၏ ပြန်လာမှုကို စောင့်နေမည်ဟူ၍ နားချမရပဲ ရှိနေ၏။ သူတို့ဟာ ဒီနေရာတွင် နာရီဝက်နီးပါး ရပ်နေပြီးပါပြီ။

“မသွားဘူး”

ကျောက်ယွမ်ထုက စားရင်းနှင့် ပြောသည်။

“အ‌ေလးသွားတာ အရမ်းကြီးကြာမှာမှ မဟုတ်တာ”

“အစ်ကိုကြီး”

ရှလင်က ပြော၏။

“စားသောက်နေစဉ်မှာ အဲ့လိုတွေ မပြောလို့ရမလား”

“ဟုတ်သား.. ငါမှားသွားတာ”

ကျောက်ယွမ်ထုက ပြုံးသည်။

ထိုအချိန်၌ အရပ်ရှည်ကာ ချောမောသည့် လူငယ်တစ်ယောက် သူတို့လေးယောက်ဆီသို့ တိုးဝှေ့လာ၏။ သူဟာ အနက်ရောင် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားလေသည်။ ဤသည်မှာတော့ ကိစ္စပြီး၍ ပြန်လာသည့် ဟန်ကျောက်ဖြစ်၏။

“ဂျူနီယာညီလေးဟန်.. နောက်ဆုံးတော့ ပြန်လာပြီပေါ့။ အကင်တွေတောင် အေးတော့မယ်”

ကျောက်ယွမ်ထုက သိုးကင်နှစ်ချောာင်းကို ဟန်ကျောက်အား ပေးသည်။ ဟန်ကျောက်က ယူကာ ပြုံး၏။

ရှလင်က မေးလေသည်။

“ဘာဖြစ်လို့လဲ ဂျူနီယာမောင်လေးဟန်.. ဘာတွေ ပျော်စရာတွေ့ခဲ့လို့လဲ.. ပိုက်ဆံကောက်ရလို့လား”

“အမှန်ပဲ။ ရေအိမ်ကနေ ပြန်လာတော့ လမ်းမှာ ကြေးပြားဆယ်ပြားကျော် ကောက်ရခဲ့တယ်”

ဟန်ကျောက်က ခေါင်းညှိတ်ကာ ဖြေ၏။

“တကယ့်ကို ကံကောင်းတာပဲ”

ရှလင်က ပြုံးသည်။ ဂျူနီယာမောင်လေးဟန်ကို ယခုမျှအထိ အကောင်းမြင်တတ်သည့် စိတ်ရှိမည်ဟု ထင်မထားခဲ့ပေ။ ရှင်းလင်းစွာပင် မကြာခင်ကပင် ဖန်းဟုန်ယွင်၏ စော်ကြားခြင်းကို ခံခဲ့ရ၏။ သို့ပေမယ့် ယခုအချိန်၌ ဘာမှမဖြစ်ထားသကဲ့သို့‌ နေနိုင်လေသည်။

“ဟန်…”

စုယွင်လည်း ဟန်ကျောက်ကို ကြည့်သည်။

“ဒီအကင်က အရသာရှိလိုက်တာ”

ဟန်ကျောက်ဟာ သိုးသားကင်ကို ကိုက်ကာ နှုတ်ခမ်းတစ်ခုလုံး ဆီးများဖြင့် ပြည့်နေ၏။ ယနေ့တွင် မြို့တွင်းပိုင်းရှိ လူချမ်းသာများ၏ မည်မျှ ချမ်းသာပုံကို သူတွေ့ခဲ့လေသည်။ ကျန်းထန်ဝမ်ဟာ ဒီစားပွဲအတွက် ငွေ၄၀လျန်ကို အကုန်ခံခဲ့သည်။ ဖန်းဟုန်ယွင်ဟာ သူ့ကို စကားအနည်းငယ်သာ ပြောဆိုခဲ့၏။ သို့ပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ငွေ၁၀လျန်ကျော်ကို လျော်ကြေးပေးခဲ့သည်။ ဤသည်က သူ့ကို အကြိမ်အနည်းငယ်လောက် ကျိန်ဆဲခံချင်မိစေ၏။

“ခုနက ဂျူနီယာညီကျန်းက ငါတို့ကို တကာခံခဲ့တယ်။ အခုတော့ ငါ့အလှည့်ပဲ။ လူတိုင်းပဲ.. စားချင်သလောက်စားကြ။ ငါပေးမယ်”

ကျောက်ယွမ်ထုက မုန့်ဆိုင်များဖြင့် ပြည့်နှက်နေသည့် လမ်းကို လက်ညှိုးထိုးကာ ပြောသည်။

“ကျွန်မ အားမနာတော့ဘူးနော်”

ရှလင်က ပြော၏။

“ကျွန်တော်ရောပဲ”

ဟန်ကျောက်ကလည်း စိတ်လှုပ်ရှားစွာ ပြောသည်။ ကျန်းထန်ဝမ်နှင့် စုယွင်တို့က သူတို့နှစ်ယောက်ကို ကြည့်၏။ ထိုနှစ်ယောက်ဟာ လမ်းတစ်လျှောက်တွင် မည်သည်ကိုမှ မစားခဲ့ပေ။ ရှင်းလင်းစွာပင် လမ်းဘေးဆိုင်မှ အစာများကို စိတ်ဝင်စားခြင်း မရှိပါ။

ငါးယောက်သားဟာ ခဏတာ ဈေးဝယ်ပြီးနောက် အိမ်ပြန်ရန် ပြင်ကြ၏။ ကျောက်ယွမ်ထုက ဟန်ကျောက်နှင့် အတူသွားမလို့ပါ။ သို့ပေမယ့် ကျန်းထန်ဝမ်က တားကာ နှစ်ယောက်သား စကားပြောကြ၏။

သိုင်းကျောင်းဆီသို့ ပြန်ရောက်ပြီးနောက် ကျောက်ယွမ်ထုဟာ ခြံဝန်းအတွင်းတွင် ကုလားထိုင်ပေါ်၌ ထိုင်ရင်း လရောင်ကို ရှုစားနေသည့် လုယီကို တွေ့ရ၏။

“ဆရာ… ဘာလို့ အနားမယူသေးတာလဲ”

သူက လျှောက်သွားလိုက်ပြီးနောက် အိတ်ကပ်ထဲမှ စာရွက်လိပ်တစ်ခုကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ပေး၏။

“ဆရာ.. ဒါက အစေ့လှော်.. ဆရာ့အတွက် ကျွန်တော်ဝယ်ခဲ့တာ။ ပူတုန်းရှိသေးတယ်”

“မင်းကတော့ အစားကောင်းတွေ သွားစားပြီး ငါ့အတွက်ကျ အစေ့လှော်တစ်ထုတ်ပဲ ဝယ်ခဲ့တယ်ပေါ့”

လုယီက စိတ်ဆိုးစွာ ပြောသည်။

“ဒါက.. ကျွန်တော်”

ကျောက်ယွမ်ထုက နေရခက်စွာဖြင့် လက်ကို ပြန်ရုတ်၏။

“ကောင်းပြီ။ ဒါပဲပေးတော့… အေးသွားရင် ဝါးလို့ကောင်းမှာ မဟုတ်ဘူး”

လုယီက လက်ကိုဆန့်ကာ စက္ကူထုပ်ကို ကျောက်ယွမ်ထုလက်ထဲမှ ယူလိုက်၏။

All Chapters