(ပိုက်ဆံရှာခြင်း)
Vol. 2 Ch. 23
ဟန်ကျောက်ဟာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင် မြေခွေးမျက်နှာဖုံးကို စွပ်ထားသည်။ ပိန်ပါးသည့် လက်နှင့် ခြေထောက်တို့ ရှိကာ ကြေးစားလူဆိုးထိန်းနှင့် လုံးဝမတူပေ။ သို့ရာတွင် ဟန်ကျောက်လက်ထဲရှိ အနက်ရောင် သေတ္တာတွင် ကပ်ထားသည့် ဝရမ်းစာရွက်ကို တွေ့ရပြီးနောက် အထင်သေးမှုတို့ လုံးဝ ပျောက်ဆုံးသွား၏။
“မင်း… ထင်းရှူးလေပြေ ဓါးသမား ကျိုးဟန်ကို သတ်လိုက်တာလား”
လဲ့ဟူ၏ မျက်လုံးများက ပြူးကျယ်နေပြီး ဟန်ကျောက်လက်ထဲရှိ သေတ္တာကို ညွှန်ပြသည်။
ထင်းရှူးလေပြေ ဓါးသမား ကျိုးဟန်မှာ အရိုးသန့်စင်ခြင်း အဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။ လဲ့ဟူလည်း အကြိမ်အနည်းငငယ် လိုက်ဖမ်းခဲ့ဖူးသည်။ သို့ပေမယ့် လက်ရည်တူသာ တိုက်ခိုက်နိုင်၏။
သွေးသန့်စင်ခြင်းအဆင့် တစ်ဝက်တစ်ပြတ် သိုင်းသခင်များမှာ ကြေးစားအမဲလိုက်သူအလုပ်ကို အထင်သေးရာ သူတို့ထဲရှိ အသန်မာဆုံးမှာ အရိုးသန့်စင်ခြင်း အဆင့်၌သာ ရှိပါသည်။
သောင်းကျန်းသူဟာ ကျောက်နက်မြို့အတွင်းသို့ ဝင်ရောက်ခြင်းမရှိပဲ အနီးအနားတွင်သာ ကျက်စားပါက အဖွဲ့ကြီးတစ်ခုခုကို မထိပါးလျှင် မြို့ထဲရှိ ကျွမ်းကျင်သူများက အထူးလိုက်လံ သတ်ဖြတ်နေမည် မဟုတ်ပါ။ အလွန်ဆုံး နိုင်ငံ့ရုံးတော်မှ ဝရမ်းထုတ်ပြီး ကြေးစားလူဆိုးထိန်းများကို ရှင်းလင်းစေခြင်းသာ ရှိ၏။
ထင်းရှူးလေပြေဓါးသမား ကျိုးဟန်မှာ ဒီအနီးအနားရှိ အသန်မာဆုံး အလိုရှိရာဇဝတ်သား ဖြစ်သည်။ သို့ပေမယ့် ထိုလူကို ဒီအားနည်းပုံပေါ်သည့် မျက်နှာဖုံးနှင့်လူက သတ်ခဲ့၏။
“အင်း”
ဟန်ကျောက်က လဲ့ဟူကိုကြည့်ကာ ထူးမခြားနားစွာ ပြန်ကြားသည်။ စုန့်ချွေ၏ အကျင့်စရိုက်ကို အေးစက်ကာ သီးခြားဖြစ်စေ၏။
“ကျွန်တော့နာမည်က လဲ့ဟူပါ။ ခင်ဗျားက ဘယ်သူလဲ မသိဘူး…”
လဲ့ဟူက လက်သီးနှစ်ဖက်ကို ဆုပ်ကာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သည်။ ဟန်ကျောက်၏ သဘောထားက အေးစက်ပေမယ့် သူ့အနေနှင့် မိတ်ဆွေဖွဲ့လိုဆဲ ဖြစ်၏။
“စုန့်ချွေ”
ဟန်ကျောက်၏ လေသံက ပြောင်းလဲခြင်းမရှိပေ။
“ဒီအနီးအနားမှာ အစ်ကိုစုန့်လို ကျွမ်းကျင်သူတစ်ယောက် ရှိနေမယ်လို့ ထင်မထားခဲ့ဘူး။ ခင်ဗျားက တကယ့်ကို ထူးကဲတဲ့ပုဂ္ဂိုလ်ပဲ”
လဲ့ဟူ၏ အပြုံးက ပျောက်ကွယ်သွားခြင်း မရှိပေ။ မျက်နှာဖုံးနှင့်လူ၏ မိတ်ဆွေဖွဲ့လိုခြင်း မရှိသည့် ပုံက သူ့ကို စိတ်ကွက်သွားစေခြင်း မရှိပါ။ သူတို့အလုပ်ရှိ လူများတွင် သတိကြီးတာ ပုံမှန်သာဖြစ်၏။
“ဒါဆိုရင် အစ်ကိုစုန့်ကို မနှောင့်ယှက်တော့ဘူး။ ကျေးဇူးပြုပြီး ကြွပါ”
လဲ့ဟူက လမ်းဖယ်ပေး၏။
“အိုကေ”
ဟန်ကျောက်က ခေါင်းညှိတ်ကာ ကောင်တာဆီသို့ လျှောက်သွားသည်။ လဲ့ဟူ၏ မိတ်ဆွေဖွဲ့ချင်ပုံက သိသာ၏။ သို့ပေမယ့် အသိများလေလေ ပေါ်သွားရန် ပိုမိုလွယ်ကူလေ ဖြစ်ရာ ဟန်ကျောက်ဟာ တစ်ဖက်လူကို အာရုံထားလိုခြင်း မရှိပါ။
ထိုပုံကို တွေ့ရပြီးနောက် လဲ့ဟူလည်း ဒေါသထွက်မနေပဲ နောက်သို့လှည့်ကာ လျှောက်ထွက်ခဲ့၏။ သူဟာ သိုင်းပညာလောကတွင် အချိန်အတော်ကြာအောင် လှည့်လည်ပြီးဖြစ်၏။ ထို့ကြောင့် စုန့်ချွေကဲ့သို့ အကျင့်စရိုက်နှင့် လူမျိုးကို လူကောင်းဟုသာ သတ်မှတ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော လူမျိုးဟာ မာနကြီးပြီး နီးကပ်ရန် ခက်ခဲပေမယ့် အများစုဟာ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ အပြုံးနှင့် ဓါးဝှက်ထားတတ်သည့် လူများထက် များစွာ ပိုမိုကောင်းမွန်၏။
“အရှင်စုန့်”
အမှုထမ်းလည်း သူတို့၏ ပြောစကားများကို ကြားပါသည်။ ပြီးခဲ့တုန်းက စုန့်ချွေဟာ အရေအပြားသန့်စင်ခြင်းအဆင့် ပန်းခြွေပြားကို သတ်ဖြတ်ခဲ့၏။ သို့ရာတွင် သွေးသန့်စင်ခြင်းအဆင့်အထိ ကျင့်ကြံနိုင်သည့် သိုင်းကျမ်းတစ်ခုကို ရခဲ့လေသည်။
ထိုအချိန်က အမှုထမ်းဟာ စုန့်ချွေကို ကံကောင်းပြီး ပွခဲ့သည်ဟု ထင်ခဲ့၏။ မထင်မှတ်စွာပင် နှစ်ဝက်လောက် ပျောက်သွားအပြီးတွင် အရိုးသန့်စင်ခြင်း အဆင့်ရှိ ပြဿနာအများဆုံး ရာဇဝတ်သားကို တစ်ခါတည်း သတ်ဖြတ်လာမည်ဟု ထင်မထားခဲ့ပေ။
ရှင်းလင်းစွာပင် စုန့်ချွေမှာ အရင်ကတည်းက အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်ကာ ပန်းခြွေပြားကို လေ့ကျင့်ရန်သာ အသုံးပြုခဲ့ခြင်း ဖြစ်၏။ အမှုထမ်းဟာ ထိုအချိန်က တစ်ဖက်လူအပေါ် လစ်လျူရှုခြင်း မပြုခဲ့မှုအား ဝမ်းသာနေ၏။
“အရှင်စုန့်.. ဒါက ခင်ဗျားရဲ့ ဆုငွေပါ။ စုစုပေါင်း ငွေ၂၅လျန်ရှိပါတယ်။ ရွှေနဲ့လဲချင်လား မသိဘူး”
“အင်း”
ဟန်ကျောက်က ခေါင်းညှိတ်သည်။ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ ဦးခေါင်းဟာ ဈေးပေါလွန်းသည်ဟုသာ ဆိုရပေလိမ့်မည်။ သို့ပေမယ့် ကံကောင်းစွာပင် ရရှိမှုများက များပြားလှ၏။
ကျိုးဟန်တွင် ငွေ၁၀လျန်ကျော်နှင့် အရိုးသန့်စင်ခြင်း အဆင့်အထိ ကျင့်ကြံနိုင်သည့် ထင်းရှူးလေပြေဓါးသိုင်း စာအုပ်တစ်အုပ်တို့ ရှိလေသည်။ ဟန်ကျောက်ဟာ ဓါးသိုင်းတစ်ခုကို အမှန်တကယ်ကို လေ့ကျင့်လိုနေ၏။ သို့ပေမယ့် သွေးသန့်စင်ခြင်း အဆင့်ကို ရောက်ရှိပြီးမှ လေ့ကျင့်ရန် စဉ်းစားထားသည်။ ထိုသို့ဆိုပါက သူ၏ ကျင့်ကြံမှု အမြန်နှုန်းကို ထိခိုက်စေမှာ မဟုတ်ပေ။
ထိုကဲ့သို့ ကျင့်ကြံလိုခြင်း အကြောင်းမှာ သူ၏ ဓါးနှင့်ဆေဘာအမွှာ ပါရမီကို မြှင့်တင်လို၍ ဖြစ်သည်။ ဆေဘာပါရမီဟာ ငါးဆသို့ မြင့်တက်ပြီးနောက် မည်သည့် ဖွံ့ဖြိုးသည့် အချက်ပေးချက်မှ ပေါ်မလာတော့ပေ။ ဖြစ်နိုင်တာက ဓါးပါရမီ၏ ဆွဲချထားမှုကြောင့် ဖြစ်ပေလိမ့်မည်။
ဤသည်မှာ နောက်ထပ် အဆင့်နှစ်ခု မြင့်တက်နိုင်သည့် ကြီးထွားမှု အမျိုးအစား ပါရမီဖြစ်၏။ သူ၏ ကျင့်ကြံမှုလမ်းကြောင်းပေါ်တွင် အရေးကြီးသည့် မှီခိုအားထားရာလည်း ဖြစ်သည်။
သို့ရာတွင် ထင်းရှူးလေပြေဓါးသိုင်းကို လေ့ကျင့်ရန် သူစိတ်မဝင်စားပါ။ အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်နိုင်ခြင်း မရှိသည့် သိုင်းပညာမျိုးကို သူဂရုမစိုက်ပေ။ ထို့အပြင် ဒီဓါးသိုင်းဟာ တင့်တယ်ကျော့ရှင်းမှုနှင့် လက်ကွက်ကို အလေးပေး၏။ သူကတော့ အရှိန်အဟုန်နှင့် တိုက်ခိုက်ခြင်းမျိုးကို သဘောကျသည်။ ထို့ကြောင့် ရောင်းချတော့မှာပါ။
ထိုအချိန်၌ အမှုထမ်းက ရွှေ၂လျန်နှင့် ငွေ၃လျန်တို့နှင့်အတူ အစိမ်းရောင် တံဆိပ်ပြားတစ်ခုကိုပါ ပေးလာကြောင်းအား နားလည်လိုက်၏။ တံဆိပ်ပြား၏ အရှေ့ဘက်တွင် ဒေသဟူ၍ ရေးထားပြီး အနောက်ဘက်တွင် ချန်ဟူသည့် စကားလုံးကို ရေးထားသည်။
“ဒါကဘာလဲ”
“အရှင်စုန့်.. ဒါက ကိုးသွယ်မြို့က ချန်မိသားစုရဲ့ လေလံအိမ်က တံဆိပ်ပါ”
အမှုထမ်းက ရှင်းပြသည်။
“လက်နက်နဲ့ ကျင့်ကြံတဲ့ သိုင်းပညာတွေက ပုံမှန်သိုင်းပညာထက် အများကြီးပိုဈေးကြီးပါတယ်။ ဒီက ဝယ်ယူမှုဈေးအတိုင်းဆို ဒီထင်းရှူးလေပြေ ဓါးသိုင်းက အလွန်ဆုံး ငွေ၇၀၊ ၈၀လျန်လောက််ပဲ ရမှာပါ။ လေလံတင်ရင်တော့ အနည်းဆုံး ငွေ၁၀၀လျန်နဲ့ ရောင်းချနိုင်ပါတယ်။ ကျောက်မိသားစုရဲ့ ကော်မရှင်ကြေးက ၅%ပဲ ပေးရပါတယ်။ ပြီးတော့ သူတို့ဆီမှာ ရွှေလည်းလဲပေးတယ်”
ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်ဟာ အမှုထမ်းကို အထက်အောက်ကြည့်ပြီး ချက်ချင်းပင် တုံ့ပြန်လာခဲ့၏။
“အိုကေ။ ကျေးဇူး”
သူက တိုကင်ကို ယူလိုက်၏။ ငွေ၁လျန်ကို ကိုင်ကာ တစ်ဖက်လူအား ပစ်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အရှင်စုန့်”
အမှုထမ်းက ငွေကိုယူကာ ပိုမိုနွေးထွေးစွာ ပြုံးသည်။ ဤသည်က အစိုးရဆီမှ ဝင်ငွေရသည်နှင့် မတူပေ။ စုန့်ချွေနှင့် ရင်းနှီးမှုတစ်ခု ရခြင်းကပင် အမြတ်ရနေပြီ ဖြစ်၏။ ယခု ဆုကြေးလည်း ရရာ ပိုမိုကာပင် ကောင်းပါသည်။
“လေလံပွဲက သုံးလတစ်ကြိမ် ကျင်းပပါတယ်။ နောက်ထပ် လေလံပွဲစဖို့ ၅၁ရက် လိုပါတယ်”
“အိုကေ”
ဟန်ကျောက်ဟာ နောက်သို့လှည့်ကာ ထွက်ခွာခဲ့၏။ ဆိုးတာက ကျင့်စဉ်ကို ကူးယူပြီး အနည်းငယ်လောက် ရောင်းချနိုင်ခြင်း မပြုနိုင်သည်ပင်။ မဟုတ်ပါက ပိုမိုများပြားသည့် ပိုက်ဆံများကို ရမှာပါ။
ခန်းမတွင်းမှ ဟန်ကျောက်ထွက်ခွာသွားပြီးနောက် အမှုထမ်းက ငွေ၁၀ပြားကျော်ကို ထုတ်ကာ သူ၏ မိတ်ဆွေများကို ပေးသည်။ တစ်ဖက်လူ၏ ပါးနပ်စွာ ကိုင်တွယ်ပုံကို ကြည့်ခြင်းအားဖြင့် ယခုကဲ့သို့ ကိစ္စမျိုးကို ပထမဆုံးအကြိမ် လုပ်ဆောင်ဖူးခြင်း မဟုတ်ကြောင်းအား တွေ့မြင်နိုင်၏။
…
ဟန်ကျောက်ဟာ အိမ်သို့ပြန်ပြီးနောက် ရွှေ၂လျန်တို့ကို စနစ်ထဲသို့ ထည့်လိုက်သည်။
“လက်ရှိကျန်ငွေ- ရွှေ၄လျန်”
“အချက်ပေးအပိုင်းအစ ၁၅ခုတို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်မည်လား”
“အချက်ပေးအပိုင်းအစ ၂၀နှင့် ရွှေ၃လျန်တို့ကို အသုံးပြုပါ။ သင်သည်…”
“မလုပ်ဘူး”
ဟန်ကျောက်က နှလုံးသားထဲတွင် ရေရွတ်သည်။ ဒီအတောအတွင်းတွင် သူ၏ နှလုံးသားထဲရှိ ယင်စွမ်းအင်တို့ ကုန်ဆုံးသွားခဲ့၏။ သို့ရာတွင် ဝိညာဉ်အဆီအနှစ်လုံးဟာ ယင်စွမ်းအင်ကို အလိုလို စုဆောင်းနေသည့် ပုံပါ။ သုံးလလောက် ကြာပါက သူ့အနေနှင့် စုပ်ယူနိုင်၏။ အချက်ပေး အပိုင်းအစ ၁၀ခု ၁၅ခုလောက် ရနိုင်ပါသည်။
ရက်အနည်းငယ် အတွင်းတွင် သူဟာ ယင်စွမ်းအင်ကို စုပ်ယူပြီး အချက်ပေးအပိုင်းအစ ပိုမိုရှာကာ အစမ်းရှင်သန်မှု ပြုမည်ဖြစ်သည်။ ဟန်ကျောက်ဟာ မဟုတ်သည့် စကားလုံးများ အချက်ပေးမှုတို့ ပေါ်မလာစေရန်အတွက် သင့်တော်သည့် အချိန်မှ စုပ်ယူမည်ဖြစ်၏။
ထင်းရှူးလေပြေဓါးသိုင်းကို ရောင်းချပြီးပါက သူဟာ လင်းယုန်ပျိုးထောင်ခြင်းစံအိမ်သို့ သွားရောက်ပြီး ပိုမိုကောင်းမွန်သည့် ဆေဘာတစ်ချောင်းကို မှာယူမည်ဖစ်သည်။ ကျန်ရှိသည့် ပိုက်ဆံများနှင့် အစားအသောက်၊ အဟာရဆေးတို့ကို ဝယ်မည်ဖြစ်၏။ မည်သည့် ပိတ်ဆို့မှုမှ မကြုံရပါက အချိန်တစ်ခုအတွင်း အစမ်းရှင်သန်မှု မပြုလျှင်တောင် သူ၏ ကျင့်ကြံမှုအမြန်နှုန်းမှာ နှေးကွေးမည်မဟုတ်ပေ။
“လေလံပွဲစဖို့ ၅၁ရက် လိုသေးတယ်”
…
တစ်လနှင့်တစ်ဝက် ကြာပြီးနောက်..
ဒီအချိန်များ အတွင်းတွင် ဟန်ကျောက်ဟာ ဝရမ်းထုတ်ထားသည့် အပြစ်သား အနည်းငယ်ကို ထပ်မံသတ်ဖြတ်ခဲ့သည်။ သို့ပေမယ့် အားလုံးမှာ အရေအပြားသန့်စင်ခြင်းအဆင့်များ ဖြစ်ကြ၏။ ဆုကြေးက မမြင့်ပေ။ သူတို့ဆီမှ ရသည့် ကျင့်စဉ်များမှာလည်း အလွန်နိမ့်ပါး၏။ စုစုပေါင်း ငွေ၄၀လျန်ကိုသာ ရရှိသည်။
ကျန်ရှိသည့် အချိန်များတွင် အနားယူရန် သူစဉ်းစားထားသည်။ လေလံပွဲဟာ တစ်ပတ်အတွင်းတွင် စတင်မှာ ဖြစ်၏။ နောက်တစ်ပတ်တွင် သိုင်းကျောင်းသို့ သွားရောက်ကာ လုယီကို အဆင့်တက်ပြီဟု ပြောရပေမည်။
သို့ရာတွင် အစီအစဉ်ဟာ ပြောင်းလဲမှုကို လိုက်မမှီပေ။ ညနေခင်းတွင် အိမ်သို့ ပြန်လာသည့် ဟန်ကျောက်ဟာ တံခါးဝတွင် စောင့်နေသည့် တစ်ယောက်ယောက်ကို တွေ့လိုက်ရ၏။ မေးမြန်းပြီးနောက် လင်းယုန်ပျိုးထောင်ခြင်း စံအိမ်ဟာ ပြဿနာအချို့ ကြုံရ၍ သူ့ကို မနက်ဖြန်တွင် ခရီးတစ်ထောက် လိုက်ခဲ့ရန် ခေါ်ခြင်းဖြစ်သည်။
တစ်ဖက်လူ ထွက်ခွာသွားပြီးနောက် ဟန်ကျောက်ဟာ အခန်းထဲသို့ ပြန်ခဲ့၏။
“ပြဿနာအနည်းငယ်လား။ ငါမှတ်မိတာမှန်ရင် နောက်ဆုံး အစမ်းရှင်သန်တုန်းက လင်းယုန်ပျိုးထောင်ခြင်းစံအိမ်ကြောင့် ကိုးသွယ်တောင်က နဂါးပျံအဖွဲ့နဲ့ ပြဿနာတက်ခဲ့တယ်ထင်တယ်”