(အလွန်မြန်ဆန်ခြင်း)
Vol. 2 Ch. 21
လုယီဟာ အိမ်တွင် စားတာရှား၏။ ယနေ့တွင် လူပေါင်းများစွာက ကျောက်ယွမ်ထုကို လာဖိတ်ကြလေသည်။ ပါသွားသင့်၏။
“လာထိုင်လေ…”
လုယီက ပြုံးကာ သူ၏ဘေးရှိ ထိုင်ခုံကို ညွှန်ပြသည်။
“ဟုတ်ကဲ့”
ဟန်ကျောက်က အိန္ဒြေရရာ ထိုင်၏။
“ကြက်ကင်သုံးကောင်ရှိတယ်.. မင်းအတွက်နှစ်ကောင်… ငါ့အတွက်တစ်ကောင်”
လုယီက မထိရသေးသည့် ကြက်ကင်ပန်းကန် နှစ်ခုအား တွန်းပေးသည်။
“ငါလည်း အိုနေပြီ။ အရင်တုန်းကဆို တစ်ခါစားရင် ကြက်ကင်ငါးကောင်နဲ့ ဆန်တစ်ဇလားလောက်ပဲ။ အခုတော့ မစားနိုင်တော့ဘူး။ မင်းတို့ လူငယ်တွေ ပိုပြီးသန်မာအောင် များများစားဖို့လိုတယ်”
“ဘာတွေပြောနေတာလဲ.. ဆရာ့ရဲ့ ခန့်ညားတဲ့ပုံကို ကြည့်လိုက်ဦး။ ငယ်နေပါသေးတယ်”
ဟန်ကျောက်က အမြန်ချီးကျူးသည်။
ကျန်းထန်ဝမ်နှင့် စားပွဲသို့ လိုက်ပါအပြီးတွင် လုယီအဆင့်ရှိ လူတစ်ယောက်အတွက် ငွေ၁၀လျန်လောက်မှာ ဘာမှမဟုတ်ကြောင်းကို နားလည်လာခဲ့သည်။ အရင်တုန်းက သူ၏ ပိုးမျှင်တစ်ထောင်ကျမ်းကို လက်ခံခဲ့ခြင်းမှာ အမှန်တကယ်ကို စိတ်ကောင်းနှင့် ဖြစ်၏။ ထို့အပြင် နှစ်ဝက်ကြာအောင် နေ့လည်စာကျွေးမည်ဟု ပြောခဲ့ပေမယ့် ရက်ကုန်ပြီးသည့်တိုင် ကျောက်ယွမ်ထုက လုယီပြောထားသည်ဟူ၍ သူ့ကို ခေါ်စားဆဲ ဖြစ်သည်။
“မင်းကို.. ငါ့ကိုမြှောက်ပင့်ရကောင်းမှန်း သိဦးမယ်လို့ ထင်မထားဘူး။ ဒါကြက်ကင်ကြောင့်မလား”
လုယီက အပြုံးတစ်ခုနှင့် ပြောဆို၏။ ဟန်ကျောက်ကဲ့သို့ လူမျိုးဟာ အပြင်ပန်းတွင် ပေါ့ပေါ့ပါးပါး နေပြီး မည်သည့်အတွက်မှ တိုက်ခိုက်ခြင်း မပြုပုံပေါ်ပေမယ့် အမှန်တကယ်တွင် အလွန် ရည်မှန်းချက် ပြင်းထန်ကြောင်းကို သူသိပါသည်။ ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာမျိုးဟာ သိုင်းပညာ လေ့ကျင့်ရန်အတွက် အလွန်အကျိုးရှိ၏။ ဘာပဲဖြစ်ဖြစ် သိုင်းလေ့ကျင့်ရာတွင် ထိုကဲ့သို့သော စိတ်ထားမျိုး ရှိဖို့လိုပါသည်။
သို့ပေမယ့် လိုချင်သည့် ပန်းတိုင်နှင့် လွဲချော်ရသည့် အခါမျိုးတွင်တော့ ထိုကဲ့သို့သော စိတ်ထားမျိုးဟာ ထိခိုက်လွယ်၏။
ထိုကိစ္စအတွက် လုယီဟာ ကြည့်နေရုံသာ တတ်နိုင်ပါသည်။ သူလုပ်နိုင်တာ မရှိသလို လုပ်ဖို့လည်း မစဉ်းစားပေ။ သေခြင်းရှင်ခြင်းကို ကံတရားက ဆုံးဖြတ်၏။ ချမ်းသာမှုကို လူက ဆုံးဖြတ်၏။ အရာအားလုံးကို ကိုယ့်ဘာသာ တိုက်ခိုက်ယူဖို့ လိုအပ်ပါသည်။ (အသက်ဉာဏ်စောင့် ဥစ္စာကံစောင့်ရဲ့ ပြောင်းပြန်... သေတာကို ကံကုန်သွားပြီဆိုတဲ့ စကားနဲ့တော့ ကွက်တိကျ😂😂)
“ဆရာ့ရဲ့ မျက်လုံးတွေက တကယ့်ကို ထက်တာပဲ။ တစ်ချက်ကြည့်တာနဲ့ မြင်နိုင်တယ်”
ဟန်ကျောက်က နာခံစွာ ပြောသည်။ လုယီကဲ့သို့ ဆရာမျိုးဟာ နီးကပ်ရန် လွယ်ကူ၏။ အစမ်းရှင်သန်မှုတွင် လုယီဟာ ဆရာဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ကို ထိုက်တန်ပါသည်။
“စားပါစားပါ”
လုယီလည်း ဟန်ကျောက်၏ လေသံပြောင်းလဲမှုကို သတိထားမိသည်။ လက်ကိုယမ်းကာ မနှစ်မြို့စွာ ပြော၏။
ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်လည်း ဟန်ထုတ်မနေတော့ပဲ အင်္ကျီလက်များကို တင်သည်။ ကြက်ကင်တစ်ဝက်ကို စားသောက်ပြီးနောက် အပြင်ဘက်မှ မြန်ဆန်သည့် ခြေလှမ်းသံများ ပေါ်လာ၏။ ကျောက်ယွမ်ထုဟာ မိုးဖိုအတွင်းသို့ အပြေးဝင်လာခဲ့သည်။
“ဘုရားကျေးဇူး.. နေ့လည်စာစားချိန်ရောက်ပြီ”
လုယီ၏ စိုက်ကြည့်မှုကို တွေ့ရပြီးနောက် ကျောက်ယွမ်ထုက အမြန်နှုတ်ဆက်သည်။
“ဆရာ”
“မင်းကဘာလို့ ပြန်လာတာလဲ။ ညစာစားဖို့ မခေါ်ထားကြဘူးလား”
လုယီက သိလိုစွာ မေးသည်။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို ဝိုင်းမလုဖို့ မဖြစ်နိုင်ပေ။
“မဟုတ်ပါဘူး။ တစ်မနက်လုံး လက်ဖက်ရည်သောက် မုန့်ပဲတွေစားတဲ့နောက် နေ့လည်ခင်းမှာ ရစ်မူးပန်း ဝိုင်ဆိုင်ကို ခေါ်ချင်နေကြတာ။ ဒါပေမယ့် အဲ့လိုမြင်ကွင်းမျိုးကို ကျွန်တော်မှ မမြင်ဖူးတာ။ အဲ့ဒါနဲ့ တစ်ခါတည်း ပြန်ခဲ့လိုက်တယ်”
ကျောက်ယွမ်ထုက ရှင်းပြသည်။
“ဆရာ.. ဆရာပြောတော့ ဝိုင်က အစာအိမ်ကို အဆိပ်ခတ်ပြီး တဏှာရာဂက အရိုးထွင်းတဲ့ ဓါးလိုပဲဆို။ သိုင်းပညာ ကျင့်ကြံသူတွေက ဒီနှစ်ချက်ကို အမုန်းဆုံးပဲတဲ့။ ကျွန်တော် အကုန်မှတ်ထားပါတယ်”
“ငါပြောတာက အရမ်းကြီး မနစ်မွန်းဖို့ပဲ။ လစ်လျူရှုဖို့ မဟုတ်ဘူး”
လုယီက ဒေါသတကြီး ပြော၏။
“မင်းရဲ့အသက်မှာ အချို့လူတွေဆို ကလေးတောင် ဆယ်နှစ်လောက် ရောက်နေကြပြီ။ မင်းအတွက် လက်ထပ်ပေးဖို့ စီစဉ်ဖို့ အချိန်ကျပြီ”
“အဲ့ဒါတောာ့ ဆရာကြိုက်သလိုသာ လုပ်ပါ”
ကျောက်ယွမ်ထုက ခေါင်းကိုကုပ်သည်။
“ဒါပေမယ့် ကျွန်တော်က သန်မာတဲ့ မိန်းမတွေပဲ သဘောကျတာ။ အကောင်းဆုံးကတော့ ကျွန်တော်နဲ့တူရင် အကောင်းဆုံးပဲ။ ဆရာ့ကို အလုပ်ရှုပ်စေမိပြီ”
“ကောင်းပြီ”
လုယီက ခေါင်းညှိတ်သည်။ သူဟာ သူ့တပည့် အကြိုက်အတွက် ထူးဆန်းမနေပါ။ ဘာပဲဖြစ်ဖြစ် ရှည်ကြာစွာ ရှင်သန်ပြီးနောက်တွင် ထူးဆန်းသည့် လူမျိုးစုံတို့ကို တွေ့မြင်ဖူးပြီး ဖြစ်၏။ နှိုင်းယှဉ်ကြည့်ပါက ကျောက်ယွမ်ထုမှာ အလွန်ပုံမှန်ကျပါသည်။
“ဆရာ.. ကျွန်တော် မစားရသေးဘူး”
ကျောက်ယွမ်ထုက ပန်းကန်ထဲရှိ ကြက်ကင်ကို ကြည့်ကာ ပြုံးသည်။
“မင်းအတွက် အိုးထဲမှာ နှစ်ခုချန်ထားတယ်။ ကိုယ့်ဘာသာ သွားယူစား”
လုယီက ခေါင်းကိုလှည့်ကာ အိုးဆီသို့ ကြည့်သည်။
“ကျေးဇူးပါဆရာ”
သုံးယောက်သားဟာ စားပွဲတွင် ထိုင်ရင်း ကြက်ကင်များကို စားသောက်ကြ၏။ စားသောက်ပြီးစီးတော့မည့် အပြုတွင် ဟန်ကျောက်က လုယီနှင့် ကျောက်ယွမ်ထုတို့အတွက် လက်ဖက်ရည်တစ်ခွက်စီ ငှဲ့ပေးသည်။ ထို့နောက် ပြော၏။
“အစ်ကိုကြီး.. စီနီယာအစ်မရှက ကျွန်တော့ကိုပြောတယ်။ အစ်ကိုကြီးကို ရှမိသားစုကို ဖိတ်ခေါ်ချင်လို့တဲ့။ ဆန္ဒရှိလား မသိဘူး။ စိတ်မဝင်စားရင်လည်း ကျွန်တော် သူမကို ကူငြင်းပေးမယ်”
ယခုအချိန်က ပြောရန် အချိန်ကောင်းဖြစ်၏။ အရမ်းကြီးလည်း တိုက်တွန်းမနေပါ။ ဘေးတွင် လုယီရှိနေ၏။
“ဒါက…”
ကျောက်ယွမ်ထုက လက်ဖက်ရည်ကို အသောက်ရပ်ကာ ပြောသည်။
“အဲ့ကိစ္စကို ငါစဉ်းစားဦးမယ်”
“ဟုတ်ကဲ့”
ဟန်ကျောက်က ခေါင်းညှိတ်သည်။
“ရှမိသားစုလား… မဆိုးဘူး… သူတို့က တော်တော်လေး အင်အားတောင့်တယ်လို့ ပြောနိုင်တယ်။ အရမ်းကြီး စွမ်းအားကြီးတဲ့ အဖွဲ့တွေကျ မင်းနဲ့ မသင့်တော်ပြန်ဘူး။ ဒါက မင်းရွေးချယ်သင့်တာတွေထဲက တစ်ခုပဲ”
လုယီက ပြော၏။ သူ၏ သဘောထားကို ရှင်းလင်းစွာ မဖော်ပြပေမယ့် ရှမိသားစုအတွက် ပြောပေးသည်ဟု ယူဆနိုင်ပါသည်။
ကျောက်ယွမ်ထု၏ အကျင့်စရိုက်မှာ တည့်တိုးဆန်သည်ဟု ဆိုနိုင်၏။ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်များနှင့် ထိပ်တန်းအဖွဲ့အစည်းများတွင် အလိုက်အထိုက် မနေနိုင်ပါက သူ၏ အနာဂတ်ဖွံ့ဖြိုးမှုတွက် အကျိုးရှိမည်မဟုတ်ပေ။
တိုက်ဆိုင်စွာပင် ရှမိသားစုမှာ သင့်တော်လှ၏။ ရှလင်အပေါ်လည်း သူဟာ အကောင်းမြင်စိတ် ရှိပါသည်။ အနည်းဆုံးတော့ သူမဟာ ကျောက်ယွမ်ထုကို လှည့်ဖျားမည်မဟုတ်ပေ။
ဟန်ကျောက်က မည်သည်ကိုမှ မပြောပေ။ သူ၏ တာဝန်ဟာ ပြီးမြောက်သွားပြီ ဖြစ်၏။ အရေးအကြီးဆုံးမှာ ကျောက်ယွမ်ထု၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးမှာ မည်မျှ ကောင်းမွန်နေစေကာမူ ဤသည်ကို အမှီပြုပြီး အရမ်းကြီး တွန်းပါက တစ်နေ့တွင် ဆက်ဆံရေးကို ပျက်ပြားစေမှာပါ။
“ဟန်ကျောက်.. ငါ့အတွက် စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးပါ”
ကျောက်ယွမ်ထုက စိတ်ရင်းဖြင့် ပြောသည်။ သူ့တွင် တည့်တိုးဆန်သည့် စရိုက်ရှိပြီး လှည့်ဖျားမနေတတ်ပေ။ သို့ပေမယ့် တုံးအနေခြင်း မဟုတ်ပါ။ မည်သူက သူ့အပေါ် အမှန်တကယ် ကောင်းပြီး မည်သူက ဝမ်းတွင်းပုပ်နေသည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။
“စီနီယာအစ်ကိုကြီးက အရမ်းကြီး အားနားနေပြန်ပါပြီ” ဟန်ကျောက်က ပြုံးသည်။ ထိုပုံကို တွေ့ရပြီးနောက် လုယီလည်း ပြုံး၏။ နောင်တွင် မိသားစုဆီသို့ သေချာပေါက် ပြန်ကြမည့် အခြား နောက်ခံရှိသည့် တပည့်များနှင့် မတူပဲ ဟန်ကျောက်နှင့် ကျောက်ယွမ်ထုတို့ဟာ သူ၏ သိုင်းအမွေကို ဆက်ခံပြီး နောက်ဆုံးအချိန်ကို ပို့ဆောင်ပေးနိုင်သည့် လူများဖြစ်ကြသည်။
သူ၏ သမီးဖြစ်သူမှာတော့ စီရင်စုမြို့တော် သိုင်းကျောင်းဆီသို့ ဝင်ရောက်ပြီး နောက်တွင် အမြင့်ရှိ ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ သူက အတင်းဆွဲချကာ ယခုကဲ့သို့ သေးငယ်သည့် နေရာလေးတွင် နေစေမည်မဟုတ်ပါ။ ဒီနှစ်ယောက် သင့်မြတ်ကြတာ ကိစ္စကောင်းဖြစ်၏။
နေ့လည်စာအပြီးတွင် ဟန်ကျောက်ဟာ ခဏတာ အနားယူပြီး ခွန်အားပြည့်ဝစွာဖြင့် နေ့လည်ခင်း လေ့ကျင့်မှုကို ကြိုဆိုမည် ဖြစ်၏။
ညနေခင်းတွင်..
ဟန်ကျောက်ဟာ ခြံဝန်းအတွင်း၌ တည်ငြိမ်သော အသွင်နှင့် ရပ်နေလေသည်။ သူ၏ ကြွက်သားနှင့် အရိုးတို့ကို သန်မာစေရန် ဆေဘာကို ဆက်လက်လွှဲယမ်းကာ လေ့ကျင့်နေ၏။ သို့ရာတွင် သူ၏ စိတ်ထဲတွင်တော့ ထင်သလောက် တည်ငြိမ်ခြင်းမရှိပါ။
“သွားပြီ.. ဘာလို့ ဒီလိုဖြစ်ရတာလဲ”
“ဒီနှုန်းအတိုင်းဆို… အလွန်ဆုံး နှစ်ဝက်အတွင်းမှာပဲ အရိုးသန့်စင်ခြင်း အဆင့်ကို ချိုးဖျက်သွားလိမ့်မယ်။ ဒီအမြန်နှုန်းက လွန်ကျူးလွန်းသွားပြီ”
သူ၏ ကျင့်ကြံမှု အမြန်နှုန်းဟာ အလွန်မြန်ဆန်လှသဖြင့် သူဟာ အနည်းငယ် စိုးရိမ်နေလေသည်။
ပြီးခဲ့တုန်းက အစမ်းရှင်သန်ခြင်းတွင် အသက် ၁၉နှစ်၌ အဆင့်ချိုးဖျက်ခဲ့၏။ လုယီဟာ သူ့ကို ပျိုးထောင်ရန် အထူးဂရုစိုက်လာပြီး သူ၏ သိုင်းအမွေကို ဆက်ခံရန် ရည်ရွယ်လေသည်။ နောက်ပိုင်းတွင် သမီးဖြစ်သူနှင့်ပင် လက်ထပ်ပေးခဲ့၏။ ယခု သူဟာ အသက်၁၈နှစ်နှင့် အဆင့်တက်ပေတော့မည်။
စုယွင်နှင့် ရှလင်တို့ဟာ အရိုးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ရန် ၂နှစ်တာ အချိန်ယူခဲ့၏။ နှစ်ယောက်စလုံးဟာ မိသားစု ထောက်ပံ့မှုနှင့် အရိုးအမြစ် အများပြားတို့ ရှိလေသည်။ သူကတော့ တစ်နှစ်တောင် မပြည့်သေးပဲ အရိုးသန့်စင်ခြင်း အဆင့်သို့ တစ်ခါတည်း ချိုးဖျက်မည် ဖြစ်၏။ အနည်းငယ် မယုံကြည်နိုင်စရာ ကောင်းလှသည်။
လုယီဟာ သူ့ကို ကောင်းမွန်စွာ ဆက်ဆံပေမယ့် အစမ်းရှင်သန်မှုအတွင်းရှိ ရလဒ်များမှာ ပြင်ပတွင် ကြီးမားသည့် ပြောင်းလဲမှုတို့ မရှိမှသာ တူညီစွာ ထွက်လာမှာဖြစ်သည်။ အနာဂတ်က ဆက်တိုက် ပြောင်းလဲနေနိုင်၏။ လုယီအနေနှင့် မည်သည်ကိုမှ သံသယမဝင်လျှင်တောင် သူ၏ ကျင့်ကြံမှုအမြန်နှုန်းဟာ မြို့ထဲရှိ အခြား အဖွဲ့အစည်းကြီးများ၏ အာရုံကို သေချာပေါက် ဆွဲဆောင်မှာပါ။
“အရင်ဆုံး ငါ့ရဲ့ ကျင့်ကြံနှုန်းကို ဖုံးကွယ်ထားပြီး ဆရာ့ကို လျှို့ဝှက်ခိုင်းထားရမယ်”
ဟန်ကျောက်ဟာ ခဏတာ စဉ်းစားပြီး အကြံထုတ်၏။ လုယီဟာ နှစ်လ၊ သုံးလအကြာတိုင်းတွင် သူ၏ ကျင့်ကြံမှု တိုးတက်နှုန်းကို စစ်ဆေးလေ့ရှိသည်။ ထို့ကြောင့် နှစ်လ နောက်ကျပြီးမှသာ အဆင့်မြင့်တက်မှုကို ပြသလို့ ရ၏။ ထိုအခါ အရမ်းကြီး အံ့ဩမှုကို ကာကွယ်နိုင်ပါသည်။
ထို့အပြင် ၎င်းကို လျှို့ဝှက်ချက်အဖြစ် ထားပြီး လအနည်းငယ်မှ ကြေငြာစေရန် ဆရာ့ကို ပြောရပေမည်။ ၂နှစ်အတွင်းတွင် အဆင့်ချိုးဖျက်မှုမှာ ပုံမှန် ပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်နေပြီ ဖြစ်၏။