ကောင်းကင်ဘုံတာအို
Vol. 129 Ch. 1775
“ကောင်းကင်ဘုံတာအို…” ဝမ်လင်း၏စိတ်သည် ဗလာကျင်းသွား၏။ သူ ရှေ့ဖြစ်ဟောသူ၏ ပြန်လည်မွေးဖွားခြင်းများ၌ တွေ့ရှိခဲ့သည့်အရာမှာ သူ့အတွက် ယုံကြည်ဖို့ ခက်ခဲနေသည်။ လူတိုင်း ရှာဖွေနေသော ကောင်းကင်ဘုံတာအိုသည် အမှန်တကယ်၊အမှန်တကယ်ပင် ရှေ့ဖြစ်ဟောသူ ဖြစ်နေလေသည်။
ထိုလူငယ်က သူ့မျက်နှာကို လက်ဖြင့် ထိကိုင် ပြုပြင်လိုက်သည်ကို ကြည့်ကာ ဝမ်လင်းသည် သူ့စိတ်ထဲရှိ လှိုင်းဂယက်ကို တည်ငြိမ်အောင် လုပ်ဖို့ ခက်ခဲနေတော့သည်။
သူ ကြည့်နေစဉ်မှာပင် ထိုလူငယ်က သူ့အပြုံးကို ဆက်ထိန်းသိမ်းထားလျက် အကွာအဝေးတစ်ခုထံသို့ ပျောက်ကွယ်သွားတော့သည်။ သည်ကြယ်အဖွဲ့အစည်းမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ဝမ်လင်း၏ရှေ့တွင် ပျက်စီးသည်။ သို့သော် ဝမ်လင်းက တုန်လှုပ်နေဆဲပင်။
အပြင်ဘက်ရှိ ဆင့်ခေါ်ခြင်းမြစ်တွင် ဝမ်လင်းကိုယ်ပွား၏မျက်နှာမှာ ဖြူရောနေသည်။ သူ့မျက်နှာထက်တွင် သွေးကြောများ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။
ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားစိတ်ဝိညာဉ်များသည် ဝမ်လင်း၏ ကိုယ်ပွားထံ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကာ သူ့အား သိမ်းပိုက်ဖို့ ကြိုးစားကြသည်။
ထိုစိတ်ဝိညာဉ်များ ပေါင်းစပ်နေစဉ် ရှေ့ဖြစ်ဟောသူ၏ သုန်မှုန်နေသော အသံသည် ဝမ်လင်းကိုယ်ပွား၏စိတ်ထဲ၌ ပဲ့တင်ထပ်သည်။
“မင်းဟာ ဒီအဘိုးအိုနဲ့ ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်ပါ့မလဲ။ ဒီအဘိုးအိုက ခုချိန်မှာ မင်းကို သိမ်းပိုက်ပြီးသွားပြီး။ မင်းရဲ့မူလခန္ဓာကိုယ်ကရော ဒီအဘိုးအိုရဲ့ မူလခန္ဓာကိုယ်ကို တွေ့ခဲ့ပြီလား…”
ဆင့်ခေါ်ခြင်းမြစ်နှင့် တောက်ပသောလေဟာနယ် ကြယ်အဖွဲ့အစည်းတို့မှ ရှေ့ဖြစ်ဟောသူ စိတ်ဝိညာဉ်တစ်ထောင်ကျော်တို့သည် ဝမ်လင်း၏ကိုယ်ပွားနှင့် ပေါင်းစပ်သွားခဲ့လေပြီ။ တိမ်ပင်လယ်နှင့် အလုံးစုံကောင်းကင်တို့မှ စိတ်ဝိညာဉ်များသည်လည်း နီးကပ်လာနေကြသည်။
အိပ်မက်တာအိုထဲတွင်မူ ရှေ့ဖြစ်ဟောသူ၏ ဒုတိယကြိမ်မြောက်နိုးထခြင်းက ပျက်စီးသွားသည့်အခါ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ၏ ပထမဆုံးအကြိမ် နိုးထခြင်း မြင်ကွင်းကို တွေ့မြင်ရလေသည်။
သည်ကြယ်အဖွဲ့အစည်းက ဝေဝါးလာကာ ထို့နောက် ပျက်စီး၍ တဖြည်းဖြည်းချင်း အရာအားလုံးသည် ပျောက်ကွယ်သွားသည်။ ထို့နောက် ဝမ်လင်း၏ရှေ့တွင် တံခါးချပ်ကြီးတစ်ချပ် ပေါ်လာ၏။ ထိုတံခါးမှာ ဝမ်လင်းအား ပုရွတ်ဆိတ်တစ်ကောင်အလား ခံစားမိစေသော ပုံရိပ်ယောင်တစ်ခုကို ပေးစွမ်းလေသည်။
ထိုတံခါးသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း၌ ပေါ်လာခဲ့ဖူးသော တံခါးနှင့် ကွာခြားပေသည်။ ထိုတံခါးသည် ခမ်းနည်းထည်ဝါမှုကို ပေးစွမ်းခြင်း မရှိဘဲ သည်လောကနှင့် သမူဟဖြစ်စွာ ပေါင်းစပ်နေသည့်ပုံ ပေါ်သည်။
ဝမ်လင်းသည် ထိုတံခါးနောက်၌ မည်သည့်အရာရှိနေသည်ကို မသိပေ။ သို့သော် သူက တံခါးတဖက်ထံမှ ကျယ်လောင်စွာတုန်ဟည်းသံများကို ကြားလိုက်ရသည်။ အပြင်ဘက်မှ ၎င်းတံခါးကို အနှိုင်းမဲ့အားတစ်ခုက ထိရိုက်နေသည့်အလား။ ထိုတံခါးသည် ရုတ်တရက် တုန်ယင်သွားသည်။
၎င်းတံခါး တုန်ယင်နေစဉ် ဝမ်လင်းသည် ၎င်းပေါ်၌ အက်ကြောင်းတစ်ခု ပေါ်လာသည်ကို မြင်သည်။ ထိုအက်ကြောင်း ပျံ့နှံ့လာရင်း အက်သံများ ပဲ့တင်ထပ်သည်။ ထိုအက်ကြောင်းသည် တံခါးကို ထက်ပိုင်းခွဲခြမ်း ပစ်လေတော့မည့်အလား။
ကျယ်လောင်စွာတုန်ဟည်းသံများသည် ပို၍ပင် ပြင်းထန်လာသည်။ ထိုအခိုက်တွင် ယင်းတံခါးသည် အပိုင်းအစစ ကွဲထွက်ကာ ပြန့်ကြဲသွားသည်။
ယင်းတံခါးသည် အက်ကွဲပြီးနောက်တွင်ပင် ကြီးမားနေဆဲပင်။ ၎င်းမှာ အမှုန်အမွှားဖြစ်သည့်အထိ တစစီ ဖြစ်မသွားပေ။ ဖိသိပ်အားကြောင့် အဘက်ဘက်သို့ အစိတ်အပိုင်းများအဖြစ် ပျံသန်းထွက်သည်။ ထိုအစိတ်အပိုင်းများမှာ မြန်လွန်းသဖြင့် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
ဟင်းလင်းပြင်၏ အစိတ်အပိုင်းတစ်ခုထံ ပျံသန်းသွားခဲ့သော ထိုတံခါး၏ အစိတ်အပိုင်းတစ်ခုမှာ တောက်ပသောလေဟာနယ် ဖြစ်လာခဲ့သည်။ ထိုအစိတ်အပိုင်းက ထပ်မံ၍ တစစီ ပျက်စီးကာ ဟင်းလင်းပြင်ကိုယ်တိုင်သည်လည်း ဆုတ်ပြဲသည်။ ထိုအစိတ်အပိုင်းများသည် ဟင်းလင်းပြင်အက်ကြောင်းများထဲသို့ နစ်မြုပ်သွား၏။
ထိုတံခါး၏ အစိတ်အပိုင်းများစွာသည် လေဟာနယ်နှင့် ပေါင်းစပ်ကာ ဟင်းလင်းပြင်ကိုယ်တိုင် မတည်မငြိမ် ဖြစ်လာပြီး ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ဖန်တီးလေသည်။ ထိုတံခါး၏ အစိတ်အပိုင်းများက သည်နေရာတွင် တည်ရှိကာ နှစ်ပေါင်းမရေမတွက်နိုင်သည့်အထိ မပြောင်းလဲတော့ပေ။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် တချို့နည်းလမ်းများကို အသုံးပြုခဲ့သည့်နောက်တွင် နတ်လေးပါးကလန်မှ အုပ်စုသည် ထွက်ပေါ်လာကာ ကျင့်ကြံခြင်းတစ်ခုကို ရှာဖွေကြသည်။ သူတို့က ဒီနေရာရှိ မတည်မငြိမ်မှုကို ဖုံးအုပ်ခဲ့၊ ထိုဟင်းလင်းပြင်အက်ကြောင်းကို ဖုံးအုပ်ခဲ့ကြ၏။ သူတို့က ထိုဟင်းလင်းပြင်အက်ကြောင်းကို သည်ဂြိုဟ်နှင့် ချိတ်ဆက်ခဲ့သည်။
ထိုကျင့်ကြံသူအုပ်စုက တဖြည်းဖြည်း ထွက်ခွာလာသည်။ ထိုဟင်းလင်းပြင်အက်ကြောင်းသည် အချိန်ကုန်လာသည်နှင့်အမျှ အကြောင်းတိုက်ဆိုင်စွာ သည်နေရာတွင် ပေါ်လာလိမ့်မည်။ ဤသည်မှာ ထိုကျင့်ကြံခြင်းဂြိုဟ်ပေါ်ရှိ ပါရမီရှိသော ကျင့်ကြံသူများထဲမှ တချို့တလေ တွေ့ရှိခဲ့သောအရာပင်။ သည့်နောက် ထိုနေရာသည် တဖြည်းဖြည်း ပြင်ပတိုက်ပွဲနယ်မြေ ဖြစ်လာခဲ့ချေသည်။
ထိုဧရာမတံခါးချပ် ကွဲထွက်သွားသည့်အခိုက်အတန့်၌ ဝမ်လင်းက မြူလွှာအလုံးတစ်လုံးသည် ပျက်စီးသွားသော တံခါးချပ်ထံ ဖြတ်သန်းသွားသည်ကိုလည်း တွေ့မြင်ခဲ့သည်။
ထိုမြူလွှာအလုံးအတွင်း၌ ဝမ်လင်းက လူတစ်ယောက်ထိုင်နေသည်ကို မြင်သည်။ သူက ထိုလူ၏ပုံပန်းသွင်ပြင်ကို ကောင်းကောင်း မမြင်ရပေ။ သို့သော် သူက ထိုသူ ကျယ်လောင်စွာ အော်ဟစ်လိုက်သံများကိုမူ ကြားလိုက်ရသည်။
“ကောင်းကင်ဘုံတာအို။ မင်းက တကယ်ပဲ ကောင်းကင်ဘုံတာအိုကို ပိုင်ဆိုင်ခဲ့တာပဲ။ သေစမ်း။ ဒီဘုရင် ဒါကို သဘောမတူဘူး…” ထိုဟိန်းအော်သံက အဆုံးသပ်၌ စူးရှရှအသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကြောက်မက်ဖွယ်တုန်ဟည်းသံသည် ထိုမြူအတွင်းမှ ထွက်ပေါ်လာ၏။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်နေစဉ် အဆုံးမဲ့မိုးကြိုးများက စတင်လှုပ်ရှားသည်။ အစွမ်းထက်အားတစ်ခုက သည်မြူကို ဆုတ်ဖြဲလိုက်သည့်နှယ် ၎င်းသည် အပိုင်းပိုင်း ဖြစ်သွားပြန်သည်။
ထိုမြူက အစုအဝေးနှစ်ခုအဖြစ်သသို့ ကွဲထွက်ကာ တစ်ခုသည် ကြီးမားပြီး တစ်ခုက သေးငယ်သည်။ ကြီးမားသောမြူအစုအဝေးက ဟိန်းသံများ ထွက်ပေါ်စေသော ပုံရိပ်ကို သယ်ဆောင်ကာ နေရာတစ်ခုသို့ ပျံသန်းသွားတော့သည်။ ထိုနေရာကိုမူ မသိရလေပေ။
သေးငယ်သော မြူအစုအဝေးကတော့ ဆန့်ကျင်ဘက်အရပ်သို့ ပျံသန်းသွားသည်။
သေးငယ်သော မြူအစုအဝေးက ဆက်လက်ရွှေ့လျားကာ အဝေးသို့ ပျံသန်းသွားရင်း ကြုံ့သွားသည်။ ဝမ်လင်းသည် ထိုမြူအတွင်း၌ စက်ဝန်းပြတ်အစိတ်အပိုင်းတစ်ခု ပါဝင်နေသည်ကို ခပ်ရေးရေး မြင်မိသည်။
စက်ဝန်းပြတ်အစိတ်အပိုင်းသည် ဝေဝါးလေ၏။ သို့သော် ၎င်းမှာ သေးငယ်သောမြူအစိတ်အပိုင်း၏ ဗဟိုချက်ဖြစ်သည်မှာ ထင်ရှားသည်။
၎င်းသည် ပျံသန်းသွားနေစဉ် မြူထုတစ်ခုက သေးသထက်သေးလာကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။ ၎င်းက စက်ဝန်းပြတ်အစိတ်အပိုင်းတစ်ခုအဖြစ်ထိ အပြည့်အဝ သိပ်သည်းသွားသည်။ ၎င်းက ပျံသန်းလာရင်း ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်သို့ ကျရောက်သည်။
ထိုဂြိုဟ်ပေါ်၌ မည်သည့်သက်ရှိမျှ မရှိဘဲ ခပ်နိမ့်နိမ့်တောင်တစ်လုံးသာ ရှိသည်။ ထိုအစိတ်အပိုင်းက ယင်းတောင်ပေါ်သို့ ကျရောက်သွားသည်။ ထိုတောင်သည် ပျက်စီးသွားကာ ယင်းအစိတ်အပိုင်းသည် ဂြိုဟ်၏အတွင်းနက်ပိုင်းထိ ထွင်းဖောက်သွားပြီးနောက် ရပ်တန့်သွားတော့သည်။
ဝမ်လင်းသည် ထိုအခြင်းအရာများအားလုံးကို မျက်မြင်တွေ့နေရပေ၏။ သူက ထိုဂြိုဟ်၏အတွင်းဘက်ရှိ စက်ဝန်းပြတ်အစိတ်အပိုင်းထံ စိုက်ကြည့်သည်။ ၎င်းအပေါ်၌ ရှေးဟောင်းစာသားကို ရွေးထွင်းထားပြီး ၎င်းမှာ သံလိုက်အိမ်မြောင်၏ အစိတ်အပိုင်းတဝက်နှင့် တူနေပေသည်။
ပို၍ တိတိပပဆိုရသော် ၎င်းမှာ သံလိုက်အိမ်မြှောင်တစ်ခု၏ အစိတ်အပိုင်းတစ်ဝက်ပင်။
အချိန် ကုန်လွန်လာ၏။ နှစ်ပေါင်း မည်မျှ ကြာမြင့်ပြီးသွားမှန်း မသိပြီးနောက်တွင်လည်း သည်ဂြိုဟ်ပေါ်တွင် မည်သည့်သက်ရှိမျှ ရှိမနေသေးပေ။ သို့ပေမည့် သံလိုက်အိမ်မြှောင်အဖြစ် သိပ်သည်းသွားခဲ့သော မြူက တဖြည်းဖြည်း ပေါ်လာခဲ့သည်။
ထိုမြူသည် စုဝေးလျက် ဝိုးတဝါးပုံရိပ်တစ်ခု ဖြစ်လာသည်။ ထိုပုံရိပ်က တဖြည်းဖြည်း ပိုထင်ရှားလာကာ လူငယ်တစ်ယောက်၏ ပုံပန်းအသွင် ပေါ်လာသည်။
ထိုလူငယ်က မျက်လုံးမှိတ်လျက် သံလိုအိမ်မြှောင်တစ်ဝက်၏ အပေါ်တွင် လွင့်မြောနေသည်။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေသည်။
“ငါ အသိစိတ်စိတ်ဝိညာဉ်တစ်ခု ရလာခဲ့ပြီ။ ငါ့ကို သခင်က ဆင့်ခေါ်ခဲ့ပြီး ဟိုကောင်းကင်ဘုံသားကို ဝါးမြိုခဲ့တာ ငါ မှတ်မိတယ်။ အဲ့ကောင်းကင်ဘုံသားဟာ ငါ့ဝါးမြိုခြင်းကို ဟန့်တားဖို့ ထွေးထုတ်ခဲ့တယ်။ အဲ့ဒီနောက် ငါဟာ အစိတ်အပိုင်းအဖြစ် ကွဲထွက်သွားခဲ့တယ်။ ငါ ဘယ်သူလဲ…” ထိုလူငယ်က မျက်လုံးမှိတ်ကာ စတင်စဉ်းစားသည့်ပုံပင်။
ခဏအကြာတွင် ရုတ်တရက် သူက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။
“ငါဟာ ကောင်းကင်ဘုံတာအိုပဲ။ ငါ့မှ အသစိတ် မရှိသင့်ဘူး။ ဒါပေမဲ့ အဲ့ကောင်းကင်ဘုံသား ထွေးထုတ်လိုက်တဲ့အချိန်မှာ ငါဟာ တချို့တဝက်၊ သူ့နတ်ဘုရားအာရုံ တချို့ကို စုပ်ယူမိခဲ့တယ်။ ငါဟာ ဉာဏ်ရည် ပိုင်ဆိုင်လာခဲ့တယ်…”
ထိုလူငယ်က အရာအားလုံးကို နားလည်သွားသည့်အလား ခပ်တိုးတိုး ရေရွတ်သည်။
ဝမ်လင်းသည် ထိုအဖြစ်ကို တွေ့မြင်သည့်အခါ သူလည်း တော်တော်များများကို နားလည်သွားလေသည်။ သူက လျန်တောက်ဖေ ဘာကြောင့် အရူးတစ်ယောက် ဖြစ်သွားခဲ့သည်၊ ခုနစ်ရောင်စုံတာအိုသခင်၏ အိပ်မက်ထဲ၌ သူ တွေ့မြင်ခဲ့သော လျန်တောက်ဖေသည် ဘာကြောင့်မောက်မာလွန်းခဲ့သည်ကို နားလည်သွားခဲ့ပြီ။
ခုချိန်၌ ဝမ်လင်း၏စိတ်သည် ပိုကြည်ရှင်းလာသည်။
“လျန်တောက်ဖေဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာ သူ ဆန္ဒရှိသလို လုပ်နိုင်တဲ့ တစ်ယောက်ပဲ ဖြစ်လိမ့်မယ်။ သူ့မှာ အလွန်အဆင့်အတန်းမြင့်မားတဲ့ အစ်ကိုတစ်ယောက် တကယ် ပိုင်ဆိုင်ထားတဲ့ပုံပဲ။ ဒါ့ကြောင့် သူ့ရဲ့ စိတ်ဟာ ထူးဆန်းပြီး မောက်မာလွန်းနေတာ။ ငါ နားလည်သလောက်ဆိုရင် သူဟာ တစ်ခုခုကို သဘောကျလိုက်တာနဲ့ ရတနာဖြစ်ဖြစ်၊ လူကိုပဲ ဖြစ်ဖြစ် ချက်ခြင်း မတွေဝေဘဲ လုယူတဲ့သူ ဖြစ်ရလိမ့်မယ်…”
“သူက ဒါကို မလုယူနိုင်ခဲ့ရင်တောင် တဖက်လူရဲ့ ကလန်တစ်ခုလုံးကို သူ စိတ်ကျေနပ်အောင်လို့ သတ်ပစ်တဲ့လူစားမျိုး ဖြစ်လိမ့်မယ်။ သူ့ရဲ့လောဘနဲ့ စိတ်နေစရိုက်ကြောင့် သူဟာ သူလိုချင်တဲ့အရာအတွက် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ လှိုဏ်ဂူလောကထဲ ရောက်လာခဲ့တာ…”
“ဒါပေမဲ့ အဆုံးသပ်မှာ သူဟာ ကောင်းကင်ဘုံတာအိုရဲ့ ဝါးမြိုခြင်းကို ခံခဲ့ရပြီး သူ့နတ်ဘုရားအာရုံဟာ ပေါက်ကွဲသွားခဲ့တယ်။ သူ့လောဘ အများစုနဲ့ ညံဖျင်းတဲ့စိတ်နေစရိုက်တို့ဟာ ကောင်းကင်ဘုံတာအိုရဲ့ ဒီအစိတ်အပိုင်းက စုပ်ယူခဲ့မိတာ ဖြစ်ရမယ်…”
“ဒါ့ကြောင့် လျန်တောက်ဖေကို အရူးတစ်ယောက်အဖြစ် ငါ တွေ့ခဲ့တဲ့အချိန်မှာ သူဟာ အရင်နဲ့ မတူတော့တဲ့သူ ဖြစ်နေခဲ့တာပဲ။ မဟုတ်ရင် သူ့စရိုက်နဲ့ဆို သူက ငါ့ကို ကောင်းကင်ဘုံသွေးမျိုးဆက် ဘယ်ပေးပါ့မလဲ၊ သူ့မန္တာန်တွေကို ဘယ် သင်ပေးပါ့မလဲ။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်နေပါစေ ငါဟာ ခုလက်ရှိ လျန်တောက်ဖေ(အရူး)ကို ပိုသဘောကျတယ်…”
ဝမ်လင်းက သံလိုက်အိမ်မြောက်အစိတ်အပိုင်းတဝက်ပေါ်တွင် မြောလွင့်နေသော လူငယ်ကို ကြည့်ကာ သူ၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။
ထိုလူငယ်က သံလိုက်အိမ်မြှောင်ကို ကြည့်ကာ စဉ်းစားနေသည်။
“ကောင်းကင်ဘုံဖိဆန်တဲ့ သံလိုက်အိမ်မြှောင်တစ်ဝက်ဟာ ငါ့မူလခန္ဓာကိုယ်ပဲ။ ဒီအော်ရာကို ဘယ်သူမှ ထောက်လှမ်းမိနိုင်မှာ မဟုတ်ဘူး။ ဒီနေရာကနေ ထွက်ခွာတာဟာ အန္တရာယ်အကင်းဆုံးပဲ…” ထိုလူငယ်က ထိုသို့တွေးရင်း သည်ဂြိဟ်ထံကနေ အမည်မသိနေရာတစ်ခုသို့ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းက ထိုလူငယ် ထွက်ခွာသွားမှုကို လစ်လျူရှုထားသည်။ သူက သံလိုက်အိမ်မြှောင်တစ်ဝက်ကိုသာ စိုက်ကြည့်နေသည်။ သူက သည်နေရာရှိ အရာအားလုံး၊ သည်ဂြိုဟ်၏အော်ရာတို့ကို မှတ်သားထားလိုက်၏။ ထို့နောက် သူက ရုတ်တရက် မျက်လုံးမှိတ်လိုက်သည်။ သူ မျက်လုံးမှိတ်လိုက်သည့်အခိုက်တွင် သည်နေရာရှိ အရာအားလုံးသည် ငြိမ်သက်စွာ ပျက်စီးပြိုလဲသွားတော့သည်။
ထိုအခါ ရှေ့ဖြစ်ဟောသူ၏ ပြန်လည်မွေးဖွားခြင်း အကြိမ်ကိုးဆယ်ကျော်သည် အဆုံးသပ်သွားလေပြီ။
ဝမ်လင်း မျက်လုံးမှိတ်လိုက်သည့်အခါတွင် သူ့ ဒီအိပ်မက်သည် အဆုံးသပ်သွားလေပြီ။ သူက မျက်လုံး ပြန်ဖွင့်လာသည့်အခါ တာအိုသခင်အိပ်မက်ပြာ၊ ချင်းလင်နှင့် အရှင်ဟုန်ရှန်တို့ကို တွေ့မြင်၏။ သူက သူ့ကိုယ်ပွားမှာ ဆင့်ခေါ်ခြင်းမြစ်၌ ပြည့်ပြည့်ဝဝ သိမ်းပိုက်ခံရတော့မည်ကိုလည်း တွေ့မြင်သည်။
“ကျနော်…သူ့မူလခန္ဓာကိုယ်ကို ရှာတွေ့ခဲ့တယ်။ စီနီယာတို့သုံးယောက်…ငါနဲ့အတူ လိုက်လာဖို့ မလိုပါဘူး။ သင်တို့သုံးယောက်က ငါ့ကိုယ်ပွားကို ထိန်းချုပ်နိုင်ဖို့ အချိန်ပိုရအောင်ပဲ ကူညီပေးပါ…”
ဝမ်လင်းသည် ထရပ်ကာ ထိုသုံးယောက်ထံ လက်နှစ်ဖက်ဆုပ်၍ အရိုအသေ ပေးလိုက်သည်။ ထို့နောက် သူက ရှေ့သို့ ခြေလှမ်းကာ အကွာအဝေးတစ်ခုထံသို့ တိုးဝင်သွားတော့သည်။
“ရှေ့ဖြစ်ဟောသူ…ဒီကစားပွဲက အဆုံးသပ်တော့မယ်…”