← Chapters

အနှစ်သာရများကို ပြန်ဖြစ်ပေါ်စေခြင်း

Vol. 129 Ch. 1778

အနှစ်သာရများကို ပြန်ဖြစ်ပေါ်စေခြင်း

Vol. 129 Ch. 1778

မြေနိမ့်သားရဲပေါ်တွင် ထိုင်နေရင်း ဝမ်လင်းမှာ အလွန်ပင်ပန်းနေပြီ ဖြစ်၏။ မြေနိမ့်သားရဲက အလွန်ကြီးမားသော်လည်း ခုချိန်၌ များစွာ ကြုံ့နေသဖြင့် ၎င်းသည် ပေတစ်သောင်းမျှသာ ရှိတော့၏။ မည်သို့ပင်ဖြစ်စေ ၎င်း ရှေ့သို့ ရွှေ့လျားလာစဉ် ၎င်းအား တွေ့မြင်သူတိုင်းသည် ကြီးမားသောဖိအားကို ခံစားမိရမည်သာ။

မြေနိမ့်သားရဲထံမှ ဖိအားသည် ၎င်း၏ခန္ဓာကိုယ်နှင့် အေးတိအေးစက် ရက်စက်ဟန်အကြည့်ထံမှ လာ၏။

ယင်းသားရဲ၏ ရှေ့၌ မည်သည့်သက်ရှိကမျှ အရာမထင်သည့်နှယ်။ ၎င်းမှာ ကောင်းကင်ဘုံတာအို ဖြစ်၏။ သည်လှိုဏ်ဂူလောကမှ အရာအားလုံးသည် ၎င်းထံမှ ဖြစ်ပေါ်လာခဲ့ခြင်းသာ။ ကျင့်ကြံသူများဖြစ်စေ၊ ကြမ်းကြုတ်သောသားရဲများဖြစ်စေ ယင်းတို့သည် ၎င်းအတွက် ဘာမှ မဟုတ်လေပေ။

အလားတူပင် ထိုဖိအားက ၎င်းသားရဲပေါ်၌ ထိုင်နေသော ဝမ်လင်းထံမှလည်း လာ၏။ သူသည် နေရာတွင် ထိုင်နေသည်သာ ဖြစ်သော်လည်း သူ့ထံမှ ကောင်းကင်နတ်ဘုရားတစ်ပါးအလား အော်ရာကို ပေးစွမ်းနေချေသည်။

ဝမ်လင်းထံ၌ ရှေးတောက်သွေးမျိုးဆက် ပိုင်ဆိုင်ထား၏။ ထိုသွေးမျိုးဆက်က အရူး(လျန်တောက်ဖေ)၏ သွေးမျိုးဆက်နှင့် ယှဉ်၍ရလောက်အောင် မြင့်မြတ်သည်။ သူက လှိုဏ်ဂူလောကမှလူ ဖြစ်သော်လည်း သူ့သွေးမျိုးဆက်က သူ့အား အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ လူများကိုပါ အပေါ်စီးက ကြည့်နိုင်ခွင့် ပေးစွမ်းထားသည်။

မြေနိမ့်သားရဲက ငြိမ်သက်စွာ ရွှေ့လျားနေ၏။ ပို၍ တိတိကျကျဆိုရသော် ၎င်းက လှုပ်ရှားနေခြင်းမဟုတ်၊ သည်လောကကိုယ်တိုင်ကသာ ရွှေ့လျားနေခြင်း ဖြစ်ချေ၏။ ၎င်းက မည်သည့်နေရာကို မဆို ချက်ခြင်းသွားနိုင်သည်။ အကြောင်းမှာ သည်လှိုဏ်ဂူလောကမှာ ၎င်း၏အပိုင် ဖြစ်သည် မဟုတ်လား။

ဝမ်လင်းက တည်ငြိမ်စွာ ထိုင်နေရင်း သူ့ညာလက်ဖြင့် မြေနိမ့်သားရဲကို ထိကိုင်လိုက်၏။ ရှေ့ဖြစ်ဟောသူနှင့် သူ တွေ့ကြုံခဲ့ရသော မြင်ကွင်းပုံရိပ်များ သူ့စိတ်ထဲတွင် တဖျတ်ဖျတ် ပေါ်သည်။

“ငါ ဖမ်းဆီးခဲ့တဲ့ ဒီမြေနိမ့်သားရဲဟာ ဒီလှိုဏ်ဂူလောကရဲ့ ကောင်းကင်ဘုံတာအို အစိတ်အပိုင်း ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ရှေ့ဖြစ်ဟောသူဟာလည်း ကောင်းကင်ဘုံတာအိုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားမိခဲ့ဘူး။ သူက ကောင်းကင်ဘုံကံကြမ္မာကို ယုံကြည်မှုရှိတာ အံ့ဩစရာ မရှိတော့ဘူး။ တကယ်တော့ သူ ယုံကြည်တဲ့ ကောင်းကင်ဘုံကံကြမ္မာဟာ သူကိုယ်တိုင် ဖြစ်နေတယ် မဟုတ်လား…”

ဝမ်လင်းက သူ၏အောက်ရှိ မြေနိမ့်သားရဲကို လေးလေးနက်နက်ကြည့်ကာ စိတ်လှုပ်ရှားမှု ခံစားမိ၏။

“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ရှေးပဝေသဏီနတ်ဘုရားနယ်မြေကနေ ရခဲ့တဲ့ အစိတ်အပိုင်းဟာ သိုလှောင်ဖို့အတွက် အသုံးပြုခဲ့တာပဲ။ အဲ့အထဲမှာ သူဟာ ကောင်းကင်ဘုံတာအိုကို တွေ့ခဲ့တာ။ ကြည့်ရတာ သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ အတွင်းဘက်ကိုလည်း ရှာတွေ့ခဲ့တဲ့ ပုံပဲ…”

“လူတိုင်းဟာ ဒီကောင်းကင်ဘုံတာအိုကို ရှာဖွေနေကြတယ်။ ခုနစ်ရောင်စုံတာအိုသခင်၊တစ္ဆေအိုကြီးကျန့်၊ ကျန်တဲ့လူအားလုံးဟာ တတိယစိတ်ဝိညာဉ်ကို ရှာဖွေနေကြတယ်။ ဒါကို ပေါင်းစပ်ဖို့အပြင် သူတို့မှာ ကောင်းကင်ဘုံတာအိုနဲ့ ပတ်သတ်လို့ အစီအစဉ်တွေပါ ရှိနေနိုင်တယ်။ ဒါ့အပြင် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ရခဲ့တဲ့ အစိတ်အပိုင်းကိုပါ သူတို့က ရယူချင်နေကြတာ…”

“ကံကောင်းပြီး ငါဟာ ကောင်းကင်ဘုံတာအိုရဲ့ သခင် ဖြစ်လာခဲ့တယ်။ ခုချိန်ကစပြီး ငါဟာ ကောင်းကင်ဘုံတာအိုရဲ့အရှင်သခင်ပဲ။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ အကြောင်းတော့ ငါ မသိဘူး။ ဒါပေမဲ့ ဒီလှိုဏ်ဂူလောကထဲမှာ ဘယ်သူကမှ ဒီကောင်းကင်ဘုံတာအိုကို ငါ့လက်ထဲကနေ မလုယူနိုင်တော့ဘူး…”

“ဒီကောင်းကင်ဘုံတာအိုဟာ ပြီးပြည့်စုံနေလောက်တယ်။ ၎င်းဟာ အတိတ်တုန်းက လျန်တောက်ဖေကိုပါ ဝါးမြိုနိုင်ခဲ့သေးတာ မလား။ ဘယ်သူက ငါ့ကို လာရန်စဝံ့မလဲ ငါ မြင်ချင်သေးတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက်မှာ ငါ့ရန်သူတွေက အရင်ဆုံးဘယ်သူများ ကောင်းကင်ဘုံတာအိုရဲ့ ဝါးမြိုခြင်း ခံရမလဲ ငါ မြင်ချင်သေးတယ်…”

ဝမ်လင်း၏ခန္ဓာကိုယ်တွင်းမှ ပြင်းထန်သောယုံကြည်မှု မြင့်တက်လာ၏။ သူက အကွာအဝေးတစ်ခုထံ ကြည့်ကာ သူ၏မျက်လုံးသည် တောက်ပလာသည်။

သူက သူ့နတ်ဘုရားအာရုံကို မဖြန့်ကျက်ထားပေ။ သူက မြေနိမ့်သားရဲကို ကြယ်များကြား ဟိုဒီသွားလာခွင့် ပေးထား၏။ သူက မျက်လုံးမှိတ်၍ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေလိုက်သည်။ သူ့ကိုယ်သူ အနည်းငယ် ဟန်ချက်ပြင်ပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာကာ လျှာထိပ်ကို ကိုက်၍ သွေးများ ထွေးထုတ်လိုက်သည်။

ထိုသွေးများက နီရဲကာ သူ၏ရှေ့တွင် လွင့်မြောသည်။ ထိုသွေးက တလျှံလျှံတောက်ပသောအလင်းကို ပေးစွမ်းကာ ရွှေ့လျား၏။ ရနံ့တစ်ခု ပျံ့လွင့်သည်။

“ငါ့ကိုယ်ပွား ပျောက်ကွယ်သွားခဲ့မှတော့ ငါ နောက်တစ်ခု ဖြစ်ပေါ်စေရတော့မယ်။ ငါ့ကိုယ်ပွားမှာ ငါ့ရဲ့သွေးကို အမြုတေအဖြစ် ပါစေမယ်။ မဟာတာအိုလမ်းကြောင်းကို လျှောက်လှမ်းစေမယ်…”  ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်ကာ ထိုသွေးထံ လက်ညွှန်သည်။

သူ့လက်ညွှန်ချက်ကြောင့် သူ၏သွေးက ပိုမြန်ဆန်စွာ ရွှေ့လျား၏။ ၎င်းက မြန်ဆန်စွာ ချဲ့ကားလာပြီး လူတစ်ယောက်၏ပုံစံအသွင်သို့ ပြောင်းလဲသည်။ သို့ပေမည့် ၎င်းမှာ သွေးဖြင့် ပြုလုပ်ထားသောလူတစ်ယောက်နှင့် တူနေဆဲသာ။

“ငါ့သွေးထဲမှာ ရှေးတောက်စွမ်းအား ပါဝင်တယ်။ ငါ့ကိုယ်ပွားကို ပြန်ဖန်တီးဖို့ ငါဟာ ရှေးတောက်စွမ်းအားကို ထုတ်ယူဖို့ လိုမယ်။ ဒီကိစ္စဟာ သိပ်မခက်ပါဘူး…”

ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူ၏မျက်ခုံးနှစ်ဖက်ကြား၊ မျက်လုံးများထဲ၌ ကြယ်များ ပေါ်လာ၏။ ယင်းတို့က စတင်လှည့်ပတ်ကာ စုပ်အားတစ်ခုကို ဖန်တီးသည်။ သွေးလူက စတင် ပုံပျက်ယွင်းလာပြီး အခိုးအငွေ့များအဖြစ် ပြောင်းကာ ဝမ်လင်းကြယ်များ၏ စုပ်ယူခြင်းကို ခံရသည်။

ထိုဖြစ်စဉ်မှာ အလွန်မြန်သည်။ အမွှေးတိုင်တစ်တိုင်ဝက်စာမျှ ကြာမြင့်ပြီးနောက် ရှေးတောက်အော်ရာအားလုံး ထုတ်ယူခြင်း ခံရသည်။ ခုချိန်၌ သည်သွေးလူတွင် မည်သည့်ရှေးတောက်အော်ရာမျှ မကျန်လေတော့ပေ။

ရှေးတောက်အော်ရာ ထုတ်နှုတ်ခြင်း ခံနေရစဉ် ထိုသွေးလူက တောက်ပလာ၏။ တဖြည်းဖြည်း သွေးအရောင်ပြောင်းကာ သိပ်မကြာခင်တွင် ဝမ်လင်းနှင့် ချွတ်ဆွတ်တူသော ကိုယ်ပွားတစ်ယောက် ပေါ်လာ၏။

ထိုကိုယ်ပွားသည် ခုမှမွေးဖွားလာသော ကလေးငယ်တစ်ယောက်လိုပင်။ ၎င်းက အရွယ်ရောက်ပြီးသား လူငယ်တစ်ယောက်နှင့် တူတေသာ်လည်း ၎င်းထံ၌ မည်သည့်စိတ်ဝိညာဉ်မှ ရှိမနေ၊ ခန္ဓာကိုယ်သာ ပိုင်ဆိုင်ထားသည်။

“စိတ်ဝိညာဉ်…ဖြစ်ပေါ်စေ…”  ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်ပြီး သူ့စိတ်ဝိညာဉ် တစိတ်တပိုင်းသည် ကွဲထွက်လာသည်။ ၎င်းက  သူ့ဒွာရပေါက်များထံမှ ထွက်ပေါ်လာကာ ကိုယ်ပွားထံသို့ တဖြည်းဖြည်းချင်း ဝင်ရောက်၏။ ထိုစိတ်ဝိညာဉ်အမျှင်တန်း ကိုယ်ပွားထံ ဝင်ရောက်သွားသည်နှင့် ဝမ်လင်းသည် သူနှင့်သူ့ကိုယ်ပွားမှာ မည်သို့မျှ ကွာခြားမှုမရှိတော့သလို ခံစားမိရသည်။

ထိုအရာများကို ပြုလုပ်ပြီးနောက် ဝမ်လင်းက ပို၍ ပင်ပန်းလာ၏။ သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။

သူ့မူလခန္ဓာကိုယ် မျက်လုံးမှိတ်လိုက်သည့်အခိုက်တွင် သူ၏ကိုယ်ပွားကမျက်လုံးဖွင့်လာသည်။ သူက တည်ငြိမ်စွာပင် ကောင်းကင်ထက်သို့ လက်ညွှန်လိုက်၏။

“ငါ နားလည်ခဲ့တဲ့ လေဟာနယ်အတွင်း လွင့်ပြယ်သွားခဲ့တဲ့ မီးအနှစ်သာရ ပြန်ရောက်ရှိလာစေ…”

သူ ထိုသို့ ပြောလိုက်သည်နှင့် မီးမျိုးစေ့များသည် မြေနိမ့်သားရဲ ပတ်လည်တွင် စတင်ပေါ်လာ၏။ ပိုပိုများပြားသော မီးမျိုးစေ့များ ပေါ်လာသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ဤသည်မှာ ကြယ်အဖွဲ့အစည်းတစ်ခု လောင်ကျွမ်းနေသည့်နှယ်။ မီးပင်လယ်က ကြယ်များကြား ရုန်းထနေ၏။

မီးပင်လယ်သည် အဝန်းအဝိုင်းတစ်ခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်းပတ်လည်တွင် တဝီဝီလှည့်ပတ်သည်။ အဆုံးမဲ့မီးများက ဒီကြယ်အဖွဲ့အစည်းအနှံ့ကနေ စုဝေးသည်။

ထိုမီးအားလုံး ဝမ်လင်းနား ရောက်လာသည့်အခါ ဝမ်လင်း၏ဘယ်မျက်လုံးသည် တွင်းနက်တစ်ခုအဖြစ်သို့ ပြောင်းသွားကာ သည်မီးအားလုံးကို ဝါးမြို၏။ သူ၏ဘယ်မျက်လုံးတွင်းသို့ မီးပင်လယ် တရကြမ်း ဝင်ရောက်သည်။

ချက်ခြင်းလိုလို ထိုမီးပင်လယ် ပျောက်ကွယ်သွားပြီးနောက် သူ့ဘယ်မျက်လုံးထဲ၌ မီးအနှစ်သာရ အမှတ်အသား ပေါ်လာတော့သည်။

“လေဟာနယ်အတွင်း ဝင်ရောက်သွားတဲ့ မိုးကြိုးအနှစ်သာရ၊ မိုးကြိုးတို့ရဲ့အရှင်သခင် ငါက သင်တို့ကို ငါ့ရှိ ပြန်လာဖို့ ဆင့်ခေါ်တယ်…”  ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။

ထိုလက်ဝေ့ယမ်းမှုနှင့်အတူ သည်ကြယ်အဖွဲ့အစည်းသည် တုန်ယင်လာကာ မရေမတွက်နိုင်သော လှိုင်းဂယက်များ နေရာအစုံတွင် ပျံ့လွင့်သည်။ အကွာအဝေးတစ်ခုမှ ကျယ်လောင်စွာတုန်ဟည်းသံ ထွက်ပေါ်လာပြီး သိပ်မကြာခင်တွင် ပိုကျယ်လောင်လာသည်။ ထိုတုန်ဟည်းသံက အဘက်ဘက်မှ ထွက်ပေါ်လာခြင်းသာ။ ခဏအတွင်း ၎င်းအသံက တခြားအသံအားလုံးကို အစားထိုးသွားသည်။

ယင်းအသံနှင့်အတူ အဆုံးအစမဲ့မိုးကြိုးများသည် မိုးကုပ်စက်ဝန်းထံမှ ပေါ်လာကာ ဝမ်လင်းထံ တရကြမ်း တိုးဝင်လာသည်။

ချက်ခြင်းလိုလို ထိုမိုးကြိုးအားလုံးက ဝမ်လင်း၏ညာမျက်လုံးတွင် သိပ်သည်း၏။ မိုးကြိုးတန်းက သူ့မျက်လုံးထံ တရကြမ်း ဝင်ရောက်သည်။ ယင်းတို့က သခင့်ထံ ပြန်လာရသည့်အလား ရွှင်မြူးနေပုံ ပေါ်သည်။

သိပ်မကြာခင်တွင် မိုးကြိုးအားလုံးမှာ ဝမ်လင်း၏ညာမျက်လုံးထဲ၌ ပျောက်ကွယ်သွား၏။ ထာဝရမိုးကြိုးအမှတ်အသားသည် ရုတ်တရက် သူ့ညာမျက်လုံး၌ ပေါ်လာ၏။

အနှစ်သာရနှစ်ခု။ ဘယ်မျက်လုံးတွင် မီးအနှစ်သာရ၊ ညာမျက်လုံးတွင် မိုးကြိုးအနှစ်သာရ။

“ငါ့အိပ်မက်တာအိုထဲမှာ နားလည်ခဲ့တဲ့ ဆန်းကြယ်သိမ်မွေ့အနှစ်သာရတွေ။ ဒီအနှစ်သာရတွေထဲမှာ ငါ့တဘဝလုံးမှာ အောင်မြင်ခဲ့တဲ့ နယ်ပယ်နဲ့မဟာတာအိုတွေ ပါဝင်တယ်။ သူတို့အားလုံးဟာ ပျောက်ကွယ်သွားကြပေမဲ့ ငါ ပြန်ဆင့်ခေါ်နိုင်တယ်။ ပထမဆုံး သိမ်မွေ့ဆန်းကြယ်အနှစ်သာရ ဖြစ်တဲ့ သေခြင်းရှင်ခြင်းအနှစ်သာရ ငါ့ထံ ပြန်လာစေ…”

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်၏။ ထို့နောက် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။

“ငါ့ဘယ်လက်ဟာ ရှင်သန်ခြင်း။ ညာလက်ဟာ သေဆုံးခြင်း။ အချိန်ကုန်လာပေမဲ့ ငါ့တာအိုနှလုံးသားဟာ မပြောင်းလဲဘူး…”

ဝမ်လင်း၏ဘယ်လက်ထံမှ အဖြူရောင်အခိုးငွေ့အမျှင်တန်းများ ထွက်ပေါ်လာ၏။ ယင်းတို့ထံမှ ညင်သာသော အဖြူရောင်အလင်း တောက်ပမှုကို ပေးစွမ်းသည်။ ဤသည်မှာ အသက်ဓာတ်အားဖြစ်၏။ သူ နှစ်ပေါင်းနှစ်ထောင်ကျော်အတွင်း ရရှိခဲ့သော သေခြင်းရှင်ခြင်းအပေါ် နားလည်မှုဉာဏ်အလင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဟုတ်သည်။

တစ်ချိန်တည်းမှာ အနက်ရောင်အခိုးငွေ့များ သူ့ညာလက်ကို ဝန်းရံ၍ အနက်ရောင်အလင်းလုံးတစ်လုံး ဖြစ်ပေါ်သည်။ ၎င်းထံ၌ သေဆုံးခြင်းစွမ်းအား ပြည့်နှက်သည်။

အဖြူနှင့်အနက်အော်ရာများ ပေါ်လာသည့်အခါ ယင်းတို့က သူ့လက်နှစ်ဖက်အတိုင်း ရွှေ့လျား၍ သူ့မျက်ခုံးနှစ်ခုကြားသို့ စုဝေးသည်။ ထိုအဖြူအနက်တို့က အတူတကွပေါင်းစပ်ကာ ယင်နှင့်ယန်သင်္ကေတကဲ့သို့ လှည့်ပတ်သည်။

သေခြင်းရှင်ခြင်းအနှစ်သာရ ပြန်ရောက်လာခဲ့ပြီ။

ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းမှ ထိုအော်ရာသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

“ဒုတိယပြန်ရောက်လာရမယ့်အရာဟာ အမှန်အမှားအနှစ်သာရပဲ။ အမှန်အများ၊ အမှားအမှန်၊ ဒါဟာ ဘဝပဲ…”   ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေလျက် ရှေ့ဖြစ်ဟောသူနှင့် ဖြစ်ပျက်ခဲ့သော စိတ်လှုပ်ရှားဖွယ်ကိစ္စကို တွေးမိသည်။

သူ ထိုသို့ ပြောလိုက်သည့်နောက် သူ့ခန္ဓာကိုယ်က ချက်ခြင်း ဝေဝါးသွားချေသည်။ သူက အစစ်အမှန် မဟုတ်လေတော့သည့်အလား။

အထူးသဖြင့် သူ့မျက်လုံးတို့မှာ ကြယ်များကဲ့သို့ ဖြစ်လာ၏။ တစ်စုံတစ်ယောက်က သူ့မျက်လုံးတို့ကို ကြည့်ပါက စိတ်ရှုပ်ထွေးမှုအနေအထားသို့ ဝင်ရောက်သွားပေလိမ့်မည်။

“ငါ မျက်လုံးမှိတ်လိုက်တဲ့အချိန်မှာ အရာအားလုံးဟာ အမှားပဲ။ ငါ မျက်လုံးဖွင့်ရင် အရာအားလုံးဟာ အမှန်…”  ဝမ်လင်းက ထိုသို့ ခပ်တိုးတိုး ရေရွတ်ပြီးနောက် မျက်လုံးမှိတ်လိုက်၏။ ကောင်းကင်နှင့်မြေကြီးမှာ ပျောက်ကွယ်သွားသည်။ သည်လှိုဏ်ဂူလောက၊ တတိယစိတ်ဝိညာဉ်၊ မြေနိမ့်သားရဲသည်ပင် မတည်ရှိလေတော့ပေ။ သည်အခိုက်၌ အရာအားလုံးမှာ ဝမ်လင်းအဖို့ ပုံရိပ်ယောင်တစ်ခုမျှသာ။

သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ အမှန်အမှားအနှစ်သာရသည် စုဝေးလေပြီ။

ဝမ်လင်းက သူ့ကျင့်ကြံသူကိုယ်ပွား၏ အနှစ်သာရများကို ပြန်ဖြစ်ပေါ်နေစဉ် သူ့အောက်ရှိ မြေနိမ့်သားရဲက ဖြည်းဖြည်းချင်း သွားနေ၏။ ၎င်းက ဆင့်ခေါ်ခြင်းမြစ်မှ ထွက်လာကာ တိမ်ပင်လယ်သို့ ရောက်လာခဲ့လေပြီ။

တိမ်ပင်လယ်သို့ ရောက်လာသည့်အခိုက် လူအုပ်တစ်စုက ဒီကြယ်အဖွဲ့အစည်းကို ဖြတ်သန်း၍ သွားလာနေ၏။

ထိုလူများကို အဘိုးအိုလေးယောက်က ဦးဆောင်၏။ သူတို့အုပ်စုမှာ လူတစ်ရာကျော်ပါဝင်သည်။ သူတို့က ဒီကြယ်အဖွဲ့အစည်းကို ဖြတ်သန်း ပျံသန်းလာစဉ် လှိုင်းဂယက်များ ပဲ့တင်ထ၏။

သူတို့ထံမှ အစွမ်းထက်အော်ရာကို ပေးစွမ်းနေပြီး ဦးဆောင်သူလေးယောက်မှာ အသန်မာဆုံး ဖြစ်သည်။ သူတို့က မန္တာန်တစ်ခုကို သုံး၍ သူတို့၏နတ်ဘုရားအာရုံများကို အမှန်တကယ် ချိတ်ဆက်ထားသည်။

သည်အခိုက်တွင် သူတို့၏အထက်၌ ဧရာမဘူးသီးခြောက်တစ်ခု ရှိနေသည်။ ထိုဘူးသီးခြောက်က အစိမ်းရောင် ရှိကာ အချိန်အမှတ်အသားများ ထင်ကျန်နေ၏။

ထိုဘူးသီးခြောက်အတွင်းရှိ အစိမ်းရောင်မြူအစုအဝေးက သူတို့အား လမ်းညွှန်ပေးနေသလို ထင်ရသည်။

ထိုအဘိုးအိုလေးယောက်သည် ခဏတာ ပျံသန်းပြီးနောက် ရပ်တန့်လိုက်ကြ၏။ သူတို့က ဘူးသီးခြောက်ကို အရိုအသေပေးကာ သူတို့၏နတ်ဘုရားအာရုံများကို ပျံသန်းထွက်စေသည်။ ယင်းနတ်ဘုရားအာရုံများက ဒီဘူးသီးခြောက်နှင့် ချိတ်ဆက်ထားသည်။

ထိုအဘိုးအိုလေးယောက်သည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ ဗိုလ်ချုပ်လေးယောက် ဖြစ်သော အဇူရာနဂါး၊ဟင်္သာငှက်၊ကျားဖြူနှင့်လိပ်နက် အဘိုးအိုတို့ပင်။

သူတို့၏နောက်တွင် တာအိုဝတ်ရုံဖြင့် တစ္ဆေအိုကြီးကျန့် ရှိ၏။ သူက သူ့ရှေ့ရှိ ကောင်းကင်ဘုံသားများကို ဂရုမစိုက်ပေ။ ထိုသူတို့ကလည်း သူ့တည်ရှိမှုကို အရေးမစိုက်ကြပေ။

All Chapters