ဥပဒေ အဆုံးသတ်ခေတ်သို့ ဝင်ရောက်ခြင်း၊ ခွေးကောင်ကျုံးနှင့် ထပ်မံတိုက်ခိုက်ခြင်း။ (5k)
Vol. 15 Ch. 208
[ဒါ ခွေးကောင်ကျုံးရဲ့ စွမ်းအင်ပဲ!]
ထိုအချက်ကို သတိထားမိလိုက်သည့်အခါ စုရှင်းသည် စိတ်လှုပ်ရှားသွားပြီး တီးတိုးရေရွတ်လိုက်သည်။
“ဒါကြောင့်ကိုး… ငါ အရင်က ခွေးကောင်ကျုံးရဲ့ စွမ်းအင်ကို မခံစားမိတာ အံ့ဩစရာ မဟုတ်တော့ဘူး။ ဒီကောင်က ချန်ချွန်းဂိုဏ်းထဲမှာ ပုန်းအောင်းနေတာကိုး!”
“နတ်ဘုရား စစ်ပွဲခေတ်က ကြယ်ပြာနဲ့ အဝေးကြီး ကွာခြားတယ်။ ကမ္ဘာချင်းတောင် မတူဘူး… ဒါကြောင့် မိုင်တစ်သောင်း ခြေရာခံ နည်းပညာက မခံစားမိတာ အံ့ဩစရာ မဟုတ်ဘူး!”
စုရှင်းသည် စိတ်ထဲတွင် စဉ်းစားနေခဲ့သည်။ ခွေးကောင်ကျုံးသည် ဆင်းသက်ဂိုဏ်း၏ လိုက်လံရှာဖွေခြင်းကို ရှောင်ရှားရန် အတွက် ဒီနေရာတွင် ပုန်းအောင်းနေခြင်း ဖြစ်လိမ့်မည်ဟု သံသယ ဝင်လိုက်သည်။
“ကောင်းပြီလေ၊ ခွေးကောင်ကျုံးကို ငါ့လက်ရှိခွန်အား စမ်းသပ်ဖို့ သုံးလို့ရတာပေါ့!”
စုရှင်းသာ် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။
[ခွေးကောင်ကျုံးနှင့် တွေ့ဆုံပြီးနောက် သင်သည် လောဘတကြီး မလုပ်ဆောင်ခဲ့ပေ။ စောစီးစွာ အဖော်မခံရစေရန် အတွက် သင်သည် သင်၏ နတ်မျက််စိကို ထိန်းချုပ်ကာ ချန်ချွန်းမြို့ထဲသို့ ဝင်ရောက်ခဲ့သည်။]
[ချန်ချွန်းမြို့ကို စိမ်းလန်းစိုပြေသော တောင်ကြားတစ်ခုတွင် တည်ဆောက်ထားပြီး အတော်လေး ကျယ်ဝန်းသည်။ မြို့တစ်ခုလုံးက အခြားဂိုဏ်းနှစ်ခုထက် အခြေခံအုတ်မြစ် ပိုမိုနက်ရှိုင်းသည်ဟု သင် ခံစားမိသည်။]
[သင့် မိုင်တစ်သောင်း ခြေရာခံ နည်းပညာကို အသုံးပြု၍ ခွေးကောင်ကျုံးသည် ချန်ချွန်းဂိုဏ်း အတွင်း၌ တကယ်ပင် ပုန်းအောင်းနေသည် ဖြစ်ကြောင်း ထင်ရှားသည်။]
[သင်သည် ကိုယ်ဖျောက်ပြီး သင်၏ စွမ်းအင်ကို ဖုံးကွယ်ထားပြီးနောက် သိုင်းပညာ လာရောက် သင်ယူသူ တစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သည်။ ငွေကြေး၏ အင်အားကို အသုံးပြု၍ တပည့်သစ် စုဆောင်းရေး တာဝန်ခံ ဂိုဏ်းပြင်ပ အကြီးအကဲ တစ်ဦးကို လာဘ်ထိုးခဲ့ပြီး ချန်ချွန်းဂိုဏ်း၏ ဂိုဏ်းပြင်ပ တပည့်အဖြစ် ချောမွေ့စွာ ဝင်ရောက်ခဲ့သည်။]
[နောက်ရက်များတွင် သင်သည် ထပ်ခါတလဲလဲ စုံစမ်းထောက်လှမ်းခဲ့ပြီး နောက်ဆုံးတွင် ချန်ချွန်းနည်းပညာကို ကျင့်ကြံနေသော ဂိုဏ်းပြင်ပ တပည့်တစ်ဦးကို သင်၏ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့သည်။]
[ထိုဂိုဏ်းပြင်ပတပည့်မှာ ဟန်ဆောင်ထားသော ခွေးကောင်ကျုံးပင် ဖြစ်သည်!]
ထိုအချက်ကို မြင်သည့်အခါ စုရှင်းသည် အေးစက်စွာ သက်ပြင်းချလိုက်သည်။
“ဟက်~ ဒီခွေးကောင်ကျုံးက တကယ်ကို ကောက်ကျစ်ပြီး ပါးနပ်တာပဲ! နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်ရဲ့ ထိပ်တန်း ကျင့်ကြံသူက ဂိုဏ်းပြင်ပတပည့်အဖြစ် ဟန်ဆောင်ပြီး ဂိုဏ်းတစ်ခုထဲကို ခိုးဝင်တယ်?”
“ဒါပေမဲ့… ဒီတစ်ခါတော့ မင်းပဲ ရှုံးရလိမ့်မယ်!”
[ခွေးကောင်ကျုံး၏ ကိုယ်ပိုင်လက္ခဏာကို အတည်ပြုပြီးနောက် သင်သည် မဆိုင်းမတွ တိုက်ခိုက်ခဲ့သည်။]
[ဝန်းရံထားသော မူလစွမ်းအင်သည် သင်၏ လက်သီးနှစ်ဖက်လုံးကို ဖုံးအုပ်ထားသည်။ ထိုအခိုက်အတန့်တွင် နတ်ဘုရား အင်အား နယ်ပယ်၏ စွမ်းအားသည် အပြည့်အဝ ပေါ်ပေါက်လာသည်။ သင်သည် တစ်ချက်တည်း သတ်ရန် ရည်ရွယ်ချက်ဖြင့် ခွေးကောင်ကျုံး၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးလိုက်သည်။]
[သို့သော် ခွေးကောင်ကျုံးမှာ နှစ်ပေါင်းထောင်ချီကြာ နေခဲ့သည့် ကောက်ကျစ် စဉ်းလဲသော မြေခွေးအိုကြီးပီပီ အန္တရာယ်ကို ကြိုတင်ခံစားမိပြီး သင်၏လက်သီးချက်ကို လှဲရှောင်လိုက်သည်။]
[ဒုန်း! သင်၏လက်သီးချက်သည် မြေပြင်ပေါ်သို့ တည့်တည့်ကျရောက်ပြီး တစ်ချက်တည်းဖြင့်ပင် တောင်တစ်လုံး ပေါက်ကွဲသံကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ ဂိုဏ်းရင်ပြင် တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားသည်။]
[မြေပြင်များ ပဲ့ကြွေသွားပြီး တပည့်များစွာ အလျင်အမြန် ထွက်ပြေးကြသည်။]
[သင် တိုက်ခိုက်ပြီးနောက် ခွေးကောင်ကျုံးသည် သင်၏ကိုယ်ပေါ်ရှိ ရင်းနှီးသော စွမ်းအင်ကို ထင်ရှားစွာ ခံစားမိလိုက်သည်။]
[ချက်ချင်းပင် သူ၏မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။]
[သင်သည် ခွေးကောင်ကျုံးကို သတ်ပြီး သူ၏ဘဏ္ဍာများကို သိမ်းယူလိုသည်။ ခွေးကောင်ကျုံးကလည်း သင့်အပေါ်၌ ထိုနည်းတူ စိတ်ကူးရှိနေသည်။]
[ထို့ကြောင့် ကြီးမားသော တိုက်ပွဲတစ်ခု မကြာမီ ဖြစ်တော့မည် ဖြစ်သည်!]
[ခွေးကောင်ကျုံးသည် ဦးစွာ အရိုးဓား တစ်လက်ကို ဆင့်ခေါ်လိုက်သည်။ သူ၏ဓားကွက်များသည် ပြင်းထန်ပြီး ဆိုးသွမ်းလှသည်။ မကျေနပ်ချက်များဖြင့် နှောင်ဖွဲ့ကာ သင်၏ ဝိညာဉ်စွမ်းအင်နှင့် ထိပ်တိုက်တွေ့ဆုံသည်။]
[သို့သော် သင်၏ခွန်အားသည် ကြာမြင့်စွာကတည်းက တိုးတက်လာခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သင်သည် မင်ရေခဲဓားကို ကိုင်စွဲကာ သင်၏ဓားစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။]
[ဓားစွမ်းရည် သင့်အပေါ်သို့ ကျရောက်လာသည်နှင့်အမျှ တားမရဆီးမရသော အရှိန်အဟုန်တစ်ခု သင့်ရင်ထဲတွင် မြင့်တက်လာပြီး သင်၏ တိုက်ခိုက်လိုစိတ်လည်း ပိုမိုပြင်းထန်လာသည်။]
[ဓားရောင်ခြည် ဖြတ်သန်းသွားရာတိုင်းတွင် တောင်များ ပြိုလဲကာ သစ်ပင်များ လဲကျကုန်သည်။ ခွေးကောင်ကျုံးအား သင်၏ထက်မြက်မှုကို ယာယီရှောင်ရှားရန် တွန်းအားပေးလိုက်သည်။]
[သင်သည် အချီတစ်ရာကျော် တိုက်ခိုက်ခဲ့ပြီး ခွေးကောင်ကျုံးကို ဆက်တိုက် ဖိအားပေးခဲ့သည်။]
[သူ၏ဓားပညာသည် သင့်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သိသောအခါ ခွေးကောင်ကျုံးသည် သူ၏နတ်ဘုရား ပညာရပ်များနှင့် နည်းစနစ်များကို စတင် အသုံးပြုလာသည်။]
[သူသည် လက်ဝါးတစ်ချက် ရိုက်လိုက်ရာ အနက်ရောင် စွမ်းအင်သည် အဆိပ်ပြင်း မြွေတစ်ကောင်ကဲ့သို့ သင့်ထံသို့ ပြေးဝင်လာသည်။]
[သင်သည် လီမီးနည်းပညာကို လျင်မြန်စွာ အသက်သွင်းကာ ထိုအနက်ရောင် စွမ်းအင်ဆီသို့ ပစ်လွှတ်လိုက်သည်။]
[သင်၏ ချီသန့်စင်မှု ကျင့်ကြံခြင်းသည် နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်၏ တတိယအလွှာတွင် ရှိသော်လည်း ခွေးကောင်ကျုံးထက် စွမ်းအားနည်းသည်။ သို့သော်လည်း လီမီးနည်းပညာသည် အနက်ရောင် စွမ်းအင်ကို ထိန်းချုပ်နိုင်ခဲ့သည်။ သင်တို့နှစ်ဦးသည် ခဏတာမျှပင် စွမ်းအားချင်း တူညီနေခဲ့သည်။]
[အနက်ရောင်စွမ်းအင် လွှမ်းခြုံသွားသည်နှင့် တစ်ပြိုင်နက် ချန်ချွန်းဂိုဏ်း၏ တောင်ပေါ်တံခါးဝ တစ်ခုလုံးမှာ မျှော်လင့်ချက်မဲ့ခြင်းဖြင့် ဖုံးလွှမ်းသွားသည်။ တပည့်ထောင်ပေါင်းများစွာမှာ တစ်မုဟုတ်ချင်း အရိုးစုများအဖြစ် ပြောင်းလဲသွားသည်။]
[သို့သော် သင်၏ဝိညာဉ်စွမ်းအင်က သင့်ကို ကာကွယ်ပေးထားပြီး သင်၏ ခန္ဓာကိုယ်သန့်စင်မှု ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရား အင်အားအဆင့်၏ မဟာပြည့်စုံခြင်းသို့ ရောက်ရှိနေသောကြောင့် ထိုအနက်ရောင် စွမ်းအင်သည် သင့်၏ တိုက်ခိုက်ရေး စွမ်းအားကို ရေတိုအတွင်း သိသိသာသာ ထိခိုက်မှု မရှိခဲ့ပေ။]
[သူ၏နတ်ဘုရား ပညာရပ်များ ထိန်းချုပ်ခံထားရသည်ကို မြင်သောအခါ ခွေးကောင်ကျုံးသည် အံများကြိတ်ကာ သန္ဓေတည် ဝိညာဉ်အဆင့် ရုပ်သေးခုနစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုရုပ်သေး ခုနစ်ခုသည် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ကာ နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် ဖွဲ့စည်းမှုတစ်ခုကို ခဏတာမျှ ဖန်တီးနိုင်ခဲ့သည်။]
[ရုပ်သေးခုနစ်ခုသည် ခွေးကောင်ကျုံးနှင့် နားလည်မှုရှိစွာ ပူးပေါင်းပြီး ခဏတာမျှ သင့်အား အကြိတ်အနယ် တိုက်ခိုက်နေခဲ့ကြသည်။]
ဒီအချက်ကို မြင်သောအခါ စုရှင်းသည် မျက်ခုံးပင့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ခန့်မှန်းထားတဲ့ အတိုင်းပဲ၊ ခွေးကောင်ကျုံးမှာ လျှို့ဝှက်လက်နက်တွေ အတော်လေး များတာပဲ!”
“သူ့မှာ သေန္ဓတည် ဝိညာဉ် ရုပ်သေးတွေတောင် ရှိလိမ့်မယ်လို့ ဘယ်ထင်မလဲ… သူတို့က ဒီထက်ပိုကောင်းတဲ့ တိုက်ခိုက်ရေး ဖွဲ့စည်းမှုကိုတောင် ဖွဲ့နိုင်ပြီး သန္ဓေတည် ဝိညာဉ်ခုနစ်ခု ပေါင်းစပ်ပြီး နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူတစ်ဦးနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာက?”
စုရှင်းသည် ခွေးကောင်ကျုံး၏ နည်းစနစ်များကြောင့် အံ့ဩမိသွားသည်။
ထို့နောက် စုရှင်း၏ နှုတ်ခမ်းထောင့်စွန်းသည် အနည်းငယ် ကော့ညွတ်သွားပြီး ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး။ အခု ငါက အရင်ကလို မဟုတ်တော့ဘူးကွ! မင်းမှာ ရုပ်သေးတွေ ဘယ်လောက်ပဲ များများ၊ နောက်ထပ် နတ်ဘုရား အသွင်ပြောင်းလဲခြင်း အဆင့် တစ်ယောက် ပေါ်လာရင်တောင် ဒီနေ့ မင်းရဲ့ ခွေးလိုအသက်ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး!”
သူသည် သရုပ်ပြခြင်း ဖန်သားပြင်ကို လှမ်းကြည့်လိုက်သည်။
[ရုပ်သေးများနှင့် ခွေးကောင်ကျုံးတို့သည် သင့်အား မကြာမီပင် တိုက်ပွဲဆင်နွှဲလာသည်။]
[အချီပေါင်းများစွာ တိုက်ခိုက်ပြီးနောက် သင်၏ကြွယ်ဝသော တိုက်ခိုက်ရေး အတွေ့အကြုံကို အားပြုခဲ့သည်။ အားနည်းချက် တစ်ခုကို ရှာတွေ့ပြီး သန္ဓေတည် ဝိညာဉ်အဆင့် ရုပ်သေးတစ်ခုကို လက်သီးတစ်ချက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည်။]
[သန္ဓေတည် ဝိညာဉ် ရုပ်သေးတစ်ကောင် ဖျက်ဆီးခံရသည်နှင့် ဖွဲ့စည်းမှု၏ စွမ်းအားသည် ချက်ချင်း လျော့ကျသွားသည်။ ရုပ်သေးအားလုံးကို ချေမှုန်းရန် သင့်သည် များစွာ အားထုတ်စရာ မလိုတော့ပေ။]
[ထို့နောက် သင်သည် ခွေးကောင်ကျုံးကို တစ်ဦးတည်း တိုက်ခိုက်ခဲ့သည်။ အချီပေါင်းများစွာ တိုက်ခိုက်ခဲ့ရာ သူ၏နှုတ်မှ သွေးများ အန်ထွက်လာစေခဲ့သည်။]
[သူ၏ရုပ်သေးများ ချေမှုန်းခံရသည်ကို မြင်သောအခါ ခွေးကောင်ကျုံး၏ မျက်နှာတွင် နာကျင်သည့် အမူအရာ ပေါ်လာသည်။ သို့သော် သေရေး၊ရှင်ရေး အခြေအနေတွင် သူသည် သူ၏လျှို့ဝှက် လက်နက်ကို ထုတ်သုံးရုံမှတစ်ပါး အခြားမရှိတော့ပေ။]
[အနက်ရောင် အလံတစ်လက်သည် ခွေးကောင်ကျုံး၏ လက်ထဲတွင် ပေါ်လာသည်။ ဝိညာဉ်ဆင့်ခေါ် နဖူးစည်းပင် ဖြစ်သည်။]
[ထို့နောက် ခွေးကောင်ကျုံးသည် သင့်နှင့် ခပ်လှမ်းလှမ်းသို့ ရောက်အောင်သွားပြီး ဂါထာကို လျင်မြန်စွာ ရွတ်ဆိုတော့သည်။]
[သင့် နတ်အာရုံ၏ အာရုံခံစားမှုအရ ချန်ချွန်းဂိုဏ်းအတွင်း သေဆုံးခဲ့ကြသော တပည့်များ၏ ဝိညာဉ်များသည် ဝိညာဉ်ဆင့်ခေါ် နဖူးစည်းထဲသို့ တစ်မုဟုတ်ချင်းတွင် ဆွဲသွင်းခံနေရသည်။]
[ဝိညာဉ်များ ပိုမိုများပြားစွာ စုစည်းလာသည်နှင့်အမျှ ခွေးကောင်ကျုံး၏ စွမ်းအင်သည် ပိုမို ထူးဆန်းနက်နဲလာသည်။]
[နောက်ဆုံးတွင် အနက်ရောင် စွမ်းအင်သည် ခွေးကောင်ကျုံး၏ လက်မောင်းထဲသို့ စီးဝင်သွားသည်။]
[ခွေးကောင်ကျုံး၏ စွမ်းအင်သည် ချက်ချင်း အဆမတန် မြင့်တက်လာပြီး သူ၏မျက်လုံး သူငယ်အိမ်များပင် အနက်ရောင် အဖြစ် ပြောင်းသွားကာ သင့်ထံသို့ တိုးဝင်လာလေတော့သည်။]
…