သိနှင့်ပြီ
Vol. 122 Ch. 1816
င
ကျိန်ဆဲပြီးနောက် ဟော်ယွမ်ယွမ်သည် ဗီလာ နံပါတ် ၁ထဲက ထွက်လာခဲ့လိုက်၏။
ကျီချင်းရန်က ထိုစကားလုံးများကို ပြောလာခဲ့ပြီး ဖြစ်ရာ ဤနေရာ၌ သူမ ဆက်ရှိနေဖို့ မည်သို့မျှ မဖြစ်နိုင်တော့ချေ။
သူမဘာသူမ ထွက်မသွားလျှင်ပင် ကျီချင်းရန်က မောင်းထုတ်နေဦးမှာ ဖြစ်၏။
ထို့ပြင် ဤကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်ပျက်ပြီးသည့်နောက် အနားတွင် မည်သူ တစ်ဦးတစ်ယောက် ရှိနေသည်ကို မလိုချင်သည်က သဘာဝသာဖြစ်၏။
တစ်အိမ်ထဲတွင် ကိုယ်တစ်ယောက်တည်း ရှိသည်နှင့် အခန်းထဲတွင် တစ်ယောက်တည်း ရှိနေသည်ဟူသော ခံစားချက်က မတူညီပေ။ ၎င်းတို့နှစ်ခုထံမှ ရရှိသည့် တိတ်ဆိတ်မှုကလည်း ကွဲပြား၏။
ယခုအချိန်၌ ကျီချင်းရန်ကို တစ်ယောက်တည်း နေခွင့် ပေးလိုက်သည်က အကောင်းဆုံး ဖြေရှင်းနည်းလမ်း ဖြစ်၏။
ဗီလာထဲက မောင်းထွက်လာခဲ့ပြီးနောက် ဟော်ယွမ်ယွမ်သည် အပြင်ဘက်ရှိ လုံခြုံရေး အဆောက်အဦးသို့ သွားလိုက်သည်။
မနက်ခင်း အစောပိုင်း ဖြစ်သော်လည်းပဲ လုံခြုံရေး ဝန်ထမ်းများက အလုပ်စဆင်းနေပြီ ဖြစ်၏။
ဟော်ယွမ်ယွမ် ထွက်လာသည်ကို မြင်တော့ တာဝန်ကျ လုံခြုံရေး ကပ္ပတိန်က သူမအား နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။
“ အစ်ကိုမာ … ကျွန်မ ရှင့်ကို တစ်ခုလောက် ဒုက္ခပေးရဦးမယ်…” ဟော်ယွမ်ယွမ်က လုံခြုံရေး ကပ္ပတိန်ထံသို့ ပြောလိုက်သည်။
“ ဟုတ် .. ရတာပေါ့ ရတာပေါ့ .. ပြောလေ…”
လုံခြုံရေး ကပ္ပတိန်က လူရည်လည်သည့် လူစားမျိုးပင်။ ဟော်ယွမ်ယွမ်က ဤဗီလာ၏ သူဌေးကတော်နှင့် အလွန်အမင်း ရင်းနှီးသည့် ဆက်ဆံရေး ရှိတာကို ကောင်းကောင်းကြီး သိသည်။
ထို့ပြင် ကျိုကျုံး ဗီလာ ကိုးခုလုံးကလည်း လူကြီးမင်းလင်း၏ တစ်ဦးတည်းပိုင်များဖြစ်ကြ၏။
အတိုင်းအတာ တစ်ခုထိတိုင်အောင် သူသည်ကား လင်းရီ၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေး အစောင့်ပင်။
အကယ်၍ သူဌေးကတော်၏ သူငယ်ချင်းက ဒုက္ခရောက်နေသည်ဆိုပါက ကူညီပေးရမည်မှာ ကျိန်းသေပေါက်ပင်။
“ ကျွန်မ လုပ်စရာ ကိစ္စလေး ရှိလို့ ဗီလာ နံပါတ် ၁ ကို ကူပြီး စောင့်ကြည့်ပေးထားပါလား … မကြာမကြာ ကျွန်မရဲ့ အစ်မကျီ ဘာတွေ လုပ်နေလဲဆိုတာကို ကြည့်ပေးဦးနော်.. တကယ်လို့ တစ်ခုခုဆိုရင် ကျွန်မဆီ ဖုန်းဆက်လိုက် … ဒါက ကျွန်မရဲ့ နာမည်ကတ် …”
သူမ ပြောနေသည့် အစ်မကျီက ကျိုကျုံးဗီလာ၏ သူဌေးကတော် ဖြစ်သည်ကို လုံခြုံရေး ကပ္ပတိန် သိနေသည်။ သို့သော် ဤတောင်းဆိုမှုက နည်းနည်းလေးတော့ ထူးဆန်း၏။
“ မိန်းကလေး ဆိုလိုချင်တာ … ကျုပ်ကို သူ ဘာတွေ လုပ်နေလဲ အချိန်ပြည့် စောင့်ကြည့်ခိုင်းတာလား …”
“ အာ … အဲ့သဘောမျိုး မဟုတ်ဘူးလေ… ဘာပဲ ဖြစ်ဖြစ်ပါ … အစ်မကျီ အန္တရာယ်ကင်းနေတယ်ဆိုတာ သေချာရင် ရပြီ … သူ အခုလောလောဆယ် စိတ်အခြေအနေ မကောင်းလို့လေ… အဲ့တာ ကျွန်မ မရှိတဲ့ အချိန် လုပ်မိလုပ်ရာတွေ လျှောက်လုပ်မိမှာစိုးလို့ …”
ဟော်ယွမ်ယွမ်သည် ပြောရင်းဖြင့် သူမ လွယ်ထားသည့် အိတ်ထဲ အနည်းငယ် လှန်လောလိုက်ကာ ငွေသား ယွမ်ရာတန် အနည်းငယ်ကို ထုတ်ယူလိုက်သည်။
“ ဒါလေး လက်ခံပေးနော်… ပြီးရင် နာရီဝက်တိုင်း ကျွန်မကို သတင်းပို့ပေး … သူ ဗီလာထဲမှာပဲ ရှိနေတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ …”
“ ဘာလုပ်ရမလဲ နားလည်ပြီ…” လုံခြုံရေး ကပ္ပတိန်မှ ဟော်ယွမ်ယွမ်၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ နားလည်သဘောပေါက်ထားခဲ့ပြီး စိတ်အားထက်သန်စွာ အာမခံပေးလိုက်သည်။
“ ကျုပ် ကူညီပေးလို့ရတယ်… ဒါပေမယ့် ပိုက်ဆံတော့ လက်မခံပါရစေနဲ့ … လူကြီးမင်းလင်းက ကျုပ်တို့ အပေါ် ဒီလောက် ကောင်းပေးတာ သူဌေးကတော်ကို စောင့်ရှောက်ပေးရမှာက ကျုပ်တို့ တာဝန်ပါပဲ … ဒီလို အသေးအမွှားလေးက မပြောပလောက်ပါဘူး …”
“ ရတယ်… ယူသာယူထားလိုက်ပါ …”
ဟော်ယွမ်ယွမ်သည် ပိုက်ဆံကို လုံခြုံရေး ကပ္ပတိန်၏ လက်ထဲသို့ အတင်းထိုးပေးလိုက်ပြီး မောင်းထွက်သွားခဲ့၏။
သူမတွင် လုပ်စရာ ကိစ္စရပ်တို့က အများအပြားပင်။ ဤနေရာ၌ ကြာကြာနေပြီး အချိန်ဖြုန်း၍ မဖြစ်ပေ။
မိနစ် ၄၀ ကျော်ကြာပြီးနောက် ဟော်ယွမ်ယွမ်သည် ကူပေ နံပါတ်ဝမ်းသို့ မောင်းနှင်လာသည်။
၎င်းက ထန်ချိန် ပထမတန်းစား အိမ်ယာရှိ စံအိမ် တစ်လုံး ဖြစ်၏။ ထိန်ချိန် ပထမတန်းစား အိမ်ယာက ကျိုးဟိုင်တွင် နာမည်ကြီး အိမ်ယာ တစ်ခုဖြစ်ပြီး မရေမတွက်နိုင်သည့် တိုင်ကွန်းများနှင့် နာမည်ကျော် ဆယ်လီတို့က ဤကဲ့သို့သော နေရာမျိုးများတွင် အိမ်ဝယ်ယူလေ့ ရှိကြသည်။
မရေမတွက်နိုင်သည့် ပါပါရာဇီများနှင့် ဖန်များ၏ စုဝေးရပ် တစ်ခုလည်း ဖြစ်၏။
( ပါပါရာဇီ - သတင်းမုဆိုး )
နောက်တစ်ချက်ကတော့ ကောင်းကျုံးယွမ်၏ အိမ်ကလည်း ဤနေရာတွင် ရှိသည်။
ဟော်ယွမ်ယွမ်သည် ကားကို အထဲသို့ မောင်းဝင်လာပြီး ၁၆ လွှာသို့ တက်လာသည်။ ထို့နောက် တံခါးကို သူမ လက်ထဲရှိ ကတ်ဖြင့် ဖွင့်၍ အထဲသို့ အကြမ်းပတမ်း ဝင်ရောက်လာခဲ့သည်။
သူမ ဝင်လာခဲ့သည့် အချိန်၌ ကောင်းကျုံးယွမ်မှာ အိပ်စက်နေဆဲ ဖြစ်ပြီး ထိုအကောင်၏ ဟောက်သံကိုပင် အပြင်ကနေ၍ ကြားနေရသည်။
အပေါ်ပိုင်း ကိုယ်ဗလာဖြင့် ကိုယ်တော်ချောက ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေလေသည်။
တစ်စုံတစ်ယောက်က သူ့အိမ်ထဲ ဝင်လာနေသည်ကိုလည်း သတိမပြုမိပေ။
“ အိပ် အိပ် အိပ် … ငါ နင့်ကို ဘယ်လို အိပ်ရမလဲ ပြပေးမယ်….”
ပြောပြီးနောက် ဟော်ယွမ်ယွမ်သည် အိပ်လို့ကောင်းနေသည့် ကောင်းကျုံးယွမ်ကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်၏။
ဘိုင်းခနဲ မြည်သံနှင့်အတူ သကောင့်သားမှာ ကုတင်အောက်သို့ လှိမ့်ကျသွားခဲ့ပြီး ရုတ်တရက် လန့်နိုးလာလေသည်။ ဒေါသတကြီးနှင့် ထကျိန်ဆဲတော့မည့် ဆဲဆဲမှာပဲ သူ့အား ဆောင့်ကန်လာသူက ဟော်ယွမ်ယွမ် ဖြစ်နေသည်ကို သတိထားမိလိုက်တော့ ပြောထွက်ခါနီး စကားလုံးတို့အား ပြန်လည် မျိုချလိုက်ချရပြီး အနည်းငယ် တုန်ယင်နေသည့် လေသံဖြင့် မေးလိုက်၏။
“ မင်း … မင်းဘာလို့ လူကို လာကန်တာလဲ …”
သက်ရှိတိုင်းတွင် ၎င်းသက်ရှိအား နိုင်သည့် သက်ရှိ၊ ရှိသည်ဆိုသည့်စကားက အကြောင်းမဲ့တော့ မဟုတ်တန်ချေ။
အပြင်လူများနှင့် ရင်ဆိုင်ရာ၌ ဘာကိုမျှ မတုန်မလှုပ် ဖြစ်နေတတ်သည့် ကောင်းကျုံးယွမ်မှာ ဟော်ယွမ်ယွမ် ရှေ့မှောက်တွင်တော့ သူ၏ သတ္တိတို့က ဘယ်ပျောက်လို့ ဘယ်ရောက်သွားမှန်း မသိ ၊ လိုက်ရှာမရတော့ချေ။
ဟော်ယွမ်ယွမ် လေကုန် ခံမနေဘဲ ဓာတ်ပုံများအား ကောင်းကျုံးယွမ်၏ မျက်နှာထက်သို့ ပစ်ပေါက်လိုက်၏။
“ နင် ဒါကို သိနေတယ်မလား …”
“ ဘာကြီးကိုလဲ…”
ကောင်းကျုံးယွမ် ရေရွတ်လိုက်ပြီး ကြမ်းပြင်တွင် ပျံ့ကျဲနေသည့် ဓာတ်ပုံများအား ကောက်ယူကြည့်လိုက်ရာ သူ၏ အမူအရာမှာ ချက်ချင်းဆိုသလို အေးခဲသွားခဲ့တော့သည်။
သူ၏ စိတ်ထဲ၌လည်း မေးခွန်းတစ်ခုတည်းကသာ ပြည့်နှက်နေသည်။
ဘယ် မြေနိုး မျိုးမစစ်က ဒီပုံတွေ ရိုက်ထားတာလဲကွ …
“ ဒါဘာကြီးလဲ … ဖိုတိုရှော့ လုပ်ထားတာ အသိသာကြီးကိုပဲ ..”
“ ဖိုတိုရှော့ … ဟုတ်လား … သပကို ဖိုတိုရှော့ …”
ဟော်ယွမ်ယွမ်သည် ဒေါနှင့်မောနှင့် ရှေ့တက်လာပြီး ကောင်းကျုံးယွမ်ကို နားရွက်ဆွဲကာ အပေါ်သို့ ပင့်တင်လိုက်သည်။
“ အား အား အား ရပ် … နာတယ်…”
“ ဟန်ဆောင် မနေနဲ့ ..” ဟော်ယွမ်ယွမ် အော်ငေါက်လိုက်ပြီး “ နင်နဲ့ နင်တို့ ခရိုနီတွေ တစ်သိုက် အမြဲတမ်း အတူစား အတူလာတွေ … နင် သူ့ရဲ့ ဒီလို အမှောင်ဘက်ခြမ်း ကိစ္စတွေ မသိထားဘူးဆိုတာ ငါမယုံဘူး …”
“ ငါတကယ်ကြီး မသိတာပါ ယွမ်ယွမ်ရာ … မင်းနဲ့ အတူ ရှိဖို့ ဆုံးဖြတ်လိုက်ကတည်းကရင် ဘယ်နေရာကိုမှ ကိုယ်မသွားတော့တာ အမှန်ပါ …”
“ တစ်ဖန်ပြန်ပြောစမ်း … ငါ ဆောင့်ကန်ထည့်လိုက်ရ ….”
“ မင်း ကျိုးနေအောင်ကန်လည်း ငါ မသိတာက မသိတာပဲ …” ကောင်းကျုံးယွမ်မှာ သနားစဖွယ် မျက်နှာငယ်လေးနှင့် ဖြစ်နေခဲ့၏။
လင်းရီ၏ ကိစ္စရပ်များတွင်တော့ ကောင်းကျုံးယွမ်၊ ချင်းဟန်နှင့် လျန်ကျင်းမင်တို့သည်ပင် အတော်လေး မရှင်းမရှင်း ဖြစ်နေကြသည်။
သူတို့အားလုံး လင်းရီက လျန်ရူရွှယ်နှင့် ရင်းနှီးနေတယ်ဆိုတာကိုပဲ သိသည်။ သို့သော် ၎င်းတို့၏ ဆက်ဆံရေး အစစ်အမှန်ကိုတော့ မသိရှိကြချေ။
သို့သော် ယခု အနှီဓာတ်ပုံတို့က ၎င်းတို့နှစ်ယောက်ကြားရှိ တစ်စုံတစ်ရာကို ညွှန်ပြဖို့ လုံလောက်နေပြီး ဖြစ်၏။
လင်းကောရဲ့ လျှို့ဝှက်ထားတာတွေ ဖော်ထုတ်ခံလိုက်ရပြီ…
ဒါ ဘယ်ကောင် လုပ်လိုက်တာလဲ …
လင်းကောရဲ့ စကေးတွေနဲ့ဆိုရင် ကြုံရာလူတစ်ယောက် ဓာတ်ပုံ ခိုးရိုက်ခဲ့ရင်တောင် သတိထားမိမှာ အမှန်ပဲ ..
ဖြစ်နိုင်တာ Tesla များလား …
အဲ့လိုလည်း မဖြစ်နိုင်လောက်ဘူး …
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ ကောင်းကျုံးယွမ်၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ လျန်ကျင်းမင်က ဝီချက် ဗွီဒီယိုကော ဆက်သွယ်လာခဲ့ခြင်းပင်။
သူ ဖုန်းကို ကိုင်လိုက်သည့် အချိန်၌ ချင်းဟန်လည်း ဗွီဒီယိုကောထဲ ပါနေသည်ကို သတိထားမိလိုက်သည်။
“ မနက်အစောကြီး ဗွီဒီယိုကော ခေါ်ပြီး ဘာလဲလုပ်တာ … ငါ ဒီမှာ အိပ်ကောင်းနေတုန်း ရှိသေးတယ်…”
ချင်းဟန်သည် အိပ်ချင်မူးတူး မျက်လုံးများဖြင့် ကျိန်ဆဲလိုက်၏။
“ အိပ်မနေနဲ့တော့ … တစ်ခုခု မကောင်းတာ ဖြစ်သွားခဲ့ပြီ…” လျန်ကျင်းမင် လက်မောင်းပိုက်လျက်ပြောလိုက်ပြီး “ ငါ လူ လေးယောက် ဂရုထဲမှာ ဗွီဒီယို တစ်ချို့ ပို့ထားတယ်… မြန်မြန် တစ်ချက်ကြည့်လိုက်…”
“ နောက်မှပေါ့ … ငါ အခု ဆက်အိပ်လိုက်ဦးမယ်…”
“ ချီးတဲ့မှ တစ်ခုခု ဖြစ်နေပါပြီဆို မင်းက ဘာလို့ အိပ်ချင်နေသေးတာလဲ ..” လျန်ကျင်းမင် ပြောလိုက်ပြီး “ လင်းကြီးနဲ့ အတွင်းရေးမှူးလျန်တို့ရဲ့ ဆက်ဆံရေးတွေ ပေါက်ကြားခံလိုက်ရပြီ … ငါ ဒီမနက် အိပ်ရာနိုးတော့ တစ်တော့ ပွတ်ကြည့်လိုက်တာ ဒီ ဗွီဒီယို ကလစ် သုံးလေးခုလောက် သွားတွေ့တာပဲ …”
“ ဖက်ခ်… ဒါ အတည်ကြီးလား …”
ချင်းဟန် ကုတင်ပေါ်၌ ထထိုင်လျက်သား ဖြစ်သွားခဲ့သည်။ သူ့ အပေါ် တစ်စုံတစ်ယောက်က ရေအေးတစ်ပုံး လောင်းချလာသကဲ့သို့ အင်နာဂျီ အပြည့်နှင့် ဖြစ်သွားခဲ့လေသည်။
“ လခွမ်းတွေ ဖြစ်နေတာလား … လင်းကြီး ခုတလော တစ်စုံတစ်ယောက်ကိုများ စော်ကားမိထားတာလား ….”
သူတို့သုံးယောက်အဖို့ လင်းရီ၏ ရန်သူသည်သာလျှင် ဤကဲ့သို့ ပြုလုပ်နိုင်သည်။
“ ငါတို့တောင် လင်းကြီးနဲ့ အဆက်အသွယ် ပြတ်နေပါတယ်ဆို ဘယ်သူ့ကို သွားစော်ကားရမှာ …” လျန်ကျင်းမင် ပြောလိုက်သည်။ “ ပြီးတော့ Tesla နဲ့ကိစ္စကလည်း ဖြေရှင်းပြီးပြီ.. ဒီလို အရာမျိုးတွေ ထုတ်ပြီး လင်းကြီးရှေ့ ဟိတ်ဟန်လာထုတ်ပြနေမှာတော့ မဟုတ်ဘူး …”
“ ဒါဆို ဘယ်မြေနိုးက လုပ်သွားတာလဲ ..” ချင်းဟန် ပြောလိုက်ပြီး “ ဒီကောင်က သတ္တိတော့ တော်တော်ကောင်းသားပဲ .. ငါသာ ဖမ်းမိလို့ကတော့ ဘောတွေ တစ်စစီဖြစ်အောင် တူနဲ့ ထုပစ်ဦးမယ်…”
“ အဲ့တာ အဓိက မဟုတ်သေးဘူး … ငါတို့ ဒီကိစ္စကို ဖိနှိပ်ဖို့ နည်းလမ်းရှာရမယ်… ဥက္ကဌကျီသာ ဒီကိစ္စ သိသွားရင် မိုးမီးလောင်ပြီပဲ …”
“ မင်းမှန်တယ်… ဥက္ကဌကျီ ဒီအကြောင်း သိသွားလို့ မဖြစ်ဘူး …”
ချင်းဟန်သည် ကောင်းကျုံးယွမ်အား လေးနက်စွာ ကြည့်၍ “ ကောင်းကြီး … မင်းရဲ့ ဟော်ယွမ်ယွမ်ကို မျက်ခြေမပြတ် စောင့်ကြည့်ထား … သူ ဒီကိစ္စ သိသွားခဲ့ရင် ကျိန်းသေပေါက် ဥက္ကဌကျီကို သွားပြောပြမှာပဲ …”
ပြောရင်းဖြင့် ချင်းဟန်မှာ အဝတ်အစားများ ဝတ်ထားပြီး ဖြစ်နေသည်။
“ ငါ ဒီကိစ္စ ဖြေရှင်းဖို့ ငါ့အဆက်အသွယ်တွေကို ပြောလိုက်မယ်… မင်းတို့နှစ်ကောင်လည်း ဖျင်လေး မနေကြနဲ့ … မြန်မြန် ထပြီး လှုပ်ရှားကြတော့ …”
“ ချင်းကော … မင်းရဲ့ ခွန်အားတွေကို ဖြုန်းတီး မနေနဲ့တော့ …” ကောင်းကျုံးယွမ် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ ဘာလို့ မလုပ်ရမှာ … ငါတို့ကောင်တွေ လင်းကြီးနဲ့လည်း အဆက်အသွယ်ပြတ်နေတယ်.. ပြီးတော့ ဒီလို ကိစ္စကြီးလည်း ဖြစ်သွားတာကို ငါတို့သုံးယောက်က ကူညီဖြေရှင်းမပေးဘူးဆိုရင် ငါတို့ကိုယ်ငါတို့ ညီကိုတွေလို့ ခေါ်ဖို့ မင်း လိပ်ပြာလုံလား ….”
“ ငါပြောချင်တာ အဲ့လို မဟုတ်ဘူးဟ…” ကောင်းကျုံးယွမ် ခေါင်းကို တဗြင်းဗြင်း ကုတ်လိုက်ပြီး “ ယွမ်ယွမ်က ငါ့ဘေးနားမှာ ရှိတယ်… ပြီးတော့ ဒီကိစ္စကို သူလည်း သိထားပြီးပြီ…”