မျက်လုံးတွေက ဝမ်းနည်းမှုကို မဖော်ပြနိုင်ဘူးဆိုရင် သောကတွေကြောင့် အိုစာသွားတာကို ဘယ်သူက ယုံနိုင်မှာလဲ
Vol. 122 Ch. 1817
“ ဟင် … သူ အားလုံး သိထားနှင့်ပြီပေါ့ …”
ချင်းဟန်နှင့် လျန်ကျင်းမင်တို့၏ အမူအရာမှာ ကြွက်ချေး စားမိသွားသကဲ့သို့ အကျည်းတန်သွားခဲ့ကြ၏။ ကောင်းကျုံးယွမ်သည် ဟော်ယွမ်ယွမ်ဘက်သို့ ကူကယ်ရာမဲ့စွာဖြင့် ကင်မရာကို လှည့်ပြလိုက်၏။
လျန်ကျင်းမင် စကားအစ်ကြည့်လိုက်၏။
“ မရီးရော …. ဒီအကြောင်း သိသွားပြီလား …”
“ တစ်ယောက်ယောက်က ကျိုကျုံးဗီလာဆီ ဓာတ်ပုံတွေ ပို့လာလို့ သိသွားပြီ…”
“ဟင် … တစ်ယောက်ယောက်က ဓာတ်ပုံတွေ ပို့လာတယ် ဟုတ်လား …”
အဆိုပါ သတင်းကိုကြားတော့ သုံးယောက်လုံး မျက်နှာအမူအရာများ အုံ့မှိုင်းသွားခဲ့ကြသည်။
ဆိုလိုနေသည်မှာ … တစ်စုံတစ်ယောက်က လင်းရီကို ဖော်ထုတ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းနေသည် ဟူ၍ပင်။
“ ဖက်ခ်ပဲ … ဘယ်ကောင် လုပ်တာလဲကွ …”
လျန်ကျင်းမင် ဒေါသထွက်လွန်း၍ ဟိုတယ်ရှိ ကော်ဖီစားပွဲအား ဆောင့်ကန်ပစ်မိသည် အထိပင်။ ထိုအချိန်ခဏ၌ သူ လူသတ်ချင်စိတ်တို့ပင် ပေါက်သွားခဲ့လေသည်။
“ အရင်ဆုံး စိတ်ငြိမ်ငြိမ်ထား … ဒေါသထွက်နေလို့ အသုံးမဝင်ဘူး …” ချင်းဟန်ပြောလိုက်ပြီး “ အခု ငါတို့ ဒီကိစ္စကို ဘယ်သူ လုပ်ဖို့ အဖြစ်နိုင်ဆုံးလဲဆိုတာ စုံစမ်းဖို့ လိုတယ်…”
“ လတ်တလော လင်းကြီးနဲ့ ပြဿနာ တက်ထားတဲ့ အကောင်ကြီးကြီးဆိုလို့ Tesla ပဲ ရှိတာပဲ …”
ကောင်းကျုံးယွမ် ပြောလိုက်သည်။
“ မကသေးဘူး …” ဟော်ယွမ်ယွမ် ထပ်ပေါင်း ပြောလိုက်ပြီး “ ဟောင်ကောင်က ဟွမ်ဟိုင်အုပ်စုလည်း ရှိသေးတယ်…”
ဟော်ယွမ်ယွမ်သည်လည်း လင်းရီကို အတွင်းစိတ် အနက်ရှိုင်းဆုံး နေရာ၌ မုန်းတီးနေသည်။
အကယ်၍ တစ်ဖက်လူကသာ ဤကိစ္စကို တခြား အချိန်တစ်ခု၌ ဖော်ထုတ်ခဲ့မည်ဆိုပါက များများစားစား တွေးနေမှာ မဟုတ်ဘဲ ကျေးဇူးပင် တင်လိုက်ဦးမည်။
သို့သော် ယခုတော့ … သူမ၏ အစ်မကျီက ဆိုးရွားသည့် စိတ်အခြေအနေသို့ ကျရောက်နေပြီး ယခုလို ကိစ္စမျိုးက ပေါ်ပေါက်လာသဖြင့် ဤကိစ္စနောက်ကွယ်တွင် မည်သူက ကြိုးကိုင်နေလဲဆိုတာကို သူမ သိချင်နေခဲ့မိ၏။
ဤသည်က တအား စက်ဆုပ်ရွံရှာဖို့ ကောင်းလွန်းလှသည်။
“ ငါ ဟွမ်ဟိုင် အုပ်စုအကြောင်း နည်းနည်း ကြားဖူးတယ်…” ချင်းဟန် ဝေဖန် သုံးသပ်လိုက်ပြီး “ သူတို့က လင်းကြီးနဲ့ လတ်တလော ပြဿနာဖြစ်ထားတဲ့ကောင်ဆိုတော့ သူတို့ မလုပ်ဘူးလို့ မပြောနိုင်ဘူး …”
“ မင်းပြောသလိုသာဆိုရင် Tesla လည်း အဲ့လို လုပ်မယ်လို့ မထင်ဘူး …” ကောင်းကျုံးယွမ် ပြောလိုက်သည်။
ချင်းဟန် ခေါင်းညိမ့်လိုက်ပြီး ဆက်လက် ဝေဖန်သုံးသပ်ကြည့်လိုက်၏။
“ သူ အရင် စော်ကားထားခဲ့တဲ့ တစ်ယောက်ယောက်တော့ တစ်ယောက်ယောက်ပဲ နေမှာ … အဲ့လူက သူ့နောက်ကွယ်မှာ သူ့ မကောင်းတဲ့ ကိစ္စတွေကို စုဆောင်းနေတာ ကြာပြီ … အခု အချိန်ကိုက်ဖြစ်တော့မှ ဒီဥစ္စာတွေကို ထုတ်ပြလာတာပဲ ဖြစ်ရမယ်…”
“ အခု လင်းကောက ပနားမားမှာ .. အဆက်အသွယ်ကလည်း ပြတ်နေတယ်… ဥက္ကဌကျီကလည်း စိတ်အခြေအနေ ဟန်မနေဘူး … ဖြစ်နိုင်တာ တစ်ဖက်လူက ဒီဥစ္စာတွေကို ဒီခုလို အချိန်မှ ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော်လာခဲ့တာများလား ..” လျန်ကျင်းမင် ပြောလိုက်၏။
“ ငါတော့ မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းတယ်…”
“ မင်း ဘာပြောချင်တာ ….”
“ တွေးကြည့်လိုက်လေ… ငါတို့တောင် သူတို့နှစ်ယောက် ရင်းနှီးတယ်ဆိုတာပဲ သိတာ .. ဒါတောင် အသေးစိတ် သိတာ မဟုတ်ဘူး … တကယ်လို့ တစ်ဖက်လူက ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ခဲ့တာဆိုရင် ဆိုလိုတာ အဲ့ဒီလူက ငါတို့ထက်ပိုပြီး ဒီကိစ္စကို သိနေတယ် ဆိုတာပဲ … အဲ့နောက် ဒီလို အချိန်မျိုးမှာ ဒီဓာတ်ပုံတွေ လူထုဆီ ချပြလိုက်ဖို့ ရွေးချယ်လိုက်တယ်…”
ချင်းဟန် နှုတ်ခမ်းကိုက်မိသွားခဲ့ပြီး “ မင်း တွေးကြည့်စမ်း .. ဒီကိစ္စ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ ဆိုတာ …”
ကျန်တဲ့လူတွေကလည်း ကနေဦးတုန်းက အဆင်ပြေနေပေမယ့် ချင်းဟန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အနည်းငယ် ကြောက်ဖို့ ကောင်းလာသည်ကို သူတို့အားလုံး ခံစားလိုက်ကြရသည်။
အနှီ ဖြစ်နိုင်ချေနှင့် နှိုင်းယှဉ်လျက် .. လူတိုင်းမှာ တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်ပါစေဟု ဆုတောင်းနေမိလျက် ရှိ၏။
မဟုတ်ပါက တစ်ဖက်လူကလည်း ရိုးရှင်းသည့် လူတစ်ယောက် မဟုတ်သည်ကို ဆိုလိုနေလေသည်။
“ အခုက ဒီအကြောင်း ဆွေးနွေးနေရမယ့် အချိန် မဟုတ်သေးဘူး… သွားပြီး ဥက္ကဌကျီကို တစ်ချက် ကြည့်ကြစို့ …” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ သူက စကတည်းက စိတ်အခြေအနေကဖြင့် ကောင်းမနေပါဘူးဆို မတော်လို့ တစ်ခုခု ဖြစ်သွားမှ လင်းကြီး ပြန်ရောက်လာရင် ငါတို့ကောင်တွေ ဘယ်လို ရှင်းပြကြမှာ….”
“ သွားစို့ …”
သုံးယောက်သား အဝတ်အစားများ လဲပြီးနောက် မတူညီသည့် ဦးတည်ရာဘက်များမှနေ၍ ကျိုကျုံးဗီလာထံသို့ ဦးတည်လာခဲ့ကြသည်။
လမ်းတွင် ဟော်ယွမ်ယွမ်သည် လုံခြုံရေး ကပ္ပတိန်ထံမှ မက်ဆေ့ချ်များ လက်ခံရရှိလိုက်၏။
အခြေအနေကတော့ ကောင်းမွန်သည့် ဘက်ခြမ်း၌သာ ရှိနေသေး၏။ သူပြောထားသည်မှာ ကျီချင်းရန်က ရေကူးကန်နံဘေးရှိ ခုံလေးပေါ်တွင် ထိုင်ပြီး ဘာမျှ လုပ်မနေခဲ့ဘူးဆိုတာပင်။
တစ်နာရီ ကြာပြီးနောက် လူတိုင်း ကျိုကျုံးဗီလာထံသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြသည်။
အဝေးမှနေ၍ ပဂျားမားဝတ်စုံနှင့် ကျီချင်းရန်ကို သူတို့ လှမ်းမြင်တွေ့နေရ၏။ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားလျက် ကန်ထဲရှိ ငြိမ်သက်နေသည့် ရေများအား ငေးမောကြည့်ရှုနေလေသည်။
“ မိန်းကလေးဟော် … မင်းထွက်သွားပြီးကတည်းကရင် ဥက္ကဌကျီက အဲ့နေရာမှာ ထိုင်နေတာ နှစ်နာရီကျော်လောက်ရှိပြီ … တစ်ခုခုကြောင့် စိတ်ဓာတ်ကျနေတာများလား …” လုံခြုံရေး ကပ္ပတိန်က နွေးထွေးစွာ ပြောလိုက်၏။
“ နေမှာပါ ….”
ဟော်ယွမ်ယွမ် ပြန်ပြော၍ “ အခု ကျွန်မတို့ ရောက်ပြီဆိုတော့ ရှင့်ကို ဆက်ပြီး ဒုက္ခမပေးတော့ပါဘူး … ကျေးဇူးပဲနော်…”
“ ဒါ ကျုပ်တာဝန်ပါ … ကျုပ်တာဝန်ပါ … တခြား တစ်ခုခု ရှိတယ်ဆိုလည်း ကျုပ်ကို ရှာလို့ ရပါတယ်…”
“ ကောင်းပြီလေ… ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ …”
နှုတ်ဆက်စကား ဆိုပြီးနောက် လုံခြုံရေး ကပ္ပတိန်မှ ထွက်ခွာသွားခဲ့သည်။
လေးယောက်လည်း ခုံတစ်ခုတွင် တစ်ယောက်ပြီး တစ်ယောက် ထိုင်ချလိုက်ကြ၏။ လျန်ကျင်းမင်သည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး မျက်မှောင်ကြုတ်လျက် “ နှစ်နာရီတောင် ကျော်နေပြီ… ဥက္ကဌကျီက အရမ်းကြီး ခံစားလွန်းနေတယ်လို့ မထင်ဘူးလား ….”
“ ဘယ်အရာမှ သေချာတယ် မရှိဘူး ….” ချင်းဟန် ပြောလိုက်ပြီး “ ပုံမှန်ဆို ကြံ့ကြံ့ခံနိုင်လောက်တဲ့အရာဆိုပေမယ့် နဂိုစိတ်အခံကိုက အခြေအနေ မကောင်းနေတော့ ဒီဟာက ကြည့်ရတာ အရှိုက်ထိသွားခဲ့တဲ့ ထိုးနှက်ချက်လို့ ပြောလို့ ရတယ်…”
“ နင်တို့ကောင်တွေ ဘယ်လိုတောင် ပြောဝံ့နေတာ…” ဟော်ယွမ်ယွမ် ဒေါသတကြီး ပြောလိုက်ပြီး “ နင်တို့လည်း အဲ့ဒီ မကောင်းတဲ့ ကိစ္စတွေ လုပ်တဲ့နေရာမှာ ဟိုကောင်နဲ့ တစ်စိတ်တည်း တစ်ဉာဏ်တည်းတွေ ဖြစ်ရမယ်.. နင်တို့က သူ့ကို ကူပြီးတောင် ဖုံးထားပေးချင်လိုက်သေးတယ်… နင်တို့ တစ်ယောက်မှ ကောင်းတဲ့ကောင်တွေ မဟုတ်ဘူး …”
ကြိမ်းမောင်းခံလိုက်ရပြီးနောက် ချင်းဟန်နှင့် လျန်ကျင်းမင်တို့မှာ ခွေးအကြီး လှည်းနင်းခံထားရသကဲ့သို့ ပြန်ချေပနိုင်ခြင်းပင် မရှိတော့ချေ။
မည်သို့ပင်ဆိုစေ သူမပြောသွားသည်ကလည်း အမှန်တရားနှင့် သိပ်ဝေးလှသည် မဟုတ်ပေ။
“ အခု အခြေအနေတွေက ဒီလောက်ထိတောင် ရောက်လာနေပြီ ဆိုမှတော့ ငါတို့အကြောင်း ပြောပြီး ဘာလဲလုပ်မှာ … ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု စဉ်းစားရမယ်…” လျန်ကျင်းမင် ပြောလိုက်သည်။
“ ငါတို့ချည်းသပ်သပ် ဖြေရှင်းနိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူး .. ငါတို့ လင်းကြီး ပြန်လာတာကို စောင့်ဖို့လိုတယ်…” ကောင်းကျုံးယွမ် ပြောလိုက်၏။
“ ဒါပေမယ့် မေးစရာ ရှိတာ သူက ဘယ်ကိုရောက်နေတာ …” ချင်းဟန် မေးမြန်းလိုက်ပြီး “ ဒီလောက် ကြာနေပြီ … ဘာသတင်းမှလည်း မကြားရဘူး … ဒါလုံးဝ ပုံမှန်တော့ မဟုတ်ဘူး …”
သူတို့အားလုံး တိတ်ကျသွားခဲ့ကြသည်။ အမှန်တရား ဖော်ထုတ်ခံလိုက်ရသော်လည်းပဲ သူတို့တွေ လင်းရီကို ပိုပြီး စိတ်ပူနေမိသည်။
အဘယ်ကြောင့်ဆိုသော် လှံတံခေါင်းတို့က မကောင်းသည့် ဦးတည်ရာဘက်သို့ ချိန်ရွယ်လျက်သား ဖြစ်နေသောကြောင့် ဖြစ်၏။
အကယ်၍ သူသာ တကယ်ကြီး အဆင်ပြေနေသည်ဆိုပါက လင်းရီ၏ အစွမ်းအစတို့ဖြင့် ဤမျှ ရက်အတန်ကြာသည်အထိ အဆက်အသွယ်ပြတ်နေဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ သူ့မိသားစုနှင့် ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုခုကတော့ ရှာဖွေမှာ ဖြစ်၏။
“ ဟေ့ ဟေ့ … စကားပြောနေတာတွေ တော်ကြတော့ .. ဥက္ကဌကျီ ထလာပြီ …”
လေးယောက်သား အလျင်အမြန် မတ်တပ်ရပ်၍ ကျီချင်းရန်ကို အာရုံစိုက်လိုက်ကြသည်။ သူမ အန္တရာယ်များသည့် တစ်စုံတစ်ခု ပြုလုပ်သွားမှာကို အားလုံးက ကြောက်ရွံ့နေခဲ့ကြ၏။
တစ်ချိန်တည်းတွင် မတ်တပ်ရပ်လိုက်သည့် ကျီချင်းရန်သည်လည်း ဟော်ယွမ်ယွမ်နှင့် အခြားသူများကို မြင်တွေ့သွားခဲ့လေသည်။
“ နင်တို့အားလုံး ဘာလို့ ဒီရောက်နေကြတာ …”
“ အားနေလို့လေ… အဲ့တာနဲ့ပဲ ဒီလာလည်လိုက်တာ …”
ဟော်ယွမ်ယွမ်က ရှေ့ဆုံးမှနေ၍ ဦးဆောင်လာပြီး ကျန်သုံးယောက်က နောက်မှ လိုက်ပါလာကြ၏။ သူတို့ ကျီချင်းရန်ထံ အတူ ဦးတည်နေကြသည်။
သို့သော် သူမ၏ ရင်ဘက်က မျက်ရည်များဖြင့် စိုရွှဲနေသည်ကို သူတို့တွေ ရုတ်တရက် သတိပြုမိသွားခဲ့လေသည်။
“ ငါ အဆင်ပြေတယ်…” ကျီချင်းရန် အမှုမထားသည့် လေသံဖြင့် ပြန်ပြောလိုက်ပြီး “ ငါ အလုပ်သွားဖို့ ပြင်ဆင်လိုက်ဦးမယ်…”
“ အလုပ်သွားမယ် ဟုတ်လား…”
“ ငါ အိမ်မှာပဲ ကပ်နေတာ ဘယ်နှရက် ကြာနေပြီလဲ … ငါသာ ကုမ္ပဏီ မသွားဘူးဆိုရင် ဟိုမှာ တာဝန်ယူနိုင်မယ့်လူ ရှိမှာ မဟုတ်ဘူး ….”
“ ဒါပေမယ့် အစ်မကျီ .. နင့်ရဲ့ ဒီခုလို ပုံစံနဲ့ အလုပ်သွားဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ … အိမ်မှာပဲ နောက်ထပ် နှစ်ရက် သုံးရက်လောက် နားလိုက်ပါဦးလား …”
ဟော်ယွမ်ယွမ်က ကျီချင်းရန်၏ လက်မောင်းကို တွဲချိတ်ထားရင်း ဖြောင်းဖျလိုက်သည်။
“ ငါ ဘာလို့ အလုပ်မလုပ်နိုင်ရမှာ … အပြင်းဖျားပြီး ခုမှ ပြန်သက်သာလာနေတုန်းရှိတဲ့ လူနာလည်း မဟုတ် …”
ကျီချင်းရန်သည် အမှုမထားသည့် ဟန်အမူအရာဖြင့် ပြောလိုက်သည်။
သို့သော် … သူမက ထို့သို့ ပြုမူပြလေလေ ၊ ကျန်သူများက ပိုပြီး စိုးရိမ်ထိတ်လန့်လာလေလေ ဖြစ်နေသည်ကိုတော့ သူမ သတိမထားမိခဲ့ချေ။ ဤကဲ့သို့သော စိတ်ခံစားချက် မရှိသည့် သွင်ပြင်က ပုံမှန် ဖြစ်နေသည့် စိတ်အခြေအနေအောက်၌ ဖြစ်ပေါ်နေသင့်သည့် အရာတစ်ခု မဟုတ်ပါချေ။
ထိုအစား သူတို့တွေသည် ကျီချင်းရန် ဗီလာထဲသို့ သွား၍ အရာအားလုံးကို ရိုက်နှက်ဖျက်စီးပစ်ပြသည်ကို မြင်တွေ့ရသည်ကမှ ပိုပြီး စိတ်သက်သာ ရမိလိမ့်ဦးမည်။
သူမ၏ ခြေလှမ်းများနောက် လိုက်ပါလာရင်း ဗီလာ နံပါတ် ၁ ထဲသို့ ရောက်ရှိလာသည်။
ကျီချင်းရန် မီးဖိုချောင်ထဲသို့ လျှောက်သွားခဲ့၏။ ဟော်ယွမ်ယွမ် မနက်ခင်းတုန်းက အော်ဒါမှာထားသည့် အစားအသောက်တို့က ကျန်နေသေးပြီး ကျီချင်းရန်လည်း ၎င်းတို့အား အပူပေးပြီး နွှေးစားရန် ဆုံးဖြတ်လိုက်သည်။
ကျီချင်းရန် အစားအသောက်များအား နွှေးနေသည်ကို မြင်တော့ … အထူးသဖြင့် သူမ၏ ပိန်ပါးပြီး အားနည်းထိခိုက်လွယ်ပုံပေါ်သည့် နောက်ကျောကို ကြည့်ရင်း … သူတို့၏ ခံစားချက်များ ရှုပ်ထွေးလာခဲ့ကာ ရင်ထဲ၌ ခါးသီးသည့် ခံစားချက်တစ်ခုကို ချန်ရစ်ထားခဲ့လေသည်။
အကယ်၍ မျက်လုံးတို့က ဝမ်းနည်းမှုကို မဖော်ပြဘူးဆိုပါက ပူဆွေးသောကမှုကြောင့် အိုစာသွားသည်ကို မည်သူကမျှ ယုံကြည်လိမ့်မည် မဟုတ်ချေ။ သူတို့အားလုံးက ညီကိုရောင်းရင်းများ ဖြစ်သည်ဆိုသော်လည်းပဲ ဤကိစ္စတွင်တော့ လင်းရီ လုံးဝမှားသည်။
ဥက္ကဌကျီက တကယ့်ကို ပြောင်မြောက်လွန်း၏။