သတင်းဆိုး
Vol. 122 Ch. 1818
ကျိုးဟိုင်၊ ဟွာရှန်း ဆေးရုံ။ မြောင်ကော်ဖုန်း၏ ရုံးခန်း။
မြောင်ကော်ဖုန်းသည် ဆေးရုံ၏ ဘဏ္ဍာရေး အစီအရင်ခံစာကို ဖတ်နေရင်း တစ်ဝက်ရောက်သည့် အချိန်၌ ဖုန်းကော တစ်ခုကို လက်ခံရရှိလိုက်၏။
“ ဟုတ်ကဲ့ ခေါင်းဆောင်…”
“ ဟုတ်ကဲ့ ဟုတ်ကဲ့ .... ကျုပ် အခုပဲ စီစဉ်လိုက်မယ်….”
ဖုန်းချပြီးနောက် မြောင်ကော်ဖုန်း၏ အမူအရာမှာ လေးနက်တည်ကြည်လာသည်။
ထို့နောက် သူ လီချူးဟန်ထံသို့ ဖုန်းဆက်လိုက်၏။
မိနစ် အနည်းငယ်ကြာပြီးနောက် ရုံးခန်း တံခါးခေါက်သံ ထွက်ပေါ်လာပြီး လီချူးဟန်သည် မြောင်ကော်ဖုန်း၏ ရုံးခန်းထဲသို့ ဖရိုဖရဲနှင့် ရောက်ရှိလာခဲ့၏။
သူမ၏ နဖူးထက်တွင် ချွေးစက်အနည်းငယ်ကို မြင်တွေ့နိုင်ပြီး ဤနေရာသို့ ရောက်အောင် အမြန်ပြေးလာသည်မှာ သိသာလှသည်။
“ ဒါရိုက်တာမြောင် .. ကျွန်မကို ရှာနေတယ်ဆိုလို့ …”
“ သွားပြီး အဆင်သင့် ပြင်ထား … ပြီးရင် ငါနဲ့ အတူလိုက်ခဲ့ …”
“ ဘာလို့လဲ … ဘာရှိလို့လဲ …”
“ နိုင်ငံကို ပြန်လာနေတဲ့ ဒဏ်ရာရ လူနာတစ်ယောက် ရှိတယ်… သက်ဆိုင်ရာ ဌာန အကြီးအကဲ ခေါင်းဆောင်တွေက ငါ့ဆီ ဖုန်းဆက်လာပြီး မင်းကို ကယ်ဆယ်တဲ့ စစ်ဆင်ရေးမှာ ပါဝင်စေချင်နေတယ်…”
တကယ်တော့ လီချူးဟန်နှင့် မြောင်ကော်ဖုန်းသာလျှင် အခေါ်လွှတ်ခြင်း ခံရသည် မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ ထိပ်တန်း ခွဲစိတ်ဆရာဝန် ဒါဇင်ခန့်မှာ တစ်ချိန်တည်းနီးပါ၌ ဆင့်ခေါ်ခြင်း ခံခဲ့ရ၏။
လုပေချိန် လက်မလျှော့ချင်သေးပေ။
လီချူးဟန်သည် ခေါင်းကို လေးပင်စွာ ညိမ့်ပြလိုက်၏။ “ ချောင်ရှင်းကိုကော ခေါ်ခဲ့လို့ ရလား …”
လီချူးဟန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ခြင်း မရှိပေ။ ယခင်တုန်းကလည်း ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ဖူးပြီး အတွေ့အကြုံ တစ်ချို့ ရှိထားလေသည်။
ချောင်ရှင်းကို ခေါ်ခဲ့ချင်သည်က သူမကို အမြင်ကျယ်စေချင်သောကြောင့်နှင့် ပြုစုပျိုးထောင်ပေးရန် အတွက်ပင်။
“ ပြဿနာ မရှိဘူး .. ဘာပဲဖြစ်ဖြစ် အမြန်လုပ်တော့ … ငါ အခု ကားသွားယူပြီး ရှစ်လွှာမှာ စောင့်နေမယ်… အချိန်မဖြုန်းနဲ့ …”
“ နားလည်ပြီ….”
အင်မတန် အရေးကြီးသည့် အခြေအနေ ဖြစ်သောကြောင့် လီချူးဟန်နှင့် ချောင်ရှင်းတို့ လျင်လျင်မြန်မြန်ပဲ ပြင်ဆင်စရာ ရှိသည်များအား ပြင်ဆင်ပြီးသွားခဲ့ကြ၏။
ပြန်ရောက်လာပြီးနောက် နှလုံးခွဲစိတ်ဌာတွင် စီစဉ်စရာ ရှိသည်များအား စီစဉ်ပြီး … နှစ်ယောက်မှာ အဝတ်အစားလဲ၍ ရှစ်လွှာရှိ ကားပါကင်သို့ အတူ ထွက်လာခဲ့ကြသည်။
“ ဒါရိုက်တာမြောင် … ဘာတွေလဲ ဖြစ်နေတာ … သူတို့ ဘာလို့ ဆရာဝန်တွေ အကုန်လုံးကို ရန်ကျင်း လာဖို့ အမိန့်ပေးနေတာလဲတဲ့ …”
“ ဘယ်သိမှာ … အကောင်ကြီးကြီး တစ်ယောက်ယောက် တစ်ခုခု ဖြစ်သွားလို့ နေမှာပေါ့ … ငါလည်း အသေးစိတ်တော့ မသိဘူး … ဘာပဲဖြစ်ဖြစ် ဟိုရောက်ရင် သိရမှာပဲ …” မြောင်ကော်ဖုန်း ပြောလိုက်ပြီး “ မင်းတို့ ဟိုရောက်ရင် ဘာမှ ဝင်မပြောနဲ့ … ဘေးကနေ ကြည့်ပြီး သင်ယူကြ …”
“ဟုတ်ကဲ့ …”
ချောင်ရှင်းက သူမအဆင့် သူမသိသည်။ ယခုတစ်ခေါက်တွင် အစ်မလီက သူ့ကို အတူခေါ်လာခဲ့ပေးသည်က သူမအား အတွေ့အကြုံ တစ်ခု ရရှိစေရန်ပင်။
“ အစ်မလီ… ရှင် ခုတလော အစ်ကိုရီနဲ့ ဆက်သွယ်ဖြစ်သေးလား …”
“ သူ အလုပ်များနေတယ် ထင်တယ်… ငါလည်း သူ့ကို ဆက်သွယ်လို့ မရဘူး …” လီချူးဟန် ပြောလိုက်ပြီး “ ဘာလဲ … သူ့ဆီက တစ်ခုခုလိုလို့လား….”
“ ညီမ အခု ကိုနန်ကြည့်နေတာ နောက်ဆုံး အပိုင်းထိ မှီသွားပြီမို့လေ… ဆေးရုံမှာလည်း ထွေထူး အလုပ်သိပ်များတာ မဟုတ်တော့ ခုတလော ဘာအမှုတွေ ကိုင်နေလဲလို့ပါ … ညီမ သူ့ကို ကူပြီး သုံးသပ်ပေးရင် သုံးသပ်ပေးရအောင်လို့ ….”
“ နင် အားနေတယ်ဆိုလည်း စာတမ်းတွေသာ ဖတ်စမ်းပါ … အဲ့တာကမှ နင့်အတွက် အသုံးကျမှာ …”
“ ဟီးဟီး … ဟုတ်ကဲ့ …”
မကြာမီ သုံးယောက်သား လေဆိပ်သို့ ရောက်လာခဲ့ပြီး အခြား ဒေါက်တာနှစ်ယောက်လည်း ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် သူတို့ကို စစ်တပ်သုံးလေယာဉ် တစ်စင်းသို့ ခေါ်ဆောင်သွားပြီး ရန်ကျင်းသို့ ပျံသန်းလာခဲ့၏။
နှစ်နာရီကြာပြီးသည့်နောက် လေယာဉ်က လေဆိပ်သို့ ဆင်းသက်လာသည်။
လီချူးဟန်နှင့် ကျန်သည့် ဒေါက်တာများကို ကြိုဆိုရန်အတွက် အထူးတလှယ် ကားတစ်စင်း စီစဉ်ပေးထားပြီး … ထို့နောက် ပြည်ထောင်စု ကောလိပ် ဆေးရုံသို့ ချက်ချင်း ဦးတည်လိုက်တော့၏။
သူတို့ ဆေးရုံကို ရောက်တော့ ဒါဇင်ချီသည့် ဒေါက်တာတို့က ၂၂ လွှာ၏ တတိယမြောက် အတွင်းလူနာဌာနတွင် စုဝေးနေကြသည်ကို မြင်တွေ့လိုက်ရသည်။
“ ဒေါက်တာ လီချူးဟန် ရောက်လာပြီလား မေးပါရစေ …”
ပြောလိုက်သူက ထောက်ချိန်ပင်။
သူမ ဓာတ်လှေကားက ထွက်ထွက်ချင်းပဲ သူမ၏ နာမည် ခေါ်သံကို ကြားလိုက်ရသဖြင့် လီချူးဟန်သည် မသိစိတ်အလျောက် လက်မြှောက်၍ တုံ့ပြန်လိုက်၏။
“ ကျွန်မ ဒီမှာ …”
“ ကျေးဇူးပြုပြီး ဒီကို လာခဲ့ပေးပါဦး …”
သုံးယောက်သား ထောက်ချိန်ထံသို့ ရောက်လာခဲ့ကြသည်။ သူတို့၏ မျက်နှာ အမူအရာတော့ ရှုပ်ထွေးနေခဲ့ကြ၏။
ထောက်ချိန် ယခုလို တောင်းဆိုလိုက်သည်က သူသည် သူမနှင့် လင်းရီအကြား ဆက်နွယ်မှုကို အမှတ်ရနေသောကြောင့်ပင်။
ရန်ကျင်းတွင် လင်းရီ စမ်းသပ်မှု ဖြေဆိုစဉ်က လီချူးဟန်ဆိုသည့် အမျိုးသမီးနှင့်အတူ ရောက်လာခဲ့သည်ကို သူ မှတ်မိသေးလေသည်။
ထို့ကြောင့် ဒေါက်တာများ ခေါ်လွှတ်သည့် အချိန်၌ လီချူးဟန်ကို တွေးမိသွားပြီး သူမကိုပါ ခေါ်ခဲ့ပေးဖို့ တောင်းဆိုလိုက်သည်။
အကယ်၍ ဤ အမျိုးသမီးသည်သာ လင်းရီနှင့် ဆက်စပ်မှု တစ်ခု ရှိနေသည်ဆိုပါက သူမ၏ မခေသည့် အရည်အချင်းတို့ဖြင့် ဤနေရာသို့ ခေါ်ဆောင်ရန် အရည်အချင်း ပြည့်မီသည်။
သို့သော် လီချူးဟန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိ၏။ သူမ၏ ကိုယ်ပိုင် အရည်အချင်းကို ယုံကြည်ချက်ရှိသော်လည်း သူမ မမောက်မာတတ်ချေ။
ဤနေရာတွင် ရှိနေကြသည့်လူတိုင်းက ဆေးပညာ နယ်ပယ်ရှိ ဒိတ်ဒိတ်ကျဲကြီးများ ဖြစ်ပြီး ထိုလူတို့ကြားထဲတွင် သူမ၏ နေရာက မည်သည့်နေရာ၌ ရှိသည်ကို သူမကိုယ်သူမ သိသည်။ လမ်းလျှောက်သည့် အခါ၌ပင် တစ်လှမ်းနောက်ကျ၍ လျှောက်ပြီး လေးစားသမှု ပေးရ၏။
လူနာများ ကုသသည့် အချိန်၌ပင် သူမသည် ထိုလူများ၏ လက်ထောက် ဆရာဝန်တစ်ယောက်အဖြစ်သာ ဆောင်ရွက်နိုင်သည်။
ယခုလို သူမအား နာမည်တပ်ပြီး ခေါ်ဆိုလာသည်က အနည်းငယ်တော့ မဟုတ်သေးချေ။
ထောက်ချိန်အနားသို့ ချဉ်းကပ်လာသည်နှင့်အမျှ ဤလူက အနည်းငယ် ရင်းနှီးနေသယောင် ရှိနေသည်ကို လီချူးဟန် သတိထားမိလိုက်သည်။ ကြည့်ရသည်မှာ သူမတို့ နှစ်ယောက် တစ်နေရာရာ၌ ဆုံတွေ့ခဲ့ဖူးသည့်ဟန်ပင်။ သို့သော် မည်သည့်နေရာလဲဆိုတာတော့ သူမ မမှတ်မိခဲ့ချေ။
သို့ပေမယ့် ထိုလူ၏ နီရဲနေသည့် မျက်ဝန်းတို့က သူမ၏ စိတ်အတွင်း၌ သံသယ စိတ်တို့အား ရုတ်ချည်း ဖြစ်ပေါ်လာစေသည်။
“ ကျွန်မတို့ အခုပဲ လူနာကို ကုသရတော့မှာလား …”
ထောက်ချိန် သူမ၏ မေးခွန်းကို တိုက်ရိုက် မဖြေဆိုဘဲ ထိုအစား ယခုလို မေးမြန်းလိုက်၏။
“ ကျုပ်မေးချင်တာ … မိန်းကလေး လင်းယွင်အုပ်စုရဲ့ ဥက္ကဌလင်းကို သိလား …”
လီချူးဟန် အံ့အားသင့်သွားခဲ့၏။ ဒီလိုအချိန်မျိုးမှာ သူမနဲ့ လင်းရီရဲ့ ဆက်ဆံရေးကို ဘာလို့ လာမေးနေရတာလဲ …
ဒါက သိပ်ပြီးမှ မသင့်တော်ဘူး မဟုတ်လား …
လီချူးဟန် ခေါင်းခါရမ်းလိုက်သည်။
“ သူက ကျွန်မတို့ ဟွာရှန်းဆေးရုံက နှလုံးခွဲစိတ် ဌာနရဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်… ကျွန်မတို့တွေ အချိန်တစ်ခုလောက် အထိ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့ဖူးတယ်… သိပ် မရင်းနှီးဘူးဆိုပေမယ့်ပေါ့ …”
လင်းရီနှင့် ပတ်သက်လာလျှင် လီချူးဟန်သည် အဆင့်အတန်းများအား ဂရုစိုက်နေခြင်း မရှိပေ။ သူနှင့် တစ်ခါတစ်ရံ တွေ့ဆုံနိုင်ပြီး စကားပြောနိုင်ခွင့် ရှိမည်ဆိုပါက သူမ ကျေနပ်ပါသည်။
လင်းရီတွင် ကောင်မလေး တစ်ယောက် ရှိထားသည်ကို သူမသိသည်။ ထို့ကြောင့် သူမတို့၏ ဆက်ဆံရေးကို လူသိရှင်ကြား ဖော်ထုတ်ပြ၍ မရချေ။
ထို့ကြောင့် အပြင်လူတို့ ရှေ့မှောက်၌ လင်းရီနှင့် သူမတို့၏ ဆက်ဆံရေးကို ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ပေ။
သူမ၏ လုပ်ရပ်ကြောင့် လင်းရီ ဒုက္ခရောက်သွားမှာကို စိုးရိမ်သည်။
“ အချင်းချင်း သိကြတယ်ဆိုမှတော့ အထဲဝင်သွားပြီး သူ့ကို ကယ်လို့ရသေးလား ကြည့်ပေးပါဦး …”
“ သူ့ကို ကယ်လို့ရသေးလား ကြည့်ပေးရမယ်….”
လီချူးဟန် ရင်ထဲ ဒိန်းကနဲ ဖြစ်သွားခဲ့၏။
“ ရှင် ဘာပြောချင်တာ … ဒါက လင်းရီနဲ့ သက်ဆိုင်နေတာလား …”
“ ဝင်ပြီး တစ်ချက် ကြည့်လိုက်ပါ …”
ထောက်ချိန်သည် အလှမ်းသိပ်မကွာသေးသည့် နေရာရှိ အသက်ကယ်ခန်းထဲသို့ ညွှန်ပြလိုက်ပြီး “ သူက အဲ့မှာ ရှိတယ်…”
ဤနေရာရှိ အသက်ကယ်ခန်းက ICU ခန်း အသေးစားလေးနှင့် ညီသည်။ သို့သော် ဆေးဝါး ကိရိယာတို့က ပိုအဆင့်မြင့်ပြီး ပိုပြီးလည်း ပြည့်စုံသည်။
လီချူးဟန် ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ချောင်ရှင်းက ထိန်းထားပေး၍ပင်။
“ အစ်မလီ… စိတ်ငြိမ်ငြိမ်ထားဦး … ဘာဖြစ်လဲ ကျွန်မတို့ မသိသေးဘူးလေ… အရင်သွားပြီး တစ်ချက် ကြည့်ကြတာပေါ့ ….”
“ သွားမယ်…”
လီချူးဟန်သည် စိတ်ကို တည်ငြိမ်အောင် ပြန်လုပ်၍ သုံးယောက်အတူ အရေးပေါ်ခန်းထဲသို့ ဝင်သွားခဲ့ကြသည်။
အဝတ်များ လဲပြီးနောက် လီချူးဟန်သည် တံခါးကို အလျင်အမြန် ဖွင့်၍ အထဲသို့ ဝင်လာလေသည်။
တစ်ချိန်တည်းတွင် ဒေါက်တာ ဆယ်ယောက်ကျော်က အတွင်းဘက် အကျဆုံးခြမ်းရှိ ဆေးရုံ ကုတင်ဘေးတွင် စုဝေးနေခဲ့ကြသည်။
လီချူးဟန်နှင့် မြောင်ကော်ဖုန်းတို့ ဝင်လာသည်ကို မြင်တော့ တစ်စုံတစ်ယောက်က လှမ်းပြီး နှုတ်ဆက်လာသည်။
ထိုလူကတော့ ပြည်ထောင်စု ကောလိပ် ဆေးရုံ၏ ဒုဥက္ကဌ ၊ မာရန်ပေါ်ပင်။
ယခခင် လင်းရီ တုံးစန်းကောင်တီ၌ ကူညီပေးစဉ်အခါက ဒေသတွင်း အခြေခံ ဆေးဘက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိုလူထံ အကူအညီ တောင်းခဲ့ဖူးသည်။
“ လောင်မြောင် … မင်းရောက်လာပြီပဲ …”
“ လောင်မာ … အခုက ဘာတွေ ဖြစ်နေတာလဲ …”
မာရန်ပေါ်၏ အမူအရာမှာ သိပ်မကောင်းမွန်လှဘဲ သက်ပြင်းကို လေးပင်စွာ တစ်ချက်ချလိုက်၏။
“ ငါ မပြောတော့ဘူး .. မင်းတို့ ကိုယ့်ဘာကိုယ် လာကြည့်လိုက်တော့ …”
လီချူးဟန်နှင့် ချောင်ရှင်းတို့က အရင်ဦးဆုံး ရောက်သွားခဲ့ကြသည်။
“ အစ်ကိုရီ ….”
ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့် လင်းရီကို မြင်တော့ ချောင်ရှင်း သူ့မျက်လုံးသူ မယုံကြည်နိုင်ဖြစ်သွားခဲ့ပြီး မျက်ရည်များ စီးကျလာခဲ့တော့၏။
လီချူးဟန်မှာ တစ်ကိုယ်လုံး ချိနဲ့သွားခဲ့ပြီး ကြမ်းပြင်သို့ ပုံလျက် လဲကျသွားခဲ့တော့သည်။ ထိုအချင်းအရာအား လျင်မြန်စွာ မြင်တွေ့လိုက်သည့် နာ့စ်တစ်ယောက်ကြောင့် အချိန်မီ ဖေးမခံလိုက်ရလေသည်။
“ လင်း… လင်းရီ … သူ ဘာလဲ ဖြစ်တာ … ဘာလို့ ဒီလောက်တောင် ဆိုးဆိုးရွားရွား ဒဏ်ရာတွေ ရထားတာလဲ ….”
လီချူးဟန်၏ စိတ်အခြေအနေမှာ ပြိုလဲလုနီးပါး ဖြစ်နေသည်။
သူမက နှလုံးခွဲစိတ်ဌာနရှိ ဒေါက်တာ တစ်ဦးဖြစ်ပြီး ဤသို့သော မြင်ကွင်းမျိုးကို ရိုးအီနေအောင် မြင်တွေ့ခဲ့ဖူးသည်။
လင်းရီ အသက်ရှူနိုင်နေသည်က အသက်ရှူစက်ကြောင့်ဆိုတာကို စစ်ဆေးကြည့်နေဖို့ပင် မလိုချေ။
သူကား ……
“ သူ မစ်ရှင် တစ်ခု လုပ်နေတုန်း … သူ့ ရဲဘော်ရဲဘက်ကို ကာကွယ်ဖို့ လုပ်ရင်းနဲ့ … ဗုံးပေါက်ကွဲမှု တစ်ခုကြောင့် ဒဏ်ရာ ရသွားခဲ့တာ …”
“ ဗုံး … ဗုံးပေါက်ကွဲပြီး ဒဏ်ရာ ရသွားခဲ့တယ် ဟုတ်လား ….”
လီချူးဟန်သည် သူမ၏ တုန်ယင်နေသည့် လက်ဖြင့် လင်းရီ၏ မျက်လုံး တစ်ဖက်အား ညင်သာစွာ ဖွင့်ကြည့်လိုက်၏။
ထိုတခဏ၌ သူမ မမြင်တွေ့ချင်ဆုံး အရာတစ်ခုအား မြင်တွေ့လိုက်ရသည်။
သူ၏ မျက်စိ သူငယ်အိမ်တို့က … ပြန့်ကားပြီး ဖြစ်နေပြီ။
လီချူးဟန် အမြင်တို့ ပြာဝေသွားပြီး ချက်ချင်း သတိလစ်သွားခဲ့တော့၏။