ဘဝရဲ့ ဆောင်ပုဒ်
Vol. 122 Ch. 1819
ဝန်ကြီး အိမ်ယာ၏ တစ်ခုသော ရပ်ကွက် ၊ လျန်ရှန့်ဟော်၏ နေအိမ်တွင်။
ရန်ကျင်းသို့ ပြန်လာပြီးနောက် လျန်ရူရွှယ်သည် အိမ်သို့ ပြန်ရန် စီစဉ်ထားခဲ့၏။
သို့သော် မနက်ခင်းပိုင်းတွင် ဖြစ်ပျက်သွားသည့် တစ်စုံတစ်ရာက လျန်ရူရွှယ်အား အိမ်ပြန်၍ အဆင်မပြေအောင် ဖြစ်သွားခဲ့စေသည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့် လင်းရီ၏ ဆက်ဆံရေးမှာ အွန်လိုင်းပေါ်တွင် ပေါက်ကြားခြင်း ခံလိုက်ရ၏။
အဆိုပါ သတင်းကို ကြားပြီးသည့်နောက် ရှန်းရှုရီကတော့ တည်တည်ငြိမ်ငြိမ်ပင်။ သူမ ထိုကိစ္စကို သိထားနှင့်သည်မှာ ကြာပြီ ဖြစ်၏။ သို့သော် သူမကိုယ်သူမ ဝင်မစွက်ဖက်ဘဲ လင်းရီ ဖြေရှင်းမှာကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော် ဤကဲ့သို့သော အခိုက်အတန့်မျိုး၌ အဆိုပါ သတင်းက အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့လိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
ဤဖြစ်ရပ်နောက်ကွယ်တွင် ပူးပေါင်းကြံစည်မှု အနံ့များအား ရှန်းရှုရီ ရရှိနေခဲ့၏။
သို့သော် လျန်ချွင်ရှောင်နှင့် လျန်ရှန့်ဟော်တို့မှာ ထိုကိစ္စကို သိတော့ ယမ်းပုံမီးကျ ဖြစ်သွားခဲ့၏။ အကယ်၍ သူမ၏ အဘွားဖြစ်သူ ၊ ရန်ယွီဟွာ ကြောင့်သာ မဟုတ်ပါက သူမမှာ ကောင်းကောင်းကြီး အကြိမ်းမောင်းခံ ထိပြီးလောက်ပြီ။
ဒေါသ ဖြစ်မိပေမယ့် လျန်မိသားစုသည် ၎င်းတို့တွင် ရှိသည့် အဆက်အသွယ် အရင်းအမြစ်များအားလုံးကို စုစည်းပြီး ထိုကိစ္စအား လျင်မြန်စွာ ဖိနှိပ်ရန် လုပ်ဆောင်လိုက်ကြ၏။
ယခုဆိုလျှင် သက်ဆိုင်ရာ သတင်းအချက်အလက်တို့သာ အွန်လိုင်းပေါ်၌ ရှာတွေ့နိုင်တော့သည်။
ရှန်းရှုရီ၏ အမြင်တွင်တော့ တစ်ဖက်လူ၏ လုပ်ရပ်က လျန်မိသားစုကို အနည်းငယ် စိတ်တိုဒေါသထွက်သွားစေရုံမျှလောက်ပင်။ ဤဖြစ်ရပ်က အကန့်အသတ် ဘောင်အတွင်း၌သာ ကျယ်ပြန့်နိုင်သည်။
လျန်မိသားစုက အင်တာနက်နှင့် သတင်းမီဒီယာ နယ်ပယ်တွင် သိသာထင်ရှားသည့် လွှမ်းမိုးမှုတို့ ရှီထားပြီး အဓိက မီဒီယာတို့ကသာမက ကိုယ်ပိုင် မီဒီယာ တစ်ချို့ကပင် များများစားစား မပြောဝံ့ကြချေ။
ထို့ပြင် ပါပါရာဇီများနှင့် ကိုယ်ပိုင် မီဒီယာများဖို့ ဤကိစ္စအား သတင်းလုပ် တင်ပြသည်ထက် ဆယ်လီ အနုပညာရှင်များ၏ အတင်းအဖျင်းများအား သတင်းလိုက် တင်ပြရသည်က ပိုအရသာရှိဦးမည်။
ချမ်းသာပြီး အာဏာရှိသည့် မိသားစုတစ်ခု၌ ယခုလို အတင်းအဖျင်းများ ထွက်ပေါ်သည်က သာမန် ထမင်းစားရေသောက်လိုကို ဖြစ်နေပြီဖြစ်ရာ မည်သူကမျှ အထူးတလှယ်လုပ်၍ အံ့အားသင့်မနေကြတော့ချေ။
ထို့ကြောင့် ဤကိစ္စက အွန်လိုင်း ဝါဒဖြန့်မှု တစ်ခုအသွင်သို့ ကျယ်ပြန့်သွားခဲ့ခြင်း မရှိပေ။
ဝမ်မိသားစုက ယခုလို ပြုလုပ်ရခြင်းအတွက် အဓိက ဦးစားပေး အကြောင်းအရင်း နှစ်ခု ရှိသည်။
ပထမ တစ်ခုက ကျီချင်းရန်ကို ဤအကြောင်း ပေးသိဖို့ ဖြစ်ပြီး ဒုတိယကတော့ လျန်မိသားစုအား ယမ်းပုံမီးကျ ဒေါသထွက်အောင် လှုံ့ဆော်ဖို့ပင်။
လင်းရီ သေဆုံးသွားသည့် သတင်းထွက်ပေါ်လာသည်နှင့် သူသည် အာဇာနည် သူရဲကောင်းတစ်ဖွယ် သင်္ဂြုဟ်ခံရမည်မှာ မလွဲမသွေပင်။ ထိုအချိန်၌ ဤ သတင်းတို့က ပြန်လည်တူးဆွခြင်း ခံရမည်ဆိုပါက လင်းရီ၏ ဂုဏ်သတင်းသည်လည်း ရစရာ မရှိအောင် စုတ်ပြတ်သွားလိမ့်မည်။
“ မြေး ဘာတွေ မျက်မှောင်ကြုတ်နေတာ .. တစ်နေ့လုံးလည်း ဘာမှ မစားရသေးဘူး …”
ရန်ယွီဟွာသည် လျန်ရူရွှယ် ရှေ့၌ ထမင်းနှင့် ဟင်းပန်းကန်တို့အား ချပေးပြီး ပြောလိုက်သည်။
“ သမီး ဗိုက်မဆာလို့ … အခု ဘာမှ မစားချင်သေးဘူး …”
လျန်ရူရွှယ် နုံးခွေနေသည့် လေသံဖြင့် ပြောလိုက်သည်။
သူမနှင့် လင်းရီတို့၏ ဆက်ဆံရေး ဖော်ထုတ်ခံလိုက်ရသည့် ကိစ္စကို လျန်ရူရွှယ် အရေးလုပ်ပြီး ဂရုစိုက်ခြင်း မရှိပေ။ ယခုလို ဖြစ်လာမည်ကို အချိန် အတော်ကြာကတည်းက တွေးထားပြီး ဖြစ်ပြီး အဆိုးဆုံး အခြေအနေတွက်လည်း ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော် ဤမျှ အချိန်ကြာပြီးသည့်တိုင်အောင် လင်းရီထံကနေ သတင်းအစအန မကြားရသည်က သူမ၏ နှလုံးလား လည်ချောင်းဝ၌ တစ်စို့နေစေသည်။
“ အချိန်ကိုလည်း ကြည့်လိုက်ဦး … မြေးဗိုက်ထဲရှိတာဆိုလို့ မနက်က ဆန်ပြုတ်နည်းနည်းလေးပဲ ရှိတယ်… တစ်နေ့လုံး ဘာမှ မစားမသောက်ဘဲ နေရင် အစာအိမ်က ခံနိုင်မှာ မဟုတ်ဘူးနော်…” ရန်ယွီဟွာ လေးလေးနက်နက် အကြံပေးလိုက်သည်။
“ မြေးရဲ့ အဖေနဲ့ အဘိုးကိုတော့ အဲ့နှစ်ယောက်ကို ဂရုစိုက်နေစရာ မလိုဘူး .. အဘွား အသက်ရှင်နေသရွေ့ မြေးကို ဘယ်သူမှ မဝေဖန်ရဲစေရဘူး….”
ရန်ယွီဟွာသည် အမြဲတစေ ဤသို့ချည်းပင်။ လျန်ရူရွှယ် ကိစ္စနှင့် ပတ်သက်လာပါက ကျိုးကြောင်း ဆင်ခြင်နေမှာ မဟုတ်ဘဲ သူမ ဘက်တွင်သာ မျက်ကန်း ရပ်တည်ပေးလိမ့်မည်။
“ သမီးလည်း သူတို့နှစ်ယောက်ကို တွေးပူမနေပါဘူး ဘွားဘွားရယ်…”
လျန်ရူရွှယ် လက်လျှော့ထားပြီး ဖြစ်၏။ သူမ၏ ဂုဏ်သိက္ခာကို အနည်းငယ် သက်ရောက်စေနိုင်သော်လည်း ယခုက ဂရုစိုက်နေရမည့် အချိန် မဟုတ်ပေ။
ဤမျှ အချိန်ကြာအောင် အဆက်အသွယ် ပြတ်နေပြီးနောက် မည်သူကရော စိတ်မပူဘဲ နေနိုင်မည်နည်း။
“ ဒီလို အခြေအနေမျိုးမှာ မြေးစိတ်ပူနေလည်း အသုံးမဝင်ဘူး … ဘာပဲ ဖြစ်ဖြစ် ထမင်းတော့ စားရမှာပဲ …” ရန်ယွီဟွာ ပြောလိုက်ပြီး “ ဘယ်အချိန် သတင်းရလာမလဲ ပြောမရဘူးလေ… ဟိုကောင်လေး ဘယ်လိုပုံစံ ရှိလဲ အဘွား မမြင်ဖူးပေမယ့် မြေးရဲ့ အမြင်ကိုတော့ အဘွားယုံတယ်…”
လျန်ရူရွှယ်သည် ခေါင်းလေး ငဲ့စောင်းလျက် သူမ အဘွားကို ကြည့်လိုက်သည်။ “ ဘွားဘွား … မြေးကို စိတ်မဆိုးဘူးလားဟင် …”
“ ဘာလို့ စိတ်ဆိုးရမှာ ….”
“ ဒါက လျန်မိသားစုရဲ့ ဂုဏ်သိက္ခာကို အိုးမည်းသုတ်တာ မဟုတ်ဘူးလား …”
“ မိသားစုရဲ့ ဂုဏ်သိက္ခာကို ဟုတ်လား … အဘွားတို့က သာမန် မိသားစုပဲကို ဘာမိသားစု ဂုဏ်သိက္ခာတွေ ရှိရမှာ … ကိုယ့်ကိုယ်ကို တော်ဝင် မိသားစုများ ထင်နေလား …” ရန်ယွီဟွာ သရော်သံဖြင့် ပြောလိုက်ပြီး “ နင့်အဘိုးဆိုတာ ကျေးတောသား … ကလေးတုန်းက နေ့တိုင်း ပြောင်းဆန်ပဲ စားရတယ်… အခုခေတ်မှာတော့ ဝက်တွေပဲ ကျွေးတော့တာပေါ့ … တကယ်လို့ သမီးရဲ့ အဘေးကသာ သူ့ကို သနားပြီး အိမ်ကို ခေါ်မလာခဲ့ရင် ငတ်ပြီး သေသွားခဲ့တာ ကြာပြီ … စစ်ပွဲထဲ ဝင်ပါဖို့တောင် အခွင့်အရေး ရှိမှာ မဟုတ်ဘူး …”
ရန်ယွီဟွာ၏ အထင်အမြင်သေးသည့် လေသံကို ကြားတော့ လျန်ရူရွှယ် ပြုံးလိုက်မိသည်။ သူမ အကြီးအကဲများက အတိတ်က ဇာတ်လမ်းများ နားထောင်ရသည်ကို သူမ ခုံမင်လေသည်။
“ ဘိုးဘိုးသာ ဒီစကားကြားလို့ကတော့ ကျိန်းသေပေါက် စိတ်ဆိုးနေတော့မှာပဲ …”
“ သူက ဘာလို့ စိတ်ဆိုးရမှာ … ဒါတောင် လျှော့ပေါ့ပြီး ပြောထားတာ … တကယ့် အဖြစ်မှန်က ဒီထက်တောင် ဆိုးရင် ဆိုးနေဦးမယ်…” ရန်ယွီဟွာ ပြောလိုက်ပြီး “ ပြီးတော့ အဲ့ဒီ မိသားစု ဂုဏ်သိက္ခာတွေ ၊ မိသားစု စည်းမျဉ်းတွေကိုလည်း ကြည့်ရတာ မဟုတ်ဘူး … လူတွေများ ပိုက်ဆံလေး ချမ်းသာလာတာနဲ့ ဘာမဟုတ်တာလေးကိုတောင် ရေးကြီးခွင်ကျယ် လုပ်နေကြတယ်…”
“ ဒါပေမယ့် သမီးကတော့ လျန်မိသားစုအတွက် စိတ်မကောင်း ဖြစ်နေမိတုန်းပဲ … သမီးရဲ့ အမေ၊ သမီးရဲ့ အဖေ၊ သမီးရဲ့ အဘိုး … အကုန်လုံးက လေးစားခံ လူပုဂ္ဂိုလ်တွေချည်းလေ.. လူတွေ သူတို့ကို လှောင်ရယ်ကြတော့မှာ…”
“ ဘာမှ စိတ်မကောင်းဖြစ်နေစရာပါဘူး ငါ့မြေး …” ရန်ယွီဟွာသည် လျန်ရူရွှယ်၏ လက်အား ကိုင်ထားရင်း ဘယ်တော့မှမလုံလောက်သေးသကဲ့သို့ ထပ်ခါတလဲ ပွတ်သပ်နေလျက်ရှိသည်။
“ လောကကြီးမှာ ဘာက အရေးကြီးဆုံးလဲ … အဲ့လိုမေးရင် လူတော်တော်များများ ဖြေကြမှာက ပိုက်ဆံပဲ … ဟုတ်တယ်ဟုတ် … ဒါပေါ့ … ပိုက်ဆံက အသက်သွေးလိုပဲ … ပိုက်ဆံသာ မရှိရင် ဘဝလည်းရှင်သန်နိုင်မှာ မဟုတ်သလို တခြား ဘာမှလည်း အရေးပါတော့မှာ မဟုတ်ဘူး …”
“ ဒါပေမယ့် ကိုယ့်မှာ ပိုက်ဆံ ရှိလာတဲ့ အခါကျရင် ဘာက အရေးကြီးဆုံး ဖြစ်မလဲ … ကျိန်းသေပေါက် ခံစားချက်တွေ … ဆက်ဆံရေးတွေပဲ …”
“ မြေးရဲ့ မိဘတွေကိုကြည့်လိုက် … သူတို့ရဲ့ အဆင့်အတန်းနဲ့ လူငယ် မိန်းကလေး ၊ ယောက်ျားလေး တော်တော်များများက သူတို့ဆီ ပုံအပ်ကြဖို့ ဝန်လေးနေမှာ မဟုတ်ဘူး … ဒါတောင် ဒီနှစ်တွေ တစ်လျှောက်လုံး သူတို့ အဆင်ပြေနေကြတယ် … တစ်ယောက်အပေါ် တစ်ယောက်လည်း သစ္စာမဖောက်ကြဘူး … စစ်မှန်တဲ့ ခံစားချက်တွေ မရှိဘဲနဲ့ သူတို့ အဲ့လို မဖြစ်နိုင်ဘူး …”
“ ဒါပေမယ့် သမီးမှ အမေတို့လောက် မတော်တာ …”
“ ဘာလို့ မတော်ရမှာ … ကိုယ့်ဘာကိုယ် ဒီဆက်ဆံရေးက စစ်မှန်တယ်လို့ ထင်ရင် ရပြီ…”
ရန်ယွီဟွာ အမှုမထားစွာ ပြောလိုက်၏။
“ ထူးချွန်ထက်မြက်တဲ့ လူတွေဆိုတာ အမြဲတမ်း ဆွဲဆောင်မှု ရှိတယ်.. ကိုယ့်ကိုယ်ကို မှန်တယ် ထင်ဖို့ပဲ လိုတယ်… နှစ်ပေါင်းများစွာ ကြာပြီးရင်တောင် ကိုယ့်ရင်ဘက်ကိုယ် ပုတ်ပြီး နောင်တမရဘူးဟေ့လို့ ပြောနိုင်ရင် လုံလောက်ပြီ …”
ရန်ယွီဟွာ လေးလေးနက်နက်ဖြင့် ပြောလိုက်ပြီး “ တစ်ခါတစ်လေ ကိုယ်က အတွေးလွန်နေလို့ မရဘူး … အတွေးလွန်နေရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး … ဘဝဆိုတာ ဆယ်စုနှစ် နည်းနည်းလေးပဲ ရှင်သန်ရတာ … သက်တောင့်သက်သာ ဖြစ်ပြီး ကိုယ့်အတွက် ကောင်းနေသရွေ့ အဆင်ပြေတယ်… နည်းနည်းလေး တစ်ကိုယ်ကောင်း ဆန်လိုက်လို့ ဘာမှ ဖြစ်မသွားဘူး …”
“ ဘွားဘွားက ဖွင့်တွေးတတ်တဲ့ စိတ်ရှိတယ်… သမီးက ဘွားဘွားလောက် မတော်ဘူး …”
“ ဘွားဘွားက အုတ်ဂူထဲကို ခြေတစ်လှမ်း လှမ်းနေပြီလေ… ဒီတော့ ကိစ္စတွေကို ပိုပြီးရှင်းရှင်းလင်းလင်းနဲ့ မြင်တတ်လာပြီ … လူတွေပဲဟာ … စက်ပစ္စည်းတွေမှ မဟုတ်ဘဲ… သူတို့ရဲ့ ဘဝကို ပြေးလွှားနေရင်းနဲ့ပဲ ကုန်ဆုံးကြတယ်… ပြီးတော့ အိုမင်းလို့ အရွယ်ရလာတဲ့အခါကျ နောက်ပြန်လှည့်ကြည့်တဲ့အခါကျရင် ကိုယ့်ကိုယ်ကို နောင်တ ရမိကြတယ်… ဘာလို့ ရုန်းကန်နေခဲ့ကြလဲ … ဘဝမှာ နည်းနည်းလေး သက်တောင့်သက်သာ နေနိုင်ဖို့ပဲလား ….”
လျန်ရူရွှယ် ခေါင်းတညိမ့်ညိမ့် လုပ်လိုက်၏။ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကဲ့သို့ ခံစားမိလိုက်သော်လည်း ၎င်း၏ သဘောတရားကိုတော့ အပြည့်အဝ သူမ မဆုပ်ကိုင်နိုင်သေးချေ။
“ မြေးရဲ့ အဘိုး၊ မြေးရဲ့ အဖေ ၊ မြေးရဲ့ အမေတောင်မှ တောက်လျှောက် အလုပ်တွေများနေတယ်… သူတို့ ဘာအတွက်များ အဲ့လောက် ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်နေကြတာ … ကောင်းမွန်တဲ့ ဘဝအတွက်လား … သေချာပေါက် ဘယ်ဟုတ်မှာ … လျန်မိသားစုမှာ ဆယ်သက် ဖြုန်းမကုန်တဲ့ ငွေကြေးဥစ္စာတွေ ရှိတယ်… ဒီတိုင်း သူတို့ရဲ့ ရှေ့ကို ဆက်ပြီး လျှောက်လှမ်းချင်တဲ့ လိုအင် ဆန္ဒကြောင့်ပဲ .. မြေးက သူတို့ရဲ့ ခြေရာအတိုင်း လိုက်နင်းစရာ မလိုဘူး … ကိုယ့်ကို ပျော်ရွှင်စေမယ့် အရာပဲ ကိုယ်လုပ် … နောက် ဆယ်စုနှစ် အနည်းငယ်ဆိုရင် အဘွားတို့က မြေဆွေးဖုန်မှုန့် ဖြစ်သွားခဲ့တော့မှာ … အရေးကြီးဆုံးက ကိုယ့်ဘဝကိုယ် ပျော်အောင်နေခွင့်ရှိတုန်းလေး နေနိုင်ဖို့ပဲ …”
ရန်ယွီဟွာ၏ ဖွင့်တွေးတတ်သည့် စိတ်သဘောထားက လျန်ရူရွှယ်ကို ဉာဏ်အလင်းပွင့်သွားစေခဲ့သည်။
လျန်မိသားစု အတွင်း၌ သူမ၏ အဘွားကသာလျှင် ဘဝ၏ အဓိပ္ပာယ်ကို စစ်မှန်စွာ နားလည်သည့်လူဖြစ်ကြောင်းကို သူမ သတိထားမိသွားခဲ့၏။
“ နားလည်ပြီ ဘွားဘွား … သမီး အခု ဘာလုပ်ရမလဲ သိသွားပြီ …”
“ ကောင်းတယ်… မြေးနားလည်တယ်ဆို ရပြီ … အခု ထမင်းကို ကုန်အောင် စားတော့ …” ရန်ယွီဟွာ ပြောပြီးနောက် မတ်တပ်ရပ်လိုက်သည်။
“ မနက်တုန်းက အဘွား ဖရဲသီး ဝယ်လာတာ အရမ်း ချိုတယ်… မြေးဖို့ လှီးခဲ့ပေးမယ်…”
“ ဘွားဘွား .. မလိုဘူး … အလုပ်ရှုပ်ခံမနေနဲ့ … ဒီမှာပဲ ထိုင်ပေး .. သမီး ဘွားဘွားနဲ့ စကားတွေ ပြောချင်တယ်…”
“ အေးပါ အေးပါ … ဒါဆိုလည်း ခဏလောက် စကားပြောကြတာပေါ့ … မြေး ဒီတစ်ခေါက် ပြန်ထွက်သွားရင် ဘယ်အချိန်မှပဲ ပြန်လာနိုင်မလဲ ဘယ်သူက ပြောနိုင်မှာမို့လို့ ….”
ကလင် ကလင် ကလင်…..
ထိုအချိန်တွင် လျန်ရူရွှယ်၏ ဖုန်းသံ မြည်လာခဲ့၏။ ရှန်းရှုရီ ထံကပင်။
လျန်ရူရွှယ် နှုတ်ခမ်းကိုက်မိသွားခဲ့၏။
“ ဘွားဘွား … ကိုင်လိုက် … သမီးကို ဆူဖို့ ဖုန်းဆက်လာတာလား မသိဘူး …”
“ သူ လုပ်ရဲသလား …” ရန်ယွီဟွာ ဖုန်းကိုင်လိုက်ပြီး စပီကာ ဖွင့်လိုက်သည်။
“ ဘာလဲ … ဘာကိစ္စလဲ …” ရန်ယွီဟွာ လေသံ ခပ်တင်းတင်းဖြင့် မေးလိုက်၏။
“ အမေ… ရှောင်မီ ဘယ်မှာလဲ ….”
“ ငါ့ဘေးမှာ ထမင်းစားနေတယ်…”
“ ဒါဆို သူ့ကို ဖုန်းပေး ပေးရန်းပါ .. “
“ ပြော .. သူ ကြားတယ်…”
“ သူ့ကို ပြည်ထောင်စု ကောလိပ်ဆေးရုံ တတိယမြောက် အတွင်းလူနာ ဌာနရဲ့ အခန်း (၂၂၀၈) ကို လာခဲ့ဖို့ ပြောလိုက် …” ပြောပြီးနောက် ရှန်းရှုရီ အတန်ငယ်ကြာ တိတ်ဆိတ်သွားခဲ့ပြီး “ လင်းရီ တစ်ခုခု ဖြစ်သွားခဲ့တယ်…”