လင်းရီရဲ့ သတင်း
Vol. 122 Ch. 1820
ရှန်းရှုရီရဲ့ စကားက လျန်ရူရွှယ်ကို ကြက်သေသေသွားခဲ့စေသည်။
လင်းရီ တစ်ခုခု ဖြစ်သွားခဲ့တယ်…..
သူ ဘာဖြစ်သွားခဲ့တာလဲ …
တကယ်လို့ သာမန်တစ်ခုခုသာ ဖြစ်တယ်ဆိုရင်တော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး … ဒါပေမယ့် ……
ကလန် လန်လွမ် … (ဇွန်းပန်းကန် ပြုတ်ကျသံ)
လက်ထဲတွင် ကိုင်ထားသည့် သူမ၏ ဇွန်းက ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့၏။
“ ဘာ … ဘာဖြစ်ခဲ့တာလဲ ….”
ဖုန်းတစ်ဖက်ခြမ်းတွင်တော့ ရှန်းရှုရီမှာ တိတ်ဆိတ်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမ ပြောလိုက်၏။
“ ဖုန်းထဲ ရှင်းပြလို့ အဆင်မပြေဘူး … လာပြီး တစ်ချက် လာကြည့်လိုက် ….”
“ သမီး … သမီး အခု လာနေပြီ…”
လျန်ရူရွှယ် ချက်ချင်း မတ်တပ်ရပ်၊ ဖိနပ်စီးကာ အိမ်ထဲက ပြေးထွက်သွားခဲ့၏။ သူမ၏ ပုံပျက်နေသည့် မိတ်ကပ်ကိုပင် ဂရုစိုက်နေနိုင်ခြင်း မရှိတော့ချေ။
ရန်ကျင်း၏ လမ်းမထက်တွင် ယာဉ်ကြောက လှိုင်းထနေသကဲ့သို့ပင်။ လျန်ရူရွှယ်သည် ယာဉ်များအား တစ်စင်းပြီး တစ်စင်း ကျော်တက်နေ၍ မီးနီကိုပင် အမှုထားမနေတော့ချေ။ တစ်နာရီ မပြည့်မီ အချိန်အတွင်းမှာပဲ ဆေးရုံသို့ ရောက်ချလာခဲ့ပြီး တတိယမြောက် အတွင်းလူနာဌာနသို့ အသက်လုပြေးလာခဲ့တော့သည်။
ဓာတ်လှေကားထဲတွင် လျန်ရူရွှယ်၏ မျက်နှာအမူအရာ အလွန်အမင်း အုံ့မှိုင်းနေသည်။
သူမ စိတ်လည်း အရမ်းဒေါသထွက်နေခဲ့သည်။ ဓာတ်လှေကားထဲရှိ လူများက ကိုယ်ရေးကိုယ်တာ မိသားစု ကိစ္စများ ဘာဖြစ်တယ် ၊ ညာဖြစ်တယ် ပြောနေစဉ်၌ သူမ ထဆဲချင်စိတ်တို့ပင် တဖွားဖွား ဖြစ်လာသည်။
ဤ တိုတောင်းသည့် တစ်မိနစ်ကာလက သူမအတွက် မသိနိုင်လောက်အောင် ရှည်ကြာလွန်းနေခဲ့သည်။
ပြည်ထောင်စုကောလိပ် ဆေးရုံ၏ ၂၂ လွှာက လုံခြုံရေး တင်းကြပ်သည့် ဧရိယာ ဖြစ်ပြီး ပိုက်ဆံ ရှိရုံမျှနှင့် နေနိုင်သည့် နေရာတစ်ခု မဟုတ်ချေ။
ဤနေရာ၌ ဆေးရုံတင်ထားသည့် လူတို့က သာမန်လူတို့ လက်လှမ်းမမီနိုင်သည့် အဆင့်အတန်း တစ်ခု ရှိထားသူများပင်။
ဓာတ်လှေကားထဲက ထွက်လာပြီးနောက် လျန်ရူရွှယ်၏ ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားခဲ့၏။
ဧရာမ လူအုပ်စုကြီး တစ်ခုက အခန်း ၂၂၀၈ အပြင်ဘက်တွင် မတ်တပ်ရပ်နေပြီး အကုန်လုံးနီးပါးက စစ်ဝတ်ယူနီဖောင်းများနှင့် ဖြစ်၏။
ထိန်းချုပ်မရနိုင်စွာ အော်ဟစ်ငိုကြွေးသံတို့ကိုလည်း ကြားနေရလေသည်။
လူနာခန်းနှင့် မျက်နှာချင်းဆိုင် ခုံတန်း၌ ရှန်းရှုရီသည် ခေါင်းငုံ့ထားလျက် သူမ၏ နဖူးအား လက်တစ်ဖက်ဖြင့် ထောက်ထားသည်။ မောပမ်းနွမ်းနယ်မှုကြောင့် ကိုယ်ပင် ကိုင်းညွှတ်နေချေပြီ။
အလွှာတစ်ခုလုံးကို ဝမ်းနည်းဆွေးမြေ့ဖွယ် လေထု အငွေ့အသက်က ဖုံးလွှမ်းထားပြီး အသက်ရှူဖို့ရန် ခက်ခဲလာလေသည်။
ဓာတ်လှေကား တံခါး ပွင့်လာသည့် အသံကြားတော့ ရှန်းရှုရီ ခေါင်းလှည့်ကြည့်လာပြီး လျန်ရူရွှယ်ကို မြင်တော့ ချက်ချင်း မတ်တပ်ရပ်လိုက်၏။
“ အမေ … ဘာဖြစ်တာလဲတဲ့ဟင် …”
ရှန်းရှုရီ၏ မျက်ဝန်းတို့ နီရဲနေခဲ့ပြီး
“ အထဲသာ ဝင်ကြည့်လိုက် …”
လျန်ရူရွှယ်၏ အမူအရာမှာ အေးခဲသွားခဲ့တော့သည်။
ထိုတခဏ၌ ပေါင် ၅၀၀ ဝိတ်တုံးကြီးက ခြေထောက်တွင် တွဲလဲဆွဲထားသကဲ့သို့ ခြေလှမ်းတိုင်းတို့က လှမ်းမရနိုင်အောင် လေးလံနေတော့သည်။
တစ်လှမ်းချင်း တစ်လှမ်း … လျန်ရူရွှယ် ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။
သို့သော် လူနာခန်းထဲရှိ မြင်ကွင်းက မမြင်ရသည့် ကျိန်စာသင့် လက်တစ်စုံက သူမ၏ လည်ပင်းကို ဖျစ်ညစ်ထားသကဲ့သို့ အသက်ရှူဖို့ကိုပင် ခက်ခဲလာစေတော့၏။
တစ်စုံတစ်ယောက်က ကုတင်ပေါ်မှာ လဲလျောင်းနေသည်ကို သူမ မြင်သည်။ ထိုလူက တစ်ကိုယ်လုံး မြင်ရက်စရာ မရှိလောက်အောင် ဒဏ်ရာဒဏ်ချက်တို့ ဖုံးလွှမ်းထားပြီး မျက်နှာတွင်လည်း အသက်ရှူစက် ပေးထား၏။ သူက လှုပ်ရှားမှု ကင်းမဲ့စွာ လဲလျောင်းနေခဲ့သည်။
မည်သည့် တုံ့ပြန်မှုမျှပင် မရှိခဲ့ချေ။
“ လင်း … လင်းရီ ….”
ယိုင်တိုင်တိုင်ဖြစ်စွာနှင့် … လျန်ရူရွှယ်သည် လင်းရီထံသို့ ပြေးလာခဲ့ပြီး ကုတင်ရှေ့ဘက်ခြမ်းတွင် ထိုင်ချ၍ သူမအား ဆိုးဆိုးရွားရွား ထိတ်လန့်ကြောက်ရွံ့စေသည့် ထိုလူကြီးအား သေချာကြည့်လိုက်သည်။
သူမ တွေးနေခဲ့သည်မှာ သူတို့ အဆက်အသွယ် ပြတ်နေလျှင်ပင် လင်းရီသည် သူမထံသို့ စာတိုမက်ဆေ့ချ် တစ်စောင်တစ်လေ ပို့လာမှာပါ ဟူ၍ပင်။
သို့ပေမယ့် … သူ့အား ယခုလို အခြေအနေမျိုးဖြင့် ပြန်မြင်တွေ့ရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။
“ လင်းရီ … လင်းရီ ….”
လျန်ရူရွှယ် တုန်ယင်နေသည့် လက်ဖြင့် လင်းရီ၏ မျက်နှာအား လှမ်းလိုက်မိသည်။ သို့သော် ခန္ဓာကိုယ်က မည်သည့် အနွေးဓာတ်တို့မျှ မရှိတော့ပြီကို သတိထားမိလိုက်ပြီး ရေခဲတုံးကြီး တစ်ခုကဲ့သို့ အေးစက် တောင့်တင်းနေခဲ့၏။
“ သူ့ အခြေအနေ ဘယ်လိုလဲ … သူ အန္တရာယ် ရှိနေတယ်မလား … နင်တို့ ဆရာဝန်တို့ ဘာရပ်လုပ်နေကြတာလဲ … မြန်မြန်သူ့ကို ကယ်ကြလေ….”
လျန်ရူရွှယ်သည် ဆင်ခြင်တုံတရား ပျောက်ဆုံးသွားခဲ့ပြီး စိတ်ခံစားချက်တို့အား လုံးဝ ထိန်းချုပ်မရတော့ချေ။
လုပေချိန်နှင့် ရန်ကွမ်းရှကဲ့သို့ ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးများ ရှိနေသည်ကိုပင် ခေါင်းထဲ ထည့်မနေနိုင်တော့ချေ။
လျန်ရှန့်ဟော် လျှောက်လှမ်းလာပြီး လျန်ရူရွှယ်ကို နောက်သို့ ဆွဲခေါ်သွားခဲ့၏။
“ ရှောင်မီ … နင် သတိထားစမ်း …”
“ ဘိုးဘိုး… သမီးကို ပြောပြစမ်းပါ … လင်းရီ ဒဏ်ရာရထားတာ မလား … သူ ဘယ်အချိန် ပြန်နိုးလာမှာလဲဟင် …”
“ အဲ့တာက …..”
ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရတော့ သူ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။
အံကို တင်းတင်းကြိတ်လျက် “ လင်းရီ ဒီကို လွန်ခဲ့တဲ့ တစ်နာရီက ရောက်တာ …ပနားမားကနေ ပြန်လာတဲ့ လမ်းမှာတင် ဆုံးသွားခဲ့ပြီးပြီ … သူက အခု အာဇာနည် သူရဲကောင်း တစ်ယောက်ပဲ …”
“ အာ .. အာဇာနည် ….”
လျန်ရူရွှယ်၏ မျက်နှာမှာ သွေးအပျက်ပျက်နှင့် တုန်လှုပ်သွားခဲ့ပြီး “ မဖြစ်နိုင်တာ … လင်းရီ သေတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ … သူ အခုထိ နှလုံးခုန်သေးတယ်…”
“ အဲ့တာ အသက်ရှူစက်ကြောင့်မို့ပဲ … သူ့မျက်လုံး သူငယ်အိမ်တွေက ပြန့်ကားပြီး နေပြီ … သူ့ကို ဒီအခြေအနေတိုင်း ဆက်ထားထားတယ်ဆိုတာ သူ့ရဲ့ ဆွေမျိုးမိတ်ဆွေတွေ နောက်ဆုံးတစ်ကြိမ် လာနှုတ်ဆက်နိုင်အောင်ပဲ …”
“ နောက်ဆုံး အကြိမ် …………”
လျန်ရူရွှယ် ထိုစကားကို အကြိမ်ကြိမ်ရေရွတ်ရင်း အမြင်တို့ မှောင်မိုက်သွားခဲ့ကာ သတိလစ်သွားခဲ့၏။
“ ဒေါက်တာ … နာ့စ် …”
လူနာခန်းထဲရှိ ဒေါက်တာနှင့် နာ့စ်များက အပြေးအလွှား ရောက်လာကြပြီး လျန်ရှန့်ဟော် လက်ထဲရှိ လျန်ရူရွှယ်ကို ခေါ်သွားခဲ့ကြသည်။
“ အဆင်ပြေပါတယ်… ခဏလောက် နားလိုက်ရင် ကောင်းသွားမှာပါ …”
လျန်ရူရွှယ် ခေါ်သွားခံရပြီးနောက် အခန်းမှာ တိတ်ဆိတ်သွားခဲ့၏။
“ လင်းရီမှာ တခြား ဆွေမျိုးတွေ ရှိသေးလား …” လုပေချိန် မေးလိုက်သည်။
“ သူ့ရဲ့ မွေးစား မိဘတွေက ရန်ချိန်မှာ … ပြီးတော့ . . . . . “
စကားတစ်ဝက်တွင် ထောက်ချိန် တစ်စုံတစ်ရာကို ပြောလိုက်ချင်သော်လည်း တုံ့ဆိုင်းသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ သုံးယောက်ကြားရှိ အချစ်ဇာတ်လမ်းက ဖော်ထုတ်ခံထားရပြီး လျန်ရှန့်ဟော်နှင့် ရှန်းရှုရီတို့ကလည်း ဤနေရာတွင် ရှိနေကြသည်။ သူမ၏ နာမည်ကို ကျယ်လောင်စွာ ထုတ်ပြောလို့ မသင့်လျော်ပေ။
“ အဲ့လူကလည်း ကျိုးဟိုင်မှာ ရှိနေတယ်…”
“ လူလွှတ်ပြီး အသိပေးခိုင်းလိုက် … အသိပေးခိုင်းလို့ ရတဲ့ လူတိုင်းကို အသိပေးလိုက် … သူ့မိသားစုကို ဘာနောင်တမှ မကျန်ရစ်ခဲ့စေနဲ့ …”
လုပေချိန် ခေတ္တရပ်တန့်၍ “ ဖုန်းထဲကနေ အရမ်း တိုက်ရိုက်ကြီးလည်း ပြောမနေနဲ့ဦး … ငါတို့ ဒီမှာ ပြောပြလို့ရတယ်…”
“ နားလည်ပါပြီ…”
ထောက်ချိန် လူနာခန်းထဲက ထွက်သွားခဲ့ပြီး လင်းရီ၏ ဆွေမျိုး မိတ်ဆွေများအား အသိပေးဖို့ ဟန်ပြင်သည်။
နေ့ခင်းဘက် အတောအတွင်း၌ ကျီချင်းရန်သည် ရိုးရှင်းသည့် တစ်နပ်စာ စား၍ အလုပ်သို့ ထွက်လာခဲ့သည်။
ဟော်ယွမ်ယွမ်က သူမကို အဖော်လုပ်ပေးချင်သော်လည်း ကျီချင်းရန်၏ မောင်းထုတ်ချင်းကို ခံလိုက်ရ၏။
ကျီချင်းရန်၏ ခိုင်မာမြဲမြံသည့် သဘောထားနှင့် ရင်ဆိုင်ရတော့ ဟော်ယွမ်ယွမ်လည်း အတင်းအကြပ် ရှိမနေတော့ချေ။
ကျီချင်းရန်၏ စရိုက်ကို သူမ ကောင်းစွာ နားလည်ထားပြီး သူမက ကျိုးကြောင်းသင့်တင့်သည့် လူတစ်ယောက်ပင်။ မည်သူကမျှ သူမကို ဖြောင်းဖျ၍လည်း နားဝင်မှာ မဟုတ်ချေ။ ဤကိစ္စကို ချေဖျက်ဖို့အတွက် တိတ်ဆိတ်သည့် နေရာလေးတစ်ခု ဖန်တီးပေးသည်က အကောင်းဆုံး ဖြစ်၏။
သူမ ကိုယ့်ကိုယ်ကို သေကြောင်း မကြံသရွေ့ ၊ အရာအားလုံး အဆင်ပြေသည်။
သို့သော် သေချာသည် တစ်ခုကတော့ …..
သူမနှင့် လင်းရီကြား ကိစ္စရပ်တို့ကို ကယ်တင်ရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။
ညနေ လေးနာရီတွင် ချင်းဟန်နှင့် ကျန်သူများအားလုံး ချောင်ရန် အုပ်စု အရှေ့၌ လူဆုံကြသည်။ သို့သော် မည်သူကမျှ အပေါ်သို့ တက်မသွားကြပေ။
အပြင်ဘက် ဘာဘီကျူးဆိုင်တွင် ညစာ စားနေရင်း ကျီချင်းရန်ကို စောင့်ကြည့်နေခဲ့ကြ၏။
ကင်ထားသည့် အသား၏ ကွာလတီက အတော်လေး သာမန်ဆန်သော်လည်း လေးယောက်မှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စားသောက်နေခဲ့ကြ၏။ ဟင်းပွဲများ အကြောင်း ဘာမျှ မပြောကြသလို အရသာ အပေါ် အာရုံစိုက်လိုသည့် စိတ်အခြေအနေလည်း ရှိမနေချေ။
“ ငါတို့ကောင်တွေ ဒီမှာပဲ နေကြတော့မှာလား … တက်သွားပြီး တစ်ချက် သွားမကြည့်ကြတော့ဘူးလား …” ကောင်းကျုံးယွမ် ပြောလိုက်သည်။
“ တက်သွားလို့ အလကားပဲ … ငါတို့ ဘာများ ပြောနိုင်မှာမို့လို့ … “ လျန်ကျင်းမင် ပြောလိုက်ပြီး “ ယွမ်ယွမ်က ဥက္ကဌကျီရဲ့ အတွင်းရေးမှူကို သေချာစောင့်ကြည့်ပေးထားဖို့ ပြောထားပြီးပြီ …. မီတင် တစ်ချိုု့တောင် လုပ်ခဲ့သေးတယ်ဆိုပဲ … ကြည့်ရတာ ဘာပြဿနာမှ ရှိတဲ့ပုံ မပေါ်ဘူး …”
“ ဖက်ခ်ပဲကွာ…” ချင်းဟန် ကျိန်ဆဲလိုက်ပြီး “ ဒီကောင် လင်းကြီးကလည်း ဘယ်ကမ္ဘာမှာ ပျောက်နေလဲ မသိပါဘူး … ဘယ်နှရက်ရှိပြီတုန်း … သတင်းမကြား ဘာမကြားနဲ့ …”
“ ဟင်း ….”
လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ တညီတညွှတ်တည်း သက်ပြင်းချလိုက်ကြသည်။ ဤကိစ္စကို မည်သို့ လုပ်ပေးရမှန်း သူတို့ မသိတော့ချေ။
ကလင် ကလင် ကလင် …
ထိုအချိန်တွင် ကောင်းကျုံးယွမ်၏ ဖုန်းသံ မြည်လာသည်။
ချင်းဟန်နှင့် လျန်ကျင်းမင်တို့ တစ်ပြိုင်တည်းလိုလို သူ့အား ကြည့လိုက်ကြသည်။
“ ဘာမှ မဟုတ်ပါဘူးကွာ မင်းတို့နှစ်ကောင်ကလည်း … ငါ့ အတွင်းရေးမှူး ဖုန်းဆက်တာပါဟ ….”
နှစ်ယောက်မှာ တစ်ဖက်သို့ လှည့်သွားခဲ့ကြပြီး ဆက်စိတ်မဝင်စားတော့ချေ။
“ ဘာကိစ္စလဲ …”
“ ဥက္ကဌကောင်းရှင့် … ချောင်ရှင်းလို့ ခေါ်တဲ့ တစ်ယောက်ကို သိလား …”
“ ချောင်ရှင်း ဟုတ်လား …” ကောင်းကျုံးယွမ် ရေရွတ်လိုက်ပြီး “ နာမည်က ရင်းနှီးသလိုပဲ … ဒါပေမယ့် ဘယ်သူလဲတော့ မမှတ်မိဘူး …”
“ သူပြောတာ သူ့ကိုယ်သူ ဟွာရှန်း ဆေးရုံက ဒေါက်တာပါတဲ့ … ဥက္ကဌလင်းနဲ့လည်း လုပ်ဖော်ကိုင်ဖက်တွေလည်း ဖြစ်ခဲ့ဖူးတယ် ပြောတယ်… ရှင်နဲ့ အရင်က ထမင်းတောင် အတူ စားဖူးသေးတယ်လို့လည်း ပြောသေးတယ်… ပြီးတော့ ဥက္ကဌလင်း အခု ဘယ်မှာ ရှိလဲဆိုတာ သိတဲ့အကြောင်း ပြောခိုင်းလို့ရှင့် …”