နှစ်နှစ်လလ ၊ မီးခိုးငွေ့လေး တစ်မြူစာလို့ ဘယ်သူပြောရဲလဲ
Vol. 122 Ch. 1821
အတွင်းရေးမှူး၏ သတိပေးစကားများကြားတော့ ချောင်ရှင်း မည်သူမည်ဝါလဲဆိုတာကို ကောင်းကျုံးယွမ် စပြီး မှတ်မိလာသည်။
ယခင်တုန်းက လင်းရီသည် ဆေးရုံက ဆရာဝန် ၊ နာ့စ်များနှင့်အတူ ပင်လယ်ဘက်သို့ ထွက်လာခဲ့ဖူး၏။ ထိုစဉ်တုန်းက သူသည် အဆိုပါ ဒေါက်တာ မိန်းကလေး ချောင်ရှင်းနှင့် အချိန်ကောင်းလေးများ ရှိခဲ့ဖူးသည့်ဟန်ပင်။
အရေးကြီးဆုံးကတော့ သူမက လင်းကော ဘယ်နေရာမှာ ရှိလဲဆိုတာ သိနေခြင်းပင်။
“ အမြန်လုပ် … သူ့ဖုန်း နံပါတ် ငါ့ကိုပြော …”
“ ရှင့်ဖုန်းထဲကို အခု လှမ်းပို့ပေးလိုက်မယ်…”
“ အိုကေ .. မြန်မြန်လေး ….”
ကောင်းကျုံးယွမ် ဖုန်းချလိုက်ပြီး ကျန်သုံးယောက်၏ အကြည့်က သူ့ပေါ်သို့ ကျရောက်လာသည်။
“ ဘာဖြစ်တာလဲ … မင်းဘာတွေ အဲ့လောက် လောကြီးနေရတာ …” လျန်ကျင်းမင် မေးမြန်းလိုက်၏။
“ လင်းကြီး အရင်က ငါတို့ကို သူ ဟွာရှန်း ဆေးရုံမှာ အလုပ်လုပ်ခဲ့ဖူးတယ်လို့ ပြောတယ်မလား … ငါ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ သိတယ်… သူက ငါ့ဆီ ဖုန်းခေါ်လာပြီး လင်းကြီး ဘယ်နေရာမှာ ရှိလဲ ပြောလာလို့ …”
“ စောက်ကျိုးနည်း …”
လျန်ကျင်းမင် စိတ်လှုပ်ရှားတကြီးဖြင့် ထကျိန်ဆဲလိုက်ပြီး “ အဲ့တာတွေ ငါ လခွမ်းတွေ ထိုင်လုပ်နေတာလား .. အမြန်သူ့ဆီ ဖုန်းပြန်ခေါ်လိုက်လေ….’
“ မပူနဲ့ .. ငါ့အတွင်းရေးမှူး ခဏနေ နံပါတ် ပို့လာလိမ့်မယ်…”
ချောင်ရှင်းက ကောင်းကျုံးယွမ်ကို ဖုန်းဆက်လိုက်ရခြင်း အကြောင်းအရင်းမှာ သူမတို့တွေ အလုပ်လုပ်စဉ်တုန်းက အစ်ကိုရီထံကနေ သူ့အကြောင်း များစွာ ကြားခဲ့ဖူးပြီး သူ ပြောခဲ့သည်မှာ သူတို့တွေက သွေးရင်း ညီအစ်ကိုတမျှ ရင်းနှီးသည်ဟု ဆိုခဲ့လေသည်။
သူမ ကောင်းကျုံးယွမ်ကို ဤ ကိစ္စ ပြောပြသင့်သည်ဟု ခံစားနေခဲ့ရ၏။
သို့သော် သူမတွင် ကောင်းကျုံးယွမ်၏ ဖုန်းလိပ်စာ မရှိသဖြင့် ရှာရင်း ဖွေရင်း လိုင်းပေါ်တွင် ကုမ္ပဏီ ဖုန်းနံပါတ်ကို ရှာတွေ့ကာ ဆက်သွယ်လိုက်သည်။
သူတို့ စကားပြောနေစဉ်မှာပဲ ကောင်းကျုံးယွမ်ထံသို့ ဝီချက် မက်ဆေ့ချ် ရောက်လာခဲ့ပြီး ယင်းက ဖုန်းနံပါတ် တစ်ခု ဖြစ်၏။
နှစ်ခါ စဉ်းစားနေခြင်း မရှိပါဘဲ ကောင်းကျုံးယွမ်သည် ထိုနံပါတ်ကို နှိပ်၍ ခေါ်ဆိုလိုက်ပြီး စပီကာ ဖွင့်ထားလိုက်သည်။
“ ဟယ်လို … ဒီခု ပြောနေတာ ချောင်ရှင်းလား ….”
“ ကျွန်မပဲ … အစ်ကိုကောင်းလား ….”
“ ဟုတ်တယ် ငါပဲ ငါပဲ …” ကောင်းကျုံးယွမ် အလျင်စလို ပြန်ဖြေလိုက်ပြီး “ လင်းကော အခု ဘယ်မှာလဲ …”
“ ကျွန်မ အစ်ကိုရီဆီကနေ ရှင်တို့ အကြောင်း ပြောတာ ကြားဖူးတယ်… ရှင့်အပြင်ကို ချင်းဟန်နဲ့ လျန်ကျင်းမင်ဆိုတဲ့ လူနှစ်ယောက်လည်း ရှင်တို့ချင်း ပတ်သက်မှုကောင်းတွေ ရှိကြတယ်မလား ..”
“ သေချာပေါက်ပဲပေါ့ .. ငါတို့အားလုံးက ညီကိုတွေလိုပဲ … အခု သူတို့ အကုန်လုံး ငါ့ဘေးနားမှာ ရှိတယ်… လင်းကော ဒီလောက်ကြာအောင် ပျောက်နေတာ သူ ဘယ်တွေလဲ သွားနေတာ … ငါတို့ ဒီကောင့်ကို လိုက်ရှာနေတာ အရူးတစ်ပိုင်းတောင် ဖြစ်တော့မယ်….”
“ သူ အခု ရန်ကျင်းက ပြည်ထောင်စု ကောလိပ် ဆေးရုံမှာ ရှိတယ်… အဆင်ပြေတယ်ဆိုရင် လာခဲ့ပေးလို့ ရလား …”
“ အိုကေ အိုကေ … ငါတို့ အခုပဲ လာခဲ့မယ်… အချင်းချင်း ဖုန်းထဲက ဆက်သွယ်ကြတာပေါ့ …”
“ ရှင်တို့ ရောက်ရင် ကျွန်မဆီ ဖုန်းခေါ်လိုက် …”
“ ကျေးဇူးနော် ညီမရှင်း … ငါ နောက်မှပဲ မင်းကို ထမင်းဖြစ်ဖြစ် ဖိတ်ကျွေးတော့မယ်…”
“ မလိုပါဘူး … ရှင်တို့သာ အလုပ်မရှုပ်ဘူးဆိုရင် ဒီကို လာခဲ့လိုက် …”
“ အိုကေ ….”
ကောင်းကျုံးယွမ် ဖုန်းချလိုက်ပြီးနောက် နှစ်ယောက်လုံး စိတ်သက်သာ ရစွာဖြင့် သက်ပြင်းချမိလိုက်ကြသည်။
“ ဖက်ခ်ပဲ … ဒီကောင် ကျိုးဟိုင်ကျ တန်းမလာဘဲ ဘယ်လိုလုပ် ရန်ကျင်း ရောက်သွားလဲ မသိဘူး … “ ချင်းဟန် ကျိန်ဆဲလိုက်ပြီး “ ငါကတော့ စိတ်ပူလိုက်ရတာ ဒီကောင်ကတော့ လုပ်ချင်ရာတွေ လျှောက်လုပ်နေတယ်….”
“ အဲ့လို မပြောပါနဲ့ မင်းကလည်း … လင်းကြီးရဲ့ နည်းစနစ်တွေက ထိပ်တန်းဆိုတော့ သူ အဲ့မှာ ခေါင်းဆောင် အကြီးအကဲ တစ်ယောက်ယောက်ကို ခွဲစိတ်ပေးနေတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့ … မဟုတ်ရင် ငါတို့ကို ရန်ကျင်း လာခဲ့ခိုင်းမလား …”
“ အဲ့တာ ဖြစ်နိုင်တယ်…” ကောင်းကျုံးယွမ်သည် စီးကရက် တစ်လိပ်အား မီးညှိလိုက်ပြီး အများအပြား သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။
“ ဒီမှာ အချိန်မဖြုန်းကြစို့ … သူ ငါတို့ကို လာခဲ့ဖို့ ပြောတယ်မလား … ကိစ္စ တစ်ခုခု ရှိလို့ နေမယ်… သွားကြစို့ ….”
“ ခဏလေးစောင့်ဦး … ငါ အစ်မကျီကို ဖုန်းတစ်ချက် ဆက်လိုက်ဦးမယ်…”
ဟော်ယွမ်ယွမ် ဖုန်းထုတ်၍ ကျီချင်းရန်၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။
“ နင် ဒီနေ့ထဲ ဖုန်းဆက်နေတာ ရှစ်ကြိမ် မကတော့ဘူးနော်… ငါ့ကို တအား လွမ်းနေတာလား ဟုတ်လား … ငါ ခဏနေကျရင် မီတင် ရှိသေးတယ်… နင်နဲ့ စကားပြောဖို့ မအားသေးဘူး …”
“ မဟုတ်ဘူး အစ်မကျီ … ခဏလေး …. ဖုန်းမချသေးနဲ့ဦး …” ဟော်ယွမ်ယွမ်သည် ကျီချင်းရန်ကို ကမန်းကတမ်း လှမ်းဟန့်တားလိုက်သည်။ သို့သော် သူမ လင်းရီ အကြောင်း ပြောရန် ဟန်ပြင်လိုက်သည့် အချိန်မှာပဲ ပြောထွက်တော့မည့် စကားလုံးတို့ကို လည်ချောင်းဝကနေ အလိုအလျောက် ပြန်လည် မျိုချမိသွားခဲ့၏။ ဘယ်လို ပြောပြရမှန်း သူမ မသိတော့ချေ။
“ ဘာလဲ … တစ်ခုခု ဖြစ်လို့လား ….”
“ အဲ့တာက …… “
ဟော်ယွမ်ယွမ်၏ အမူအရာမှာ ရှုပ်ထွေးနေတော့၏။ သို့သော် နောက်ဆုံး၌ စိတ်ကို ဒုံးဒုံးချ၍ “ သူ ရန်ကျင်းမှာ … အစ်မကျီ သွားတွေ့ချင်လား …”
လင်းရီ၏ နာမည်ကို ဟော်ယွမ်ယွမ် ထည့်မပြောခဲ့သော်လည်း သူမ မည်သူ့ကို ညွှန်းဆိုးနေမှန်း ကျီချင်းရန် သိလိမ့်မည် ဖြစ်ကြောင်း ယုံကြည်သည်။
ဖုန်းတစ်ဖက်ခြမ်းတွင် အချိန်အတော်ကြာအောင် အသံဗလံတို့ တိတ်ဆိတ်သွားခဲ့သည်။
ကျီချင်းရန်၏ အသက်ကို အငမ်းမရ ရှူရှိုက်နေသည့် အသံကို ကြားနေရပြီး သူမ၏ အဖြေတစ်ခုကို ကြားရဖို့ရာအတွက် အတော်လေး စောင့်ဆိုင်းလိုက်ရ၏။
“ ငါ မသွားဘူး … ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်…”
“ ဒါက ကိစ္စကြီး တစ်ခုလေ … အစ်မကျီ လူကိုယ်တိုင် သွားပြီး အတည်ပြုတာက ပိုမကောင်းဘူးလား ….” ဟော်ယွမ်ယွမ် ပြောလိုက်သည်။ “ ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်ယောက်က ၂ နှစ်ကျော်လောက် အတူနေခဲ့တဲ့ လူတွေပဲကို …”
ကျီချင်းရန် စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်သွားခဲ့ပြီးနောက် ဤစကားအား ပြောလိုက်သည်။
“ ဖြစ်နိုင်ရင် နင်ငါ့ကို ဒီ စကားတစ်ခွန်း ကူပြီး ပါးပေး … ငါက သဘောထား သေးသိမ်တဲ့ လူမဟုတ်ဘူး … သူနဲ့ ရန်သူတွေလည်း ဖြစ်မလာချင်ဘူး …”
“ အွန်း အွန်း …”
“ ငါ မီတင် ရှိသေးလို့ ဒါပဲ … ဖုန်းချပြီ …”
စကားပြောပြီးသည်နှင့် သူမ ချက်ချင်း ဖုန်းချလိုက်သည်။
ဟော်ယွမ်ယွမ်မှာ တိတ်ဆိတ်လျက်သာ ရှိနေသည်။ အကယ်၍ အစ်မကျီသာ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလာခဲ့မည်ဆိုပါက သူမ၏ စိတ်ဓာတ်တို့ လဲပြိုသွားတော့မှာကို သိနေခဲ့သည်။
သို့သော် ဟော်ယွမ်ယွမ် မသိခဲ့သည်က လင်းရီ ဘယ်နေရာမှာ ရှိနေခဲ့လဲ ဆိုသည့် စကားကို ကြားသည့် အခါ၌ သူမ၏ မျက်ရည်တို့ ထိန်းချုပ်မရနိုင်စွာ စီးဆင်းလာခဲ့တာကိုပင်။
“ သွားစို့ … အစ်မကျီက မသွားဘူးတဲ့ … ငါတို့ပဲ သွားကြတာပေါ့ …”
“ မရီး … ဒီလောက် ကိစ္စအကြီးကြီး ဖြစ်ထားတာကို နင် ဥက္ကဌကျီ အနားမှာ နေတာ ပိုကောင်းမယ်… သူ့နားမှာ ဘယ်သူမှ ရှိမနေတာက ပိုပြီး စိုးရိမ်ဖို့ကောင်းတယ်…”
လျန်ကျင်းမင်သည် ဟော်ယွမ်ယွမ်ကို အတူ လိုက်မလာခဲ့စေချင်ပေ။
ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့ကလည်း အတွေးတူနေခဲ့ကြ၏။
မည်သို့ပင်ဆိုစေ သူတို့ လေးကောင်လုံးက ကြံရာပါများ ဖြစ်ကြပြီး အကယ်၍ တစ်ခုခု ဆိုပါက အချင်းချင်း ပွင့်ပွင့်လင်းလင်း စကားပြောနိုင်သည်။
သို့သော် အကယ်၍ ဟော်ယွမ်ယွမ် ပါလာခဲ့မည်ဆိုပါက ပြောလို့ မဖြစ်သည့် ကိစ္စတစ်ချို့ ရှိလာလိမ့်မည်။
“ မရဘူး … ငါသွားမှကို ဖြစ်မှာ …” ဟော်ယွမ်ယွမ် အေးစက်စွာ ပြောဆိုလိုက်ပြီး “ သူနဲ့ ထိပ်တိုက်တွေ့ပြီး ဒင်းမျက်နှာကို ဖြတ်ရိုက်ပစ်ရမယ်…”
ချောင်ရန် အုပ်စု …..
ဒေါက် ဒေါက် ဒေါက် ….
ရုံးခန်း တံခါးခေါက်သံ ထွက်ပေါ်လာသည်။ သူမ၏ အတွင်းရေးမှူက တံခါး အပြင်ဘက်မှ နေ၍ “ ဥက္ကဌကျီရှင့် … ပရောဂျက် အသစ်အတွက် နည်းဗျူဟာ အစည်းအဝေး စနေပါပြီ … အမှုဆောင် အဖွဲ့ဝင်တွေ အကုန်လုံး ဥက္ကဌကို စောင့်နေကြပါတယ်…”
“ လူတိုင်းကို ဒီကိစ္စ ဖျက်သိမ်းလိုက်ပြီလို့ ပြောလိုက် .. ငါတို့ အခုလောလောဆယ် ဖွင့်ဖြစ်ဦးမှာ မဟုတ်ဘူး …”
“ ဟုတ်ကဲ့ရှင့် …”
အတွင်းရေးမှူးက ပြန်လည်တုံ့ပြန်လိုက်သည်။ သို့သော် ချက်ချင်း ထွက်မသွားသေးဘဲ “ ဥက္ကဌကျီရှင့် … ကန်သင်းက စားဖိုမှူးလီက ပျားရည် စတိတ်ခ်နဲ့ ဝက်ဂုတ်သား ပြင်ထားပေးပါတယ်… ကျွန်မ ခံတွင်းမြိန်စာ နည်းနည်း ယူခဲ့ပေးမယ်.. ရှင် တစ်နေ့လုံးလည်း ဘာမှ မစားရသေးဘူး …”
“ ငါတို့ ဒီကိစ္စ နောက်မှ ထပ်ပြောကြမယ်… အလျင်လို စရာ မလိုဘူး … သွားတော့ …”
“ နားလည်ပါပြီ…”
အတွင်းရေးမှူး ထွက်ခွာသွားခဲ့ပြီးနောက် ကျီချင်းရန်သည် စားပွဲပေါ်သို့ မျက်နှာအပ်သွားခဲ့ပြီး မျက်ရည်တို့က ထိန်းချုပ်မရနိုင်စွာ စီးကျလာခဲ့လေသည်။
ဘာကြောင့်လဲ သူ မသိပေ။ သို့သော် သူမ ထိုနာမည်ကို ကြားလိုက်သည့် အချိန်တိုင်း သူမ၏ ရင်ဘက်တစ်ခုလုံး ရှုပ်ထွေးလာပြီး မျက်ရည်တို့က ရပ်တန့် မရတော့ချေ။
တစ်နေ့လုံးလည်း ကျီချင်းရန် အရာများစွာကို တွေးတောနေမိခဲ့သည်။
သူမတို့တွေ ပထမဆုံးအကြိမ် စကားပြောဖြစ်ခဲ့ကြတဲ့ အချိန်
သူ့ရဲ့ကားထဲမှာ သူမ ပထမဆုံးအကြိမ် လိုက်စီးဖြစ်တဲ့ အချိန်
သူ့ရဲ့ ဟင်းချက်လက်ရာကို သူမ ပထမဆုံးအကြိမ် မြည်းစမ်းခဲ့ရတဲ့ အချိန်
ပထမဆုံး အကြိမ်အဖြစ် သူနဲ့အတူ အမေရိကားမှာ ရှိတဲ့ ဒစ်စနီလန်ကို သွားခဲ့ရတဲ့ အချိန်
မရေမတွက်နိုင်သည့် ပထမဆုံး အကြိမ်တို့က အရိပ်များသဖွယ် သူမ၏ မျက်စိရှေ့၌ ခဏတဖြုတ် ဆက်တိုက် ထွက်ပေါ်လာနေသည်။
သူမက လောဘကြီးလွန်းခဲ့ပြီး သူ့အပေါ် တွယ်ကပ်လွန်းခဲ့ခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။
အတိတ် ၂ နှစ်တာကို တန်ဖိုးမထားခဲ့ရသည့် အတွက် သူမ နောင်တရနေမိခဲ့၏။
သူမက သူ့အပေါ် တစ်ချိန်လုံး မှီခိုနေမိခဲ့သည်။ သို့ပေမယ့် အပြန်အလှန် အနေဖြင့် နွေးထွေးသည့် ရင်ခွင်တစ်ခုကိုတော့ သူမဘက်က ပြန်ပေးဖို့ ဘယ်တုန်းကမှ မတွေးတောမိခဲ့ချေ။
သူမ တအား တစ်ကိုယ်ကောင်း ဆန်လွန်းခဲ့ကြောင်း သူမကိုယ်သူမ သတိပြုလာမိခဲ့၏။ သူ့ အချစ်တွေကိုသာ ပိုလိုချင်နေခဲ့ပြီး သူမဘက်ကတော့ သူ့ကို လုံလောက်အောင် ပြန်ပေးခဲ့သည့်အရာက ဘာမှသိပ်မရှိခဲ့ပေ။
အကယ်၍ သူမတွင်သာ သူနှင့် စကားပြောဖို့ အခွင့်အရေး တစ်ကြိမ်လောက်လေး ထပ်ရခဲ့မည် ဆိုပါက သူမ တောင်းပန်စကားဆိုပြီး သူ့ရဲ့ စိတ်ရှည်ပေးခဲ့မှု ၊ ကာကွယ်ပေးခဲ့မှုတွေကို ကျေးဇူးတင်ချင်သည်။
ဝမ်းနည်းဖို့ ကောင်းခဲ့သည်မှာတော့ ……….သူမက အဲ့တောင်ကို မကျော်နိုင်တော့ဘဲ လူတိုင်းအား သူမတို့၏ ပုံပြင်ဇာတ်ထုပ်ကို ကြားသိခိုင်းဖို့ မဖြစ်နိုင်တော့ချေ။
သူမ နှုတ်ဆက်စကားပင် မဆိုနိုင်သေးခင်မှာပဲ အရာအားလုံးက နိဂုံးနေရာသို့ ရောက်ရှိလာလေသည်။
ကျီချင်းရန်သည် သူမ၏ လက်အား တင်းကြပ်နေအောင် ဆုပ်ထားရင်း ပို၍ပင် ငိုကြွေးလာခဲ့မိတော့၏။
၂ နှစ်ကျော်ဆိုသည့် အချိန်အတွင်း ဖြစ်ပျက်ခဲ့သည့် အတိတ်က ကိစ္စရပ်တို့အား သူမ၏ စိတ်နှလုံးက ယခုထက်ထိ လွှတ်မချနိုင်သေးချေ။ ဘာတစ်ခုမျှ မဖြစ်ပျက်သကဲ့သို့ ဤအတိုင်း ဆက်လက် နေရစ်သွားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ခဲ့ပေ။
သို့သော် ဘဝက တစ်နှစ်ပြီး တစ်နှစ် ဆက်လက် ရွေ့လျားနေပြီး မီးခိုးလေး တစ်မြူစာပါပဲလို့ ဘယ်သူကရော ပြောရဲလဲ။
( ကဗျာ - အချိန်ဆိုတာ အရာရာကို ကုစားပေးနိုင်စွမ်းရှိတယ်။ အတိတ်က ပျော်ရွှင်မှု၊ ၀မ်းနည်းမှု ၊ နာကျင်မှုနဲ့ နောင်တတွေ ... အဲ့ဒီအရာတွေ အားလုံးကို လွယ်လွယ်နဲ့ မေ့ပျောက်စေပြီး ဒါမှမဟုတ် မီးခိုလေး တစ်မြူစာလို လေထဲမှာ တဒင်္ဂလောက်လေးလို့ပဲ ထင်စရာ ဖြစ်ရင် ဖြစ်မယ်။ အချိန်က အရာရာ ကုစားပေးနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် .... တချို့သော အရာတွေ၊ တချို့သော ခံစားချက်တွေကတော့ စစ်မှန်လွန်းတော့ မေ့ပျောက်ဖို့ရာ ခက်ခဲလွန်းတယ်။ )