← Chapters

ငါ့နောင်တတွေ

Vol. 122 Ch. 1823

ငါ့နောင်တတွေ

Vol. 122 Ch. 1823

ကျီချင်းရန်၏ စိတ်တစ်ခုလုံး ဗလာကျင်းသွားခဲ့ပြီး ကြက်သေသေသွားခဲ့၏။

“ နင် ဘာ‌တွေ ပြောနေတာလဲ …”

“ ငါတို့ အခု ရန်ကျင်း ဆေးရုံမှာ … သူ … သူ မရတော့ဘူး … အစ်မ နင် အခုချက်ချင်း လာခဲ့မယ်ဆိုရင် သူနဲ့ နောက်ဆုံးတစ်ခေါက် တွေ့ဖို့ မှီနိုင်သေးတယ်…..”

“ နင် ဘာတွေ ပြောနေတာလဲ … သူက ဘာကို မရတော့တာလဲ …”

ကျီချင်းရန် အသံကို မြင့်မိလိုက်ပြီး အော်ဟစ်လုနီးပါး ဖြစ်သွားခဲ့၏။

“ သူ ဗုံးပေါက်ကွဲဒဏ်ကြောင့် ဒဏ်ရာတွေ ရထားတယ်…. အစ်မကျီ အခု မလာဘူးဆိုရင် သူနဲ့ တွေ့ရတော့မှာ မဟုတ်ဘူး …”

“ ငါ .. ငါ အခု လာနေပြီ .. ငါ့ကို စောင့်နေ…”

“ ကျုံးယွမ်က အစ်မကို ကြိုဖို့ ကားလွှတ်ထားပေးပြီးသား … လေဆိပ်မှာ လေယာဉ်လည်း အဆင်သင့်ပဲ .. မြန်မြန်လေး လာခဲ့ ….”

လက်ထဲတွင် ဖုန်းကို ကိုင်ထားလျက် … သူမ တံခါးပေါက်သို့ အမြန် ပြေးလာခဲ့သည်။

ဘုတ် ..

ရုတ်တရက်ဆိုသလို ကျီချင်းရန် ဒယီးဒယိုင် ဖြစ်သွားခဲ့ကာ ကြမ်းပြင်သို့ လဲကျသွားခဲ့၏။ သူမ၏ ဒူးမှာ ပြင်းပြင်းထန်ထန် နာကျင်သွားခဲ့လေသည်။ သို့သော် ထိုအရာကို သတိမမူနိုင်ဘဲ အသက်ဘေးအတွက် ပြေးနေရသကဲ့သို့ လှေကားထစ်အောက်သို့ ပြေးဆင်းလာခဲ့သည်။

သုံးနာရီ ကြာပြီးနောက်

မနက်ခင်း အရုဏ်တက် အချိန်အခါ ဖြစ်၏။

ကျီချင်းရန်သည် ကောင်းကျုံးယွမ် စီစဉ်ပေးထားသည့် ကားဖြင့် လိုက်ပါလာပြီး တတိယမြောက် အတွင်းလူနာ ဌာန ဝင်ပေါက်ဝသို့ ရောက်လာခဲ့သည်။

နေရာ၌ လိုင်စင် နံပါတ်ပြား မျိုးစုံနှင့် ကားတို့ကလည်း အစုံအလင်ပင်။

ကားပေါ်က ဆင်းပြီးနောက် ကျီချင်းရန်သည် အဆောက်အဦးထဲသို့ ရူးသွပ်နေသည့် မိန်းမ တစ်ယောက်ကဲ့သို့ ပြေးဝင်လာခဲ့၏။

ဓာတ်လှေကားထဲသို့ ဝင်၍ ၂၂ လွှာကို နှိပ်လိုက်သည်။ စက္ကန့်တိုင်းက သူမ၏ စိတ်ဝိဉာဏ်ကို စုတ်ဖြဲနေသလိုပင်။

ဓာတ်လှေကားထဲက ထွက်သည်နှင့် ဗလောင်ဆူနေသည့် ငိုကြွေးနေသံတို့အား သူမ နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည်။

ကျီချင်းရန်သည် နေရာ၌ ငူငူကြီး ရပ်တန့်နေမိခဲ့၏။ အလှမ်းမဝေးသည့် တစ်နေရာတွင် ဟော်ယွမ်ယွမ်၊ ဝမ်ချွေ့ပင်း၊ ကျောက်ချွမ်ဖူနှင့် ကော်နင်ယွဲ့ … အစရှိသည့် လင်းရီ၏ ဆွေမျိုးများကို သူမ မြင်တွေ့လိုက်ရသည်။

၎င်းတို့၏ ငိုကြွေးသံက သူမ၏ နားစည်ဝသို့ သံမဏိဓားနှင့် ကုတ်ခြစ်နေပြီး ရင်ကို လာမွှန်းနေသကဲ့သို့ ခံစားနေရ၏။

“ အစ်မကျီ…..”

ကျီချင်းရန်ကို မြင်တော့ ဟော်ယွမ်ယွမ် ပြေးလာပြီး သူမကို ဖက်ကာ ပို၍ပင် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးနေတော့၏။

“ ဘယ်လို … ဘယ်လိုဖြစ်ပြီး ……”

ကျီချင်းရန်၏ မျက်ဝန်းတို့မှာ မယုံကြည်နိုင်မှုကြောင့် ကြောင်တောင်တောင် ဖြစ်နေသည်။

“ ယောင်းမ …..”

ကော်နင်ယွဲ့လည်း ကျီချင်းရန်ကို ပွေ့ဖက်လာခဲ့ပြီး “ ညီမရဲ့ အစ်ကို မရှိတော့ဘူး ……”

ကျောက်ဆစ်ရုပ်ထု တစ်ခုကဲ့သို့ .. ကျီချင်းရန်သည် နေရာ၌ သစ်ငုတ်တွယ်ထားသည့်နှယ် မလှုပ်မယှက် ရပ်နေပြီး သူမ၏ မျက်လုံးတို့က အသက်မဲ့သထက် ကင်းမဲ့လာလေတော့သည်။

ပူဆွေးသောကလှိုင်းတို့က လူတိုင်းထံ ကူးစက်သွားခဲ့ပြီး ဝမ်းနည်းသည့် ခံစားချက်မှလွဲ၍ ယခုအချိန်၌ မည်သူကမျှ ဘာလုပ်လို့ လုပ်ရမှန်း မသိကြတော့ချေ။

“ မိန်းကလေးကျီ … ကျုပ်နဲ့ လိုက်ခဲ့ပေးပါ …”

ထောက်ချိန်သည် သူ၏ ပူဆွေးသောကများအား ဖိနှိပ်ထား၍ ကျီချင်းရန်ထံ လျှောက်လှမ်းလာသည်။

ဟော်ယွမ်ယွမ်နှင့် ကော်နင်ယွဲ့က ကျီချင်းရန်ကို အဖော်လုပ်ပေးပြီး လူနာခန်းထဲသို့ ရောက်လာခဲ့၏။

“ အစ်မကျီ…”

“ ယောင်းမ …”

တံခါးဝသို့ ရောက်သည်နှင့် ကျီချင်းရန်မှာ ခြေလက်များ နုံးချိသွားခဲ့ပြီး ချက်ချင်း လဲကျသွားခဲ့၏။

ကျုံးဝေ့တပ်ဖွဲ့ထဲရှိ မိန်းကလေး အဖွဲ့ဝင်တစ်ချို့က သူမကို လာပြီး ကူညီဖေးမပေးသည်။

ကုတင်ပေါ်တွင် … ကျီချင်းရန်သည် လင်းရီကို မမြင်ရပေ။ ထိုအစား ပိတ်စအဖြူဖြင့် ဖုံးအုပ်နေသည့် လူတစ်ယောက်ကိုသာ မြင်နေရ၏။

သို့သော် ကျီချင်းရန်မှာ သူမကိုယ်သူမ ဆက်လက် အားတင်း မလျှောက်နိုင်တော့ချေ။ အခြားသူများ၏ အကူအညီဖြင့် ကုတင်ဘေးနားသို့ ရောက်ရှိလာသည်။

“ လင်း … လင်းရီ ….”

သူမ၏ တုန်ယင်နေသည့် လက်က ပိတ်စ အဖြူသို့ လှမ်းလိုက်၏။ ထိုအခိုက်အတန့်၌ ပိတ်စအဖြူမှာ ပေါင်တစ်သောင်းမက အလေးချိန်စီးနေသည်ဟု ခံစားလိုက်ရသည်။

ပိတ်စ အလှပ်တွင် ရင်းနှီးနေသည့် မျက်နှာ တစ်ခုကို သူမ မြင်တွေ့လိုက်ရ၏။ သူမ နေ့ရော ညပါ ဦးနှောက်မှတ်ဉာဏ်တွေထဲ၌ တမ်းတမ်းစွဲ မြင်တွေ့ချင်နေခဲ့သည့် လူတစ်ယောက်ပင်။

သို့ပေမယ့် … သူမတို့တွေ ပြန်တွေ့ရသည့် အချိန်က တစ်သက်လုံး ခွဲခွာသွားရမည့် အချိန် ဖြစ်နေလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။

“ နင် … နင် …..”

ရုတ်ချည်းဆိုသလို ကျီချင်းရန်မှာ တည်ငြိမ်သွားပုံရ၏။

ကြီးမားသည့် ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုတို့အား ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီးနောက် သူမသည် နောက်ဆုံးတွင် စိတ်ခံစားချက်တို့အား တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ခဲ့ချေပြီ။

သို့သော် ဤတစ်ကြိမ်တွင်တော့ … လင်းရီအကြောင်း အတွေးပုံရိပ်များနှင့် မဟုတ်ပါဘဲ ပိန်းပိတ်မှောင်နေသည့် အမှောင်ထုကြီး တစ်ခုဖြစ်၏။

သူမ ပြန်နိုးလာသည့် အချိန်၌ မနက်ခင်း သုံးနာရီကျော်နေချေပြီ။

“ အစ်မကျီ…”

ကျီချင်းရန်ကို အခြား အခန်း တစ်ခုထဲတွင် ထားထားပြီး ဟော်ယွမ်ယွမ်နှင့် ကျန်သုံးယောက်လုံး ထိုနေရာ၌ ရှိနေကြကာ ဘာစကားတစ်ခွန်းမျှ မဆိုကြချေ။

“ ငါ … ငါ ဘာလို့ ဒီရောက်နေတာလဲ …”

“ နင် သတိမေ့သွားတာ ….”

“ လင်းရီ ဘယ်မှာလဲ … လင်းရီ ….”

“ သူ မျက်နှာချင်းဆိုင် အခန်းထဲမှာ … အရုဏ်တက်ကျရင် တခြား လုပ်ဖို့ လိုအပ်တာတွေ ပြီးအောင်လုပ်ဖို့ လိုတယ်….”

သူမ ဘာကို ဆိုလိုချင်မှန်း ကျီချင်းရန် နားလည်သည်။ မနက်ဖြန် မနက်ခင်းတွင် သူ့ကို အသုဘအိမ်သို့ ပို့ဆောင်ရမည် ဖြစ်၏။

သူမ စောင်ကို ဖယ်၍ အခန်းထဲက အလျင်စလို ထွက်လာခဲ့သည်။

ကော်ရစ်ဒါရှိ ငိုကြွေးသံတို့ကတော့ အသံမစဲသွားခဲ့ချေ။

၎င်းတို့က ဝမ်ချွေ့ပင်းနှင့် ကော်နင်ယွဲ့တို့ဖြစ်၏။

“ ယောင်းမလေး ….”

ကျီချင်းရန်ကို မြင်တော့ ကော်နင်ယွဲ့သည် ခုံတန်းရှည်မှ ထ၍ မျက်ရည်စမ်းသည့် မျက်ဝန်းတို့ဖြင့် ကြည့်လာခဲ့၏။

သူမတို့နှစ်ယောက်မှာ ငယ်စဉ်ကတည်းက ဂေဟာ၌ အတူကြီးပြင်းလာခဲ့ပြီး သူတို့နှစ်ယောက်ကြားရှိ သံယောဇဉ်က အနှီ မောင်နှမရင်းချာတို့ထက်ပင် သာကောင်း သာနေလိမ့်မည်။ သူမ၏ မျက်လုံးတစ်ခုလုံးမှာ ငိုကြွေးမှုကြောင့် မို့အစ်နေခဲ့လေသည်။

ဝမ်ချွေ့ပင်းမှာတော့ သူမထက် အခြေအနေပိုကောင်းနေသော်လည်း သူမသည်လည်း ငိုကြွေးမှုကြောင့် မျက်လုံးတို့ မို့အစ်နေခဲ့သည်။

ကျောက်ချွမ်ဖူနှင့် ဝူဖေးယွဲ့မှာတော့ တစ်ယောက်က နံရံဘေးတွင် မတ်တပ်ရပ်နေစဉ် ကျန်တစ်ယောက်မှာတော့ ထောင့်တစ်နေရာ၌ သွားပြီး ဆောင့်ကြောင့်ထိုင်နေလျက်ရှိ၏။ သူတို့တွေ ဘာစကားမျှ မဆိုကြချေ။ သို့သော် နှစ်ပေါင်းများစွာ အိုစာသွားခဲ့သည်မှာတော့ အထင်းသား မြင်တွေ့နေရ၏။

“ မငိုနဲ့…”

မျက်ရည်တို့ စီးကျလာရင်းဖြင့် ကျီချင်းရန်သည် ကော်နင်ယွဲ့ကို နှစ်သိမ့်ပေးလိုက်သည်။

ယခုအချိန်တွင် နှစ်သိမ့်ပေးမှုကို အလိုအပ်ဆုံးသူက သူမ ဖြစ်နိုင်ပေမယ့် … ကော်နင်ယွဲ့ကို နှစ်သိမ့်ပေးရန်အတွက် သူမ သန်မာနေဖို့ လိုသည်။

“ မေမေဝမ်နဲ့ ခဏထိုင်ဦး … ငါ အထဲဝင်ပြီး သူ့ကို ကြည့်ဦးမယ်…”

“ အွန်း …”

လူနာ အခန်းတံခါးကို တွန်းဖွင့်လိုက်ရင်း … ကျီချင်းရန် လှမ်းတော့မည့် သူမ၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် လင်းရီ ၏ ကုတင်အနားတွင် လျန်ရူရွှယ်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

သူမတို့တွေ တစ်နေ့ ယခုလို ပုံစံမျိုးဖြင့် မြင်တွေ့ရလိမ့်မည်လို့ သူမတို့နှစ်ယောက်လုံး မည်သူကမျှ တွေးထင်မထားခဲ့ကြချေ။

ကျီချင်းရန်ကို မြင်သည်တွင် လျန်ရူရွှယ် သူမ၏ ခုံမှ ထပေးလိုက်၏။ သူမ၏ အမူအရာမှာ အနည်းငယ် နေရခက်နေခဲ့ပြီး ကျီချင်းရန်နှင့် တိုက်ရိုက် မျက်လုံးချင်း ဆုံဖို့ကို ခက်ခဲနေသည်။

သို့သော် ကျီချင်းရန်မှာ ထပ်ပြီး တွက်ကပ်လိုစိတ် မရှိတော့ချေ။ ကိစ္စရပ်တို့က ယခု အခြေအနေသို့တိုင် ရောက်လာခဲ့ပြီး ဖြစ်သဖြင့် ဖြစ်ပျက်ပြီးသည့် အရာအားလုံးကို လွင့်စင် ပပျောက်စေလိုက်တော့သည်။

လျန်ရူရွှယ် အပြင် ၊ ချိုးယွီလော့ ၊ နင်ချဲ့ ၊ ရှောင်ပင်းနှင့် ထောက်ချိန်တို့ အားလုံးလည်း ဤနေရာ၌ ရှိနေခဲ့ကြသည်။ မည်သူကမျှ ထွက်သွားလိုစိတ် မရှိကြချေ။

“ တစ်ယောက်ယောက် ကျွန်မကို ဘာတွေ ဖြစ်နေလဲ ပြောပြပေးနိုင်မလား …”

အမျိုးသမီး သုံးယောက်၏ အကြည့်က ထောက်ချိန်ထံသို့ ကျရောက်လာသည်။

“ ဒါကို တစ်ချက် အရင်ကြည့်လိုက် … ဒါ ကျုပ်တို့ သူ့ကိုယ်ပေါ်မှာ တွေ့ခဲ့တဲ့ ဥစ္စာပဲ … မိန်းကလေးရဲ့ နာမည် တပ်ထားတယ်…”

ထောက်ချိန်က သွေးစွန်းနေသည့် မှတ်စု စာရွက်တစ်ခု ကမ်းပေးလာသည်ကို ကျီချင်းရန် မြင်တွေ့လိုက်ရသည်။

တုန်ယင်စွာဖြင့် … ထိုစာရွက်ကို လက်ခံလိုက်ရင်း ကျီချင်းရန်၏ ခံစားချက်တို့က တစ်ဖန် ပြန်ပြီး ကသောင်းကနင်း ဖြစ်လာပြန်သည်။

“ စာလုံးတွေနဲ့ နှုတ်ဆက်လိုက်တယ် ချင်းရန် … ဒါ ကိုယ်တို့ ၂ နှစ်ကျော် အတွင်း မင်းဆီ စာရေးပေးဖူးတာ ပထမဆုံး အကြိမ်ပဲနော်…”

“ ကိုယ်ဒီကနေ အသက်ရှင်လျက် ပြန်လာနိုင်ပါ့မလား ကိုယ့်ကိုယ်ကို မသေချာဘူး … ဒါကြောင့်မို့ ဒီစာကို မင်းဆီ ကြိုရေးလိုက်တယ်… လူကိုယ်တိုင် အသက်ရှင်လျက် ရောက်မလာနိုင်ခဲ့ဘူးဆိုရင်တောင် ဒီခန္ဓာကိုယ်ကတော့ နိုင်ငံဆီ ပြန်ရောက်နိုင်ဦးမယ်ဆိုတာ ယုံကြည်တယ်… ဒါကြောင့်မို့ မင်း ဒီစာကို တွေ့ပြီး ဖတ်နိုင်တဲ့ အခွင့်အရေး များမှာပါ …”

“ တကယ်လို့ ကိုယ် သေသွားခဲ့ရင် … လင်းယွင်အုပ်စု လက်အောက်က စီးပွားရေး လုပ်ငန်းတွေ အားလုံး မင်းရဲ့ နာမည်အောက်ထဲကို ခြွင်းချက်မရှိ ရောက်သွားလိမ့်မယ်… ကိုယ် ဒီကိစ္စ စီစဉ်ထားတာ ကြာပြီ… ဒီအတွက် မင်း တစ်စုံတစ်ရာ အခက်အခဲ တွေ့နေတယ်ဆိုရင် ကျိုးဟိုင် မြို့စောင့်တပ်စခန်းကို သွားပြီး ရန်ကွမ်းရှဆိုတဲ့ လူကို သွားရှာလိုက် … သူ မင်းကို အားလုံး အဆင်ပြေအောင် ကူညီပေးလိမ့်မယ်…”

“ တကယ်လို့ မင်း ဒီစာကို တွေ့ခဲ့ရင် … မင်းလက်ခံနိုင်မလားဆိုတာလည်း ကိုယ်မသိဘူး … ဒါပေမယ့် ကိုယ့်မှာ ရွေးချယ်စရာလည်း မရှိဘူး … ဒီလိုမျိုးတွေ ဖြစ်ပျက်လာလိမ့်မယ်လို့လည်း ကိုယ်လည်း ထင်မထားဘူး … ကောင်းကင်က ကိုယ့်ကို ထပ်ပြီး မျက်နှာသာပေးဖို့ မျှော်လင့်ရတာပဲ … တကယ်လို့ ဒီတစ်ခေါက် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ရင် အတူသွားပြီး လက်ထပ်မှတ်ပုံတင်ကြမယ်… ဘဝကြီးက အလှည့်အပြောင်းတွေ အမျိုးမျိုးနဲ့ … ကိုယ် ဘယ်လိုနောင်တမျိုးနဲ့မှ ထွက်မသွားချင်ဘူး …”

“ ဒါပေမယ့် မင်းဒီစာကို ဖတ်နေပြီဆိုရင်တော့ .. သဘောက ကိုယ်သေသွားခဲ့ပြီလို့ ဆိုတာပဲ … ကုမ္ပဏီကိုလည်း ဆက်ပြီး မဦးစီးချင်တော့ဘူးဆိုရင် ရောင်းပြီး ကိုယ်နေချင်တဲ့ ဘဝမျိုးမှာ နေပါ …”

“ တောင်းပန်ပါတယ်… ကိုယ်မင်းရဲ့ ဘေးမှာ ၂ နှစ်တည်း ရှိနေပေးနိုင်ခဲ့တယ်… ဒါက ကိုယ့်ရဲ့ နောင်တ … ကိုယ့်ရဲ့ ကံမကောင်းမှုဆိုလည်း ဟုတ်တယ်… ကိုယ်လည်း တကယ်ကြီး ဒီလိုတွေ မဖြစ်ချင်ခဲ့ပါဘူး … ဒီတိုင်း ကိုယ့်မှာ အခွင့်အရေး မရှိခဲ့ရုံပဲ … ကိုယ့်မှာ ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ရှိသေးတယ်… ကိုယ်သူ့ကို ကျိန်းသေပေါက် သွားကယ်ရမယ်…”

“ တောင်းပန်ပါတယ်… ကိုယ်က တာဝန်မကျေတဲ့လူပါ …”

All Chapters