← Chapters

နောက်ဆုံးသော အကြိမ် နူးညံ့ခြင်း

Vol. 122 Ch. 1824

နောက်ဆုံးသော အကြိမ် နူးညံ့ခြင်း

Vol. 122 Ch. 1824

ကျီချင်းရန်၏ မျက်ရည်စက်တို့က စာရွက်အပိုင်းအစပေါ်သို့ တပေါက်ပေါက် ကျဆင်းသွားခဲ့သည်။

၎င်းပေါ်ရှိ လက်ရေးစာမူက မှင်ရောင်ညစ်ထေးလာခဲ့ပြီး စာရွက်ပေါ်ရှိ သွေးစက်များကို မြင်တွေ့လာရလေသည်။

သူက စာရေးပြီးသည်နှင့် ထွက်ခွာသွားခဲ့၏။

သို့သော် ကျီချင်းရန်သည် စာ၏ သံနေသံထားကို ပိုပြီး အာရုံစိုက်နေခဲ့မိသည်။ ပုံမှန် မြင်တွေ့နေကြဖြစ်သည့် လင်းရီ၏ ပုံစံနှင့် ကွဲပြားနေလေသည်။

ယင်းက အလွန်အမင်း လေးနက်တည်ကြည်သည့် နှုတ်ဆက်စကားနှင့်ပင် တူနေခဲ့သည်။ ထိုစဉ်အချိန်တုန်းက သူသည် ယခုလို ရလဒ်မျိုး ထွက်ပေါ်လာခဲ့မှာကို ကြိုတင်မျှော်လင့်ထားခဲ့ဟန်ရပြီး မဟုတ်ပါက ဤကဲ့သို့သော စကားလုံးများကို ရေးသားချန်ရစ်ခဲ့မှာ မဟုတ်ချေ။

“ အစ်မကျီ … မငိုနဲ့တော့ … သေပြီးသားကို ပြန်ကယ်လို့မှ မရတော့တာ … ဒါက ပြောင်းလဲလို့မရဘူး …”

ထောက်ချိန် စိတ်မကောင်း ဖြစ်သွားခဲ့သည်။ သို့တိုင် ကျီချင်းရန် အနားသို့ ရောက်လာ၍ ပြောလိုက်၏။

“ ကျုပ်တို့ လင်းယွင်အုပ်စုကို မိန်းကလေးကျီဆီ လွှဲပြောင်းပေးဖို့ ကိစ္စ တာဝန်ယူပေးပါ့မယ်… ဘာမှ စိတ်ပူနေစရာ မလိုစေရပါဘူး …”

“ ကျွန်မ အဲ့တာတွေ မလိုချင်ဘူး …”

ခေါင်းခါရမ်းလိုက်ရင်း သူမ၏ မျက်လုံးတို့က အသက်ကင်းမဲ့နေသည်။

“ သူ ဟိုကို ခရီးလေး တစ်ခေါက် ထွက်သွားပြီးတော့ ဘာလို့ ဒီလိုပုံစံမျိုးနဲ့ ရောက်လာခဲ့လဲဆိုတာလဲပဲ သိချင်တယ်…”

“ ကျုပ်တို့က ဟွာရှ အစိုးရပိုင် လျှို့ဝှက်တပ်ဖွဲ့တစ်ခုကပါ .. လင်းရီက ကျုပ်တို့ အဖွဲ့ဝင် တစ်ယောက် … သူ ပနားမားကို အလုပ် ခရီးထွက်နေတဲ့အချိန် အင်မတန် အရေးကြီးတဲ့ မစ်ရှင် တစ်ခုနဲ့ တွေ့လိုက်ရတယ်… သူနဲ့ နောက်ထပ် အဖွဲ့ဝင်တစ်ယောက်လည်း အဲ့ဒီ မစ်ရှင်အတွင်းမှာ သေဆုံးသွားခဲ့တယ်….”

“ လျှို့ဝှက်တပ်ဖွဲ့ ……”

“ အင်း …” ထောက်ချိန် ခေါင်းညိမ့်လိုက်သည်။

“ ဒါပေမယ့် သူ ကျွန်မကို တစ်ခါမှလည်း မပြောခဲ့ဖူးဘူး…”

“ ကျုပ်တို့ ဆောင်ရွက်ရတဲ့ မစ်ရှင်က အန္တရာယ် သိပ်များတော့ မိန်းကလေးကျီ စိတ်ပူနေမှာ စိုးလို့နဲ့ တူပါတယ်… ဒါကြောင့်မို့ သူ မပြောပြခဲ့တာ ဖြစ်မယ်.. မိန်းကလေး နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်…”

“ နားလည်ပေးရမယ်…..”

ကျီချင်းရန်သည် ထောက်ချိန်ကို စိုက်ကြည့်လိုက်၏။ တစ်ဖက်သူမှာ မသိစိတ်အလျောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်မိလိုက်လေသည်။

သူမနှင့် မျက်လုံးချင်းဆုံဖို့ကို သူ မဝံ့မရဲ ဖြစ်နေခဲ့မိသည်။

ဤသည်က စစ်မှန်သည့် ကြောက်ရွံ့မှု၊ စိတ်မလုံမလဲဖြစ်မှု ဖြစ်၏။

“ သူက အခုသေပြီလေ… ရှင်တို့က ကျွန်မကို ဘယ်လိုမျိုး နားလည်ပေးစေချင်တာလဲ …”

ကျီချင်းရန်သည် ရုတ်ချည်းဆိုသလို အသံကို မြင့်လိုက်ပြီး သူမ၏ စိတ်ခံစားချက်တို့အား ဆက်လက် ထိန်းချုပ်နိုင်ခြင်း မရှိတော့ကာ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။

“ ရှင်တို့ သူ့ကို ဘာလို့ မစ်ရှင်သွားလုပ်ခိုင်းတာလဲ … သူက ဒီတိုင်း သာမန်လူပဲ‌လေ… ရှင်တို့ တအား တစ်ကိုယ်ကောင်းဆန်လွန်းတယ်…."

ကျီချင်းရန်သည် ထောက်ချိန်၏ ကော်လံကို ဆွဲပြီး ကျယ်လောင်စွာ ဆူပူလိုက်၏။

ထောက်ချိန် မတိမ်းရှောင်ခဲ့ချေ။ သူ့ရှေ့ရှိ ဤ အမျိုးသမီးက ပူဆွေးသောကများအား သွန်ချရန် လိုအပ်သည်ကို နားလည်သည်။

ဤသည်က သူမကို အနည်းငယ် တည်ငြိမ်သွားခဲ့စေမည်ဆိုပါက သူ နည်းနည်းလေး အရိုက်ခံလိုက်ရ၍လည်း ကိစ္စမရှိပေ။

“ ကျုပ်တို့ ဒီကိစ္စမှာ ပေါ့ဆခဲ့မိတယ်… အကူအညီတွေ အချိန်မီ မပို့ပေးနိုင်ခဲ့တာ ကျုပ်တို့ အမှားပါ …”

“ ကျွန်မ ဒါတွေ မကြားချင်ဘူး ….” ကျီချင်းရန် ဟိန်းဟောက်လိုက်ပြီး “ လင်းရီကိုပဲ ပြန်ခေါ်ပေး .. လင်းရီကိုပဲ ကျွန်မဆီ ပြန်ခေါ်ပေး …”

“ တောင်းပန်ပါတယ်….”

“ နင် …၊ နင့်မှာ လင်းရီကို ဒီလိုမျိုးတွေ လုပ်ခိုင်းဖို့ ဘာအခွင့်အရေး ရှိလဲ …..”

ကျီချင်းရန်မှာ လဲပြိုလုနီးပါး ဖြစ်နေလေသည်။ နာရီ အနည်းငယ်ကြာ ကျော်ဖြတ်ပြီးသော်လည်း လက်ရှိ အခြေအနေကို ယခုထိတိုင် လက်ခံနိုင်ခြင်း မရှိသေးချေ။

“ အစ်မကျီ … စိတ်ငြိမ်ငြိမ်ထားပါဦး …”

ဟော်ယွမ်ယွမ်သည် ကျီချင်းရန်ကို ဖေးမပေးလိုက်ပြီး “ ဒါက သူ့ကိုယ်ပိုင် ရွေးချယ်မှုပဲလေ… ငါတို့ ဒီလူကို အပြစ်တင်နေလို့မှ မရတာ …”

ကျီချင်းရန်သည် ဟော်ယွမ်ယွမ်၏ ရှပ်အင်္ကျီအစွန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိ၏။ သူမဘေးနားတွင် ရှိနေပေးပြီး ပူပင်ကြောင့်ကြမဲ့သည့် ဘဝကို ဦးဆောင်ပေးခဲ့သူမှာ ယခုတော့ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ချေပြီ။

သူမ၏ စိတ်ကမ္ဘာကြီးက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်မှာ အချိန်အတော်ကြာကတည်းကပင်။ ယခုအချိန်တွင် ကမ္ဘာကြီး၏ စွန့်ပစ်ထားခြင်း ခံရသည့် ကလေးငယ်လေး တစ်ယောက်သဖွယ် ခံစားနေရသည်။

ဟော်ယွမ်ယွမ်သည် ကျီချင်းရန်ကို ဖေးမထားပေးရင်း ဘာလုပ်ပေးရမှန်း မသိသဖြင့် သူမနှင့်သာ အတူ ငိုကြွေးနေလျက်ရှိသည်။

“ မြန်မြန် … သူ့ကို လူနာခန်းထဲ ပြန်ပို့လိုက် …”

တာဝန်ကျ ဒေါက်တာက ပြေးဝင်လာပြီး “ အခုချိန်ထိ မတည်ငြိမ်သေးဘူးဆိုရင် သူ့ရဲ့ စိတ်ဖိစီးမှုကြောင့် နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့အထိ ဖြစ်သွားနိုင်တယ်…”

ဒေါက်တာက ကျီချင်းရန်ကို စိတ်ငြိမ်ဆေး တစ်လက် အလျင်အမြန် ထိုးပေးလိုက်၏။

မကြာမီ ကျီချင်းရန်၏ ခံစားချက်တို့ တည်ငြိမ်လာပြီး ကုတင်ပေါ်တွင် လဲနေရင်းဖြင့် နှစ်ခြိုက်စွာ အိပ်မောကျနေလျက် ရှိတော့သည်။

အခန်းထဲတွင် ရှိနေသည့် လူများအားလုံး သူမ ယခုလို ဖြစ်နေသည်အား မမြင်ရက်လိုကြပေ။ အထူးသဖြင့် ရှောင်ပင်း ဖြစ်၏။

သူမက ကျီချင်းရန်နှင့် ယခင်က ဆုံတွေ့ခဲ့ဖူးပြီး ယခင် သူမ၏ သွင်ပြင်က မည်သို့ရှိထားလဲဆိုတာလည်း သိသည်။

လှပမှု ၊ သိမ်မွေ့ကြော့ရှင်းမှုတို့ဖြင့်သာ ပေါင်းစပ်ထားသည့် အမျိုးသမီးတစ်ယောက် …

သို့သော် ယခုအချိန်တွင်တော့ ပြီးပြည့်စုံလုနီးပါး အရည်အသွေး အားလုံးတို့သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

သူမ၏ လက်ရှိသွင်ပြင်က တစ်ကိုယ်လုံး ဖိုသီဖပ်သီ ဖြစ်နေပုံပေါ်သည်။

လူက .... ပိုပြီး နက်နက်ရှိုင်းရှိုင်း ချစ်မိလေ၊ ပိုပြီး ထိခိုက်ခံစားရလေပင်။

လူသွားစင်္ကြံလမ်းမကြီး၏ အဆုံး၌ ချောင်ရှင်းသည် ပြတင်းပေါက် ဘေးနားတွင် ရပ်နေရင်း မလှမ်းမကမ်းရှိ ငိုကြွေးသံတို့အား နားထောင်နေရင်း သူမ၏ မျက်ရည်များအား တိတ်တဆိတ် ဖယ်သပ်နေလျက် ရှိသည်။

လူနာခန်းထဲရှိ အသံများက သူမ၏ ရင်ကို ပို၍ပင် နာကျင်စေပြီး အသက်ရှူဖို့ကိုပင် ခက်ခဲလာစေသည်။

တစ်စိတ်တစ်ပိုင်းက လင်းရီကြောင့်ဖြစ်၏။

ဤတစ်လျှောက်လုံး လင်းရီက သူမကို အစ်ကိုကြီး တစ်ယောက်သဖွယ် ဂရုစိုက်ပေးခဲ့ပြီး … အကယ်၍ သူ့ကြောင့်သာ မဟုတ်ပါက သူမသည် ဟွာရှန်းဆေးရုံ၌ နေရာတစ်နေရာပင် ရလာခဲ့မှာ မဟုတ်ချေ။

သို့သော် ယခု …. တကယ်ကြီး ထိုကဲ့သို့သော ပုံစံမျိုးဖြင့် သူမတို့အား နှုတ်ဆက်ထွက်ခွာသွားခဲ့လေပြီ။

အခြားတစ်စိတ်တစ်ပိုင်းက လီချူးဟန်အတွက် ရင်နာမိနေခြင်းပင်။

သူမ၏ နှလုံးသား တစ်ခုလုံး ခါးခါးသီးသီး ဖြစ်နေခဲ့မိသည်။ သို့သော် သူမတွင် သူ့အတွက် ငိုကြွေးဖို့ အခွင့်အရေးလေးပင် မရှိခဲ့ချေ။ လူနာခန်းထဲတွင်သာ ပုန်းအောင်းနေပြီး မျက်ရည်တို့အား တိတ်တခိုးသာ သုတ်နိုင်သည်။

လီချူးဟန် မည်မျှ ခံစားနေရသည်ကို မည်သူကမျှ မသိကြချေ။

လင်းရီက သူမ၏ စိတ်ခွန်အား ဖြစ်ပြီး ကမ္ဘာပေါ်ရှိ တစ်ဦးတည်းသော မိသားစုဝင်လည်း ဖြစ်သည်။ ယခု လင်းရီ မရှိတော့ပြီ ဖြစ်ရာ လီချူးဟန်၏ ကမ္ဘာကြီးသည်လည်း အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ရပြီ ဖြစ်၏။

သူမ ရင်ဘက်ထဲရှိ လင်းရီ၏ နေရာကို မည်သူကမျှ အစားထိုး ဝင်ရောက်နိုင်မှာ မဟုတ်ချေ။

ဆေးရုံကုတင် ပေါ်တွင် လီချူးဟန်က တိတ်ဆိတ်စွာ ထိုင်နေရင်း လှုပ်ယှက်ခြင်းလည်း မရှိသလို စကားတစ်လုံးမျှလည်း မပြောပေ။ သူမ ဘာတွေစဉ်းစားနေလဲ မည်သူကမျှ မသိကြချေ။ ထိုင်နေရင်းဖြင့် သူမသည် အမှောင်ခန်းကြီးနှင့် တစ်သားတည်း ဖြစ်လာသကဲ့သို့ … ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့် မည်သည့်ကိစ္စရပ်တို့ကမျှ သူမနှင့် မသက်ဆိုင်တော့လေပြီ။

လင်းရီ၏ လူနာခန်းမှာတော့ အလွန်အမင်း တိတ်ဆိတ်နေလျက် ရှိသည်။

အတွင်း၌ ရှိနေသည့် လူများမှာ ယခု အခိုက်အတန့်၌ ဘဝ၏ ဦးတည်ရာ ပျောက်ဆုံးနေကြသူများ ဖြစ်နေကြသည့်နှယ် နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာကို သူတို့ မသိကြတော့ချေ။

“ အပြင်ထွက်ကြစို့ … ဒီထဲမှာ မနေနဲ့ …” ထောက်ချိန် ပြောလိုက်ပြီး “ ဒီအခြေအနေ ရောက်မှတော့ ဒီမှာရပ်ပြီး စောင့်ကြပ်နေစရာ အကြောင်း မရှိတော့ဘူး …”

စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်ပြီးနောက် ချိုးယွီလော့နှင့် နင်ချဲ့တို့ လူနာခန်းထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့ကြပြီး ၎င်းတို့နောက်တွင်မှ ချင်းဟန်နှင့် ကျန်သူများက အစဉ်လိုက် ထွက်လာခဲ့ကြ၏။

သို့သော် လျန်ရူရွှယ်မှာ ထွက်ခွာသွားခဲ့ခြင်း မရှိချေ။ သူမက လင်းရီဘေးနားတွင် ထိုင်နေရင်း သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။

လင်းရီက ဤနေရာတွင် ရှိနေသေးသည့်နှယ် သူမ၏ မျက်ဝန်းတို့က ညင်သာမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

“ နင်က တကယ့်လူပဲ … သေသွားပြီးတာတောင် လူကို အေးဆေးလည်း ပေးမနေဘူး …”

လျန်ရူရွှယ် ပျော့ပြောင်းစွာ စကားဆိုလိုက်ပြီး လင်းရီ၏ လက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူမ၏ မျက်လုံးတို့က ဖြူစင်ပြီး အပြစ်ကင်းစင်သည့် မိန်းမငယ်လေး တစ်ယောက်၏ အကြည့်တို့ကို ဆောင်ကြဉ်းထားလေသည်။

“ ပုံမှန်ဆို နင်ပဲ ငါ့ကိုတွေ့ရင် စကားတွေ နားညီးလောက်အောင် ပြောနေခဲ့တာ မဟုတ်ဘူးလား … ဘာလို့ နင်အခု စကားမပြောတော့တာ … နင့်မှာ သတ္တိရှိတယ်ဆို အခုချက်ချင်း ထပြီး ငါနဲ့ စကားတွေပြောလေ … နင် ဘာဖြစ်ချင်လဲ … ငါ အားလုံး သဘောတူပေးမယ်… အခွင့်အရေးက တစ်ကြိမ်တည်းပဲ … နင်လွဲချော်သွားလို့ရှိရင် နောင်ကျ ရှိတော့မှာ မဟုတ်ဘူးနော်….”

“ နင့်ကို အမြင်ကတ်ဆုံးက လူကို ကျီစယ်ချင်သလို ကျီစယ်ပြီး ထွက်ထွက်သွားတာကိုပဲ … အခု ငါ နင့်ကို အခွင့်အရေး ပေးနေပြီလေ … ဘာလို့ ဘာမှ မတုံ့ပြန်လာရတာလဲ … ယောက်ျား မပီသလိုက်တာ ဟွန့် …”

ဖြည်းညင်းစွာဖြင့် လျန်ရူရွှယ်သည် သူမ၏ မျက်နှာကို လင်းရီ၏ လက်ဖြင့် ပွတ်သပ်လိုက်ပြီး မျက်ရည်တို့က စီးကျလာခဲ့၏။

“ ငါ စဉ်းစားပြီးသွားပြီ … မနက်ဖြန် အကုန်လုံး ပြီးတာနဲ့ ငါ နှုတ်ထွက်တော့မယ်… ကမ္ဘာအနှံ့ ခရီးတွေထွက်မယ်… မတူကွဲပြားတဲ့နေရာတွေကို လိုက်လေ့လာမယ်… နင့်ရဲ့ အရိုးပြာ နည်းနည်းလည်း ယူသွားမယ်… ဆန့်ကျင်တဲ့လူ ရှိရင် ငါ မသိအောင် တိတ်တိတ်လေး ယူမယ်… ဘယ်လိုပဲ ဖြစ်ဖြစ် တစ်နည်းမဟုတ် တစ်နည်းနဲ့ ရအောင် ယူမှာပဲ ….”

“ ဒါပေမယ့် နင်စိတ်ချ … ဘယ်လို အခြေအနေတွေပဲ ဖြစ်နေဖြစ်နေ နင်က လင်းယွင်အုပ်စုရဲ့ ဥက္ကဌလင်းပဲ … နင့်ရဲ့ နောက်ဆုံးခရီးက ကျိန်းသေပေါက် ခမ်းနားနေစေရမယ်… နောက်ပြီး နင့်ရဲ့ ဂနာမငြိမ်တတ်တဲ့ အဲ့ဒီမျက်လုံးတွေအတွက်လည်း အပို အရုပ်မလှလှ စက္ကူလေးတွေ မီးရှို့ပေးဦးမယ်… နင့်ကို ကောင်းကောင်း . . . . .”

စကားတစ်ဝက်တစ်ပျက်တွင် လျန်ရူရွှယ်သည် သူမ ကောင်းစွာ ချုပ်တည်းထားခဲ့သည့် ခံစားချက်တို့ ပေါက်ကွဲထွက်လာခဲ့ကာ ဆွဲဆွဲငင်ငင် ငိုရှိုက်မိလာခဲ့တော့သည်။

“ နင် ခုလိုမျိုး ထွက်သွားခဲ့တာ ငါ တကယ် နောင်တရတယ် သိလား …”

“ ငါက မနူးညံ့ဘူးလို့ နင် အမြဲပြောတယ်နော်… ငါ အဲ့ဒီအချက်ကို ပြောင်းလဲဖို့ စဉ်းစားထားတယ်… ငါ့ကိုယ်ငါ ပိုပြီး မိန်းမသား ဆန်အောင်လို့ပေါ့ … ဒါပေမယ့် အခု နင်က ဒီလို ဖြစ်သွားမှတော့ ငါ ညင်သာနူးညံ့လာရင်တောင် နင်မှ မမြင်နိုင်တော့တာ ….”

လျန်ရူရွှယ်သည် သူမ၏ မျက်ရည်များအား လက်ဖြင့် ဖယ်သပ်လိုက်ရင်း လင်းရီ၏ နားထဲသို့ တီးတိုးပြောဆိုလိုက်သည်။

ဖြစ်နိုင်သည်မှာ … ဤဟည်က လင်းရီအတွက် သူမ ချန်ရစ်ခဲ့ပေးနိုင်သည့် နောက်ဆုံးသော ညင်သာနူးညံ့မှု တစ်ခုပါပင်။

All Chapters