လင်းကျင်ကျန့် ဒီရောက်လာပြီ
Vol. 122 Ch. 1825
လူနာခန်း အပြင်ဘက်တွင် ချင်းဟန်နှင့် ကျန်သူများမှာ စီးကရက် ကိုယ်စီ မီးညှိလိုက်ကြပြီး ထောက်ချိန်ကို တစ်လိပ် ကမ်းလိုက်သည်။
ဆေးရုံ၏ စည်းမျဉ်းစည်းကမ်းတို့အရ ဆေးလိပ်သောက်ခြင်းကို ခွင့်မပြုထားချေ။
သို့သော် ဤကဲ့သို့ ထူးထူးခြားခြား အခိုက်အတန့်မျိုး၌ ၊ လူလည်း အနားတစ်ဝိုက်တွင် ရှိမနေသည်ကိုပါ ထည့်သွင်းစဉ်းစားပြီး ဒေါက်တာလည်း များများစားစား ဂရုစိုက်မနေတော့ချေ။
မဟုတ်သေး ။
သူ မတားဆီးဝံ့ဘူးဟု ပြောလျှင် ပိုမှန်လိမ့်မည်။
သို့သော် သူ့ကိုယ်သူ အနစ်နာခံသွားခဲ့သည့် လူငယ်လေး၏ ကျောထောက်နောက်ခံကို သူ တော်တော်လေး စူးစမ်းချင်နေမိခဲ့၏။
သူက တကယ်ကြီး ဤမျှ လူအများအပြားကို ရောက်လာအောင် ဆွဲဆောင်နိုင်ခဲ့လေသည်။
“ သူ လုပ်ခဲ့တဲ့ မစ်ရှင်က ဘာလဲ…” ချင်းဟန် အုံ့မှိုင်းနေသည့် မျက်နှာ အမူအရာဖြင့် မေးမြန်းလိုက်၏။
“ ဆောတီး … အဲ့တာက စည်းမျဉ်းပဲ … ငါတို့ ပြောပြလို့ မရဘူး ….”
“ နိုင်ငံခြားကလား …”
“ အင်း …”
“ ဘယ်အဖွဲ့အစည်းလဲဆိုတာ သိလား …”
“ ဆောတီး … ငါတို့ အဲ့တာလည်း ပြောပြလို့ မရဘူး …”
“ ခင်များက ဒီဟာလည်း ပြောလို့ မရ … ဟိုဟာလည်း ပြောလို့ မရနဲ့ … ကျုပ်တို့ကို အနည်းဆုံးတော့ သဲလွန်စလေး ဘာလေး ပေးဦးမှပေါ့ …”
ချင်းဟန်သည် သူ၏ ဒေါသများအား ထိန်းချုပ်မရနိုင်စွာ ပြောဆိုမိလိုက်သည်။
ထောက်ချိန်က သူနှင့် အလှမ်းဝေးနေသောကြောင့်သာ မဟုတ်ပါက ယခုလောက်ဆို နားဗန်ကျင်းပစ်လိုက်ပြီ ဖြစ်၏။
“ ဒီကိစ္စက သာမန်လူတွေ ကိုင်တွယ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး…” ထောက်ချိန် ပြောလိုက်သည်။ “ ဒါပေမယ့် စိတ်ချ … ငါတို့ ပြန်လက်စားချေမှာ … အဲ့ကောင်တွေကို လွယ်လွယ်နဲ့ အလွှတ်မပေးဘူး …”
“ ခင်များလည်း ကျုပ်တို့ ဘာကောင်တွေဆိုတာ သိမှာပါ .. ကျုပ်တို့က လင်းကြီးလောက်တော့ လုပ်ရည်ကိုင်ရည် မရှိဘူး .. သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …” ချင်းဟန် ပြောလိုက်ပြီး “ ကျုပ်တို့က ဒီတိုင်း ပိုက်ဆံ နည်းနည်းလောက် ဖြုန်းချင်ရုံပဲ … ကျုပ်တို့ရဲ့ ဘီလီယမ်ချီတဲ့ ငွေကြေးဥစ္စာတွေနဲ့ အဲ့ကောင်တွေရဲ့ အသက်ကိုဝယ်မယ်… အသက်တစ်ချောင်းကို တစ်ဘီလီယမ် … ကျုပ်တို့ကို ဘယ်သူ ဘယ်ကောင် လုပ်သွားခဲ့တာလဲဆိုတာပဲ ပြော….”
“ ငါ တကယ် ပြောလို့ မရတာ …”
ထောက်ချိန် အခက်တွေ့နေခဲ့သည်။
“ မင်းတို့က လင်းရီနဲ့ အတော်လေး ရင်းနှီးတာကို ငါသိတယ်… မင်းတို့ အခု ခံစားနေရတာကိုလည်း ငါ နားလည်တယ်… ဒါပေမယ့် ဒီကိစ္စက အရမ်း ရှုပ်ထွေးတယ်… မင်းတို့ လက်လွယ်စပယ် လှုပ်ရှားလို့ မရဘူး… မဟုတ်လို့ကတော့ ဒီလိုတွေတောင် ဖြစ်လာမှာ မဟုတ်ဘူး … မင်းတို့ စိတ်အေးအေးထားနိုင်ဖို့ မျှော်လင့်တယ်…”
“ ချီးလိုပဲ …”
ချင်းဟန်သည် နံရံကို လက်သီးဖြင့် ထုလိုက်ရင်း ကျိန်ဆဲလိုက်သည်။ သူ၏ ရင်ဘက်ထဲ၌ အာဃာတ အမုန်းတရားတို့ ပြည့်နှက်နေသော်လည်း ဘယ်သူ့ဆီ သွားသွန်ချရမှန်း မသိ ဖြစ်နေလေသည်။
“ ဟင်း ….”
ထောက်ချိန် သက်ပြင်းချလိုက်ကာ ချင်းဟန်နှင့် တခြားသူများကို ဤကိစ္စ မည်သို့ ပြောပြရမှန်း မသိ ဖြစ်နေခဲ့သည်။
ကျုံးဝေ့တပ်ဖွဲ့ရှိ လူများက လင်းရီသည် ထိုစဉ် အချိန်က ကျိုးလျန်ကို ကယ်တင်ရန် ကြိုးပမ်းခဲ့သည်ကို ကောင်းစွာ သိကြသည်။
အကယ်၍များ … ထိုအချိန်က သူသာ ကိုယ့်ကိုယ်ကို ကာဗာလုပ်လိုက်မည်ဆိုပါက အကူတပ်ဖွဲ့များ ရောက်လာသည့်အချိန်အထိ ကျိန်းသေပေါက် တောင့်ခံထားနိုင်သည်။ ထိုသို့ဖြစ်လျှင် သူ၏ ရှင်သန်နိုင်ချေကလည်း မြင့်မားသွားပြီ ဖြစ်၏။
သို့ပေမယ့် အဆုံးထိတိုင် သူ့ဘက်က ကျိုးလျန်ကို လက်မလျှော့ခဲ့ချေ။ ထိုအချိန်အတောအတွင်းမှာ သူ အသက်ဆုံးရှုံးသွားခဲ့လျှင်ပင် ခန္ဓာအလောင်းကို ပြန်ယူလာခဲ့ရမည် ဖြစ်၏။
သူက တကယ့်ကို ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်ဖို့ ထိုက်တန်လွန်းလှသည်။
…..
ရန်ကျင်းလေဆိပ်တွင်။
အနီရောင် အလံ ကားနှစ်စင်းနှင့် အော်ဒီ A8 ကားသုံးစင်းက ပြေးလမ်း၏ ဘေးဘက်ခြမ်းတွင် ထိုးရပ်ထားခဲ့သည်။
သာမန်လူဆိုပါက ယခုနေရာအထိ ကားမောင်းဝင်လာဖို့ရာ မဖြစ်နိုင်ချေ။ အထူးသဖြင့် ဤနေရာက ရန်ကျင်း လေဆိပ် ဖြစ်နေသည့် အခါတွင်ဖြစ်၏။
သို့သော် ကားထဲ ထိုင်နေသည့် ရန်ကွမ်းရှကြောင့် မည်သည့် စည်းမျဉ်းကမျှ သူ့အား ကန့်သတ်၍ မရနိုင်ခဲ့ချေ။
များမကြာမီ စော်ဘွား လေကြောင်းလိုင်းက လေယာဉ်တစ်စင်း ကောင်းကင်ယံမှ ပြေးလမ်းပေါ်သို့ ဆင်းသက်လာသည်။
၎င်းက ကားသုံးစင်းနှင့် မနီးမဝေးတွင် ရပ်တန့်သွားခဲ့၏။
ကားသုံးစင်းထဲရှိ လူတို့ တစ်ယောက်ပြီး တစ်ယောက် ထွက်လာသည်။
လုပေချိန် ၊ လျန်ရှန့်ဟော်၊ လျန်ချွင်းရှောင်၊ ရှန်းရှုရီ ၊ လျိုဟုန်နှင့် ၎င်းတို့အား ခြံရံစောင့်ရှောက်နေသည့် ဘော်ဒီဂတ် ခြောက်ယောက်တို့ပင်။
သူတို့အကုန်လုံး၏ အကြည့်တို့က တည်တည်ငြိမ်ငြိမ်ပင်။ လျိုဟုန်သာလျှင် အနည်းငယ် ဖိုးသိုးဖပ်သပ် ခံစားနေရပြီး အကြောင်းမူကား စိတ်တုန်လှုပ်နေသောကြောင့် ဖြစ်၏။
“ လောင်လျန် … သူ တကယ်ပဲ ပြန်လာနေပြီလား …”
လျန်ချွင်းရှောင်၏ ဘေးတွင် ရပ်နေရင်း လျိုဟုန် တိုးတိုးလေး မေးမြန်းလိုက်သည်။
၎င်းတို့နှစ်ယောက်လုံး၏ စစ်တပ် ရာထူးက အတူတူပင်။ သို့သော် လျန်ချွင်းရှောင်က အဓိက ခရိုင်အဖွဲ့အစည်းကဖြစ်ပြီး လျိုဟုန်ကတော့ အဖွဲ့ခွဲက ဖြစ်၏။ သေချာ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်တော့ လျိုဟုန်က လျန်ချွင်းရှောင်ထက် အနည်းငယ် ရာထူးနိမ့်လေသည်။
သို့သော် နှစ်ဦးသား၏ ရင်းနှီးသည့် ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကြောင့် ရာထူး အဆင့်အတန်းများအား ခေါင်းထဲ ထည့်မနေကြချေ။ အချင်းချင်း ရင်းရင်းနှီးနှီးသာ ပြောဆို စကားပြောကြ၏။
“ အင်း … သူ လာနေပြီ…” လျန်ချွင်းရှောင် ခံစားချက်ပါသည့် လေသံဖြင့် ပြောလိုက်ပြီး “ သူ ထွက်သွားခဲ့တာ နှစ် ၂၀ ကျော်တောင် ရှိပြီ … ဒါ သူ ပထမဆုံးအကြိမ် ပြန်လာတာပဲ … အခြေအနေတွေက ပြောင်းလဲကုန်ပြီ …”
လျန်ချွင်းရှောင်က လျိုဟုန်ထက် အသက် ၇ နှစ် ကြီးသည်။
သူတို့တွေ ရန်ကျင်း၌ တိုက်ခိုက်ပြီး ပြဿနာ ရှာစဉ်အခါက လျိုဟုန်မှာ ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်သာ ရှိသေးသည်။
သူသည်လည်း လင်းကျင်ကျန့်၏ နာမည်ကို အခြားသူများထံက ကြားသိခဲ့ရခြင်း ဖြစ်၏။
ယခုခေတ် အလယ်တန်း ၊ အထက်တန်း ကျောင်းသားလေးများကဲ့သို့ … သူတို့တွေ ဒိတ်ဒိတ်ကျဲ လူမိုက် ဂန်းစတားများ၏ ဇာတ်လမ်းဇာတ်ထုပ်ကို ကြားသိရသည့် အချိန်၌ လေးစားအားကျမိကြလိမ့်မည်။
ထိုစဉ်အချိန်တုန်းက လျိုဟုန်သည်လည်း ထိုကဲ့သို့ အလားတူပင်။ သူ ငယ်ငယ်တုန်းက လင်းကျင်ကျန့်သည် သူ၏ အိုင်ဒေါတစ်ယောက် ဖြစ်သည်။ သို့သော် လူကိုယ်တိုင်တော့ မမြင်ခဲ့ဖူးချေ။
ယနေ့တွင်တော့ ရန်ကျင်း၏ အင်အားကြီး ပုံရိပ်တစ်ခုကို မျက်မြင်ကြုံတွေ့နိုင်တော့မည့် အခွင့်အရေး တစ်ရပ်နှင့် ကြုံဆုံရနေလေသည်။
ခံစားနေရသည့် စိတ်လှုပ်ရှား ရင်ဖိုမှုတို့က တိုင်းတာပြလို့ မရအောင်ကိုပင်။
သို့သော် … သူ့ကို ပိုပြီး အံ့အားသင့်သွားစေသည်က လင်းရီသည် လင်းကျင်ကျန့်၏ အမွေဆက်ခံသူ ဖြစ်နေသည် ဆိုတာပင်။
အဆိုပါ သတင်းက သူ့ကို ခလုတ်တိုက် လဲကျလုနီးပါး ဖြစ်သွားစေခဲ့၏။
မကြာမီ လေယာဉ် တံခါး ပွင့်လာခဲ့ပြီး လူခြောက်ယောက် အောက်သို့ ဆင်းလာသည်။
လင်းကျင်ကျန့်နှင့် ချင်ရင်ယွဲ့တို့ ထွက်လာခဲ့ကြ၏။
လင်းကျင်ကျန့်၏ သွင်ပန်းသဏ္ဌာန်က လျိုဟုန် စိတ်ကူးထားသည်နှင့် တပ်တပ်စင်အောင် လွဲချော်နေခဲ့သည်။ သူက ဆံပင်အတိုနှင့် ယောက်ျားပီသသည့် မျက်နှာပေါက်မျိုး ရှိပြီး အထူးသဖြင့် နှာခေါင်းနှင့် နှုတ်ခမ်းတို့က လင်းရီနှင့် အတော်လေး ဆင်တူနေခဲ့၏။
ထွေထူး စကားလုပ်ပြောလောက်စရာ မရှိသည့် သာမန်ဆန်သည့် အင်္ကျီအဝတ်အစားတို့ကိုသာ ဝတ်ဆင်ထားသည်။ သူ့ပုံစံကြည့်ရသည်မှာ သာမန် သက်လတ်ပိုင်း လူတစ်ယောက်လိုပါပင်။ သို့သော် ထက်ရှသည့် မျက်လုံးအကြည့်တို့က သူ့ကို ကွဲပြားသွားစေသည်။
လေယာဉ်တံခါးထဲက ထွက်လာပြီးသည်နှင့် တစ်ပြိုင်နက် လျိုဟုန် သတိထားမိလိုက်သည်မှာ သူတို့ အကုန်လုံးကို တစ်ဖက်လူက စေ့စေ့စပ်စပ် အကဲခတ်ပြီးဟူ၍ပင်။
ဤသည်က အန္တရာယ်များသည့် အရာတို့နှင့် အမြဲတမ်း လက်ပွန်းတသီး နေတတ်သည့် လူတိုင်း ဖြစ်လေ့ဖြစ်ထ ရှိသည့် အလေ့အကျင့် တစ်ခုပင်။
သို့သော် နောက်ဆက်တွဲ မြင်တွေ့လိုက်ရသည့်အရာက လျိုဟုန်ကို နေရာ၌ အေးခဲသွားစေခဲ့၏။
လင်းကျင်ကျန့် အနောက်ကနေ လိုက်ပါလာသည့် လူလေးယောက်ကို သူ လှမ်း မြင်တွေ့လိုက်ရသည်။
အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး နှစ်ယောက် ဖြစ်ပြီး သူတို့အကုန်လုံးက သုံးဆယ် သို့မဟုတ် လေးဆယ် အရွယ်များ ဖြစ်ကြသည်။
ထိုသူတို့က ဘယ်သူလဲ သူ မသိပေ။ သို့သော် ၎င်းတို့ ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများကို အထင်းသား မြင်တွေ့နေခဲ့ရ၏။
Ace of Spades, Ace of Clubs, Ace of Hearts , Ace of Diamonds.
ကျုံးဝေ့တပ်ဖွဲ့ သတင်းထောက်လှမ်းရေးဌာန၏ အစွမ်းအစက လုံးဝထိပ်တန်းပင်။ ၎င်းတို့၏ လျှို့ဝှက် မြေအောက်ခန်းထဲ၌ တရားဝင် မှတ်တမ်းမတင်ထားသည့် ဖိုင်တို့ များစွာ ရှိသည်။
သူ တိလိရာ့ကျွန်းရှိ မစ်ရှင်တစ်ခုကို ရှင်းလင်းပြတ်သားစွာ မှတ်မိနေသေးသည်။
မစ်ရှင် အောင်မြင်တော့မည့် အခိုက်အတန့်မှာပဲ လူတစ်အုပ်စုက သူတို့ကို ကြားဝင်နှောင့်ယှက်လာသည်။
သူတို့အားလုံး ပြန်တိုက်ခိုက်ရန် ခွန်အား ကင်းမဲ့သည်အထိ ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရပြီး အကယ်၍ ရှန်းလုံ အသင်းသာ ရောက်မလာခဲ့ဘူးဆိုပါက အကျိုးဆက်များက ထို့ထက်ပင် ပိုဆိုးခဲ့လိမ့်ဦးမည်။
သူတို့ကို တိုက်ခိုက်ခဲ့သူ၏ လက်မောင်း၌ ယခု လူများနှင့် အလားသဏ္ဌာန် ဆင်တူသည့် တက်တူးများ ရှိသည်ကို သူ သေချာကြီ မှတ်မိနေသည်။
သို့သော် ထိုလူက စပိတ်ကင်း တက်တူးနှင့်သာ ဖြစ်ပြီး … ယခု သူ့ရှေ့ရှိ လူများကတော့ ……..
အခြေအနေက လျိုဟုန်ကို များများစားစား တွေးတောနိုင်သည့် အခွင့်အရေး မပေးခဲ့ပေ။
ချင်ရင်ယွဲ့၏ ငိုညည်းရှိုက်သံတို့က တိတ်ဆိတ်နေသည့် လေထုကို ဖြိုခွင်းလို့လာသည်။
သူမ ရှန်းရှုရီကို မြင်တွေ့သည်နှင့် ခံစားချက်တို့က တာပေါက်သည့်နှယ် လျှံကျလာခဲ့တော့သည်။
“ ရှုရီ ….”
“ တောင်းပန်ပါတယ် … ငါတို့ သူ့ကို မကာကွယ်ပေးနိုင်ခဲ့ဘူး …”
နှစ်ယောက်မှာ အချင်းချင်း ပွေ့ဖက်၍ ငိုကြွေးနေခဲ့ကြသည်။ ရှန်းရှုရီ၏ မျက်ရည်တို့ကလည်း ထိန်းချုပ်မရနိုင်စွာ အလိုအလျောက် စီးကျလာနေခဲ့လေသည်။
သိပ်သည်းထုထည်ကြီးသည့် ပူဆွေးဝမ်းနည်းဖွယ်ရာများအောက်၌ လူသားတစ်ယောက်၏ စိတ်ခံစားချက်တို့ဆိုသည်မှာ ပါးလျသည့် ပူဖောင်းအလွှာလေးကဲ့သို့ပင်။
တစ်စုံတစ်ယောက်က မထိတွေ့သရွေ့တော့ ၎င်းက အဆင်ပြေသည်။
သို့သော် အကယ်၍ တစ်စုံတစ်ယောက်က စကားတစ်ခွန်း၊ ဒါမှမဟုတ် အကြည့်တစ်ချက်နှင့်ပင် ဖြစ်စေ ၊ ၎င်းတို့ မျိုသိပ်ဖိနှိပ်ထားခဲ့သည့် ခံစားချက်တို့က တာကျိုးပေါက်သည့်နှယ် စီးကျလာပေလိမ့်မည်။
နှိုင်းယှဉ်ရမည်ဆိုပါက အမျိုးသားများမှာ ယခုအချိန်တွင် ပိုပြီး အခြေအနေကောင်းနေသည်။
လင်းကျင်ကျန့်သည် လုပေချိန်နှင့် လျန်ရှန့်ဟော်တို့နှစ်ဦးရှေ့ ရပ်လိုက်ရင်း သူ၏ အမူအရာက ခံစားချက်တို့ဖြင့် ပြည့်နှက်နေခဲ့၏။
“ အန်ကယ်လု .. အန်ကယ်လျန် … မတွေ့တာကြာတော့ … ခင်များတို့ ပိုတောင် အိုစာလာသလိုပဲ …”
“ မင်းလည်း အရင်ကလို ကလေးရုပ် မဟုတ်တော့ပါဘူးကွ …” လုပေချိန် ပြောလိုက်ပြီး “ ဒီလောက်နှစ်တွေ အကြာကြီး အပြင်မှာ နေရတာ မင်းအတွက် အတော် ခက်ခဲခဲ့မှာပဲ ….”
“ လုပ်ရမယ့် ကိစ္စတစ်ချို့ကတော့ လုပ်ကို လုပ်ရမှာပဲလေ …” လင်းကျင်ကျန့်သည် အပြုံးတစ်ခုအား ဖျစ်ညစ်လိုက်ရင်း “ အရင်တစ်ချက်ကြည့်ရအောင် ကျုပ်တို့ကို ခေါ်သွားပေးဦး …”
“ သွာစို့ … နောက်တောင် ကျတော့မယ်…”
လူအုပ်စုမှာ ကားအသီးသီးထဲသို့ ဝင်သွားခဲ့ကြ၏။ လင်းကျင်ကျန့် အနောက်က လိုက်ပါလာခဲ့သည့် လူလေးယောက်ကို ကြည့်ရင်း လျိုဟုန်၏ စိတ်ခံစားချက်တို့ ရှုပ်ထွေးပွေလီနေလျက် ရှိကာ နိမိတ်မကောင်းသည့် ခံစားချက်တို့က ရင်ထဲ လှိုင်တက်လာလေသည်။