မုန်တိုင်း မတိုင်မီ တည်ငြိမ်နေခြင်း
Vol. 122 Ch. 1826
မကြာမီ သူတို့အုပ်စုမှာ ဆေးရုံသို့ ရောက်လာခဲ့ကြ၏။
ချင်ရင်ယွဲ့သည် လင်းရီ၏ လူနာခန်းထဲသို့ ပြေးဝင်လာသည်။
သူမ အထဲ ရောက်သည်နှင့် တစ်ပြိုင်နက် လျန်ရူရွှယ်က သူမသားဘေးတွင် ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။
လင်ရီ၏ ကိုယ်ကတော့ ကုတင်ပေါ်တွင် လဲလျောင်းနေလျက် ရှိ၏။
“ သား …”
ချင်ရင်ယွဲ့၏ ငိုကြွေးသံက နားတို့ ဆူဝေမတတ်ပင်။ လင်းရီ၏ ကုတင်ဘေး၌ ဒူးထောက်လျက်သား ကျသွားခဲ့ရင်း တစ်လွှာလုံးလည်း သူမ၏ အော်ဟစ်ငိုကြွေးသံကို ကြားနေရလေသည်။
သူမတွင် လင်းကျင်ကျန့်ကဲ့သို့ မည်သည့် အထောက်အထားမျှလည်း မရှိပေ။ နှိုင်းယှဉ်ရမည်ဆိုပါက သူမသည် သာမန်လူတစ်ယောက်နှင့် ပိုတူသည်။
သောင်းပေါင်းများစွာသော အမေတွေထဲက တစ်ယောက်ပင်။
“ သား … အမေ တောင်းပန်ပါတယ် …”
ချင်ရင်ယွဲ့၏ မျက်ရည်စက်တို့က ပိတ်စပေါ်သို့ တစ်စက်ချင်း ကျဆင်းသွားပြီး ရူးရူးမူးမူး ငိုကြွေးနေလျက် ရှိသည်။ သူမက လင်းရီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း မည်သည့်အရာတွေပဲ ဖြစ်ပျက်လာပါစေ ၊ ဘယ်တော့မှ လက်မလွတ်လိုသည့်ဟန်ပင်။
သို့သော် … သူမ မည်မျှ ငိုကြွေးသည်က အရေးမပါတော့ချေ။ တုံ့ပြန်စကား ဆိုမည့်လူက ထွက်သွားခဲ့ချေပြီ။
လင်းကျင်ကျန့်သည် ကုတင်နှင့် တစ်မီတာ အကွာတွင် မတ်တပ်ရပ်နေခဲ့၏။ သူ၏ အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့သည်။
ယခင်က ဓာတ်ပုံမှတဆင့် မြင်တွေ့ခဲ့ဖူးသော်လည်း သူ တစ်ကြိမ်တစ်ခါမှ မဆုံတွေ့ခဲ့ဖူးသည့် ဤသားက သူ့၏ တည်ငြိမ်နေသည့် စိတ်နှလုံးကို လှိုင်းခေါက်တွန့်တို့ ဖြစ်ပေါ်လာစေသည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသည့် လူက သူ၏ တစ်ခုတည်းသော သွေးသားဖြစ်၏။
လင်းရီသည်လည်း သူ့လို လူစားမျိုး ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့မိသည်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူကမှ မသတ်နိုင်တဲ့ လူစားမျိုးပင်။
ကံဆိုးစွာဖြင့် ကိစ္စရပ်တို့က စီစဉ်ထားသည့်အတိုင်း ဖြစ်ပျက်မလာချေ။
လင်းကျင်ကျန်သည့် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရင်း နောက်သို့ လှည့်ထွက်လာခဲ့လိုက်သည်။
ထိုအချိန်တွင် ဝမ်ချွေ့ပင်း ၊ ကျောက်ချွမ်ဖူနှင့် ကျန်သူများက အခန်း တံခါးဝနားတွင် ရှိနေခဲ့ကြ၏။
သူတို့အားလုံး ချင်ရင်ယွဲ့က ‘သား’ဟု ကြွေးကြော်စဉ်အချိန်ကတည်းက ရောက်နေခဲ့ကြပြီး ၎င်းတို့၏ ခံစားချက်မှာ ပို၍ပင် ရှုပ်ထွေးသွားခဲ့တော့သည်။
သွေးရင်းအမေက ယခုလို ပုံစံဖြင့် ထွက်ပေါ်လာခဲ့သည်မှာ လက်ခံရ ခဲယဉ်းလှပေသည်။
မည်သို့ပင်ဆိုစေ သူမက အနှစ် ၂၀ ကျော်ကြာအောင် ပျောက်ကွယ်နေခဲ့တာ ဖြစ်၏။
“ ခင်များတို့က လင်းရီရဲ့ မွေးစား မိဘတွေလား …”
ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်ဖူတို့ကို ကြည့်ရင်း လင်းကျင်ကျန့် မေးလိုက်သည်။
“ ဟုတ်တယ်….”
“ ကျုပ်က သူ့အဖေ လင်းကျင်ကျန့်ပါ .. သူ့ကို နှစ်တွေအများကြီး ကျွေးမွေးပြုစုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်… ဒီအတွက် ကျုပ် ခင်များတို့ကို အကြွေးတင်သွားပြီ…”
“ ဟင်း ….”
ကျောက်ချွမ်ဖူတွင် ဆိုရန်စကားအခွန်း ထောင်သောင်းမက ရှိနေသော်လည်း နောက်ဆုံး၌ အကုန်လုံးက သက်ပြင်းတစ်ခုသို့သာ ပြောင်းလဲသွားခဲ့သည်။
“ မင်းတို့တွေလည်း ဒုက္ခရောက်နေခဲ့မယ်ဆိုတာ ခန့်မှန်းမိပါတယ်… မဟုတ်ရင် မွေးကင်းစ ကလေးကို ဘယ်လိုလုပ် နောက်မှာ ချန်သွားခဲ့မှာလဲ …ဟုတ်တယ်မလား … ဒါပေမယ့် အခြေအနေတွေက ဒီခုလိုတွေ ဖြစ်လာပြီဆိုတော့လည်း … ဒါတွေ ပြောနေလို့ အသုံးမဝင်တော့ပါဘူးကွာ ….”
ကျောက်ချွမ်ဖူ သူ၏ မျက်ရည်များအား လက်ကြမ်းကြီးများဖြင့် ဖယ်ရှားပစ်လိုက်သည်။
“ မင်းတို့တွေ ဒီထက်ပိုပြီး စောစောရောက်လာခဲ့သင့်တယ်… သူက တအား ထူးချွန်တာ … အရမ်း သိတတ်တဲ့ကလေး .... ဒါပေမယ့် ဒီလိုမျိုး ….. ဟင်း ……”
“ လူတိုင်းမှာ သူတို့ လျှောက်လှမ်းရမယ့် လမ်းတွေ ရှိပြီးသားပါ … ဒါက သူရွေးချယ်ခဲ့တဲ့ လမ်းပဲ … ဒီအတွက် သူများကို အပြစ်တင်နေလို့ မရဘူး …” လင်းကျင်ကျန့် ပြောလိုက်ပြီး “ ဒါပေမယ့် သူ့ကို ဒီနှစ်တွေတစ်လျှောက်လုံး ပြုစု ပျိုးထောင်ပေးခဲ့တဲ့အတွက် ခင်များတို့နှစ်ယောက်ကို ကျေးဇူးတင်ရဦးမှာပဲ … ဖြစ်နိုင်မယ်ဆိုရင် ကျုပ် တစ်ခုခု ပြန်ပေးချင်ပါတယ်…”
“ ငါတို့ သူ့ကို ဂရုစိုက်ပေးခဲ့လို့ ဘာမှ ပြန်မလိုချင်ဘူး … သူ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာပြီး … နောက်ဆုံး လူကောင်းတစ်ယောက်ဖြစ်လာဖို့ပဲ … ဒါပေမယ့် အခု …… “
“ အခု ဒီလိုတွေ ဖြစ်လာပြီဆိုတော့ ဒါတွေ ပြောနေလို့လည်း အသုံးမဝင်တော့ပါဘူးကွာ … ထားလိုက်ပါတော့ ….”
လင်းကျင်ကျန့်သည် ကျောက်ချွမ်းဖူ၏ ပခုံးကို သုံးလေးချက် ပုတ်လိုက်သည်။ ထို့နောက် လူနာခန်းထဲက ထွက်ခွာသွားခဲ့ပြီး မျက်စောင်းထိုး အခန်းထဲသို့ ဝင်သွားခဲ့သည်။
လုပေချိန်၊ လျန်ရှန့်ဟော်၊ လျန်ချွင်းရှောင်နှင့် လျိုဟုန်တို့အားလုံးက ထိုအခန်းထဲတွင် ရှိနေကြပြီး လင်းကျင်ကျန့် ရောက်အလာကို စောင့်ဆိုင်းနေခဲ့ကြလေသည်။
“ မင်း တွေ့ပြီးပြီမလား …” လုပေချိန် ပြောလိုက်သည်။
လင်းကျင်ကျန့် ခေါင်းညိမ့်လိုက်၏။ “ သူက သူ့ရဲဘော်ကို ကာကွယ်ဖို့ ကြိုးစားရင်း သေသွားခဲ့တယ်လို့ ကြားတယ်…”
“ အင်း … အမှန်ပဲ … ဒါပေမယ့် လင်းရီ သူ့ကို ကာပေးတဲ့အချိန်မှာ အသက်ဆုံးရှုံးပြီးနေပြီ…” လုပေချိန် ပြောလိုက်ပြီး “ တကယ်လို့ သူသာ အဲ့ဒီအချိန်တုန်းက သူ့ရဲဘော်ကို ကယ်တင်ဖို့ မရွေးချယ်ခဲ့ဘူးဆိုရင်တော့ ငါတို့လူတွေ ရောက်လာတဲ့အချိန်ထိ တောင့်ခံနိုင်လောက်သေးတယ်… ပြီးတော့ ဒီခုလိုမျိုးတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး …”
“ ရင်ယွဲ့ သူ့အကြောင်း တစ်ချို့ ကျုပ်ကို ပြောပြလို့ ကျုပ် နည်းနည်းတော့ သိတယ်… သူက ဆက်ဆံရေးတွေကို အလေးအနက် ထားတဲ့လူစားမျိုးပဲ .. ပြီးတော့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ သူ့အသင်းသားကို ကယ်တင်ဖို့ သူ့ကိုယ်သူ အနစ်နာခံတာက ကျိုးကြောင်းဆီလျော်တယ်…. “
လုပေချိန် ခေါင်းညိမ့်လိုက်သည်။ သူ စကားတော့ မပြောချေ။ လင်းရီ၏ လုပ်ရပ်က မှန်သည်၊ မှားသည်၊ သူ မှတ်ချက်မပြုလိုပေ။ အကုန်လုံးက သူ၏ ရွေးချယ်မှုသာ ဖြစ်၏။
သို့သော် သူ လူရွေးမမှားခဲ့ဘူးဆိုသည့် အချက်ကိုတော့ သက်သေပြသွားခဲ့လေသည်။
“ အနက်ရောင်မြွေရဲ့ လူတွေကို မင်း ဘာလုပ်လိုက်လဲ …”
“ ကျုပ် သတင်းရတော့ ကျွန်းကနေ ဒီကို အပြင်းခရီးနှင်လာတာ ဘာမှ မလှုပ်ရှားရသေးဘူး …” လင်းကျင်ကျန့် ပြောလိုက်သည်။ “ ဒါပေမယ့် ဒေါသဖြေရအောင် အမေရိကန် စစ်သားတစ်ချို့ကိုတော့ ရှင်းခဲ့တယ်… အနက်ရောင်မြွေကိုတော့ ပြန်သွားရင် ကိုင်တွယ်လိုက်မယ်…”
လင်းကျင်ကျန့် ပြောပြီးနောက် စကားကို စက္ကန့်အနည်းငယ်ကြာ ရပ်တန့်လိုက်ကာ
“ ကျုံးဝေ့ တပ်ဖွဲ့ထဲမှာ သစ္စာဖောက် သတင်းပေး တစ်ယောက် ရှိတယ်လို့ ကြားမိတယ်… ပြီးတော့ ဒီလိုမျိုးဖြစ်အောင် အမှောင်ထဲကနေ လျှို့ဝှက် လှုပ်ရှားနေတဲ့ လူတစ်ချို့ရောပဲ … အဲ့တာ အမှန်ပဲလား …”
“ ကျုံးဝေ့တပ်ဖွဲ့ထဲမှာ သစ္စာဖောက် ရှိနေတယ်ဆိုတာတော့ သေချာတယ်… ငါ အဲ့လူကို တွေ့အောင် ရှာမှာ …” လုပေချိန် ပြောလိုက်သည်။
“ အမှောင်ထဲက လှုပ်ရှားသွားတဲ့လူကိုတော့ ငါတို့လည်း မသေချာဘူး … ဘာလို့ဆို အခင်းဖြစ်တဲ့ နေရာက အခြေအနေ အသေးစိတ်ကို ငါတို့လည်း အကုန်သိနေတာမှ မဟုတ်တာ …”
“ ဒါပေမယ့် ဒီကိစ္စတစ်ရပ်လုံးက ကြိုတင် ကြံစည်ထားတာနဲ့ တူတယ်… ကျုပ်သားကို သတ်ဖို့ … သူတို့က ဘက်စ် ၁၀ ကီလိုကိုတောင် ဝှက်ထားလိုက်သေးတယ်… ဒီကိစ္စ နောက်ကွယ်မှာ ရှိနေတဲ့လူကလည်း တော်တော်လေး ဖြုံလောက်တဲ့ လူပဲ ဖြစ်ရမယ်… ခင်များတို့ စိတ်ထဲ သံသယ ဖြစ်မိတဲ့လူတွေ မရှိဘူးလား …”
“ ငါ မစဉ်းစားကြည့်ရသေးဘူး …” လုပေချိန် ပြောလိုက်ပြီး “ အထိကရုဏ်း တစ်ခုလုံးမှာ တစ်ဖက်လူက ဘာသဲလွန်စမှ ချန်မထားသွားဘူး … ဒီတော့ မှန်းဖို့ခက်တယ်…”
လင်းကျင်ကျန့် စကားဆိုချေ။ အခန်းတွင်းရှိ လေထုမှာ အေးခဲသွားဟန်ရ၏။
“ လူသတ်သမားက သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်တာ တော်တယ်ဆိုပေမယ့် နိုင်ငံထဲမှာ ခုလိုမျိုး စွမ်းဆောင်နိုင်တဲ့လူက များများစားစား မရှိဘူး ….”
“ ဝမ်မိသားစုနဲ့ ချင်မိသားစုကို ပြောနေတာလား …” လျန်ရှန့်ဟော် မေးမြန်းလိုက်သည်။
“ ဝမ်မိသားစုက အကြီးကြီးပဲကို … သူတို့အတွက် ဒီလိုကိစ္စမျိုး အလွယ်လေး ဖန်တီးလိုက်လို့ရတယ်…” လင်းကျင်ကျန့် ပြောလိုက်ပြီး “ ဝမ်ထင်ရှန်းက ရည်ရွယ်ချက်ကြီးတဲ့လူပဲ … သူ့မှာ ဒီလိုလုပ်နိုင်တဲ့ အစွမ်းအစလည်း ရှိတယ်…”
“ ချင်မိသားစုက ဒီနှစ်တွေထဲမှာ ကျဆင်းလာခဲ့ပြီ ဆိုရင်တောင် သူတို့အတွက်လည်း ဒီလိုလုပ်ဖို့က မခက်ခဲဘူး … ပြီးတော့ ကျုပ်ကြောင့်မို့လည်း သူတို့တွေမှာ ဒီလိုလုပ်ဖို့ အကြောင်းပြချက်တွေ ပိုပြီးတော့တောင် ရှိသေးတယ်… ဘယ်သူ့လက်ချက်လဲဆိုတာကတော့ ဒီမိသားစု နှစ်ခုကို စုံစမ်း စစ်ဆေးကြည့်လိုက်တာနဲ့ သိနေပြီပဲ ….”
လုပေချိန်နှင့် လျန်ရှန့်ဟော်တို့ တစ်ယောက်ကိုယ်တစ်ယောက် လှမ်းကြည့်မိလိုက်ကြပြီး မကောင်းသည့် ခံစားချက်တို့ ရရှိနေသည်။
လင်းကျင်ကျန့် ကြည့်ရသည်မှာ လူသတ်သမားက မည်သူမည်ဝါ ဖြစ်သည်ကို သက်သေအထောက်အထားနှင့် တိတိကျကျ အတည်ပြုလိုစိတ် ရှိပုံမပေါ်ချေ။ သူ့တွင် ကိုယ်ပိုင် လောဂျစ်များရှိပြီး ယခုလို ကိစ္စမျိုးဖြစ်အောင် လုပ်နိုင်စွမ်း ရှိသူများအား ဆွဲထုတ်ရင်း ဤကိစ္စကို ဖြည်းဖြည်းချင်း စုံစမ်းစစ်ဆေးမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဖြစ်အောင် ဖန်တီးနိုင်စွမ်း ရှိသူတို့က များများစားစား မရှိသောကြောင့်ပင်။
ဟွာရှတစ်ခုလုံး၌ … သံသယ ရှိနိုင်သည့် လူကို လက်တစ်ဖက်တည်းဖြင့် ရေတွက်၍ရသည်။ သူ့အတွက် ဤကိစ္စအား စုံစမ်းစစ်ဆေးရသည်က မခက်ခဲလှပေ။
“ ဒါက ဟွာရှ .. မင်း ပြဿနာ မရှာနဲ့ ….”
“ ကျုပ် နားလည်တယ်… အကန့်အသတ်တွေကို ကျုပ်သိတယ်… ပြီးတော့ ကျုပ် ရှုပ်ထွေးအောင်လည်း မလုပ်ပါဘူး …” လင်းကျင်ကျန့် ပြောလိုက်ပြီး “ ခင်များတို့မှာ တခြား အချက်အလက်တွေ ရှိတယ်ဆိုလည်း ကျုပ်ဆီကနေ ဖုံးကွယ်ထားနေစရာ မလိုဘူး … ရင်ယွဲ့နဲ့ ကျုပ် … နှစ်ယောက်လုံး ဒီကိစ္စကို အဆုံးထိလိုက်ဖို့ ဆုံးဖြတ်ထားတယ်….”
စကားဝိုင်းတစ်ခုလုံးတွင် သူတို့ထဲ မည်သူကမျှ ဝမ်မိသားစု အကြောင်းကို လင်းကျင်ကျန့်ထံသို့ စကားမဟခဲ့ကြချေ။ ချင်ရင်ယွဲ့နှင့် ညီအစ်မလို ရင်းနှီးသည့် ရှန်းရှုရီပင် မည်သည့် အရိပ်အမြွက်ကိုမျှ ထုတ်မပြခဲ့ချေ။
အကယ်၍ သူတို့၏ သံသယအား လင်းကျင်ကျန့်ထံ လှစ်ဟာပြလိုက်မိမည် ဆိုပါက မရေမတွက်နိုင်သည့် နောက်ဆက်တွဲ ပြဿနာတို့ ဖြစ်လာမှာကို သူတို့အားလုံး နားလည်ကြသည်။
လင်းကျင်ကျန့်က ဘာမဆို လုပ်မည့် လူစားမျိုးပင်။ အကယ်၍ သူသာ တကယ်ကြီး ဤအကြောင်း သိသွားခဲ့မည်ဆိုပါက ဝမ်မိသားစုသည် ကျိန်းသေပေါက် ပရမ်းပတာ ဖြစ်သွားခဲ့မှာ ဖြစ်၏။
သို့သော် ဝမ်မိသားစုက ဟွာရှတွင် ဩဇာလွှမ်းမိုးမှု အများအပြား ရှိနေဆဲ ဖြစ်ပြီး အကယ်၍ ၎င်းတို့သာ တိုက်ခိုက်ခံရမည်ဆိုပါက အကျိုးဆက်သည်လည်း စိတ်ကူး၍ မရနိုင်အောင်ကို ရှုပ်ထွေးသွားခဲ့လိမ့်မည်။
အရေးကြီးဆုံးကတော့ လင်းကျင်ကျန့်က အဆိုပါ အကျိုးဆက်များအား လုံးလုံး ဂရုမစိုက်ခြင်း ဖြစ်၏။
သူသည်လည်း လင်းရီနည်းတူ ရန်ငြိုး အသေးစားလေးကိုပင် အပြည့်အဝ လက်စားချေမည့် လူစားမျိုးပင်။ အချိန်ကျသည့် အခါ၌ ဝမ်မိသားစုသည် တဒင်္ဂလေးမျှပင် ငြိမ်းချမ်းမှုကို ခံစားနိုင်မှာ မဟုတ်ချေ။
ထို့ပြင် သူတို့တွေသည် ဟွာရှအစိုးရ၏ အမည်မည်း စာရင်းသွင်းခံလိုက်ရသည့် လူအုပ်စု ဖြစ်လာနိုင်ပြီး နိုင်ငံ၏ ထာဝရ ရန်သူတော်ကြီးများ ဖြစ်သွားနိုင်သည်။ ထိုသို့ ဖြစ်လာမည်ကို လုပေချိန် မမြင်လိုခဲ့ချေ။