← Chapters

ဘက်စ်သတ္တုကို ဘယ်သူ ယူသွားလဲ

Vol. 122 Ch. 1827

ဘက်စ်သတ္တုကို ဘယ်သူ ယူသွားလဲ

Vol. 122 Ch. 1827

“ မင်း ဘာလုပ်ချင်လဲ …” လုပေချိန် မေးလိုက်သည်။ “ ငါတို့ ဝမ်မိသားစုနဲ့ ချင်မိသားစုကို တိုက်ခိုက်ကြတော့မှာလား …”

“ ကျုပ် မသိဘူး… ဒါပေမယ့် တစ်ယောက်ယောက်ကတော့ ဒီကိစ္စအတွက် တာဝန်ယူရမှာပဲ … ဘာပဲပြောပြော သူက ကျုပ်ရဲ့ သားလေ … ကျုပ်တို့ သူ့ကို အကြွေးတင်နေတယ်… ယုတ္တိရှိရှိ ပြောရရင် ကျုပ်ဘက်က ဒီကိစ္စကို အဆုံးထိ လိုက်ဖို့လိုတယ်….”

ပြောရင်းဖြင့် လင်းကျင်ကျန့်သည် ခေါင်းငုံ့သွားခဲ့ပြီး ဘယ်သူ့ကိုမှ ကြည့်မနေတော့ချေ။

“ သူက ဟွာရှမှာ နေနေတာ ….. သူ့ကို ကျုံးဝေ့တပ်ဖွဲ့ထဲ ဆွဲထည့်လိုက်တာလည်း ခင်များတို့ပဲ … အန်ကယ်လု … အန်ကယ်လျန် … ခင်များတို့တွေ ကျုပ်ထက်ပိုပြီး သိနေမယ့် တချို့ ကိစ္စတွေ ရှိနေမယ် ဆိုတာ ကျုပ်ယုံတယ်… ဒီ အခြေအနေထိ ရောက်လာပြီးမှတော့ ဖုံးကွယ်ထားနေစရာ မလိုပါဘူး … သူ့အတွက် မတရားရာ ကျတယ်…”

နှစ်ယောက်မှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ရသည်။

အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် လုပေချိန် စကားစလိုက်၏။

“ အမှန်အတိုင်း ပြောရရင် ငါတို့လည်း သေချာရှင်းလင်းတဲ့ ပစ်မှတ်တစ်ခု မရှိသေးဘူး … ဒါပေမယ့် မင်းပြောသလိုပဲ .. လူတော်တော်များများက ဒီလို လုပ်နိုင်တဲ့ အစွမ်းအစ မရှိကြဘူး …”

“ ကျုပ်နားလည်ပြီ …”

“ ဒီကိစ္စ ငါ ဂရုမစိုက်တော့ဘူး ..”

ပြောရင်းဖြင့် လုပေချိန်၏ အကြည့်က လင်းကျင်ကျန့်နှင့် သူ့နောက်ရှိ လူလေးယောက်ထံသို့ ယှက်သန်းသွားခဲ့ပြီး သူ၏ အမူအရာမှာ အနည်းငယ် ကူကယ်ရာမဲ့နေခဲ့သည်။

လင်းကျင်ကျန့် ခေါင်းညိမ့်လိုက်၏။ “ ကျုပ် တစ်ခု ထပ်မေးချင်တာ ရှိသေးတယ်… သူ ဖွက်ထားခဲ့တဲ့ ဘက်စ်သတ္တုက ဘယ်မှာလဲဆိုတာ ခင်များတို့သိလား … ကျုပ်လူတွေ အဲ့ကို ရောက်သွားတော့ အဲ့ဒီမှာ ဘာမှ ရှာလို့ မတွေ့ဘူး … အနက်ရောင်မြွေက လူတွေကို စစ်မေးကြည့်တော့ သူတို့လည်း မရထားဘူး …”

“ အို ….”

ထိုသတင်းကို ကြားတော့ လုပေချိန်နှင့် လျန်ရှန့်ဟော်တို့ အချင်းချင်း အကြည့်ဖလှယ်မိလိုက်ကြသည်။

“ သတ္တုက ငါတို့လက်ထဲမှာလည်း မဟုတ်ဘူး … သူနဲ့ ပတ်သက်တဲ့ ဘာသတင်းအချက်အလက်မှလည်း ရမထားဘူး …”

အုံ့မှိုင်းသည့် လေထုအခြေအနေက အခန်းတစ်ခုလုံးသို့ တစ်ဖန် ပျံ့နှံ့လာခဲ့ပြန်သည်။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စက အတော်လေး ထူးဆန်းသောကြောင့် ဖြစ်၏။

နောက်ဆုံးသော အခိုက်အတန့်၌ အနက်ရောင်မြွေ၏ လူများက သူ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။ သို့တိုင် ၎င်းတို့လက်ထဲ၌ သတ္တုရိုင်းက ရှိမနေချေ။ ထိုသို့ဆိုလျှင် သတ္တုရိုင်းက မည်သူ့လက်ထဲ ရောက်သွားခဲ့သနည်း။

ထိုအချိန်၌ လျိုဟုန် သူ၏ အတွေးသံသယများအား ထုတ်ဖော်ပြောလာခဲ့၏။

“ လင်းရီ တစ်နေရာရာမှာ ဝှက်ထားခဲ့တာများ ဖြစ်နိုင်လောက်လား … အဲ့နောက်မှာ ကျုပ်တို့ နောင်ကျ ရှာလို့ ရအောင် သဲလွန်စတွေ ချန်ထားခဲ့မယ်.. ဒါပေမယ့် နှစ်ဖက်ထိပ်တိုက် တွေ့ဆုံတဲ့အချိန် သဲလွန်စတွေက ဖျက်စီးခံလိုက်ရတယ်… ဘက်စ်သတ္တုတွေနဲ့လည်း အဆက်အသွယ် ပြတ်သွားတယ်…”

“ အဲ့တာက ဖြစ်နိုင်တယ်… ဒါပေမယ့် ဖြစ်နိုင်ချေကတော့ သိပ်မရှိဘူး …” လုပေချိန် ဝေဖန်ပိုင်းခြားလိုက်ပြီး “ လင်းရီက အရာအားလုံးကို ထည့်သွင်းစဉ်းစားတတ်တဲ့ လူစားမျိုးပဲ … သူ့ဘက်က ပြီးပြည့်စုံအောင် တွေးထားမှာ သေချာတယ်… စာတောင်မှ သေချာလေး ဂရုစိုက်ပြီး အမျိုးသမီး နှစ်ယောက်အတွက် နှစ်စောင်ရေးပေးခဲ့သေးတာ ဘက်စ်သတ္တုလို အရေးကြီးကိစ္စမျိုးဆို ပိုပြီး ဂရုစိုက်မှာ သေချာတယ်… အဲ့လို အမှားမျိုး ဖြစ်သွားခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး …”

ကျန်သူများလည်း လုပေချိန်၏ ထင်ကြေးကို ထောက်ခံလိုက်ကြသည်။

သို့သော် ဤမေးခွန်းက ဤဖြစ်ရပ်၏ အဓိက ကီးပွိုင့်ပင်။ ဤမေးခွန်းကိုသာ ဖြေဆိုနိုင်ပြီဆိုပါက ပြဿနာလည်း ရှင်းသွားပြီ ဖြစ်၏။

ထိုအချိန်တွင် လင်းကျင်ကျန့်သည် နောက်ကနေ စုန့်ကျင်းမင် သူ့အား လှမ်းတို့လာသည်ကို သတိထားမိလိုက်သည်။ သို့‌သော် သကောင့်သားက တခြား ဘာမျှ မလုပ်ဘဲ သူ့တွင် တစ်ခုခု ပြောစရာ စကား ရှိနေသည့်ပုံပင်။

“ ခုတော့ ဒီလောက်ပဲ …” လင်းကျင်ကျန့် ပြောလိုက်ပြီး “ ကျုပ် ဒီကိစ္စကို ဖြေးဖြေးချင်း စုံစမ်းသွားလိုက်မယ်….”

အချိန်တစ်ခုထိအောင် စုံစမ်းနိုင်ဦးမှာ မဟုတ်သဖြင့် လုပေချိန်လည်း ဤပြဿနာအပေါ် များများစားစား အချိန်ဆွဲမနေတော့ချေ။

လင်းရီက သူ့ကိုယ်သူ အနစ်နာခံသွားခဲ့၏။ ၎င်းကို နောင်တွင် ဖြည်းဖြည်းချင်း ကိုင်တွယ် ဖြေရှင်းသွားရမည်။ မဟုတ်ပါက လင်းရီနှင့် ကျိုးလျန်တို့အတွက် တရားမျှတလိမ့်မှာ မဟုတ်ချေ။

“ မနက်ဖြန် ဈာပနာ ပြီးရင် မင်းတို့တွေ ပြန်ကြတော့ … အဲ့ဒါမှပဲ တခြား မလိုအပ်တဲ့ ပြဿနာတွေ ရှိမလာမှာ …”

လင်ကျင်ကျန့်နှင့် သူ့နောက်ရှိ လူလေးယောက်လုံးက နိုင်ငံတကာကနေ၍ လိုလိုလားလား ဖမ်းဆီးလိုနေသည့် ထိပ်တန်း ပုံရိပ်များပင်။ လုပေချိန်သည် သူ၏ ကိုယ်ပိုင် အစွမ်းအစပေါ် မှီခို၍ သူတို့ကို နိုင်ငံထဲသို့ လျှို့ဝှက် သွင်းလာခဲ့ပေးလေသည်။

အကယ်၍ ဤနေရာ၌ အကြာကြီး နေမည်ဆိုပါက လုံခြုံရေး ဌာနကို သံသယ ပွားအောင် ပြုလုပ်ပေးသလို ဖြစ်သွားနိုင်ပြီး

ယင်းက မည်သူ့အတွက်မျှ ကောင်းမှာ မဟုတ်ချေ။

“ သွားနိုင်အောင်တော့ ကျုပ် ကြိုးစားမယ်…”

ယခုအခြေအနေတွင် ဤကိစ္စက လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ လင်းကျင်ကျန့်လည်း သူ့လာရင်းခရီး၏ ရည်ရွယ်ချက်ကို ပြီးမြောက်အောင်မြင်သွားခဲ့လေပြီ။

ဦးစွာအနေဖြင့် … သူ ဒီကို လာခဲ့သည်မှာ သူ တစ်ခါမျှ မတွေ့ဖူးသေးသည့် သူ့သားကို လာကြည့်ခြင်းပင်။

ဒုတိယကတော့ လက်စားချေဖို့ ဖြစ်၏။

လူသတ်သမားက မည်သူလဲ သူ မသိပေ။ သို့သော် ထိုအရာကလည်း ကိစ္စမရှိပါချေ။ သူ မကြိုက်သည့် လူတိုင်းကို သတ်လိုက်ပါက အဆင်ပြေပြီ ဖြစ်၏။

လုပေချိန်၊ လျန်ရှန့်ဟော်တို့နှင့် အချိန်ပေး စကားပြောနေသည်က သူတို့အား အသိပေးရန် အတွက်ပင်။ သူ့ဘက်ကတော့ သူ၏ ရည်ရွယ်ချက်ကို လက်လျှော့မှာ မဟုတ်သလို လုပေချိန်ကလည်း လင်းကျင်ကျန့်၏ စရိုက်ကို ကောင်းစွာ နားလည်နေသည်။

သူ စိတ်ပိုင်းဖြတ်ပြီးသည်နှင့် လက်မလျော့တတ်ချေ။ ထို့ပြင် ဤသည်က သူ့သား လင်းရီ သေဆုံးသွားခဲ့ခြင်းပင်။

အခန်းထဲတွင်တော့ လုပေချိန်နှင့် လျန်ရှန့်ဟော်တို့မှာ ကိုယ်စီ စီးကရက်များအား မီးညှိလိုက်ရင်း လျန်ရှန့်ဟော်ကနေ၍ အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ ငါတို့ ဒီတိုင်း လွှတ်ထားကြတော့မှာလား …”

“ ငါတို့ မတတ်နိုင်တာမဟုတ်ဘူး .. ကျုံးဝေ့ တပ်ဖွဲ့က ဒီကိစ္စကို မကိုင်တွယ်နိုင်တာ …” လုပေချိန် ပြောလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့က အသင်း‌လေးသင်းကို မပြောသေးနဲ့ … ရှန်းလုံ အသင်းတောင် သူတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး … သူ ဒီနေ့ လာခဲ့တာ ငါတို့နဲ့ ဒီအကြောင်း ဆွေးနွေးဖို့ မဟုတ်ဘူး .. ရိုင်းရိုင်းပြောပြရင် လာအသိပေးရုံ သပ်သပ်တည်း …”

ရှန်းလုံ အသင်းကတောင် သူတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး …..

အဆိုပါ အကဲဖြတ်မှုကို ကြားတော့ လျိုဟုန်၏ ခံစားချက်တို့ ရောပြွမ်းသွားခဲ့ရသည်။

ကျုံးဝေ့တပ်ဖွဲ့ထဲ၌ ပုံမှန် တိုက်ခိုက်ရေး အသင်း ၄ သင်းအပြင် ၎င်းတို့အထက်၌ ရှန်းလုံ အသင်းဆိုတာ ရှိသည်။

အဆိုပါ အသင်းအတွက် အသင်းသားရွေးချယ်မှု စံနှုန်းကလည်း အလွန်အမင်း တင်းကြပ်ပြီး B အဆင့် မရောက်ရှိသူတို့က ရှန်းလုံ အသင်းထဲသို့ ဝင်ရန် အရည်အချင်း မပြည့်မီချေ။

ဤသည်က ကျုံးဝေ့တပ်ဖွဲ့ အသင်း ၄ ၏ C အဆင့် မရောက်ရှိသူတို့ မဝင်ရောက်နိုင်သကဲ့သို့ပင်။

အခြားသော သုံးသင်းကသာ အထူးအခြေအနေတို့ကြောင့် ၎င်းတို့၏ စံနှုန်းများကို လျှော့ချကောင်း လျှော့ချနိုင်သော်လည်း အသင်း ၄ နှင့် ရှန်းလုံ အသင်းကတော့ ဘယ်တော့မှ လျှော့ချပေးမှာ မဟုတ်ချေ။

သို့သော် ခေါင်းဆောင် ပြောသွားခဲ့သည်မှာ ရှန်းလုံ အသင်းသည်ပင် တစ်ဖက်သူ၏ ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုပင်။ ဤလူများက တကယ့်ကို ……

“ ခေါင်းဆောင် …”

လျိုဟုန်သည် အမှိုက်ပုံးယူလာ၍ ၎င်းတို့နှစ်ယောက်အတွက် ဆေးလိပ်ပြာ ခါပေးလိုက်၏။

“ သူတို့အကြောင်း မေးချင်လို့လား …”

လုပေချိန် အကြည့်တစ်ချက်ဖြင့် လျိုဟုန်၏ အတွေးများကို ဖောက်ထွင်းမြင်လိုက်သည်။ လျိုဟုန် ရယ်မောလိုက်ပြီး “ ကျုပ်က ကျုံးဝေ့ တပ်ဖွဲ့ရဲ့ အခြေခံ မဏ္ဍိုင်ကြီးလေ … သေချာပေါက် ပိုသိချင်တာပေါ့ …”

“ သူ ဘယ်အဆင့် ရောက်နေပြီလဲ ငါ မသေချာဘူး … ဒါပေမယ့် သူ့အနောက်က လူ ၄ ယောက်လုံးကတော့ အကုန် အေ - အဆင့်တွေချည်းပဲ … ကျန်တာကို မင်းဘာမင်း တွေးကြည့်လိုက်တော့ …."

“ သူတို့ အကုန် အေ - အဆင့် ရောက်ပြီးသားလူတွေ ……”

လျိုဟုန် ကျောချမ်းသွားခဲ့သည်။ ကြက်သီးမွေးတို့ ခြေဖျားကနေ ခေါင်းတစ်လျှောက် ထောင်ထာလာခဲ့တော့၏။

ထိုကဲ့သို့သော တိုက်ခိုက်ရေး စွမ်းအားက တိလိရာ့ကျွန်းတွင် နေရာတစ်နေရာ အပိုင်စားယူဖို့ လုံလောက်လေသည်။

တစ်ချိန်တည်းတွင် လင်းကျင်ကျန့်နှင့် ကျန်သူများက ကော်ရစ်ဒါသို့ ရောက်လာခဲ့ကြ၏။

ဤမျှ အချိန်ကြာပြီးသည့်တိုင် ချင်ရင်ယွဲ့၏ စဲမသွားသည့် ငိုကြွေးသံကို သူတို့တွေ ကြားနေရသည်။ သို့သော် လင်းကျင်ကျန့် ပြန်မသွားခဲ့ပေ။ ထိုအစား ကော်ရစ်ဒါ အဆုံးသို့ သွားလိုက်ရင်း ပြတင်းပေါက်သို့ မှီ၍ စီးကရက်တစ်လိပ်အား မီးညှိလိုက်၏။

လင်းရီ၏ အနစ်နာခံသွားမှုနှင့် စပ်လျဉ်း၍ လင်းကျင်ကျန့် ခံစားချက် အတက်အကျတို့ကို များများစားစား မပြချေ။ သူ့ကြည့်ရသည်မှာ သွေးအေးသည့် လူစားမျိုးကဲ့သို့ပင်။

သို့သော် သူ၏ အပြင် သွင်ပန်းက ထိုသို့ ဆိုတိုင်း လင်းရီ၏ သေရေးရှင်ရေးက သူ့အတွက် အရေးမပါဟု မဆိုလိုပေ။ သူ၏ ခံစားချက်များကို ဤအတိုင်း သိမ်းဆည်းထားခဲ့တာ ဖြစ်ပြီး ချင်ရင်ယွဲ့ကဲ့သို့ ခံစားချက်နောက်လိုက်ပါပြီး မပြုမူခဲ့ရုံမျှသာ ဖြစ်သည်။

သူ့တွင်လည်း သူ့ အစီအစဉ် ၊ သူ့မျှော်မှန်းချက်နှင့် သူ ရှိ၏။ လေးငါးနှစ်အတွင်း လင်းရီ အထွတ်အထိပ်သို့ ရောက်ရှိမည့် မြင်ကွင်းကို မျှော်လင့်ထားခဲ့သော်လည်း …

ထိုအခိုက်အတန့်က ဘယ်တော့မှ ရောက်လာခဲ့တော့မှာ မဟုတ်ချေ။

ယင်းက သူ၏ နောင်တဖြစ်၏။

“ မင်း စောနက ပြောစရာ ရှိလို့လား …”

လင်းကျင်ကျန့်သည် စုန့်ကျင်းမင်ကို ကြည့်၍ မေးလိုက်သည်။

“ အင်း .. ငါ မာမွန်း အဖွဲ့အစည်းကလူတွေ အဲ့ကို ရောက်ခဲ့တယ်လို့ ထင်တယ်…”

( Mammon (မန်မွန်) - ဓန နတ်ဆိုး )

“ မာမွန်း …..”

အကုန်လုံး စုန့်ကျင်းမင်ကို အာရုံစိုက်မိသွားခဲ့ကြသည်။ နောက်ဆုံး၌ လင်းကျင်ကျန့် မေးမြန်းလိုက်၏။

“ မင်း ဘယ်လိုလုပ်ပြီး ခန့်မှန်းမိသွားခဲ့တာ …”

“ အရင်တစ်ခေါက် … ငါ ဒူဘိုင်းမှာရှိတုန်းက သူတို့ရဲ့ လယ်ဗယ် အတော်မြင့်တဲ့ လူအုပ်စုနဲ့ တစ်ခါကြုံခဲ့ဖူးတယ်… ငါတို့ မျက်စိရှေ့တင်ပဲ ဂျက်ဖရီလက်ထဲကနေ ဘက်စ်သတ္တုကို လုသွားခဲ့တာ … ငါသာ အချိန်မီ မရောက်ခဲ့လို့ ရှိရင် အဲ့တုန်းကတည်းကရင် လင်းရီ သေပြီးနေလောက်ပြီ … ပြီးတော့ တစ်ဖက်အဖွဲ့ထဲမှာ ဘီ - အဆင့် လူတွေလည်း ပါတယ်.. အခု … သတ္တုရိုင်းက ပျောက်သွားခဲ့တယ်ဆိုတော့ သူတို့ အုပ်စုက လူတွေ ပြန်ပေါ်လာခဲ့လို့နဲ့ တူတယ်…”

All Chapters